အပိုင်း(၁၁၇၇)

အင်ပါယာရှားဘုံမှ ပြဿနာ

ရီဖူရှင်းက အင်ပါယာရှား ဆိုလိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်သွားသည်။

ထိုလူအိုကြီးမှာ အမှန်တကယ်ပင် ထိုအတွေးမျိုး ရှိနေသည်။

တွေးကြည့်ရင်တော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။

ရီဖူရှင်း၏ အပြုအမူက မူလကထက် ပို၍ ကျိုးနွံကာ ရိုးသားပုံ ပေါ်လာသည်။ သူက အင်ပါယာရှား၏ စကားကို ကြားသည့်အခါ ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး ပြောသည် … “အရှင်မင်းကြီး … ကျွန်တော်က ဒီလို အတွေးမျိုး မတွေးဝံ့ပါဘူး”

“မတွေးဝံ့ဘူးလား” အင်ပါယာရှားက အေးစက်စက် ပြုံးလိုက်ကာ မေးသည် … “မင်းမှာ မလုပ်ဝံ့တာ ရှိသေးတာလား”

သည်ကောင်လေးကား မင်းသမီး၏ ကိုယ်ရံတော်ဟူသော အမည်ခံသာရှိပြီး ဘယ်တုန်းကများ ရှားရှင်းယွန်ကို မျက်နှာသာပေးဖူးသလဲဟု အင်ပါယာရှားက တွေးသည်။

အင်ပါယာရှားသည် သူ၏အဖိုးတန် သမီးလေးအပေါ်တွင် မငြိုငြင်ရဲသော်လည်း အနည်းငယ်တော့ မကျေမနပ် ဖြစ်မိသည်။ သည်ကာလအတွင်း သူ့သမီးလေးသည် ရီဖူရှင်းနှင့်ပတ်သက်၍ များစွာ လုပ်ဆောင်ပေးခဲ့သည်။

ရီဖူရှင်းက အင်ပါယာရှား၏ မကျေနပ်မှုများမှာ မည်သည့်နေရာက မြစ်ဖျားခံလာသည်ကို နားမလည်ပေ။ ရှားရှင်းယွန်နှင့် ယောင်းချီတို့ကြောင့်လား။

သို့ပေမဲ့ သည်အခြေအနေတွင် ပါးစပ်ပိတ်ပြီး နေလိုက်လိုက်ခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်ပေမည်။

သူက အင်ပါယာရှားဘုံတွင် ထင်တိုင်းကြဲခဲ့ခြင်း၊ လီဟန်ဓား နန်းတော်သို့သွားခြင်း၊ ယခု လတ်တလော ပြုမူခဲ့သည့် ရှောင်းမိသားစုအိမ်တော်တွင် စိန်ခေါ်တိုက်ခိုက်ခြင်းတို့ အားလုံးမှာ သည်လူကြီး၏ ကျောထောက်နောက်ခံကြောင့် မဟုတ်ပါလား။

သူက လူတိုင်းကို ဆန့်ကျင်နိုင်သော်လည်း အင်ပါယာရှားကိုတော့ မလုပ်နိုင်ပေ။

အင်ပါယာရှားက သူ့ကို စူးစူးရဲရဲ ကြည့်လိုက်၏။ ရီဖူရှင်းက ဘာမှမသိသလို ဖြူစင်သူကြီးပုံ ဖမ်းနေတာကို မြင်ပြီးနောက် သူက မေးသည်… “မင်း တာလီကို သွားတော့ အဲဒီမှာ ဘာတွေ မြင်ခဲ့လဲ”

“တာလီမင်းဆက်က အထက်ဘုံရော အောက်ဘုံကိုပါ အုပ်ချုပ်ပြီးတော့ အရမ်း စည်းလုံးတယ်ဆိုပေမဲ့ ချို့ယွင်းချက်တွေလည်း ရှိတယ်။ တော်ဝင်မိသားစုဝင်တွေနဲ့ သူတို့ရဲ့ အနွယ်တော်တွေက တော်တော်လေး အာဏာရှိကြတယ်။ သူတို့က တော်ဝင်အကြံပေးကို သဘောမကျကြဘူး။ မဟုတ်ရင် တာလီက ဒီထက်ပိုပြီး အားကောင်းလိမ့်မယ်” ရီဖူရှင်းက ပြန်ဖြေသည်။

“ဒါအားလုံးက အာဏာကို ဟန်ချက်ညီအောင် ထိန်းတဲ့ အင်ပါယာလီရဲ့ နည်းလမ်းတွေပဲလေ” အင်ပါယာက ပေါ့ပေါ့ပါးပါးပင် ပြောသည် … “ဒါပေမဲ့ တာလီတော်ဝင် အကြံပေးက တကယ်ကို ဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ။ သူက မင်းကို ဒီလောက်တောင် သဘောကျနေရင် အင်ပါယာရှားဘုံကို လာပြီး အမှုထမ်းဖို့ မင်းက ခေါ်လို့ ရတာပဲ။ ဒီမှာဆိုရင် တော်ဝင်မိသားစုတွေရော အနွယ်တော်တွေရော ပတ်သက်စရာ မရှိဘူးလေ။ အင်ပါယာလီဘုံထက်စာရင် ဒီမှာကမှ သူ့အတွက် ပိုကောင်းလိမ့်ဦးမယ်”

“…”

ရီဖူရှင်း ပြောစရာစကား မဲ့သွားသည်။ သည်လူကြီးအပေါ် သူအထင်ကြီးခဲ့သမျှ ယခု အားလုံး ဆန့်ကျင်ဘက် အမြင်များ ဖြစ်လာခဲ့သည်။

အင်ပါယာရှားသည် လွတ်လပ်ပေါ့ပါးပြီး သက်သောင့်သက်သာရှိသည့် အသွင်နှင့် ဖြစ်ကာ မာန်မာနကြီးသည့်ပုံ မပေါ်ပေ။ ရီဖူရှင်း အောက်ဘုံတွင် ရှိစဉ်က တွေ့မြင်ခဲ့ရသည့် အင်ပါယာရှား၏ ပုံရိပ်နှင့် တစ်မူ ကွဲပြားနေသည်။

အင်ပါယာက တော်ဝင်အကြံပေးအား အင်ပါယာလီဘုံကို သစ္စာဖောက်ရန် တကယ်ကြီး သူ့ကို ပြောနေတာလား။ ရီဖူရှင်း အံ့သြမိသည်။

“အရှင်မင်းကြီး အင်ပါယာလီက တာလီ တော်ဝင်အကြံပေး အပေါ်မှာ သစ္စာရှိပြီးတော့ လေးစားမှုလည်း ရှိပါတယ်။ ဒါကြောင့် သူက အင်ပါယာလီကို သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ရီဖူရှင်း ပြန်ဖြေသည်။

တော်ဝင်အကြံပေးက ရီဖူရှင်း၏စိတ်နှလုံးကို သဘောကျ နှစ်သက်သောကြောင့် အင်ပါယာရှားဘုံသို့ ပြန်ပို့ပေးခဲ့သည်။ သို့သော်လည်း တော်ဝင်အကြံပေးသည် အင်ပါယာလီကို ဘယ်တော့မှ သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။

“ဒီလောကမှာ ဘယ်အရာမှ ပြီးပြည့်စုံနေတယ် ဆိုတာ မရှိဘူး။ အချိန်ဆိုတာ အရာအားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိတယ်။ တစ်နေ့မှာ မင်းက နယ်မြေတွေရဲ့ အရှင်သခင် ဖြစ်လာနိုင်ပြီးတော့ နယ်မြေတွေ အားလုံးကိုတောင် အုပ်စိုးဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အင်ပါယာရှားဘုံနဲ့ အင်ပါယာလီဘုံကလည်း ပျောက်ကွယ် သွားနိုင်တယ်”

အင်ပါယာရှားက လှည့်ထွက်သွားကာ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရီဖူရှင်းကို ပြန်လှည့်ကြည့်သည် … “မဟာလမ်းစဉ်ကို ရှာဖွေပြီး လေ့ကျင့်နေတဲ့ လူတစ်ယောက်အနေနဲ့ အမြဲတမ်း အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်နေရမယ်။ ဒါပေမဲ့လည်း စည်းတွေဘောင်တွေကိုတော့ သတိထားဖို့ လိုအပ်နေသေးတယ်”

သူက အခုလေးတင် ခေါင်းမော့လိုက်သော ရီဖူရှင်းကို သတိပေးသလို တစ်ချက်ကြည့်သည်။ ရီဖူရှင်းကား ဆွံ့အနေဆဲ။

“အရှင်မင်းကြီး … ကျွန်တော့်မှာ အရှင်မင်းကြီးဆီက အကြံဉာဏ်လေး တောင်းဖို့ရှိပါတယ်” ထိုအချိန်တွင် ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

“ပြောပါ” အင်ပါယာရှားက သူ့ကို ကြည့်ကာ ပြောသည်။

“ကျုပ်ဇနီးက ဆုံးပါးသွားတာ မဟုတ်နိုင်ဘူးလို့ မင်းသမီးက ပြောပါတယ်။ ဘုံသုံးထောင်မှာ ကောင်းကင်ဘုံတွေနဲ့ ဆက်သွယ်နိုင်စွမ်းရဲ့ ဧကရီတစ်ပါးရှိတယ်လို့ သိရတယ်။ သူမက ဘုံသုံးထောင်သို့လည်း ဆက်သွယ်နိုင်စွမ်း ရှိတယ်။ ဒါက ဖြစ်နိုင်ပါ့မလား” ရီဖူရှင်းက မေးသည်။

သူက ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ပြီး ဖြစ်သော်လည်း အလွန်ဝေးလံစွာတော့ မသွားနိုင်သေးပေ။

“ဟုတ်တယ်” အင်ပါယာရှားက ခေါင်းညိတ်သည်… “အဲဒါက ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ဖွယ်က နည်းတယ်။ ဒါကြောင့် အများကြီး မျှော်လင့်မထားတာ ကောင်းလိမ့်မယ်”

စိုးရိမ်စိတ်ကြောင့် ရီဖူရှင်းက လက်သီးများကိုပင် တင်းတင်းဆုပ်မိသည်။ သူ လက်မလျှော့နိုင်ပေ။

“အရှင်မင်းကြီး … အဲဒီ ဧကရီက ဘယ်သူများလဲ။ ကျွန်တော် သူ့ကို ဘယ်မှာ ရှာလို့ ရနိုင်မလဲ” ရီဖူရှင်း မေးသည်။

“မင်းက ရှန့်ထိုအဆင့်ကို ရောက်ပြီးပြီးချင်းမှာပဲ သူမကို သွားရှာချင်တာလား” အင်ပါယာရှားက ရီဖူရှင်းကို ကြည့်လိုက်ပြီး ပြောသည် … “မင်းက သိပ်အလျင်လိုနေတာပဲ။ အဲဒီဧကရီက နယ်မြေသုံးထောင်အတွင်း အားလုံးရဲ့ ထိပ်ဆုံးမှာ ရှိတယ်။ သူမရဲ့ အာဏာက အနှိုင်းမဲ့ပဲ။ တကယ်လို့ ငါ ကိုယ်တိုင် သူ့ကို သွားရှာရင်တောင် ငါ့ကို တစ်ချက်ကလေးမှ လှည့်ကြည့်မှာ မဟုတ်ဘူး။ မင်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင်တော့ မပြောနဲ့တော့”

“ကျွန်တော်က ကျွန်တော့် ဇနီးကိုပဲ ရှာချင်တာပါ။ ပြီးတော့ ကျွန်တော်က ဧကရီရဲ့ ရန်သူ ဖြစ်လာဖို့လည်း မရည်ရွယ်ပါဘူး” ရီဖူရှင်းက ဆက်၍မေးသည် … “ကျေးဇူးပြုပြီး ပြောပြပါ အရှင်မင်းကြီး”

“မင်း သွားဖို့ အဆင်သင့် ဖြစ်ပြီဆိုရင် ငါ ရှင်းယွန်ကို ပြောပြလိုက်မယ်။ မင်း သူ့ကို မေးလို့ရတယ်” အင်ပါယာရှားက ဖြေလျှင် ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

“ကျွန်တော် လုပ်ပေးဖို့ လိုတာများ တစ်ခုခုရှိသေးလား အရှင်မင်းကြီး” ရီဖူရှင်းက ထပ်မေးသည်။

“ရပြီ … ရပြီ… သွားတော့” အင်ပါယာရှားက ရီဖူရှင်းကို လက်ဝှေ့ယမ်းပြကာ အလေးမထားဟန်ဖြင့် ပြောသည်။ ငါက အခုထိတောင် သူနဲ့ စာရင်း မရှင်းရသေးဘူး။ သူက ထွက်သွားဖို့ကို ဒီလောက် အလျင်လိုနေပြီလား။ အင်ပါယာက တွေးသည်။

ဒီကောင်စုတ်လေးက တော်တော် စိတ်ပျက်စရာပဲ။

ရီဖူရှင်းက အင်ပါယာရှား၏ အပြုအမူ သဘောထားကြောင့် ထပ်ပြီး ဆွံ့အသွားသလို ခံစားလိုက်ရပြန်သည် …“ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်”

သူက နောက်လှည့်ကာ ထွက်သွားသော်လည်း ဆွံ့အမိနေဆဲ ဖြစ်သည်။ အင်ပါယာရှားကား ရီဖူရှင်း မျှော်လင့်ထားသည်နှင့် အတော်လေးကို ကွဲပြားလေသည်။

သို့သော်လည်း အင်ပါယာရှား၏ ထိုသို့သော ပုံစံမှာ ပို၍ ရင်းနှီးလွယ်ပြီး အာဏာကြီးမားသော အင်ပါယာ တစ်ပါးနှင့်ပင် မတူတော့ပေ။

အာဏာကြီးပြီး မြင့်မြတ်သည့် ပုံစံမှာ အင်ပါယာလီနှင့် တူသည်ဟု ရီဖူရှင်း ခံစားရသည်။ ရီဖူရှင်းကို သူ့သမီးနှင့် လက်ဆက်ဖို့ ပြောနေသည့် အချိန်မှာပင် အင်ပါယာလီသည် လူသားတို့ အားလုံးထက် ကြီးမြတ်သော နတ်ဘုရားတစ်ပါးအလား ပြုမူပြောဆို၏။

ရီဖူရှင်းက နန်းတော်မှ ထွက်ခွာလာပြီးနောက် မင်းသမီးအိမ်တော်သို့ မဝင်တော့ဘဲ ကော့တေးသို့ တိုက်ရိုက်ပြန်ခဲ့သည်။ လက်ရှိတွင် မင်းသမီးသည် စိတ်ဆိုးနေသော အချိန်ဖြစ်သဖြင့် သူမအနီးသို့ မကပ်သည်က ပိုကောင်းပေမည်။

ရက်အနည်းငယ် အကြာတွင် ယောင်းချီကို မင်းသမီးအဖြစ် မြှောက်စားလိုက်သည့် သတင်းက အင်ပါယာရှားဘုံ တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။

ထိုနေ့တွင် အင်ပါယာရှား နန်းတော်မှ တစ်ဖွဲ့ရောက်ရှိလာပြီး ယောင်းချီကို လာရောက် ခေါ်ဆောင်ခဲ့သည်။

ထိုအဖြစ်အပျက်က အင်ပါယာ နန်းတော်အတွင်းရှိ လူတိုင်း၏ အာရုံကို ဖမ်းစားသွားနိုင်သည်။ အင်ပါယာက ယောင်းချီကို မင်းသမီးအဖြစ် ချီးမြှောက်ပြီး နောက်တွင် အင်ပါယာရှားတွင် မင်းသမီးနှစ်ပါး ရှိလာပေလိမ့်မည်။ နှစ်ပေါင်းများစွာ အကြာတွင်မှ ထွက်ပေါ်လာသည့် မင်းသမီးလေးကို အင်ပါယာရှားက မည်သို့ သဘောထားသည်ကို အားလုံးက သိလိုကြ၏။

သို့သော်လည်း ယောင်းထိုင် တည်ခင်းဧည့်ခံပွဲ ကျင်းပသည့်အချိန်၌ အင်ပါယာက ရှားလွင်ကို ကနဦး စေလွှတ်ခဲ့၏။ အဓိပ္ပါယ်က အင်ပါယာရှားသည် ယောင်းချီနှင့် ပတ်သက်၍ စိတ်ပူပင်နေဆဲဟု ဆိုလိုသည်။

ယောင်းချီသည် မြင့်မားသည့် တိမ်လွှာကြားတွင်ရှိသော အင်ပါယာရှား နန်းတော်သို့ တန်းတန်းမတ်မတ် ရောက်လာခဲ့ပြီး နောက်ပိုင်းနှစ်များတွင် သူမ တစ်ချိန်လုံး တွေ့လိုခဲ့သော သူမ၏ အဖေရင်းကို မြင်တွေ့ခွင့် ရှိခဲ့ပြီ ဖြစ်သည်။

သူတို့က အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကြည့်နေပြီး ဘာစကားမှ မပြောကြပေ။ တိမ်များပေါ်တွင် ထိုမြင်ကွင်းသည် ပုံမှန်မဟုတ်စွာဖြင့် တိတ်ဆိတ်နေခဲ့သည်။

အင်ပါယာရှားက အတန်ကြာပြီးနောက်တွင် သက်ပြင်းချလိုက်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲသည်… “သမီးက အဖေ့ကို မုန်းနေတာလား”

“အဖေ့ကို ယောင်းချီက ဘယ်လိုလုပ် မုန်းရဲပါ့မလဲ” ယောင်းချီက ပြောသည်။

သူမ၏ နှုတ်မှ ထွက်လာသည့် အသံအနေအထားအရ သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးကို အင်ပါယာရှားက ခံစားနိုင်သည်။ သူ ရှားရှင်းယွန်နဲ့ စကားပြောသည့် သည်ကဲ့သို့ အခြေအနေ မရှိခဲ့ဖူးပေ။

သို့သော် သူ နားလည်နိုင်စွမ်း ရှိသည်။

သူ့အနေဖြင့် ယောင်းချီကို ဂရုမစိုက်ခဲ့လျှင် ယောင်းထိုင်တည်ခင်းဧည့်ခံပွဲသို့ ရှားလွင်အား စေလွှတ်ခဲ့မည် မဟုတ်ပေ။ သူမကား မည်သို့ဆိုစေ သူ၏သမီးဖြစ်ပေသည်။

“ဒီနှစ်တွေမှာ ဖြစ်ခဲ့တာတွေအတွက် သမီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာတွေကို တားဆီးနိုင်ဖို့ မျှော်လင့်ပြီး ရှားလွင်ကို လွှတ်ခဲ့တာ။ သမီးအမေနဲ့အဖေတို့ ကြားမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒါက အဖေတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်မို့လို့ တစ်ယောက်ရဲ့ ရွေးချယ်မှုကို တစ်ယောက်က လေးစားပေးခဲ့တယ်။ သမီး အဖေ့ကို မုန်းလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ဖို့တော့ အကြောင်းမရှိဘူးလေ”

အင်ပါယာရှားက လျှောက်လာပြီး ယောင်းချီကို ကြည့်ကာ ပြောသည်… “သမီးကတော့ အဖေဟာ သမီးကို ဘယ်တော့မှ ဂရုမစိုက်ဘူးလို့ ထင်လိမ့်မယ်။ ဒါပေမဲ့ အမှန်တော့ သမီးကို တွေ့ဖို့ အဖေက ယောင်းထိုင်နန်းတော်ကို အကြိမ်ပေါင်းမနည်း တိတ်တဆိတ် လာခဲ့တယ်။ ဒါတွေကို သမီးလည်း မသိသလို သမီးအမေလည်း မသိခဲ့ဘူး”

ယောင်းချီက အင်ပါယာရှားကို ကြည့်သည်။ အင်ပါယာသာ ဆန္ဒရှိမည်ဆိုပါက မည်သူမှ သတိမပြုမိအောင် လာကြည့်ခြင်းက အလွန် လွယ်ကူပေသည်။

“အဖေက သမီးကို ဒီအကြောင်းတွေ ပြောပြတယ်ဆိုတာ သမီးရဲ့ ခွင့်လွှတ်မှုကို လိုချင်လို့ မဟုတ်ဘူး။ ကိုယ့်ရဲ့သမီးကို ဘဝတစ်လျှောက်လုံး အမုန်းတရားတွေ အာဃာတတွေနဲ့ ရှင်သန် သွားနေရမှာကို မမြင်ချင်လို့ပါ။ ရန်ဟောင်တစ်ပါးရဲ့ မျိုးဆက်အနေနဲ့ သမီးက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေထိုင်သင့်တယ်” အင်ပါယာရှားက သူမမျက်လုံးများကို ကြည့်ကာ ပြောသည်။

ယောင်းချီက သူမခေါင်းကို အနည်းငယ်ငုံ့သည်။ သူမ၏ မျက်ဝန်းတို့က နီရဲလာသည်။

သူမက ဆယ်စုနှစ်များစွာ မုန်းတီးခဲ့သည့် လူက ယခု သူမ မျက်စိရှေ့တွင် ရပ်နေသည်။ သို့သော်လည်း သူမ အဘယ်ကြောင့် သူ့အား မုန်း၍ မရသည်ကို နားမလည်ပေ။

သူမက သည်လူ၏ သမီးဖြစ်သည်။ ရန်ဟောင်တစ်ပါး၏ သမီးတော်ဖြစ်သလို အင်ပါယာရှားဘုံတွင် အဆင့်အတန်း မြင့်မားပြီး ဂုဏ်သိက္ခာ ကြီးမားသည့် မင်းသမီးတစ်ပါး ဖြစ်သည်။

“သမီး လက်လွှတ်နိုင်အောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ အချိန်တော့ လိုတယ်” ယောင်းချီက ပင့်သက်ရှိုက်ရင်း ပြောသည်။

“အချိန်ယူရမှာပေါ့” အင်ပါယာရှားက ခေါင်းညိတ်လိုက်ကာ ဆက်ပြောသည်…  “သမီးမှာ တခြား ဆန္ဒရှိတာ ဘာရှိဦးမလဲ”

“ရှိတယ်ဆိုရင် အဖေက လုပ်ပေးမှာလား” ယောင်းချီက မေးသည်။

“အဖေ လုပ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာထဲမှာ ရှိရင် လုပ်ပေးမှာပါ” အင်ပါယာရှားက ပြောသည်။

“ဒါပေါ့” ယောင်းချီက အပြုံးနှင့် ပြောသည်။

“ပြောလေ”

“ကိုယ်ရံတော် လိုချင်တယ်” ယောင်းချီက အင်ပါယာရှားကို ကြည့်ကာ ပြောသည်။

အင်ပါယာရှား မှင်တက်သွားသည်။ သူ၏မျက်ခုံးများက တွန့်ချိုးသွားပြီး သူက ယောင်းချီကို ကြည့်ကာ မေးသည်…“ရီဖူရှင်းကိုလား”

“လုပ်ပေးနိုင်စွမ်း ရှိတယ်မလား” ယောင်းချီက သူ့ကို ကြည့်ကာ မေးသည်။

အင်ပါယာရှားက မည်သို့ဖြေရမည် မသိပေ။ ယောင်းချက အားလုံးကို သည်အတိုင်း လွှတ်ချရန် မဖြစ်နိုင်သေးဟန် ရ၏။

ရီဖူရှင်းသည် ရှားရှင်းယွန်၏ကိုယ်ရံတော် ဖြစ်သည်။

“ရီဖူရှင်းက ကိုယ်ရံတော် ဆိုပေမဲ့ သူက အမည်ခံပဲရှိတာ။ သူက ကိုယ်ရံတော် တာဝန်တွေကို လုပ်ဖို့ မလိုအပ်ဘူး။ သူက ရှင်းယွန်ရဲ့ ကိုယ်ရံတော်ဆိုပေမဲ့ ဘယ်တော့မှ ရှင်းယွန်ဘေးမှာ မနေသလို ကိုယ်ရံတော်လိုလည်း မပြုမူဘူး။ တကယ်လို့ သူ့ကို ကိုယ်ရံတော်အဖြစ် လိုချင်တယ်ဆိုရင် ရီဖူရှင်းလက်ခံဖို့ပဲ လိုတယ်”

ယောင်းချီမှာ သည်အချိန်တွင် စိတ်ပိုင်းဆိုင်ရာ အထိမခံနိုင်သည်ကို အင်ပါယာရှား သိသည်။ အကယ်၍သာ ရီဖူရှင်းက ရှားရှင်းယွန်၏ လူဟု ပြောလိုက်လျှင် သူမအား အကြီးအကျယ် စိတ်ဆိုးစေလိမ့်မည်။

သူပြောသမျှ စကားလုံးတိုင်းက အမှန်ဖြစ်ပြီး သူက ယောင်းချီကို မလိမ်ပေ။

“ကျေးဇူးပါ အဖေ … သမီး ကြိုးစားကြည့်ပါ့မယ်” ယောင်းချီက ပြုံးကာ ခေါင်းညိတ်သည်။ သူတို့နှစ်ယောက်က ခဏမျှ ဆက်၍ စကားပြောခဲ့ကြသည်။

ထိုနေ့က ယောင်းချီသည် သူမ၏ နေရာအသစ်သို့ ပြောင်းရွှေ့လာခဲ့သည်။ အင်ပါယာရှား နန်းတော်က လူတွေအတွက်တော့  သည်ကိစ္စက သေးသေးမွှားမွှား မဟုတ်ပေ။

ထို့အပြင် သူမ ရွှေ့ပြောင်းလာပြီးနောက် ပထမဆုံး လုပ်သည့်အလုပ်မှာ ကော့တေးစံအိမ်သို့ လူလွှတ်ပြီး ရီဖူရှင်းကို သွားခေါ်ခိုင်းခြင်း ဖြစ်သည်။

ရှားရှင်းယွန်သည်လည်း အခြေအနေများအား သိသွားပြီးနောက် ကော့တေးသို့ လူလွှတ်ကာ ရီဖူရှင်းကို ခေါ်ခိုင်းသည်။

ထိုအချိန်တွင် ရီဖူရှင်းက တောင်ထိပ်တွင် ကု့ချင်းတီးခတ်နေပြီး ရှားရှင်းယွန်နှင့် ယောင်းချီတို့ နှစ်ယောက်လုံးထံမှ ဖိတ်ခေါ်ချက်ကို လက်ခံရရှိခဲ့သည်။

သူက သတင်းလာပို့သည့် ကျန်ကျောင်းကို ကြည့်ကာ ပြောသည် … “သတင်းလာပို့တဲ့ သူတွေကို ပြောလိုက်။ ကျုပ် အခု ကျင့်ကြံနေတဲ့အချိန် ဖြစ်နေတာမို့လို့ ဘယ်ကိုမှ မသွားနိုင်ဘူးလို့”

“နားလည်ပါပြီ” ကျန်ကျောင်းက ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

နှစ်ဖက်အဖွဲ့များက သူ၏ အကြောင်းပြန်ချက်ကို ကြားလျှင် သက်ပြင်းချကာ ထွက်ခွာ သွားကြသည်။ အင်ပါယာရှားဘုံ တစ်ခုလုံးတွင် ရီဖူရှင်း တစ်ယောက်တည်းကသာ ဤသို့ သွေးနားထင် ရောက်နေသည့် အပြုအမူဖြင့် ယတိပြတ် ငြင်းဆန်ရဲသူ ဖြစ်သည်။

မင်းသမီးနှစ်ပါးက သူ့ကို တွေ့ရန် ဖိတ်ခေါ်သော်လည်း သူက နှစ်ယောက်လုံးကို ငြင်းဆန်သည်။

အင်ပါယာရှား နန်းတော်တွင် ပြဿနာက အစပျိုးလာခဲ့သည်။

ရီဖူရှင်းက သူ၏တေးသွား တီးခတ်ခြင်းနှင့် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေသည်။ သူတစ်ယောက်တည်းသာ ထိုသို့ လုပ်ဆောင်နေသည် မဟုတ်ဘဲ ကော့တေးရှိ လူတိုင်းက တန်ခိုးကျင့်ခြင်းကို လုံ့လရှိစွာ အားစိုက် ကျင့်ကြံနေကြသည်။

ကော့တေးရှိ လူအများကြားတွင် ရီဖူရှင်းနှင့် ဓားသခင်သာ ရှန့်ထိုအဆင့်သို့ ရောက်ရှိသေးသည်။

ယူချင်း၊ ဂူတုံးလျှို၊ ရီဝူချင်းနှင့် အခြားလူများကလည်း ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်ရန် အကောင်းဆုံး ကြိုးစား နေကြလေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset