အပိုင်း(၁၁၇၅)

သူက ငါ့အပိုင်

နတ်သမီးကျွန်း၊ ယောင်းထိုင်နန်းတော်။

သူမ၏သွယ်လျလှပသော ခန္ဓာလေးသည် သူ့အနီးတွင် ဆွဲငင်အားကောင်းစွာဖြင့် ရစ်ဝဲနေခဲ့သည်။ ဖွံ့ထွားကြော့ရှင်းသော အသားစိုင်တို့မှာ ရီဖူရှင်းနှင့် အလွန်နီးကပ်နေ၏။ ရှည်လျားနီရဲသော ဖီးနစ်အဝတ်စသည် လက်မောင်းပေါ်မှ ဖရိုဖရဲ လျော့ရဲကျလျှင် သူမ၏ ဖြူဖွေးညက်ဥသော လက်မောင်းသားတို့ ပေါ်လာသည်။ သူမ၏မျက်လုံးဝိုင်းများမှာ ဝိညာဉ်များကိုပင် ဖမ်းစားနိုင်စွမ်း၏။ ထိုအဖြစ်က ရီဖူရှင်းအား နားလည်ရ ခက်စေသည်။

ရီဖူရှင်းကား စိတ်အတွင်း၌ လောင်ကျွမ်းနေပြီဖြစ်သည်။ သူက အနီးတွင် ရစ်သိုင်းနေသော သူလေးအား ကြည့်သည်။ သူ၏နှလုံးသားအတွင်း၌ အားကောင်းသော စိတ်ဇောအဟုန်တစ်ခု ရှိနေသည်။ သူ့စိတ်ထဲတွင် ဆန့်ကျင်ဘက် စိတ်ဆင်ရိုင်းက သူ့အား ချုပ်တည်းမှုများ အားလုံးကို လွှတ်ချလိုက်ကာ ထိုအထဲ၌ ပျော်ဝင်ရန် အတင်း တိုက်တွန်းနေ၏။

“ဆရာရီ …” မော့ကြည့်ကာ တီးတိုးခေါ်သော ယောင်းချီ၏အသံလေးကား ကြားရသူ ပုရိသတိုင်း၏ အသည်းစိုင်ကို အရည်ပျော်စေနိုင်၏။

ရီဖူရှင်း၏လက်နှစ်ဘက်က အပြစ်အနာအဆာကင်းသော မျက်နှာလေးအား အသာကိုင်ကာ လက်ကို အောက်သို့ တဖြည်းဖြည်း ကျဆင်းစေလျက် သူမ၏လှပသွယ်လျသော ပခုံးလေးပေါ်၌ နား၏။ ယောင်းချီ၏မျက်လုံးများက ဖြည်းဖြည်းချင်း ပိတ်သွားသည်။ ထိုအခိုက်တွင် သူမသည်လည်း ရီဖူရှင်းကဲ့သို့ပင် မှိန်းမောနေဟန်ရသည်။

ရီဖူရှင်း၏လက်တစ်ဖက်က ယောင်းချီ၏သားမြတ်တို့ရှိရာသို့ ရွေ့လျားလာခဲ့သည်။ ယောင်းချီ၏နှုတ်ခမ်းပါးလေးတို့ ခပ်ဟဟ ပွင့်လာခဲ့ကာ လေထဲ အမွှေးနံ့တစ်ခု ထုံမွမ်းသွားလျက် သူမထံမှ ညင်သာနူးညံ့သော ညည်းသံလေးတစ်ချက် ထွက်လာသည်။

သို့သော်လည်း ထိုအခိုက်တွင် ယောင်းချီ၏မျက်လုံးများ ရုတ်တရက် ပွင့်လာကာ ရီဖူရှင်းအား စိုက်ကြည့်သည်။

“ဆရာရီ …” ယောင်းချီ၏မျက်လုံး အမူအရာများက အဆက်မပြတ် ပြောင်းလဲသွား၏။ ထိုအထဲတွင် သူက အံ့ဩမှု၊ နားမလည်မှုနှင့် မသက်မသာ ဖြစ်မှုတို့အား မြင်သည်။

ရီဖူရှင်း၏သရမ်းသော လက်ချောင်းများမှ အလွန်တရာ ထက်ရှသော ဓားအသိတစ်ခု မွေးဖွားလာခဲ့၏။ ဓားသည် ယောင်းချီ၏ခန္ဓာလေးကို ထွင်းဖောက်ကာ ဝင်သွားသည်။ ရုတ်ခြည်းပင် ဓားအသိက သူမတစ်ကိုယ်လုံးကို စီးဆင်းသွားပြီး သူမအား တိုက်စားဖျက်ဆီးကြ၏။

ယောင်းချီ၏မျက်လုံးများမှ မျက်ရည်စီးကြောင်း တစ်ခုမှာ တလိမ့်လိမ့် ကျဆင်းလာခဲ့ပြီး သူမက သနားစဖွယ်မေးသည် … “ဆရာရီက ယောင်းချီကို ဘာလို့ ဒီလို လုပ်တာလဲဟင် …”

“ယောင်းချီ … မင်းငါ့ကို ဖိတ်လို့ ငါလာတယ်။ မင်းက ဂီတသံစဉ်ကို အတူတူ လေ့ကျင့်မယ်ပြောလို့ ငါလေ့ကျင့်တယ်။ မင်းကို မိတ်ဆွေအနေနဲ့ သဘောထားပြီး မင်းကို အဖော်လုပ်ပေးတယ်။ မင်း တန်ဖိုးမဲ့မှာကို ငါမလိုလားဘူး” ရီဖူရှင်းက ဖြည်းလေးစွာ ပြောသည် … “ဒါပေမဲ့ မင်းငါ့ကို ထောင်ချောက်ဆင်ခဲ့တယ်။ ဒါက အင်ပါယာရှားနဲ့ မင်းသမီးလေးတို့ကို လက်စားချေဖို့ အတွက်လား”

အသံနှင့်အတူ သူ၏ဓားအသိသည် ပိုမိုအားကောင်းလာခဲ့ကာ အရာအားလုံးကို ဆုတ်ဖြဲဖျက်ဆီးသွားသည်။ ယောင်းချီ၏လှပသော ပုံသဏ္ဌာန်လေးမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံး အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ ပျောက်ကွယ် သွားတော့သည်။

ပျောက်ကွယ်သွားသော သူမလေးအား ကြည့်နေသော ရီဖူရှင်း၏ပုံစံမှာမူ ဘာမှ မဖြစ်ခဲ့သလို အေးစက်နေ၏။

သူက အကြည့်ကို အဝေးသို့ ပို့ကာ လှပသော ကျွန်းကလေးအား အကဲခတ်၏။ ထို့နောက် လေထဲသို့ ကြည့်ကာ သူက ပြောသည် … “အာရုံခြောက်ပါးကောင်းကင် မိစ္ဆာသံစဉ်က မပြည့်စုံဘူး။ နတ်မိမယ်ဟာ ကျုပ်ကို ကျန်တဲ့တစ်ပိုင်း မသိစေချင်တဲ့ပုံပဲ။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ အလိုဆန္ဒကို အာရုံခြောက်ပါးက ထိန်းချုပ်ပြီးတော့ တစ်ဖက်လူရဲ့ အတွေးနဲ့ခံစားချက်ကို လွှမ်းမိုးချုပ်ကိုင်တယ်။ ကျုပ်ခန့်မှန်းတာ မှန်တယ်ဆိုရင် အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်က ပုံရိပ်ယောင်ကို အစစ်အမှန်နီးပါး ခံစားသိမြင်စေတဲ့အထိ စွမ်းလိမ့်မယ်။ အဲဒီအဆင့်မှာ သံစဉ်ရဲ့လွှမ်းမိုးခြင်းကို ခံရတဲ့သူက ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ဘူး”

“နတ်သမီးရေကန်ကို ဖြတ်ပြီး ကျွန်းပေါ်ကို တက်ကတည်းက ပုံရိပ်ယောင်ကမ္ဘာက ပျောက်သွားပုံရတယ်။ ဒါပေမဲ့လည်း အမှန်တကယ်တမ်းတော့ မပျက်သွားခဲ့ဘူး။ ဟုတ်တယ်မလား” ရီဖူရှင်းက လေထဲကို ပြောသည်။

ရီဖူရှင်း၏အသံ ပျောက်ကွယ်သွားလျှင် ဆည်းလည်းသံအလား ခပ်ဟဟရယ်သံတစ်ချက် ကြားရသည်။

“အမှန်ပဲ … ယောင်းချီက လူကဲခတ် မမှားဘူး။ ဒီလို အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်ကို ထွင်းဖောက်မြင်နိုင်တာ … အင်ပါယာရှားနဲ့ ရှားရှင်းယွန်တို့ တန်ဖိုးထားတာ မထူးဆန်းတော့ပါဘူး” အသံနှင့်အတူ ပုံသဏ္ဌာန်တစ်ခု ကျွန်းကလေးအပေါ်မှ ကျဆင်းလာခဲ့သည်။ ယောင်းချီကား ကြော့ရှင်းသေသပ်ကာ လှပသော အဝတ်အစားများအား ဝတ်ထားရာ စကားအားဖြင့် ဖွင့်ဆိုရန်ခက်ခဲအောင် လှ၏။ သူမ၏အပြုံးနှင့် လှုပ်ရှားမှုတိုင်းမှာ ဆွဲငင်နိုင်စွမ်းသည်။

သူမက ရီဖူရှင်း၏ရှေ့သို့ ကျဆင်းလာပြီးနောက် ပြုံးလျက်မေးသည် … “ဆရာရီက ဘယ်လို သတိထားမိသွားတာလဲ။ ယောင်းချီက ဆွဲဆောင်မှု မရှိလို့လား”

သူက ထိုသို့ ပြောလျှင် အနည်းငယ် စိတ်ပျက်ဟန် အငွေ့အသက်များမှာ ဖုံးဖိမရနိုင်ခဲ့ပေ။

“ကျုပ်က ကျွန်းပေါ်ကို ရောက်တဲ့အချိန် အကုန်လုံးက ပုံမှန်ပဲလို့ ထင်ရတယ်။ အမှန်တကယ်ကတော့ အစစ်အမှန်နဲ့ ပုံရိပ်ယောင်တို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်နေပြီးပြီ။ နတ်မိမယ်ယောင်းချီက ကျုပ်ကို ကု့ချင်းတီးခတ်ဖို့ သင်ပေးပြီးတော့ ဖြည်းဖြည်းချင်း ဆွဲဆောင်ခဲ့တယ်။ ဒါက တစ်နည်းနည်းနဲ့ ပုံရိပ်ယောင်ထဲ ရောက်စေတယ်။ တခြားလူတွေကိုလည်း ဇဝေဇဝါ ဖြစ်စေခဲ့တယ်။ ပြီးတော့ အလိုဆန္ဒက တဖြည်းဖြည်း အားကောင်းလာခဲ့တယ်။ ဒါပေမဲ့ နတ်မိမယ်ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် သံစဉ်က ကျုပ်ကို သိပ်မလွှမ်းမိုးနိုင်ဘူး။ ကျုပ်လက်ရှိအဆင့်နဲ့ ဆင့်ကဲပုံရိပ်ယောင်ကိုလည်း ခံစားဖို့အတွက် မဖြစ်နိုင်ဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ဖွယ်က အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်ဟာ လုံးဝ မရပ်တန့်ခဲ့ဘူး။ ကျုပ်က ပုံရိပ်ယောင်ထဲ ကျရောက်နေလို့ သံစဉ်ကို မကြားခဲ့ရတာပဲ ရှိတယ်”

သူက ယောင်းချီကို ကြည့်သောအခါ တစ်ခါတစ်ရံ ဂျီယူနှင့်တူပြီး တစ်ခါတစ်ရံ မှန်နန်းတော်သခင်မနှင့် တူသည်။ ဤတွင် သူက အာရုံခြောက်ပါး ကောင်းကင်သံစဉ်မှ ဖန်ဆင်းသော ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ ရှိနေခြင်းဖြစ်ကြောင်း သိခဲ့သည်။

“ဆရာရီ တကယ် စိတ်မဝင်စားဘူးလား” ယောင်းချီက ပြုံးလျက်ပြောသည်။

“ယောင်းချီ … မင်းဟာ အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်ကို ကျွမ်းကျင်တယ်။ ဒါကြောင့် လူတိုင်းမှာ အလိုဆန္ဒရှိတယ်ဆိုတာ မင်းသိသင့်တယ်။ ကျုပ်လည်း ဒီအထဲပါတယ်” ရီဖူရှင်းက ပြန်ပြောသည် … “အခု ပုံရိပ်ယောင်တွေကို ပယ်ဖျက်လိုက်လို့ ရပြီလား”

“ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ အစစ်အမှန်ပဲ။ ယောင်းချီက ဆရာရီဆီမှာ ပုံအပ်ချင်တယ်ဆိုရင် ဆရာရီက လက်ခံမှာလား” ယောင်းချီက ထပ်မေးသည်။

“ဒါက အရေးကြီးလို့လား” ရီဖူရှင်းက ယောင်းချီကို ပြောသည် … “မင်းက ကျုပ်နဲ့ရင်းနှီးအောင် လုပ်တယ်။ ယောင်းထိုင် တည်ခင်းဧည့်ခံပွဲကို ဖိတ်တယ်။ ဒါတွေက ခံစားချက်နဲ့ မသက်ဆိုင်ဘူး။ မင်းက အရှင်မင်းကြီးနဲ့ မင်းသမီးတို့ကို ဒီလောက် အငြိုးအတေးထားနေတာ… မင်းရဲ့စိတ်ခံစားချက်ကို ဘယ်လိုလုပ် အလွယ်ပြောင်းနိုင်ပါ့မလဲ။ ငါက နတ်မိမယ်ရွေးချယ်ခဲ့တဲ့ သားကောင်းတစ်ကောင်ပဲ …”

ယောင်းချီက ရီဖူရှင်း၏ဘေးနားသို့ ရောက်သည်အထိ လျှောက်လာခဲ့သည်။ သူမက ရီဖူရှင်းအား မျက်လုံးချင်းဆုံအောင် ကြည့်ကာ တီးတိုးပြောသည် … “ဆရာရီက ယောင်းချီကို မယုံဘူးလား”

“နောက်မနေစမ်းပါနဲ့ …” ရီဖူရှင်းက ပြောသည်။

“နောက်တာတဲ့လား …” ယောင်းချီက ရုတ်တရက် ရယ်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ရှားရှင်းယွန်က ဒီလိုမေးရင် ဆရာရီက ငြင်းပယ်မှာလား”

“မင်းက အရမ်းခေါင်းမာတယ်။ မင်းသမီးက မင်းကို မသိသလို မင်းနဲ့လိုက်ပြီးလည်း ယှဉ်ပြိုင်နေမှာ မဟုတ်ဘူး” ရီဖူရှင်းက ယောင်းချီကို ပြောသည်။ သူမ၏စွဲလမ်းစိတ်က သူမနှင့် ရှားရှင်းယွန်ကို ယှဉ်ပြိုင်စေခဲ့သည်။

“သူမက မြင့်မြတ်တော်ဝင်တဲ့ မင်းသမီးပဲ။ သူမအဖေကလည်း အင်ပါယာဖြစ်ပြီး သူမအမေကလည်း ဧကရီဖြစ်တယ်။ သူမက ငါနဲ့ဘယ်ယှဉ်ပြိုင်ဖို့ လိုပါ့မလဲ” ယောင်းချီက ရယ်မောလိုက်ကာ ပြောသည် … “ရပ် …”

သူမ၏အသံနှင့်အတူ တစ်စုံတစ်ခု ပြောင်းလဲသွားဟန်သည်။ ကျွန်းကလေးကား မူလအတိုင်း ဖြစ်သော်လည်း မူလက ထင်ယောင်ထင်မှားများ အားလုံး အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားဟန်ရသည်။

လေထဲတွင် များစွာသော နတ်မိမယ်လေးများ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာခဲ့ကာ ကွဲပြားခြားနားသော နေရာများ၌ နေရာယူကြသည်။

ယောင်းချီက ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ကျွန်မက ယောင်းထိုင် တည်ခင်းဧည့်ခံပွဲမှာ လက်တွဲဖော်ကို ရွေးမယ်လို့ ကြေညာခဲ့တယ်။ အခု ကျွန်မက ဆရာရီကို လက်တွဲဖော်အဖြစ် ရွေးချင်တယ်။ ဆရာရီက လက်ခံလိုပါသလား”

ယခု ပုံရိပ်ယောင်၏ လှည့်စားခြင်းနှင့် တောက်လောင်သော ဆန္ဒတော့ မရှိတော့ရာ ရီဖူရှင်း၏စိတ်နှလုံးမှာ ရေပြင်အလား တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။

ယောင်းချီက ရီဖူရှင်းအား ကြည့်ကာ သူ၏အဖြေကို စောင့်စားနေဟန် ရသည်။

“အရင်ပြောခဲ့သလိုပဲ ကျုပ်မှာ မိန်းမရှိတယ် …” ရီဖူရှင်းက ပြန်ပြောသည်။

“ယောင်းချီ သိပါပြီ …” ယောင်းချီက ပြုံးသည်။ သို့သော် သူမ၏အပြုံးမှာ ဝမ်းနည်းသော အငွေ့အသက်များဖြင့် အသက်မဲ့နေ၏။

သူမ၏အမြင်တွင် ထိုကိစ္စက အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။

ရီဖူရှင်း၏ဇနီးမှာ လွန်ခဲ့သော နှစ်များစွာ ကတည်းက တော်ဝင်စစ်ပွဲ၌ ဆုံးပါးသွားခဲ့သည်ကို တစ်လောကလုံး သိပေသည်။

သို့တိုင်အောင် သူကား ထိုအကြောင်းပြချက်ဖြင့် သူမအား ငြင်းခဲ့သည်။

သူမက ပို၍ လက်ဦးမှုယူရန် ကြိုးစားခဲ့သော်လည်း သူမနှင့် ရှားရှင်းယွန်တို့အကြား ရီဖူရှင်းကား ရှားရှင်းယွန်ကိုသာ ရွေးချယ်လိုဟန်ရသည်။

သေချာသည်ကား သူမရှုံးနိမ့်ခဲ့၏။

ထိုအခိုက်တွင် လူတစ်စု ရောက်ရှိလာသည်။ ယောင်းချီက သူတို့ဘက်ကို လှည့်ကာ မေးသည် … “ဘာများလဲ”

“အင်ပါယာရှားရဲ့လူတွေ ရောက်လာတယ်” ထိုလူက ပြောသည်။

ယောင်းချီ၏မျက်လုံးများက ထူးဆန်းစွာ တစ်ချက် လင်းသွားကာ ငေါ့တော့တော့ ပြုံးသည်။ ပထမက ရှားလွင်လာသည်။ ယခု နောက်တစ်ယောက်လား။

သူ၏ချစ်ရသော မင်းသမီးလေး တန်ဖိုးထားရသူကို သူမက ခိုးယူသွားမည် ကြောက်နေသည်လား။ သို့မဟုတ် သူမ တန်ဖိုးမဲ့မည်ကို စိုးရိမ်သည်လား။

“သွားကြည့်ကြမယ် …” ယောင်းချီက ပြောသည်။ သူမက မသွားရသေးမီတွင်ပင် အားကောင်းသော အရှိန်အဝါတစ်ခုသည် ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။

ယောင်းချီက ရှေ့ဆုံးမှ မိန်းကလေးကို မြင်လျှင် တောက်ပစွာပြုံးသည်။ နောက်ဆုံးတွင် ရှားရှင်းယွန် ရောက်လာလေပြီ။ သူမက သည်အတိုင်း ထိုင်နေနိုင်ဟန်မတူတော့။

ရှားရှင်းယွန်က အာကာသတည်နေရာ ကျော်လွှားခြင်း မဟာအစီအရင်ကို သုံးလျက် အနောက်ဘက်ဒေသသို့ တိုက်ခိုက် ဆင်းသက်လာခြင်းဖြစ်သည်။

“အင်ပါယာရှား အမိန့်တော် …” ရှားရှင်းယွန်၏ဘေးမှ တစ်စုံတစ်ယောက်က ရှေ့သို့ တက်လာကာ ယောင်းချီအား ကြည့်ပြီး ပြောသည်  … “ယောင်းချီအား မျိုးရိုးနာမည်ရှားအဖြစ် သတ်မှတ်လျက် မင်းသမီးချီအဖြစ် သမုတ်စေရမယ်။ အင်ပါယာရှား နန်းတော်မှာ မင်းသမီးချီအတွက် နန်းဆောင်တစ်ခု တည်ဆောက်ပြီးတော့ မင်းသမီးချီအနေနဲ့ အချိန်မရွေး လာရောက်ခွင့်ရှိတယ်”

ယောင်းချီကား မှင်တက်နေသည်။ သူမ၏အဖေက သူမအား မင်းသမီးအဖြစ် သမုတ်လိုသည်။

သူမက ရှားရှင်းယွန်အား ကြည့်လျှင် ရှားရှင်းယွန်က ပြောသည် … “အဖေက ငါ့ကို ဒီသတင်းကို ပို့စေချင်တယ်။ အရင်တုန်းက အနောက်ဘက်ဒေသ သခင်မဟာ နောက်ဘက်မှာပဲ နေလိုပြီးတော့ နန်းတော်ကို မဝင်လိုခဲ့ဘူး။ ဒါကြောင့်ပဲ အဖေက အတင်း မတိုက်တွန်းတော့ပဲ သူမဆန္ဒကို လိုက်လျောခဲ့တယ်။ နင်က ဒီအတွက် အငြိုးထားစရာမရှိဘူး။ နင်သာ ဆန္ဒရှိရင် နန်းတော်က မင်းသမီးစံအိမ်မှာ အချိန်မရွေး လေ့ကျင့်နိုင်တယ်”

“နင် ငါ့ကို လာပြီး သနားကြောင်း ပြနေတာလား” ယောင်းချီက ရှားရှင်းယွန်အား ကြည့်သည်။ နှစ်ပေါင်းများစွာ သူမက ရှားရှင်းယွန်နှင့် လိုက်လံ ယှဉ်ပြိုင်ခဲ့ပေသည်။

“မဟုတ်ဘူး …” ရှားရှင်းယွန်က ပြောသည် … “ငါ တစ်စုံတစ်ယောက်ကို လာခေါ်တာ”

သူမက ရီဖူရှင်းအား ကြည့်လျက်ပြောသည် … “သူက ငါ့အပိုင်”

ရီဖူရှင်းက ရှားရှင်းယွန်အား ကြည့်ကာ ဆွံ့အရသည်။

ယောင်းချီက ရှားရှင်းယွန်အားကြည့်ကာ ရုတ်တရက် ပြုံးသည်။ သူက သူမ၏လူတဲ့လား။

သူမက ရီဖူရှင်းအား ကြည့်ကာ တီးတိုးပြောသည် … “ဒီနေ့ ဖြစ်ခဲ့တာတွေကို ယောင်းချီ အမှတ်ရနေမှာပါ။ ဆရာရီလည်း မမေ့ဖို့ ယောင်းချီ ဆုတောင်းပါတယ်”

ရီဖူရှင်းက နေရခက်သော်လည်း ရှားရှင်းယွန်၏ မျက်လုံးများက သူ့အား အေးစက်စွာ ကြည့်နေသည်။ ရီဖူရှင်းမှာ အလိုလိုနေရင်း မသက်မသာ ခံစားလာရသည်။

မိန်းမများကား ကြောက်စရာကောင်း၏။ အထူးသဖြင့် လှပသော မိန်းကလေးများ ဖြစ်သည်။

“နတ်မိမယ်က ကျုပ်ကို သံစဉ်တစ်ပုဒ် သင်ပေးခဲ့တယ်။ ကျုပ်က သေချာပေါက် မှတ်သားထားပါ့မယ်” ရီဖူရှင်းက ပြောသည်။

ယောင်းချီက ဂီတသံစဉ်စာရွက်အား ရီဖူရှင်းကို ကမ်းပေးကာ ပြောသည်… “ဒါက အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်ရဲ့ ဒုတိယပိုင်းပါ။ ဆရာရီ လက်ခံပေးပါ။ တကယ်လို့ ဒီနေ့လို ခံစားချက်ကို ဆက်လိုချင်သေးရင် ဆရာရီက ကျွန်မကို ဘယ်မှာ လာရှာရမယ်ဆိုတာ သိပါလိမ့်မယ်”

ရီဖူရှင်းက ယောင်းချီအား ကြည့်သည်။ သူက ဂီတသံစဉ်စာရွက်အား လက်ခံလိုက်သည်။

ယောင်းချီက သူ့အား ထောင်ချောက်ဆင်ခဲ့သည်။ ထို့အတွက် သည်သံစဉ်က လျော်ကြေး သဘောလည်းဖြစ်သည်။

ထို့အပြင် ယောင်းချီမှာ မင်းသမီးဖြစ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်း သူမက ရီဖူရှင်းနှင့် တွေ့သောအခါ သည်ကိစ္စကြောင့် အဆင်မပြေ မဖြစ်တော့ပေ။

သို့သော်လည်း ယောင်းချီ၏စကားတွင် အလွယ်တကူ နားလည်နိုင်သော အနက်အဓိပ္ပာယ်များ ပါဝင်နေသေးသည်။

အင်ပါယာရှားနန်းတော်မှ လူများက သူ့အား ထူးဆန်းစွာ ကြည့်ကြသည်။

ယခု မင်းသမီးနှစ်ပါးလား ရှိနေသည်။ သည်အကောင်ကား တစ်ခုခုပင်။

“ကျုပ် သွားပါတော့မယ်” ရီဖူရှင်းက ပြောကာ နောက်လှည့်ပြီး ထွက်သွားသည်။ ရှားရှင်းယွန်က သူ့နောက်မှ လိုက်ပါလာ၏။ သူမက ယောင်းချီကို နောက်ထပ် တစ်ချက်မှ မကြည့်တော့။

ရှားလွင်နှင့် ကျေးရွာခေါင်းဆောင်တို့က လေထဲမှ စောင့်ဆိုင်း နေကြဟန်ရသည်။ ရှားရှင်းယွန် ကိုယ်တိုင် ရောက်လာမည်ဟု သူတို့ မထင်ထားကြ။

“ဆရာ … ပျော်ခဲ့လား  …” သိမ်းငှက်နက် ရှားရှင်းယွန်အား မျက်လုံးပြူးလျက် ကြည့်သည်။ ယခု သည်‌မိန်းမရိုင်း မောက်မာနိုင်သေးသလား။

“ဒီသားရဲစုတ်ကို ကြိုးနဲ့ချည်ပြီး နန်းတော်ကို မီးကင်ဖို့ ခေါ်သွား …” ရှားရှင်းယွန်က သိမ်းငှက်ကလေးကို ကြည့်ကာ ပြောသည်။

“အား …” သနားစရာကောင်းသော သိမ်းငှက်လေးက ကြောက်လန့်တကြား အော်ဟစ်တော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset