Switch Mode

အပိုင်း(၁၁၇၂)

ပုံရိပ်ယောင်ပင်လယ်

ယောင်းချီက သူ၏စကားကို အလေးမထားကြောင်း ရှားလွင် သိလေသည်။

သူမက နတ်သမီးရေကန်အား ဖြတ်သွားစေလိုသော တစ်စုံတစ်ယောက်ရှိလျှင် ထိုသူမှာ ရှားလွင်နှင့် ရီဖူရှင်းတို့ထဲမှ တစ်ယောက်ယောက် ဖြစ်ပေမည်။

ရီဖူရှင်းအား ပထမဆုံးအကြိမ် မြင်တွေ့ခြင်း ဖြစ်သော်လည်း ရှားလွင်က သူနှင့်ပတ်သက်၍ များစွာ ကြားဖူးပေသည်။ လူငယ်ကား သူ့အဖေနှင့် သူ့ညီမငယ်လေး ရှားရှင်းယွန်တို့၏ အလေးခြင်းကို ခံရသူဖြစ်၏။

ရီဖူရှင်းက ယုံကြည်ရသူဖြစ်ကြောင်း သူလက်ခံသည်။ အကယ်၍ ရီဖူရှင်းသာ အောင်မြင်ခဲ့ပါက ကျန်သောကိစ္စအဝဝအား ရီဖူရှင်းနှင့် လွှဲအပ်ထားခဲ့ပေမည်။

ရှားလွင်၏လေးနက်သောပုံစံကို မြင်လျှင် ရီဖူရှင်းက ခေါင်းညိတ်ကာ သူတို့ရှေ့မှ နတ်သမီးရေကန်ကို ကြည့်သည်။ သူက လှေကလေးတစ်စင်းသို့ ဆင်းသက်လိုက်ပြီး အနီးအနားတွင် ရှိသည်ထင်ရသော ကျွန်းငယ်လေးသို့ ဦးတည်လိုက်၏။

ထိုနေရာမှာ ယောင်းချီ နေထိုင်သောနေရာ ဖြစ်ဟန်ရသည်။

သည်ခရီးက သူတို့အား ယောင်းထိုင်နန်းတော် အတွင်း ယောင်းချီ၏ အဆင့်အတန်းနှင့် ပတ်သက်၍ ပိုမိုနားလည်စေသည်။

ရှားလွင်၊ ချင်ပေ့နှင့် တခြားလူများကလည်း လှေကလေးပေါ်သို့ တက်ကာ ရှေ့သို့ ဦးတည်လိုက်ကြ၏။

သည်မတိုင်ခင်က သူတို့သည် ယောင်းချီနှင့်ပတ်သက်၍ တွေးတောစိတ်ဝင်စားခြင်း မရှိခဲ့ကြပေ။ သူတို့က အတွေ့အကြုံရရန်အတွက်သာ လာခဲ့ကြခြင်းဖြစ်သည်။

ယောင်းထိုင်နတ်မိမယ် ခုနစ်ပါးသည် နတ်သမီးရေကန်၌ သူတို့၏သံစဉ်များအား တီးခတ်နေကြ၏။ သံစဉ်ကို လိုက်ကာ အငွေ့အသက်များမှာလည်း လှပစွာ ကခုန်ကြ၏။

သူတို့ရှေ့တွင် ကျွန်းငယ်လေးဟူသည် မရှိတော့။ ကျွန်းငယ်လေးမှာ အဆုံးအစမဲ့သော ရေကန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နတ်မိမယ်များသည် လေထဲတွင် ထိုင်ကာ လောကအပြင်ဘက်မှ အဆုံးမဲ့သော ပင်လယ်၏အစိတ်အပိုင်းများ ဖြစ်လာခဲ့ကြတော့၏။

နတ်မိမယ်ခုနစ်ပါးမှာ အထူးတလေ လေ့ကျင့်ပေးခြင်း ခံရသူများ ဖြစ်ကြသည်။ သူတို့အထဲမှ တစ်ယောက်မှာ မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့်ရှိသော ရှန့်ထိုဖြစ်၏။ သူတို့၏စိတ်အသိသည် သံစဉ်နှင့်ပေါင်းစပ်ကာ ဂီတ၏အနှစ်သာရကို ဖော်ဆောင်လျက် လူတို့အား ပုံရိပ်ယောင်ပင်လယ် အတွင်းသို့ ခေါ်ဆောင်သည်။ ပင်လယ်ကြီးမှာ အစစ်အမှန်နှင့် အလားသဏ္ဌာန် တူလွန်းရကား အတုအစစ်ကို ခွဲခြားရန်ပင် မဖြစ်နိုင်တော့။

သည်အရာကပင် မဟာလမ်းစဉ်၏ စစ်မှန်သော ခွန်အားဖြစ်သည်။ ထိုသူသည် လောကနှင့် ပေါင်းစပ်ကာ ကောင်းကင်နှင့်မြေပြင်ကို စေခိုင်းနိုင်၏။

အစစ်အမှန်လောကနှင့် ပုံရိပ်ယောင်လောကမှာ ကွဲပြားခြားနားဟန် မရတော့။

အဝေး၌ လှပသော ပုံရိပ်တစ်ခု ပေါ်လာသည်။ သူမကား ယောင်းချီဖြစ်သည်။ သူမကား လက်တစ်ကမ်း အကွာ၌ဟု ထင်ရကာ တစ်ချိန်တည်းတွင် အဝေးကောင်းကင်မှ လက်လှမ်းမမီသော နေရာ၌ဟုလည်း ထင်မှတ်မှားရ၏။

လှေကလေးများမှာ ရှေ့သို့ မျောနေသော်လည်း သူတို့မှာ ရည်ရွယ်ရာသို့ မည်သည့်အခါမှ ရောက်မည့်ဟန် မရှိပေ။

သူတို့မှာ ပုံရိပ်ယောင် တစ်ခုအတွင်း ပိတ်မိနေပြီဖြစ်ကြောင်း သိလိုက်ကြ၏။

ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်ကာ လှေကလေးအား ဦးတည်ရာမဲ့ ရွေ့လျားစေသည်။ တခြားသော လှေကလေးများအတိုင်း သူ၏လှေကလေးမှာလည်း ရှေ့သို့ ဆက်လက် ရွေ့လျားနေခဲ့၏။

သံစဉ်မှာ တည်ငြိမ် အေးချမ်းပြီး ယခင်ကဲ့သို့ သူတို့၏ စိတ်ခံစားချက်များအား နှိုးဆွခြင်း မရှိတော့။

သို့သော်လည်း သံစဉ်က မည်မျှကြောက်မက်ဖွယ် ကောင်းသည်ကို ရီဖူရှင်း ခံစားသိရှိနေမိသည်။ သူ့စိတ်အတွင်း၌ အလိုဆန္ဒတစ်ခုမှာ မသိမသာ မွေးဖွားလာနေ၏။ သူက ရေကန်ကို ဖြတ်သန်းကာ ယောင်းချီအား ထိတွေ့လိုသော ဆန္ဒများ ရလာသည်။

ထိုအတွေးများမှာလည်း တဖြည်းဖြည်း အားကောင်းလာခဲ့ကာ သူ့စိတ်အတွင်းပိုင်း၌ တပ်မက်ခြင်း တဏှာရာဂ မီးတောက်ငယ် တစ်ခုသည် တငွေ့ငွေ့ တောက်လောင် လာနေ၏။ ထိုမီးတောက်သည် တဖြည်းဖြည်း ကြီးမားလာသည်ဟု ဆိုရပေမည်။

ထိုမီးတောက်က သူ့အား ရှေ့သို့ ဆက်သွားရန် တိုက်တွန်းနေသည်။ ယင်းက တဖြည်းဖြည်း အားကောင်းလွန်းရကား တခြားသော လှေကလေးများကို သူက ရန်သူများအဖြစ်ပင် မြင်လာ၏။

လွှမ်းမိုးမှုမှာ တဖြည်းဖြည်း အားကောင်းလာရာ သူတို့၏အတွေးနှင့် အာရုံများကိုပါ ချုပ်ကိုင်လာခဲ့ဟန် ရသည်။ ထိုအဖြစ်က ရီဖူရှင်းအား သံစဉ်က မည်မျှ ကြောက်စရာ ကောင်းကြောင်း သိနားလည်စေ၏။

အာရုံခြောက်ခုကောင်းကင် မိစ္ဆာသံစဉ်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းပေသည်။

သူ့စိတ်အသိကသာ ထူးခြား ကောင်းမွန်နေခြင်း မရှိခဲ့ပါက သူသည်လည်း ထိန်းချုပ်ခြင်း ခံရပေလိမ့်မည်။

ထိုအခိုက်တွင် တခြားလူများမှာလည်း သံစဉ်၏လွှမ်းမိုးခြင်းကို ခံရပြီး သူတို့၏ စိတ်ဆန္ဒများမှာလည်း တောက်လောင် လာကြသည်။

သူရာနန်းတော်မှ ချူရှီးက အဝေးမှ ယောင်းချီ၏ပုံရိပ်အား အသာငမ်းငမ်း ကြည့်သည်။

သူက သူမအား ရမှ ဖြစ်ပေမည်။

သူက အနီးသို့ ကြည့်လျှင် ရီဖူရှင်းသည် အကြီးမားဆုံးပြိုင်ဘက် ဖြစ်သည်ဟု နားလည်လိုက်သည်။

ရီဖူရှင်း ရောက်လာကတည်းက ယောင်းချီသည် သူ့အား အလေးထားသည့်ပုံစံများ ပြသခဲ့သည်။ ထို့အပြင် သူမက ရီဖူရှင်းနှင့် ပြောဆိုခဲ့ခြင်းများသည် တခြားလူများနှင့် ပြောဆိုခဲ့ခြင်းများနှင့် ကွဲပြားခြားနား၏။

ယောင်းချီက သူမနှင့်အတူ လေ့ကျင့်ရန် တစ်ဦးတစ်ယောက်တည်း ကိုသာ ရွေးချယ်မည်ဆိုပါက တခြားလူများကလည်း တစ်ချိန်တည်းတွင် သူမထံသို့ ရောက်ရန် မဖြစ်နိုင်ပါ။ တစ်ဦး တစ်ယောက်တည်းသည်သာ ကမ်းစပ်သို့ ကပ်နိုင်ပေလိမ့်မည်။

ထိုအတွေးများက တဖြည်းဖြည်း အားကောင်းလာကာ သူမသိလိုက်မီတွင်ပင် ဝါးမျိုခံလိုက်ရ၏။ သူ့အတွေးများမှာ လွှမ်းမိုးခံရခြင်းကိုပင် သူ သတိမထားမိလိုက်ပေ။

လေအေးတစ်ချက် ရိုက်ခတ်သွားလျှင် ရေပြင်ကို ဖြတ်သန်းလာသော အရိုးကွဲမတတ် အေးစက်ခြင်းများ သူတို့၏ကျောရိုးတစ်လျှောက် စိမ့်တက်လာသည်။

ရေကန်အား မီးခိုးရောင် အငွေ့အသက်များ ဟိုမှသည်မှ ဖြတ်သန်း၍ မြန်ဆန်စွာ ဖြစ်ပေါ်လာသည်။

ရီဖူရှင်းက ရုတ်တရက် လှုပ်ရှားလိုက်သည်။ အလင်းတစ်ချက်နှင့်အတူ သူရပ်နေရာမှ ပျောက်ကွယ်သွားကာ ရေကန်အပေါ် တစ်နေရာ၌ ပေါ်လာ၏။

မီးခိုးရောင်ရေငွေ့သည် တစ်ဖန်ရိုက်ခတ်သွားကာ အေးစိမ့်သော လှိုင်းများအား ဖြစ်ပေါ်စေ၏။ ရီဖူရှင်း ရပ်နေခဲ့ရာ လှေကလေးသည် ထိုနေရာတွင်ပင် အမှုန်အမွှားများအဖြစ် ပြောင်းလဲပျောက်ကွယ် သွားတော့သည်။

ထိုနေရာတွင် မီးခိုးရောင် ပုံရိပ်တစ်ခု ပေါ်လာ၏။ သူကား ချူရှီး ဖြစ်သည်။

ချူရှီးက ရီဖူရှင်းအား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

သူကား သူရာနန်းတော်မှ ဖြစ်ကာ မိစ္ဆာပညာအား လေ့ကျင့်၏။ ဗိုလ်ချုပ်သူရာကား သူ့ခေတ်အခါက နာမည်ကြားရုံမျှဖြင့် ရန်သူများ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသူဖြစ်ပေသည်။

သူရာနန်းတော်မှ တန်ခိုးရှင်များမှာ ပုံမှန်အားဖြင့် ရန်သူကို တစ်ချက်တည်းဖြင့် အမြန် သတ်ဖြတ်ရသည်ကို အားသန်ကာ တစ်ဖက်လူအား ပြန်လည် တိုက်ခိုက်ရန်ပင် အခွင့်အရေးပေးလေ့ မရှိကြပေ။ ထိုနည်းလမ်းသည်ပင် သူတို့၏ယုံကြည်ရာဖြစ်၏။

ရီဖူရှင်းကား အင်ပါယာရှားဘုံ တစ်ခုလုံး နာမည်ကျော်ကြားကာ အလွန်အားကောင်းသည်။ သူက ရှန့်ထိုမဖြစ်မီကပင် ရှောင်ရှမ်းအား သတ်ဖြတ်နိုင်ခဲ့၏။ ချူရှီးက ရီဖူရှင်းအား တိုက်ခိုက်ရန် ကြိုတင် သတိပေးခြင်းများ ပြုလုပ်မည် မဟုတ်သည်မှာ သေချာ၏။ သူကား မြန်ဆန်လွန်းရကား တခြားလူများက ဘာဖြစ်သွားမှန်းပင် သတိမပြုမိ လိုက်ကြပေ။

သို့တိုင်အောင် ရီဖူရှင်းက ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရာ သူ၏အမြန်နှုန်း မည်မျှ မြင့်သည်ကို သိနိုင်၏။

ရီဖူရှင်းကား ထိုတိုက်ခိုက်မှုကို ရှန့်ထို ဖြစ်လာခြင်းကြောင့် သူ၏ အလွန် အားကောင်းသော အာရုံခံစားမှုကြောင့် ရှောင်တိမ်းနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က နတ်သမီးရေကန်ကို ဖြတ်သန်းနေခြင်း ဖြစ်သော်လည်း ချူရှီး၏ လှုပ်ရှားမှုများကို စက္ကန့်ပိုင်းအတွင်း ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

လေဟာနယ် ရွေ့လျားခြင်းဖြင့် သူသည် မူလနေရာမှနေ၍ တခြား တစ်နေရာသို့ ရွေ့လျားကာ ရှောင်တိမ်းခဲ့ခြင်း ဖြစ်၏။

ချူရှီး၏တိုက်ခိုက်မှုက ပြီးပြည့်စုံသည်ဟု သူကိုယ်တိုင်က ဝန်ခံရ၏။ တခြားတစ်ယောက်သာ ဆိုပါက သူတို့က ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ပထမဆုံး တိုက်ခိုက်မှုက လွဲချော်သွားသည် ဆိုသော်လည်း ချူရှီးက တိုက်ခိုက်ခြင်းအား ရပ်တန့်ခြင်း မရှိပေ။ သူက လျှပ်တစ်ပြက် လှုပ်ရှားလိုက်လျှင် အလင်းကွေးတစ်ခု ဖြစ်ပေါ်လာ၏။ မိစ္ဆာအရှိန်အဝါ တစ်ခုနှင့်အတူ အနီးတစ်ဝိုက်၌ များစွာသော ကိုယ်ပွားများအား ဖြစ်ပေါ်စေသည်။ ထိုသူများအားလုံးမှာ ချူရှီး များဖြစ်ကြပြီး ရီဖူရှင်းအား ဝန်းရံထားကြ၏။

သူတို့ တစ်ယောက်စီတိုင်းက အလွန်တရာ ထက်ရှသော ဓားတစ်လက်စီကို ကိုင်ဆောင် ထားကြသည်။

ချူရှီးက လှုပ်ရှားလိုက်လျှင် ဓားရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်သွားသည်။ ကိုယ်ပွားများ အားလုံးကလည်း အလွန်တရာ အားကောင်းသော ဓားချက်များအား ထုတ်သုံးလိုက်ကြ၏။

သူရာဓားပညာ … သူရာငရဲ …

အဆုံးအစမဲ့သော ဓားအလင်းများသည် လေထုကို ခွင်းသွား၏။ တိုက်ခိုက်မှုများမှာ ပြစ်မှတ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်သည်။

နတ်သမီးရေကန်မှ လူများအားလုံးက ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြလျှင် ရီဖူရှင်းတစ်ယောက်က ဓားရိပ်များထဲ နစ်မြုပ်သွားသည်ကို မြင်လိုက်ကြရ၏။

သူရာဓားအောက်မှ ပြန်လည် ရုန်းထွက်နိုင်ရန်မှာ အလွန်တရာ ခက်ခဲလွန်းပေသည်။

သူရာဓားထဲ နစ်မြုပ်နေသော ရီဖူရှင်းသည် ရုတ်တရက် အရောင်များ တောက်လောင် လာသည်။ ပြင်းထန်သော အရှိန်အဝါများ သူ့ထံမှ အထပ်ထပ် ဖြစ်ပေါ်လာခဲ့၏။

တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံရန်သူသည် မူလနေရာ၌ ဆက်လက်၍ မနေပေ။ သူ့အနီးမှ လေဟာနယ်က တုန်ခါသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲသွားသည်။ ရွှမ်ယွင်ခြေလှမ်းနှင့်အတူ အလင်းများသည် သူ့လက်သို့ စီးဆင်းလာခဲ့ကာ လက်ညှိုးအား ရှေ့သို့ ထိုးလိုက်သည်။

စူးရှကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဓားသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာခဲ့၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ အလင်းသည် ချိုးဖျက်မရသော အရံအတားအလား ဓားကို တားဆီး ကာကွယ်ပေး၏။ လက်ညှိုးသည်သာ သူရာဓားများကို ကျော်ဖြတ်ကာ ချူရှီး ထံသို့ အသက်ရှူမှားဖွယ် အမြန်နှုန်းဖြင့် တိုးဝင်သွားသည်။

ချူရှီးက သူ့ထံသို့ တိုးဝင်လာသော ရွှေရောင် လျှပ်စီးတန်းအား ကြည့်ကာ သူ့အနေဖြင့် အခြေအနေ မကောင်းကြောင်း သိလိုက်သည်။

ရီဖူရှင်းကား တစ်ချက်ကြည်ရုံဖြင့် သူ၏စစ်မှန်သော ရုပ်ခန္ဓာကိုယ် တည်နေရာအား သိပေသည်။

သူက မီးခိုးရောင် အငွေ့များအဖြစ်သို့ ပြောင်းလဲ လိုက်သော်လည်း ဓားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်၏။ ဓားများ တစ်လက်ပြီးတစ်လက် လေကို ခွင်းကာ ချူရှီး ထံသို့ ဦးတည် လာကြသည်။

ချူရှီး အတန်ကြာ မှင်တက်သွားသည်။ ထိုအခိုက်တွင် ရီဖူရှင်း ရောက်လာ၏။ သူ့ခန္ဓာကိုယ်က ရောင်စဉ်ရောင်ဝါများ တောက်ပလျက် အောက်သို့ လျှပ်စီးတန်းအလား ဆင်းသက်လာသည်။ သူက လက်ညိုးကို ရှေ့သို့ ထိုးလိုက်ကာ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိအား ချူရှီး ထံသို့ တိုးဝင်သွားစေ၏။

ချူရှီးက ဓားကို မြန်ဆန်စွာ ဝှေ့ယမ်းကာ ရှေ့မှ လေထုကို ပိုင်းသည်။ သို့သော်လည်း လက်ညှိုးရောက်လာသည်တွင် ဓားအလင်းသည် ကျိုးကြေသွားပြီး သူ၏ခန္ဓာကိုယ်ကို လာရောက် ထိမှန်သည်။

ချူရှီး၏ခန္ဓာကိုယ်က လေထဲမှနေ၍ နတ်သမီးရေကန်သို့ ကျဆင်းလာခဲ့ကာ ထိုနေရာတစ်ခုလုံးအား လှိုင်းထန်စေခဲ့သည်။

ရီဖူရှင်းက ရေထဲမှ ချူရှီးအား ဆုပ်ကိုင်ကာ မြှောက်လိုက်သည်။ သို့သော် တစ်ဖက်လူအား အေးစက်စွာ ကြည့်ကာ ပြောသည် … “ထွက်သွား …”

သူက ထိုသို့ ပြောကာ ချူရှီးအား ကမ်းစပ်သို့ လွှင့်ပစ်လိုက်သည်။

ရီဖူရှင်းထံမှ အလင်းများ ပျောက်ကွယ်သွားကာ သူက ချူရှီး၏ လှေကလေးပေါ်သို့ ဆင်းသက်လိုက်၏။

တခြားလူများက သူ့အား ကြည့်ကာ ထိုစွမ်းအင် အလင်းများများသည် တာလီပြည်ထောင် နန်းတွင်း အကြံပေးထံမှ သင်ယူလေ့လာခဲ့ခြင်းများလားဟု တွေးမိကြသည်။ သူ၏ ကျင့်ကြံခြင်းပညာမှာ တာလီနန်းတွင်း အကြံပေး ကိုယ်တိုင် သင်ပေးခဲ့ခြင်းဟု ကောလာဟလများက ဆိုသည်။

သူရာနန်းတော် သခင်လေးကား တိုက်ခိုက်ရန်ပင် မပြင်လိုက်ဘဲ ရှုံးနိမ့်သွားခဲ့လေပြီ။

ကု့ချင်းသံစဉ်တစ်ခုအား ကြားရသည်။ သံစဉ်မှာ အာရုံခြောက်ပါး ကောင်းကင် မိစ္ဆာသံစဉ် မဟုတ်တော့ပေ။ တီးခတ်သူမှာ ပန်းပေါင်းစုံတောင်ကြား သခင်လေးဖြစ်သည်။ သူ့သံစဉ်သည် တခြားလူများကို သက်ရောက်စေနိုင်ဟန်ရကာ နားထောင်သူတို့အား အသိစိတ် လွတ်စေ၏။

သူ၏သံစဉ်က အာရုံခြောက်ပါးကောင်းကင် မိစ္ဆာသံစဉ်နှင့် ပေါင်းစပ်လိုဟန်ရသည်။

လက်ကျန်လူများထံမှ ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာခဲ့ကာ သူတို့က ရှေ့သို့ ဆက်လက်၍ သွားကြသည်။ ရေကန်အား တင်းကျပ်သော အငွေ့အသက်များ လွှမ်းခြုံနေ၏။

ရီဖူရှင်းသည် ထူးဆန်းသော ခံစားချက်တစ်ခုနှင့်အတူ စိုးရိမ်စိတ်များ ဖြစ်လာသည်။ သူသည် ကု့ချင်းသံစဉ်၏သက်ရောက်မှုကို ခံစားနေရသည်မှာ ထင်ရှား၏။

သူက ရှေ့သို့ ကြည့်ကာ ပြောသည် … “ဒီနေရာက အလိုဆန္ဒတွေရဲ့ ပင်လယ်ကြီးဖြစ်ပြီးတော့ ဖြတ်ကျော်ဖို့ ခက်တယ်။ ခင်ဗျားတို့အားလုံး ပြန်သွားဖို့ ကျုပ်အကြံပေးချင်တယ်။ ခင်ဗျားတို့ရဲ့စိတ်နှလုံးဟာ ဒီပင်လယ်ရဲ့ လွှမ်းမိုးမှုကို ခံရဖို့ မထိုက်တန်ဘူး”

တစ်ယောက်ပြီးတစ်ယောက် နောက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်ကြသည်။

ရီဖူရှင်းကား လက်နှစ်ဘက်ကို နောက်တွင်ချိတ်ကာ ရှေ့သို့ တိတ်ဆိတ်စွာ သွားလျက် သူတို့အား အိမ်ပြန်ရန် ပြောနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset