အတော်ဝေးဝေးပင် သွားခဲ့ပြီးပြီမို့ ဘယ်သူကမှ လွယ်လွယ်နှင့် ပြန်မလှည့်လိုပေ။
ထို့အပြင် သူတို့အားလုံးသည် သည်အထဲသို့ နက်နက်နဲနဲ ဝင်ရောက်လာပြီးပြီမို့ သူတို့၏ ပြင်းပြသည့် စိတ်ဆန္ဒတို့မှာ အားကောင်းလာသည်။ သူတို့ တစ်ယောက်ချင်းစီက နတ်သမီးရေကန်ကို ဖြတ်ကာ ယောင်းချီကို ခေါ်ဆောင်၍ သူတို့ အပိုင်ဖြစ်စေလိုသည်။
သည်လို အခြေအနေမျိုးမှာ ဘယ်သူကမှ သူတို့၏ ဆန္ဒများကို လွယ်လွယ်လေး လက်မလျှော့ပစ်လိုက်နိုင်။
ရီဖူရှင်းတွင် ယောင်းချီနှင့် ပတ်သက်သည့် အတွေးများရှိကာ အခြားလူများကို လက်လျှော့စေပြီး သူကိုယ်တိုင်ကတော့ ရှေ့ဆက်တိုးချင်နေလေသည်။
ဘယ်သူကမှ သူ၏ စကားကို အရေးတယူ မရှိကြပေ။ ရီဖူရှင်းက ရှေ့သို့ ကြည့်လိုက်ကာ လှေပေါ်၌ ခြေထောက်များကို ခွေကာ ထိုင်သည်။ သူက လက်များကို ဝှေ့ယမ်းလိုက်သည့်နောက် ကု့ချင်းတစ်လက်က သူ့ရှေ့တွင် ပေါ်ထွက်လာသည်။
သူက သူ၏ကု့ချင်းဝိညာဉ်ကို ဆုံးရှုံးသွားသော်လည်း ကု့ချင်းကိုတော့ သူနှင့် အမြဲမကွာ သိမ်းဆည်းထားသည်။
သူက ကြိုးများကို စတင် တီးခတ်လိုက်လျှင် သံစဉ်တစ်ခု ထွက်ပေါ်လာသည်။ ကု့ချင်းများမှ ထွက်လာသည့် ကွဲပြားသော အသံသုံးခုတို့က အချင်းချင်း ရောယှက်သွားသော်လည်း တစ်ပုဒ်တည်းဟု ပြောဖို့ရန် လုံလောက်စွာ အချင်းချင်း ထိန်းညှိထားသည်။ အသံသုံးခုလုံးသည် ထူးကဲ၍ ကြည်လင်လှပြီး သူတို့၏ နားစည်ကို ဖြတ်သန်းကာ ဝင်ရောက်လာကြ၏။
အူကီယိုသံစဉ်ကို တီးခတ်သည်နှင့် ရီဖူရှင်း၏ စိတ်က ငြိမ်သက်အေးချမ်းကာ တည်ငြိမ်လာသည်။ သူ၏ စိတ်ခံစားချက်များကို နှောင့်ယှက်ဟန့်တား၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ် လိုက်နိုင်သည်။ ရမ္မက်လွှမ်းသည့် ကကွက်များသည် သူ့စိတ်အတွင်း၌ လျော့ပါးလာသည်။ သူ၏ သံစဉ်ကို အခြားလူများ ကြားသည့်အခါ သူတို့တွင်လည်း သက်ရောက်မှု ရှိလာ၏။ အာရုံခြောက်ပါး ကောင်းကင် မိစ္ဆာသံစဉ်၏ လွှမ်းမိုးမှုကြောင့် ပန်းပေါင်းစုံတောင်ကြား သခင်လေး၏ သံစဉ်က အားနည်းလာနေသည်။
စိတ်အားထက်သန်မှုနှင့် ရမ္မက်များ တိုးများလာသည်နှင့် အမျှ သွေးများ ဆူပွက်လာပြီး သူ၏ သံစဉ်မှာ ငြိမ်သက်အေးချမ်းမှုမှ ဒေါသအခိုးအငွေ့များ တောက်လောင်နေသည့် ဘက်သို့ ရောက်သွား၏။ နတ်သမီးရေကန် အတွင်းရှိ လူများမှာ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်များ သူတို့၏ စိတ်ထဲတွင် မွေးဖွားလာသည်။ စိတ်ထက်သန်မှုနှင့် ရမ္မက်များက လျော့ပါးလာကာ သူတို့အား လမ်းစဉ်နှင့်ပတ်သက်၍ ပိုမိုသတိပြုမိစေ၏။
ထိုအချိန်တွင် သူတို့၏ အနီးဝန်းကျင်တွင် လှည့်လည် ကခုန်နေသည့် ဂီတနုတ်များက မဟာလမ်းစဉ်၏ အသိများနှင့် ပြည့်ဝလာသည်။
သူက လက်ကို လျှပ်တစ်ပြက် လှုပ်ရှားလိုက်သည်တွင် အလင်းရောင်များ တောက်ပနေသည့် ဓားသွားများက လေကို ဖြတ်သန်းသွားကာ ကျားယဲ့ဓားအဖြစ် ပြောင်းလဲသွား၏။ ဓားသည် ကခုန်နေသည့် ဂီတနုတ်များနှင့်အတူ ရွေ့လျားလျက် သူတို့သည် ကြောက်မက်ဖွယ် မိုးကြိုးအဖြစ် ပြောင်းလဲသွားကာ ပန်းပေါင်းစုံတောင်ကြား သခင်လေးကို ရိုက်ခတ်သည်။
ပန်းပေါင်းစုံတောင်ကြား သခင်လေးသည် တစ်ချိန်တည်းတွင် အလျင်အမြန် တီးခတ်သည်။ ကခုန်နေသည့် ဂီတနုတ်များက ကြောက်မက်ဖွယ် တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားကာ လေထုထဲတွင် ထိပ်တိုက် တွေ့သွားသည်။
သို့သော်လည်း သူ့အနီးတွင် ကခုန်နေသော ဂီတနုတ်များက မရေတွက်နိုင်အောင် များပြားလာသည်။ ဂီတနုတ်တိုင်းက ကျားယဲ့ဓားအဖြစ် ပြောင်းလဲသွားကာ မိုးများ ရွာသွန်းလာသကဲ့သို့ သူ့ပေါ်သို့ သွေးရူးသွေးတန်း ကျဆင်းလာသည်။
ပန်းပေါင်းစုံတောင်ကြား သခင်လေး၏ လက်ချောင်းများက အရှိန်မြှင့်လိုက်ပြီး လေထုထဲတွင် ကြီးမားသော ထိပ်တိုက်ထိတွေ့သံများကို ဆက်လက် ကြားနေရသည်။ ဂီတနုတ်များမှာ မဟာလမ်းစဉ်၏ စွမ်းအားများ ဖြည့်တင်းခံထားရကာ နတ်သမီးရေကန်အတွင်းမှ ရေများကို ရေမှုန်ရေစက်များ အဖြစ် ဆက်လက် လွင့်စဉ်နေစေသည်။
မိုးကြိုးတစ်ချက်က ရှင်းလင်းသည့် အသံနှင့်အတူ အက်ကြောင်းများ ဖြစ်လာပြီး ပန်းပေါင်းစုံတောင်ကြား သခင်လေး၏ ကု့ချင်း ကြိုးများကို ပြတ်ထွက်သွားစေသည်။ သူက ဒေါသတကြီး အသံပြုလိုက်ကာ ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ၏ ကု့ချင်းကို သိမ်းသည်။ သူက အရှေ့သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး သူလာခဲ့သည့် ဘက်သို့ ပြန်လှည့်ထွက် သွားတော့သည်။
သူ၏ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက် သွားပြန်၏။
“မင်းတို့ရော မပြန်ဘူးလား” ရီဖူရှင်းက ဆက်မေးသည်။ ချင်ပေ့နှင့် အခြားလူများက ရီဖူရှင်းကို ကြည့်လိုက်ပြီး လှည့်ထွက်သွားကာ သူတို့၏ ကိုယ်ပိုင်အသိနှင့် လက်လျှော့ လိုက်ကြတော့သည်။
မကြာခင်မှာပဲ ရီဖူရှင်းနှင့် ရှားလွင်တို့သာ နတ်သမီးရေကန်ပေါ်တွင် ကျန်ရှိတော့သည်။
ရီဖူရှင်းက သူ့အနေဖြင့် သည်နေရာမှာတင် လက်လျှော့ပြီး ပြန်သွားပါက မည်သို့ ဖြစ်မည်နည်းဟု တွေးနေသည်။
“ကျွန်းပေါ်ကို ဖိတ်ခေါ်ပါတယ် ဆရာရီ” အသံတစ်ခုက ပြောသည်။ အသံပျောက်သွားပြီး ချက်ချင်းပင် ကျွန်းတစ်ခုလုံးက ရီဖူရှင်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ထိုကျွန်းက အရမ်း နီးကပ်သောကြောင့် ခြေတစ်လှမ်းဖြင့်ပင် ကမ်းခြေသို့ ရောက်နိုင်မည်ဟု ထင်ရသည်။ ရှားလွင်က ထိုကျွန်းကို မြင်နိုင်စွမ်းမရှိဘဲ ပုံရိပ်ယောင် ပင်လယ်တွင် ကျန်ရစ်သည်။ သို့သော်လည်း သူက အသံကိုတော့ ကြားနိုင်စွမ်းရှိ၏။
ရီဖူရှင်းက ရှားလွင်ကို လှည့်ကြည့်သည်။ ရှားလွင်က ခေါင်းညိတ်ကာ သူ့ကို ပြောသည်… “သွားလိုက်ပါ”
ထိုအခိုက်တွင် ရှားလွင်က စိတ်ရှုပ်သလို ခံစားနေရသည်။
သူက ယောင်းချီ သူ့ကို အနီးသို့ပင် လာခွင့်ပြုမည် မဟုတ်ကြောင်း သိသည်။ တစ်ယောက်ယောက်ကို ကျွန်းပေါ်သို့ ဝင်လာစေခဲ့လျှင် ထိုလူသည် ရီဖူရှင်းသာ ဖြစ်မည်ဟု သူ ခန့်မှန်းခဲ့ပြီး ဖြစ်၏။
ရီဖူရှင်းသာ သည်နေရာ၌ လက်လျှော့ခဲ့လျှင် ယောင်းချီက တခြားတစ်ယောက်ကို အစားထိုးရွေးချယ်မှာလား ဟုသူ သိလိုမိသည်။
ထိုသို့ဖြစ်လာမည်ကိုလည်း သူမလိုလားပါချေ။ အခြေအနေက ဤသို့ဖြစ်လာမှတော့ သူမက ရီဖူရှင်းအား ရွေးချယ်လိုက်ပါကလည်း သိပ်တော့မဆိုးဟု သူတွေးသည်။
သည်ကိစ္စကို ရှားရှင်းယွန်သိပြီး ဒေါသမထွက်ရန်သာ သူမျှော်လင့်တော့၏။
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူ့လှေကို ကျွန်းဆီသို့ ရွေ့လျားသွားစေသည်။ သူက လှေထဲမှ ထွက်ကာ ကျွန်းပေါ်သို့ ခြေချသည်။
ကျွန်းတစ်ခုလုံးက စိမ်းမြနေသည်။ နတ်ကြိုးကြာများက လေထဲတွင် ပျံဝဲနေကြ၏။ ရီဖူရှင်းသည် ထီးကဲ့သို့ အုပ်ဆိုင်းနေသော သစ်ပင်တွင် အနားယူနေသော ဖီးနစ်က သူ့အမြင်တွေကို ဖမ်းစားသွားနိုင်သည်။
ထိုနေရာတွင် အလွန်လှပသည့် အမျိုးသမီး တစ်ယောက်က ခမ်းနားပြီး လှပသည့် ကျွန်းပေါ်တွင် ထိုင်ကာ ကု့ချင်းကို လွတ်လပ်စွာ တီးခတ်နေပြီး သာယာကြည်နူးဖွယ် ကောင်းသည့် မြင်ကွင်းကို ဖန်တီးနေသည်။ ထိုမြင်ကွင်းက အိပ်မက်တစ်ခုကဲ့သို့ အံ့အားသင့်သည့် ခံစားမှုကို ရရှိစေ၏။
ရီဖူရှင်း ရောက်သွားသည့်အခါတွင် သံစဉ်က ရပ်တန့်သွားသည်။ အမျိုးသမီးက ရီဖူရှင်းကို ကြည့်ကာ တောက်ပစွာ ပြုံးသည်… “ဒီနေရာကို ရောက်လာတာ ဆရာရီဖြစ်နေဖို့ မျှော်လင့်ခဲ့တာ။ ဆရာရီကလွဲပြီးတော့ ဘယ်သူကမှ ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ ဆရာရီက ယောင်းချီကို တကယ် စိတ်မပျက်စေခဲ့ဘူးပဲ”
ယောင်းချီက အဖိုးတန်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အပြုံးက အလွန်တောက်ပကာ ဆွဲဆောင်မှုရှိသည့် အလှသည် အနည်းငယ်မှပင် ပျောက်ကွယ်မနေပေ။ ကြည့်ရသည်မှာ သူမတွင် အလှအပပုံစံမျိုးစုံ ရှိပုံရပြီး ဘယ်လိုယောက်ျားကို မဆို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသည်ထက်ကို ပိုနိုင်သည်။
“ဘာကြောင့်များ နတ်မိမယ်ယောင်းချီက ကျုပ်ကို ဒီနေရာ ရောက်လာဖို့ မျှော်လင့်ရတာလဲ” ရီဖူရှင်းက မေးသည်။
ယောင်းချီက သူ့ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်ကာ ပြောသည်… “အင်ပါယာရှားဘုံ တစ်ခုလုံးမှာ ရှင်တစ်ယောက်တည်းကသာ ကျွန်မ ချစ်နိုင်တဲ့သူလေ”
သူမက စကားပြောသည့်အခါ ရှက်ရွံ့သည့် အကြည့်များနှင့် ရီဖူရှင်းကို ကြည့်နေသည်။
“ခင်ဗျား စိတ်ပျက်ရမှာ ကြောက်မိပါတယ်” ရီဖူရှင်းက ပြောသည်။
“ရှားရှင်းယွန်ကြောင့်လား” ယောင်းချီက အပြုံးလေးနှင့် မေးသည်။
ရီဖူရှင်းက ခေါင်းကို ခါယမ်းလိုက်၏။
“ပထမဆုံးအကြိမ် ကျွန်မတို့ တွေ့တုန်းက ရှင့်နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနှင့်ပြီးပြီလို့ ပြောတာ ကျွန်မ မှတ်မိပြီ။ အဲဒီလူက ရှင့် ဇနီးမလား ဆရာရီ။ ဒါပေမဲ့ ကျွန်မ သိတာတော့ ရှင့် ဇနီးက ကွယ်လွန်သွားတာ ကြာပြီဆို … ရှင်က ဘာလို့ သူမကို အခုထိ ဖက်တွယ်နေရတာလဲ။ တကယ်လို့ ရှားရှင်းယွန်ကြောင့် ဆိုရင်တော့ ကျွန်မက ရှားရှင်းယွန်ထက် ညံ့တာ ဘယ်နေရာများ ရှိတယ်လို့ ထင်ပါလဲ” ယောင်းချီက မေးသည်။
“ကျုပ်မှာ အဲဒီလို အတွေးမရှိဘူး” ရီဖူရှင်းက ခေါင်းကို ယမ်းသည်။
ယောင်းချီက ပြုံးသည်… “ရှင့်ရဲ့ ဉာဏ်ကောင်းမှုမျိုးနဲ့ဆိုရင် ရှောင်ရှမ်းရဲ့ မတော်တဆမှုကနေ တစ်ခုခုတော့ သိခဲ့မှာပဲ။ ဖြစ်ခဲ့တဲ့ ဘယ်အရာပဲဖြစ်ဖြစ် ရှောင်ရှမ်းက သူ ကိုယ်တိုင် လုပ်နိုင်စွမ်းရှိတာတွေ မဟုတ်ဘူး။ အဲဒီလို လုပ်နိုင်စွမ်းရှိတဲ့သူက နန်းတော်ကပဲ ဖြစ်လိမ့်မယ်။ ရှားရှင်းယွန်နဲ့ အင်ပါယာရှားကလည်း ဒီလောက်တော့ သူတို့ ခန့်မှန်းမိမယ်ဆိုတာ ကျွန်မ သေချာသိတယ်။ ဧကရီရှောင်တောင်မှ ပါဝင်ပတ်သက်နေမလား သိချင်မိတယ်။ သူမက ရှောင်ရှမ်းရဲ့ အဒေါ်ပဲလေ။ ပြီးတော့ ရှင်နဲ့ ရှားရှင်းယွန် ဒီလောက် နီးကပ်နေတာကို မမြင်ချင်တာလည်း ဖြစ်နိုင်တာပေါ့။ ရှားရှင်းယွန်နဲ့ အင်ပါယာရှားက ဘာမှ ရှာမတွေ့နိုင်တာ မဟုတ်ဘူး။ ဖြစ်နိုင်တာက သူတို့ ဒီကိစ္စကို မရှာချင်တာများလား”
“ရှင်က အင်ပါယာရှားဘုံအတွက် နတ္ထိဘုံတိုက်ပွဲကို အနိုင်ရလို့ အဓိကမဏ္ဍိုင် ဖြစ်လာတယ်။ ရှင်က အရဲစွန့်ပြီး အင်ပါယာလီဘုံကို သွားပေမဲ့ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်။ အင်ပါယာရှားဘုံမှာ အင်ပါယာရှားသာ ရှာဖွေဖို့ ဆန္ဒရှိတယ်ဆိုရင် သူ့ကို လျှို့ဝှက်ထားလို့ရမယ့် ကိစ္စရှိမယ်ဆိုတာ ကျွန်မ မယုံဘူး။ နောက်ဆုံးတော့လည်း ရှင်က ရှားမျိုးနွယ်မှ မဟုတ်တာ။ သူတို့က ရှင့်ရဲ့ ထူးကဲသာလွန်တဲ့ ပါရမီတွေကို သူတို့အတွက် အသုံးချနေတာတောင် ဖြစ်နိုင်တာပဲလေ”
ရီဖူရှင်း ယောင်းချီကို ကြည့်လိုက်ပြီး သူမ ပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်း သူ နက်နက်နဲနဲ သိသည်။ သူက ကိုယ်တိုင်ပင် ထိုသို့ ရလဒ်ကို ကောက်ချက်ချခဲ့ပြီးသား ဖြစ်၏။ သူက ရှောင်ရှမ်းကို ဖိအားပေးခဲ့ခြင်းကြောင့် ပစ်မှတ်က ပျောက်ဆုံးသွားခဲ့သည်။
သို့ပေမဲ့ သူ့ကို ရှားရှင်းယွန်က ထိခိုက်အောင် မလုပ်ဟု ယုံကြည်သည်။ သတင်းက သူ့ကို ခေါ်ရန် သူမက အောက်ဘုံသို့ ပို့လိုက်သည့် လူများထံမှ ပေါက်ကြားသွားခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဖြစ်ခဲ့သမျှကိစ္စတို့သည် နန်းတော်နှင့် တစ်ခုခု ပတ်သက်မှု ရှိနေနိုင်သည်။
ဤသည်ကပင် တစ်ခုတည်းသော လမ်းစဖြစ်သည်။
သို့သော်လည်း ယောင်းချီသည် သူနှင့် နန်းတော်၏ ကောင်းမွန်သည့် ဆက်ဆံရေးကို သိနေသော်လည်း သူမက သူ့ကို ထိုအရာများ အားလုံးကို ပြောပြရန် ရွေးချယ်ခဲ့သည်။ သူမ စည်းကျော်ပြီး ပြောခြင်းမှာ ပြဿနာ သိပ်မရှိသော်လည်း ယောင်းချီနှင့် နန်းတော်၏ ဆက်ဆံရေးက သိပ်မကောင်းသည်ကိုတော့ ရီဖူရှင်း ခန့်မှန်းနိုင်သည်။
ထို့အပြင် သူမသည် အင်ပါယာရှားနှင့် ဧကရီရှောင်ကို ရည်ညွှန်းသွားခဲ့သည်။ အကယ်၍ သူက သူမ ဤသို့ပြောသည်ကို နန်းတော်သို့ သတင်းပို့လိုက်ပါက သူမကို အလွယ်တကူပင် ပျက်စီး သွားစေနိုင်သည်။ သို့သော် ယောင်းချီက ထိုသို့ဖြစ်မည်ကို အလေးမထားခဲ့။
တော်ဝင်နန်းတော်နှင့် သူမအကြား မည်သို့သော ပြဿနာများ ရှိနေသနည်း။
သူမက အဘယ်ကြောင့် ရှားရှင်းယွန်နှင့် အတိုက်အခံ ဖြစ်နေရသနည်း။
ရှားလွင်က သူ့ကို ယောင်းချီနှင့် နီးနီးကပ်ကပ်မနေရန် ပြောခဲ့ပြီးမှ ယခု ရှေ့ဆက်တိုးရန် ပြောခဲ့သည်။ ကြည့်ရသည်မှာ ရှားလွင်က သည်ပွဲတော်ကို တက်ရောက်ခြင်းသည် ယောင်းချီ ပြုလုပ်မည့်အရာများကို တားဆီးရန်သာ ဖြစ်ဟန်ရ၏။
ရီဖူရှင်း ထိုသို့ တွေးလိုက်သော်လည်း ယောင်းချီ၏ပြဿနာရင်းမြစ်ကို စဉ်းစားမရသေးပေ။
“မင်းသာ ရင်ဖွင့်ချင်တာ တစ်ခုခုရှိရင် ကျုပ် နားထောင်ပေးပါ့မယ် ယောင်းချီ” ရီဖူရှင်းက တော်ဝင်နန်းတော်နှင့် ပတ်သက်သော ယောင်းချီ၏ စွပ်စွဲချက်ကို ပြန်မချေပခဲ့ပေ။ သူက များပြားလှသည့် ကိစ္စများစွာကို သိနှင့်နေပြီး ဖြစ်၏။
ပြည်နယ်ကိုးခုတွင် ဖြစ်ပွားသည့် တော်ဝင်စစ်ပွဲ၌ သူ၏ တော်ဝင်အသိက လောင်ကျွမ်းသွားခဲ့ပြီး အင်ပါယာရှားက သတင်းကို အမှောင်ချခဲ့ကာ ထိုကိစ္စကို ဖြေရှင်းရန် အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် သူက အင်ပါယာရှားအပေါ်၌ အသက်ကြွေး တင်နေ၏။ သူက အင်ပါယာရှားကို အတိုင်းအတာ တစ်ခုအထိ ယုံကြည်နိုင်၏။
အင်ပါယာရှားက ရီဖူရှင်းကို အသုံးချလိုသည့် ရည်ရွယ်ချက် ရှိလျှင်ပင် သူက လူငယ်လေးကို ဘာဒုက္ခအခက်အခဲမှ ဖြစ်စေလိုမည်တော့ မဟုတ်။ သို့မဟုတ်လျှင် သူ့အတွက် မြွေပွေးခါးပိုက်ပိုက်ထား သကဲ့သို့ ဖြစ်နေလိမ့်မည် ဖြစ်၏။
ရီဖူရှင်းက ထိုမျှလောက်တော့ သိသေးသည်။
ရှားရှင်းယွန်၏ စရိုက်နှင့် ပတ်သက်လျှင်ကား သူတို့က အချိန်အတော်ကြာ အတူတူ ရှိလာခဲ့သည်မို့ သူမအပေါ်၌ အကောင်းမြင်စိတ် ရှိသည်။
သူမသည် အေးစက်ပြီး သီးခြားဆန်သော်လည်း သူမ၏ အတွေးများက ယောင်းချီထက်ပို၍ ရိုးရှင်းပေသည်။
“ရင်ဖွင့်ချင်တာ ဘာမဆို ထုတ်ပြောရမှာလား” သူမက ရီဖူရှင်းကို ငေးကြည့်သည်။ သူမမျက်လုံးများထဲတွင် အပြောင်းအလဲတချို့ ပေါ်လာပြီးနောက် ချက်ချင်းပဲ အပြုံးတစ်ပွင့် ဖန်တီးလိုက်သည်… “ရှင့်ကို ဘာတွေများ ဝန်ခံစေချင်တာလဲ”
“ဥပမာ ပြောရရင် မင်းမိဘတွေက ဘယ်သူဆိုတာမျိုး” ရီဖူရှင်းက ပြောသည်။
ယောင်းချီက သူ့ကို တွန့်ဆုတ်ခြင်း မရှိဘဲ ကြည့်သည်။ ရီဖူရှင်းက အကြည့်ကို မလွှဲဖယ်ဘဲ သူမကို ပြန်ကြည့်သည်။
အရာရာက အချိန်လွန်နေပြီ ဖြစ်သော်လည်း ရှားရှင်းယွန်နှင့် ယောင်းချီ၏ အချင်းချင်း တွေ့ဆုံလျှင် ဖြစ်တတ်သည့် သဘောထားများ၊ ဧကရီရှောင်နှင့် အနောက်ဘက်ဒေသ အရှင်မ၏ ကောလာဟလများမှနေ၍ ရီဖူရှင်းက ကောက်ချက်တချို့ ဆွဲယူနိုင်ပေသည်။
အရာအားလုံးထက် ယောင်းထိုင်နန်းတော်မှ ယောင်းချီ၏ အခြေအနေ အဆင့်အတန်းကို သူ မြင်တွေ့ခဲ့ပြီးနောက် သူ့မှန်းဆချက်များကို ပိုခိုင်မာစေ၏။
အချိန်က ခေတ္တ ရပ်တန့်သွားသလိုမျိုး ထူးကဲစွာ တိတ်ဆိတ်သွားသည်။ ယောင်းချီက သူမ ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး တစ်ခုခုကြောင့် သူမ မျက်ဝန်းများက နီရဲလာသော်လည်း ကိုယ့်ကိုယ်ကိုယ် ဖိအားပေးကာ ပြုံးသည်။ သူမကို ကြည့်ရသည်မှာ လှပသလို ဝမ်းနည်းပုံလည်း ပေါ်နေသည်။
“ရှားရှင်းယွန်က မင်း ညီမ… ပြီးတော့ အရှင်မင်းကြီးက မင်း အဖေ ဟုတ်တယ်မလား” ရီဖူရှင်းက ယောင်းချီကို ကြည့်ကာ မေးသည်။
“ကျွန်မမှာ အဖေမရှိဘူး။ ပြီးတော့ ဒီလောက် ကြီးကျယ် မြင့်မြတ်တဲ့ မင်းသမီးရဲ့ အစ်မအဖြစ်လည်း မခံယူဝံ့ပါဘူး” ယောင်းချီက ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည်… “ရှင်က အာရုံခြောက်ပါး ကောင်းကင် မိစ္ဆာသံစဉ်ကို ကြားဖူးတာပဲ။ အဲဒီသံစဉ်က ဘာလို့ အင်ပါယာရှားဘုံမှာ ပထမဆုံး ပေါ်ထွက်လာလဲ သိလား။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က ဒီသံစဉ်ကို နှစ်သက်ပြီး တေးသွားပိုင်ရှင်ကို နောက်တစ်ခါ ဒီတေးသွား မတီးခတ်ဖို့ တားမြစ်ခဲ့တယ်။ အဲဒီ တစ်စုံတစ်ယောက်က ဒီတေးသွားက သူ့ကို အရှက်ရစေတယ်လို့ တွေးခဲ့တယ်လေ။ ပြီးတော့ သူက တခြား မိန်းမတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး သူမကို ဧကရီဖြစ်စေခဲ့တယ်။ ရှင့်အထင်ရော ဒီလိုလူမျိုးက အဖေလို့ ခေါ်ဖို့ ထိုက်တန်ရဲ့လား ဆရာရီ”
သူမက အကုန်ဝန်ခံခဲ့ခြင်း မဟုတ်သော်လည်း သူမ၏ စကားများအရ ရီဖူရှင်း၏ ထင်မြင်ချက်ကို အတည်ပြုခဲ့သည်။
သို့ဆိုလျှင် သူသည် ယောင်းချီ နက်နက်ရှိုင်းရှိုင်း ခံစားရသည့် မကျေနပ်ချက်နှင့် သူမလုပ်ခဲ့သည့် အရာတို့ကို နားလည်နိုင်စွမ်း ရှိပေသည်။
သူက ယောင်းထိုင် တည်ခင်းဧည့်ခံပွဲကို ဖိတ်ကြားခံရသောအခါ သူကြားခဲ့သည်မှာ နောက်ဆုံး ကျင်းပခဲ့သည့် ပွဲတော်သည် လွန်ခဲ့သည့် ဆယ်စုနှစ်လောက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က အနောက်ဘက်ဒေသ၏ အရှင်မ ရာထူးဆက်ခံပွဲ ဖြစ်၏။
ထိုပွဲကို အင်ပါယာရှားက ဧကရီရှောင်ကို ဧကရီအဖြစ် တင်မြှောက်ပြီးမှ ကျင်းပခြင်းများလားဟု ရီဖူရှင်းတွေးသည်။
လူတိုင်းက အင်ပါယာရှားဘုံ၏ နံပါတ်တစ် အလှရှင်ဟူသော ဘွဲ့အမည်ကို အနောက်ဘက်ဒေသ၏ အရှင်မက ဧကရီရှောင်ထံတွင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုကြသည်။ အမှန်တကယ်တွင်တော့ အခြား အကြောင်းပြချက် ရှိနေသေး၏။
သူတို့၏ ဘဝများကို ပြောင်းလဲစေခဲ့သည်မှာ ထိုအကြောင်းရင်းများသာ ဖြစ်သည်။
“အင်ပါယာရှားဘုံက လူတွေက ကျွန်မနဲ့ ရှားရှင်းယွန်ကို ရွေးချယ်ရရင် ဘယ်သူ့ကို ရွေးမယ်လို့ ထင်လဲ” ယောင်းချီက ရီဖူရှင်းကို မေးသည်။
ရီဖူရှင်းက ပြန်မဖြေပေ။ သို့သော်လည်း အဖြေကတော့ ရှင်းလင်းစွာပင် ရှားရှင်းယွန်သာ ဖြစ်ပေလိမ့်မည်။
“လူတွေကတော့ ပုံမှန်အတိုင်း အင်အားကြီးပြီး အာဏာရှိတဲ့ မင်းသမီးလေးကိုပဲ ရွေးမှာပေါ့။ အကြောင်းက အဲဒီမိန်းကလေးက မင်းသမီး ဖြစ်နေတာကိုး” ယောင်းချီက ခပ်ယဲ့ယဲ့ မထီတရီ ပြုံးသည်။ အဆုံးတွင်တော့ သူမက ရှားရှင်းယွန်၏ နာမည်ကို နားထောင်ရင်း ကြီးပြင်းလာရသည် မဟုတ်ပါလား။
***