Switch Mode

အပိုင်း(၁၁၇၁)

ဖမ်းစားခြင်း

လူတိုင်းသည် ကျင့်ကြံခြင်းတွင် မည်သည့်အဆင့်၌ ဖြစ်နေပါစေ သူတို့ ငြင်းဆိုလို့ မရသည့် အမှန်တရားမှာ သူတို့၌ တပ်မက်မှုနှင့် အလိုဆန္ဒများ ရှိနေသေးသည် ဟူသော အချက်ပင် ဖြစ်၏။

ရှီအဆင့်တွင်ဖြစ်စေ၊ ရှန့်ထိုအဆင့်တွင်ဖြစ်စေ သူတို့သည် သူတို့၏ တပ်မက်မှုနှင့် အလိုအဆန္ဒတို့ကို လုံးဝ အရှင်းပယ်နိုင်စွမ်း မရှိပေ။

မိမိကိုယ်ကိုယ် သန်မာလိုခြင်းသည် အလိုဆန္ဒဖြစ်ပြီး အာဏာကို မက်မောခြင်းမှာလည်း အလိုဆန္ဒဖြစ်ကာ မိန်းမအပေါ် တပ်မက်မှုသည်လည်း အလိုဆန္ဒပင် ဖြစ်၏။

ထိုသံစဉ်ကို ကြည့်ရသည်မှာ လူတို့၏၏ စိတ်အလိုဆန္ဒကို တိုးမြှင့်နိုင်စွမ်းရှိပြီး ထိုဆန္ဒများကို သူတို့ရှေ့သို့ ယူဆောင်လာသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ထိန်းချုပ်နိုင်စွမ်းမှ လွတ်ကင်းသွားပြီး နက်ရှိုင်းသည့် အလိုဆန္ဒများထံသို့ ကျရှုံးသွားသည်။ သူတို့၏ အသိစိတ်များသည် သံစဉ်၏ လွှမ်းမိုးမှုအောက်တွင် ရှုံးနိမ့်သွားရပြီး စိတ်အတွင်း၌ စိတ်ကူးယဉ် နယ်မြေတစ်ခု မွေးဖွားလာသည်။

ပုံရိပ်ယောင်အတွင်း၌ ရီဖူရှင်း ကြုံရသည်က ဂျီယူတစ်ယောက်တည်း ရှိနေသည် မဟုတ်ပေ။ ရှားရှင်းယွန်၊ ယောင်းချီနှင့် မှန်နန်းသခင်မတို့လည်း ရှိနေ၏။ ထိုသည်မှာ ရီဖူရှင်းသည် ထိုအမျိုးသမီးများ အပေါ်၌ ချစ်သည့်စိတ်ရှိနေခြင်း မဟုတ်ဘဲ တက်မက်ခြင်း မီးပွားလေးက သူ့အတွင်းထဲမှ လွင့်စဉ်လာခြင်းကြောင့် ဖြစ်သည်။ လှပသည့် အရာများနှင့် ပတ်သက်ပြီး တွေးတောခြင်းမှ တားဆီးနိုင်စွမ်း မရှိသော်လည်း ထိုစိတ်ဆန္ဒများ၏ ပြင်းပြမှုတော့ ကွာခြားသွားလေသည်။ အချို့သည် သူတို့၏ နေ့စဉ်ဘဝအတွင်းသို့ ယူဆောင်လာရမည် မဟုတ်သော ထိုအတွေးများကို လွယ်ကူစွာ ဖိနှိပ်နိုင်ကြသည်။

သို့သော်လည်း သီချင်းသံစဉ်၏ လွှမ်းမိုးမှုအောက်တွင်တော့ ထိုစိတ်ဆန္ဒများသည် ပုံရိပ်ယောင်အဖြစ် ပေါ်ထွက်လာပေသည်။

ရီဖူရှင်း၏ စိတ်ထဲတွင် ယောင်းချီ၏ ကောက်ကြောင်းများကို တွေ့ရှိပြီး မှန်နန်းသခင်မ၏ ပုံရိပ်သည်လည်း ပို၍ အားကောင်းလာသည်။ ယောင်းချီသည် သူမ၏နှစ်မျိုးရှိကာ နူးညံ့၍ ဆွဲငင်နိုင်စွမ်း ရှိသလို ကျက်သရေရှိပြီး တော်ဝင်ဆန်လှသည်။ မှန်နန်းသခင်မသည် အခြားတစ်ဖက်တွင် အေးစက်ကာ သီးခြားဆန်သည်။ ထိုအခိုက်တွင် ပြိုင်ဘက်ကင်း အလှလေးနှစ်ဦးသည် သူ့အနီးတွင် ဆွဲငင်ညှို့မြှူသည့် လှုပ်ရှားမှုများဖြင့် ကပြနေကြပုံပေါ်သည်။

ဤသည်မှာ သူက ယောင်းချီနှင့် မှန်နန်းသခင်မ အပေါ်တွင် ဂျီယူထက်ပို၍ တပ်မက်သည့် ဆန္ဒပြင်းပြသောကြောင့် မဟုတ်ပေ။ သူ့ခံစားချက်သည် ဂျီယူအပေါ်၌ ချစ်သည်ဆိုတာထက် ပို၏။ နှိုင်းယှဉ်ရသော် ယောင်းချီနှင့် မှန်နန်းသခင်မအပေါ်ရှိ သူ့အတွေးများသည် ပြောပြခြင်းငှာ မစွမ်းသာသည့် သဘာဝတစ်ခုသာ ဖြစ်သည်။

အကြောင်းမှာ ယောင်းချီသည် လွန်ခဲ့သည့် နှစ်ရက်က သူ့အပေါ်တွင် သူမချန်ရစ်ခဲ့သည့် နောက်ဆုံး အမြင်သည် ထင်ရှားနေဆဲ ရှိသေး၏။ မှန်နန်းသခင်မသည်တော့ ယခင်က သူတို့ အတူတူ တွေ့ကြုံ ဖြတ်သန်းခဲ့ရသည့် ကိစ္စအများအပြား ရှိသောကြောင့် ဖြစ်သည်။

အခြားတစ်ဖက်တွင် ရှားရှင်းယွန်ကတော့ အမြဲလိုလို အေးစက်၍ သီးသန့်ဆန်ပြီး သူ့ရှေ့တွင် မိန်းမဆန်သည့် အဝတ်အစားမျိုး မဝတ်ဖူးပေ။ ထို့ကြောင့် သူက သူမအကြောင်း အနည်းငယ် အတွေးဝင်မိသည်။

သံစဉ်က ဖန်တီးထားသည့် ပုံရိပ်ယောင်မှ ဂီတနုတ်များက စိတ်ထဲတွင် စိမ့်ဝင်နေပြီး လှပသည့် ပုံရိပ်များကို ဖန်တီးနေကာ နားဆင်သူတို့သည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လွတ်ကင်းစေသည်။

ထိုဂီတတီးလုံးများသည် သူတို့ကိုယ်တိုင်၌ နှစ်သက်ကြည်နူးဖွယ် စွမ်းအားများ ပါဝင်နေပြီး မဟာလမ်းစဉ်နှင့် ဆက်သွယ်နေကာ လူတစ်ယောက်၏ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းကို တိုက်စားသွားသည်။ ရီဖူရှင်းက သူသည် မကြာခင်တွင် သူ့ကိုယ်သူ ခုခံနိုင်စွမ်းများအား လက်လွှတ်ကာ အညံ့ခံမိ၍ သံစဉ်၏ လွှမ်းမိုးမှုအောက်သို့ လုံးလုံးလျားလျား ကျရှုံးတော့မည်ဆိုတာ သိ၏။ သူ၏ စိတ်အလိုဆန္ဒ နတ်ဆိုးသည် ထိန်းချုပ်မှုကင်းမဲ့ကာ သူ့ဆီမှ လွတ်ထွက်မသွားစေရန် အားထုတ်နေရ၏။

သူက အရှေ့သို့ ကြည့်သည်။ သူ့စိတ်အခြေအနေက ရှင်းလင်းကာ စွန်းထင်းမှု မရှိပေ။ သူက သူ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိန်းချုပ်ကာ ပုံရိပ်ယောင်ကနေ လွတ်မြောက်ရန် ကြိုးစားနေသည်။

သို့သော်လည်း ကခုန်နေသည့် ဂီတနုတ်များက သူ့ကို နက်နက်ရှိုင်းရှိုင်း ဆက်လက် တုန်လှုပ်နေစေသည်။ သူ့ရှေ့မှ တောက်ပသည့် ကခုန်မှုများက သူ၏ ပုံရိပ်ယောင်လောကတွင် ညှို့ငင်သော အကများ အဖြစ် ပြောင်းလဲသွားသည်။

အဟွတ် … အဟွတ် …

ထိုအချိန်၌ ဧည့်ခံပွဲအတွင်းမှ တစ်စုံတစ်ယောက်က ချောင်းအနည်းငယ် ဆိုးသည်။ သူတို့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မတ်တတ် ရပ်လိုက်ကြသည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည် … “ကျုပ်ကို ခွင့်ပြုပါ”

ထိုလူက တစ်ဖက်သို့လှည့်ကာ အလွန်လျင်မြန်စွာဖြင့် ထွက်ခွာ သွားတော့သည်။ မိစ္ဆာသံစဉ်က သူတို့၏ စိတ်ကို ဆက်လက် တိုက်ခိုက်နေပြီး သူတို့ကို မြန်နိုင်သမျှ မြန်မြန် ထွက်သွားရန် တိုက်တွန်း ပြုလုပ်နေသည်။

သူသာ သည်မှာ ဆက်နေလျှင် ရှက်စရာကောင်းသည့် အပြုအမူများ လုပ်မိမည်ကို စိုးရိမ်ရသည်။ သို့ဆိုလျှင် အင်ပါယာရှားဘုံတွင် လက်ရှိ သူ၏ကောင်းမွန်သော ပုံရိပ်များ ပျောက်ကွယ် သွားလိမ့်မည်။ ရှက်စရာကိစ္စများ ဖြစ်မလာစေရန် သူတို့ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်း ရှိနေစဉ် ထွက်သွားရန်မှ လွဲ၍ တခြား ရွေးချယ်စရာ မရှိပေ။

သူတို့သည် တစ်ယောက်ပြီး တစ်ယောက် ရပ်လိုက်ကြ၏။ ဖြားယောင်းသွေးဆောင်မှုကို ခုခံနေရသည့် သူတို့၏မျက်နှာများမှာ နီရဲနေသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်ချုပ်နိုင်စွမ်း မပျောက်ခင် ထွက်သွားကြတော့သည်။ ထိုသို့ မထွက်သွားပါကလည်း သိက္ခာမဲ့သော လုပ်ရပ်များ လုပ်မိမည်ကို စိုးရိမ်ရပေသည်။

သူတို့က ဧည့်ခံပွဲမှ ထွက်သွားရသော်လည်း မည်သည့် ခံပြင်းမှုကိုမျှ ထုတ်မပြကြပေ။ သူတို့က ယောင်းထိုင်နန်းတော်ကို လာခဲ့ပြီး သည်နေရာမှ တေးသွားတစ်ပုဒ်ကိုပင် ခံနိုင်ရည် မရှိကြပေ။ သူတို့သည် ကိုယ့်ကိုယ်ကိုယ်မှ လွဲ၍ အပြစ်တင်စရာ အခြားလူမရှိပေ။

ထွက်ခွာသွားရန် တွန့်ဆုတ်နေသူများလည်း ရှိကြ၏။ ထိုလူတို့ကား သံစဉ်၏ လွှမ်းမိုးမှုအောက်၌ သူတို့ကိုယ် သူတို့ ခုခံမှုကို အရှုံးပေးလိုက်ကြသည်။ ဤတွင် သူတို့သည် စိတ်လွတ်နေသည့် လူပြက်များကဲ့သို့ ဖြစ်လာကြ၏။ သူတို့သည် စိတ်နတ်ဆိုး၏ အလိုဆန္ဒကို လွှတ်ပေးလိုက်သည်နှင့် အသစ်သစ်သော ခံစားမှုများ ခံစားလာရသည်။

သံစဉ်က သူတို့အား ဆက်လက် လွှမ်းမိုးသည်။ သူတို့သည် သူတို့ကိုယ်သူတို့ လုံးလုံးလျားလျား အရှုံးပေးလိုက်ရပြီး သူတို့၏ဖြစ်တည်မှု၊ တည်နေရာနှင့် အရာခပ်သိမ်းတို့ကို မေ့လျော့သွားပြီး ပုံရိပ်ယောင်အတွင်း၌ နစ်မြုပ်သွားသည်။

ရှန့်ထိုအဆင့်တွင် ဖြစ်နေသည့်တိုင် သူတို့သည် သံစဉ်ကို ခုခံနိုင်စွမ်း မရှိကြပေ။ အချို့က ထွက်သွားရန် ရွေးချယ်ပြီး အချို့က အရှုံးပေးရန် ရွေးချယ်သည်။

ထို့အပြင် အချို့သည် ထွက်သွားနိုင်စွမ်း ရှိနေသည့် အချိန်၌ သူတို့ကိုယ်သူတို့ လက်မြှောက်လိုက်ကြ၏။ သူတို့သည် တေးသွားက ထိန်းချုပ်နိုင်သည့် စွမ်းအားက မည်မျှအထိ ရှိနိုင်မလဲဟူသော သူတို့၏အကန့်အသတ်ကို သိလိုကာ စွန့်စားလိုကြသည်။

သူတို့အနေဖြင့် ဘယ်သူကမှ ယောင်းထိုင်နန်းတော်မှ ကျင်းပသည့် ပွဲတော်ကို စိတ်မပူကြပေ။ သူတို့၏ အမြင်တွင် သည်အတွေ့အကြုံမှာ ရှားပါးသည်။

သူတို့ မသိလိုက်ခင်မီ နာရီများစွာ ကုန်လွန်သွားပြီ ဖြစ်သည်။ ကု့ချင်း၏ တေးသွားသံစဉ်နှင့် ကခုန်မှုက လွဲလျင် ပွဲတော်က တိတ်ဆိတ် ငြိမ်သက်နေ၏။

ထွက်သွားသည့် လူများမှာ ထွက်သွားပြီး အရှုံးပေးသည့်သူက အရှုံးပေးသည်။ အရှုံးလည်း မပေး ထွက်လည်း မသွားဘဲ ကိုယ့်အသိစိတ်ကို ကိုယ် ထိန်းချုပ်ထားနိုင်သည့်လူမှာ လက်တစ်ဆုပ်စာပင် မပြည့်ချေ။

ယောင်းချီက သူမ ထိုင်နေသည့်နေရာတွင် ဆက်လက်ထိုင်နေပြီး သူမအား မြင်ရသည်မှာ ကျက်သရေရှိသည့်အပြင် ညှို့ဓာတ်လည်း ပြင်းသည်။ သူမ၏ လှပသော မျက်လုံးများက ပြုံးနေပြီးနောက် သူမ စကားပြောသည်…

“ကျွန်မက ရှင်တို့ကို ယောင်းထိုင် တည်ခင်းဧည့်ခံပွဲကို ဖိတ်တယ်ဆိုတာ အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်ကို နားဆင်စေချင်လို့ပါ။ ဒီလောက်လှပတဲ့ သီချင်းလေးကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နားဆင်သင့်တာကို ဘာလို့ အလောတကြီး ပြန်သွားကြရတာလဲ” ယောင်းချီ၏ အသံက ဆွဲဆောင်မှုရှိပြီး ညှို့ယူဖမ်းစားနေသည်။

ရီဖူရှင်းက သူ့မျက်လုံးတွေကို ဖွင့်သည်။ သူ၏ မျက်လုံးမှ တောက်ပသော အလင်းရောင်စဉ်များ ဖြာထွက်နေပြီး ပုံရိပ်ယောင်ကို ဖြတ်သန်းမြင်ရကာ သံစဉ်၏ လွှမ်းမိုးမှုကို ချိုးဖျက်နိုင်ပုံပေါ်သည်။ သူက ယောင်းချီကို ကြည့်ကာ မေးသည်…“ဒီတေးသွားက တကယ့်ကို ကောင်းမွန်ပေမဲ့ နားထောင်သူတွေရဲ့ အသိစိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ယောင်းချီ … မင်းက လူတွေကို ဖိတ်ခေါ်ပြီး ဒီအာရုံခြောက်ပါး ကောင်းကင်မိစ္ဆာတေးသွားကို နားထောင်စေချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ”

ရီဖူရှင်းဘေးနားတွင် ရှိသည် ရှားလွင်၏ တစ်ကိုယ်လုံးသည် အလင်းရောင်များဖြင့် ဖုံးလွှမ်းထားပြီး သန့်စင်သည့် အလင်းရောင်စဉ်များက ကြာပန်းအသွင် ရေးရေးမျှ ပေါ်နေပြီး ရန်ဟောင်တစ်ပါး၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူသည် ရန်ဟောင်တစ်ပါးဖြစ်သော အင်ပါယာရှား၏မျိုးဆက် မဟုတ်ပါလား။

သူက ယောင်းချီထံသို့ သူ့အကြည့်တို့ကို ပို့လိုက်ပြီး ပြောသည် … “နတ်မိမယ်ယောင်းချီ …  ကြည့်ရတာ ခင်ဗျားတီးခတ်တဲ့ အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်ကို နားထောင်ဖို့ ဆန္ဒမရှိတဲ့ လူတွေ ရှိနေတယ်ထင်တယ်”

“အဲဒီလိုလား” ယောင်းချီက ရှားလွင်ကို ပြန်ကြည့်ကာ မေးသည်… “အရှင့်သား ပြောတာ ဘယ်သူ့ကိုများလဲ”

“ဘယ်သူလဲဆိုတာ မင်း သိပါတယ်” ရှားလွင်က ပြောသည်။

“ခွင့်လွှတ်ပါ အရှင့်သား။ ဒါပေမဲ့ ကျွန်မ တကယ် မသိတာပါ” ယောင်းချီက အပြုံးနှင့် ပြောသည်။

သူတို့သုံးယောက်၏ စကားဝိုင်းကို အခြားလူများက ဝင်မစွက်ဖက်ကြပေ။ တုံ့ပြန်သည့်အနေဖြင့် သူတို့ မျက်လုံးများကိုသာ ဖွင့်ထားကြသည်။

ပန်းပေါင်းစုံတောင်ကြား သခင်လေး၊ သူရာနန်းတော်မှ ချူရှီး၊ ချင်နန်းတော်မှ ချင်ပေ့နှင့် ကျူးထန်နန်းတော်မှ ကုရန်(ကုမူ၏အစ်ကို)တို့ အားလုံးက သူတို့၏ မျက်လုံးများကို ဖွင့်ထားသည်။ ကုရန်က အသိစိတ်လွှမ်းမိုးခံထားရဆဲ ဖြစ်သည့် ကုမူထံသို့ ကြည့်သည်။

ကုမူတစ်ယောက်တည်းသာ မဟုတ်ဘဲ ရှီအဆင့်မှ လက်ရှိတွင် ထွက်မသွားဘဲ သံစဉ်၏လွှမ်းမိုးခြင်းအား ခံလိုက်ရပြီး သူတို့ ဘယ်နေရာ ရောက်နေမှန်းပင် မသိသည့် သူများလည်း ရှိသည်။

ရှီအဆင့်တွင် တစ်ဦးတည်းသော အသိစိတ်ကျန်သူမှာ ထန်ကျိနန်းတော်မှ အထူးစွမ်းရည် လေ့ကျင့်ထားသည့် မိုလီ ဖြစ်သည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ကြယ်စင်များကဲ့သို့ တောက်ပနေသည်ကို မြင်ရသည်။ သို့ဆိုလျှင်ပင် သူက သူ၏အလိုဆန္ဒများနှင့် အပြင်းအထန် တိုက်ခိုက်ရပြီး လက်လျှော့လုဆဲဆဲ အခြေအနေ ဖြစ်သွားသော်လည်း သူက ဘာမှမဖြစ်ခဲ့သလို အသိစိတ်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

ယောင်းချီ ဖြစ်လိုနေသည်က ဘာလဲ။

သူက တချို့ကို မှန်းဆ ကြည့်နိုင်သော်လည်း သူ၏ မှန်းဆချက်များကို အမှန်အမှား သိလိုပေသေးသည်။

လွန်ခဲ့သည့် နှစ်များက ယောင်းချီသည် ရှောင်မျိုးနွယ်မှ ရှောင်အဘိုးအို၏ မွေးနေ့စားပွဲ၌ ရှားရှင်းယွန်နှင့် ကတောက်ကဆ ဖြစ်ခဲ့သည်။

လူတိုင်းက ထိုပြဿနာ၏ အကြောင်းအရင်းကို မသိကြသော်လည်း သူက ကိစ္စတချို့ကို ခန့်မှန်းနိုင်သည်။

ရီဖူရှင်းက ယောင်းချီနှင့် ရှားလွင်ကြားမှ စကားများကို ကြားပြီးနောက် အံ့အားသင့်သွားသည်။ ရှားလွင်ကလည်း သည်နေရာကို ကိစ္စတစ်ခုခုကြောင့် ရောက်လာခြင်းလား။

ရှားလွင်က ဘယ်သူ့အကြောင်းကို ပြောနေတာလဲ။

ရုတ်တရက်ကြီး ဘယ်သူမှ မသိသည့်အရာများ ဖြစ်ပေါ်လာသည်ဟု သူ ခံစားလိုက်ရသည်။

ရှားရှင်းယွန်က ယောင်းချီကို မြင်တိုင်း အမြဲ မပျော်မရွှင် ဖြစ်သည်ကို သူမှတ်မိသည်။ ယောင်းချီက ရှားရှင်းယွန်နှင့် ဆက်ဆံရေး ပြေလည်ပုံမပေါ်ချေ။ သို့သော်လည်း သူတို့သည် ကိုယ့်ကဏ္ဍနှင့် ကိုယ်နေကြသည်။

သူတို့နှစ်ယောက်က ဘယ်တော့မှ အချင်းချင်း ဒုက္ခမပေးပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့ရဲ့ အဆင့်အတန်း ကွာခြားမှုကြောင့်ဟု သူ ထင်ခဲ့သည်။ အခုလက်ရှိ ဖြစ်နေသည့် အခြေအနေအရ ဆိုလျှင် သူ တွေးထင်ထားသည်ထက် ပိုပြီး ရှုပ်ထွေးပုံပေါ်၏။

ရီဖူရှင်း ပြန်စဉ်းစားမိသည်က သူ ထွက်မလာခင်တွင် ရှားရှင်းယွန်က ကော့တေးသို့ လူလွှတ်လိုက်ပြီး ရွှေကြာပန်းခန်းမတွင် လာရောက်လေ့ကျင့်ရန် ခေါ်ခိုင်းသည်။ ထိုအဓိပ္ပာယ်မှာ သူ့ကို ဧည့်ခံပွဲတက်ရောက်ရန် တားဆီးလိုခြင်းကြောင့် ဖြစ်လိမ့်မည်။

သို့သော်လည်း သူက ယောင်းထိုင်နန်းတော်၏ သတင်းပို့သူမှတစ်ဆင့် ယောင်းချီကို ဦးစွာ ကတိပေးပြီးသား ဖြစ်နေသောကြောင့် သူက စားသောက်ပွဲသို့ လာခဲ့ခြင်းဖြစ်သည်။

ယခု အခြေအနေကို အရ တစ်စုံတစ်ခု ထူးခြားမှု ရှိနေသည်မှာ သေချာ၏။

ယောင်းချီက သူမ၏ မျက်လုံးများကို ရီဖူရှင်းထံသို့ ရွှေ့လိုက်ပြီး အပြုံးနှင့် ပြောသည်… “ဆရာရီက ဒီမှာ ကု့ချင်းနဲ့ပတ်သက်ရင် စွမ်းရည် မြင့်မားတာကြောင့် ဒီတေးသွားရဲ့ ထူးကဲတဲ့ သဘာဝကို နားလည်နိုင်စွမ်း ရှိမှာပဲ … ကျွန်မ ရှင့်ကို ဖိတ်လိုက်ရတဲ့ ရည်ရွယ်ချက်က ဒီ အာရုံခြောက်ပါးကောင်းကင် မိစ္ဆာတေးသွားကို ကျွန်မနဲ့အတူတူ လေ့လာနိုင်ဖို့ မျှော်လင့်မိလို့ပါ”

“နတ်မိမယ် ယောင်းချီ … မင်း ပြောသလိုဆို ကျုပ်မှာလည်း အခွင့်အရေး ရှိသင့်တယ်” ချူရှီးက မေးသည်။

ယောင်းချီက သူ့ကို ကြည့်ပြီး ခေါင်းညိတ်ကာ ဖြေသည်… “မှန်ပါတယ်”

“အာရုံခြောက်ပါးကောင်းကင် မိစ္ဆာတေးသွားကို လေ့ကျင့်ဖို့ အခွင့်အရေးရှိရင် ကျွန်တော့်ကို ငရဲအထိ ဆွဲခေါ်သွားရင်တောင် ကိုယ့်ကိုယ်ကိုယ် လွှမ်းမိုးခံဖို့ ဆန္ဒအပြည့် ရှိပါတယ်” ချူရှီးက ထပ်ဖြည့်၍ ပြောသည်။

မိုလီက ချူရှီး၏ စကားကို ကြားသောအခါ မထီတရီပြုံးသည်။ ငရဲထိဆွဲချသွားရင် တောင်မှလား … ဟုတ်လား။

ယောင်းထိုင်နန်းတော်တွင် စုံတွဲကျင့်ကြံခြင်းအတွက် ကျင့်စဉ်များ ရှိသည်ဟု ကောလာဟလများ ရှိသည်။ ယောင်းချီက သူမ၏ လက်တွဲဖော်ကိုသာ ရွေးချယ်မည်ဆိုလျှင် ရွေးချယ်ခံရသူကို ဘယ်တော့မှ ငရဲသို့ ဆွဲချမည် မဟုတ်ပေ။ ယင်းက သုခဘုံသို့ သွားရခြင်းနှင့် ပို၍ တူပေလိမ့်မည်။

ယောင်းချီက ဂရုမထားဘဲ ပြုံးသည်။ တေးသွားကို ဆက်လက် ကြားနေရစဉ်တွင် အားလုံးသည် သူတို့ ရှေ့မှ အမျိုးသမီးများကို ကြည့်ပြီး သူတို့၏ အတွင်းစိတ်မှ တပ်မက်မှုများမှာ ပိုမိုပြင်းပြ လာခဲ့ကြသည်။ ရီဖူရှင်းသည်ပင် ထိုလွှမ်းမိုးမှုမှ မလွတ်မြောက်ဘဲ သူ့အတွင်းစိတ်မှ တပ်မက်မှုများကို ခံစားရသေးသည်။ သို့သော်လည်း သူသည် အခြားလူများထက်စာလျှင် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည်။

သူကိုယ်တိုင်က ထိုသို့သော အတွေ့အကြုံအား မလိုချင်ပေ။

သို့သော်လည်း အခြားလူများမှာ ဆန္ဒရှိကြသည်။

ရှားလွင်က နက်နက်နဲနဲ သက်ပြင်းချသည်။ သူက သူ့ကိုယ်သူ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်စွမ်း ရှိကြောင်း စစ်ဆေးပြီးမှ ပြောသည် … “ယောင်းချီ … လက်လျှော့လိုက်တာ အကောင်းဆုံးပါပဲ”

ယောင်းချီက ပြုံးနေပြီး ထရပ်လိုက်၏။ သူမက ရှားလွင်၏ စကားကို အဖက်မလုပ်ဘဲ တစ်ဖက်သို့ လှည့်ထွက်လိုက်ပြီး အနောက်သို့ လျှောက်သွားသည်။ စင်မြင့်၏ နောက်တွင်ရှိသော နံရံကို ဆွဲမလိုက်လျှင် အနောက်ဘက်မှ မြင်ကွင်းက ထွက်ပေါ်လာသည်။ သူတို့ ရှေ့တွင် ရေကန်တစ်ကန်ရှိနေပြီး ကောင်းကင်ဘုံနှင့် အလားတူသည့် နေရာတစ်ခု ရှိသည်။

အဝေးတွင် ကျွန်းလေးတစ်ကျွန်း ရှိသည်။ ယောင်းချီ၏ ခန္ဓာကိုယ်ကို လေက သယ်ဆောင်သွားပြီး မျောလွင့်နေသည်။ သူမ၏ ဝတ်ရုံရှည်က လေထဲတွင် ဝဲပျံနေ၏။ သူမက ပြန်လှည့်ကာ ပြုံးပြလိုက်ရင်း ပြောသည်… “ဒီနတ်သမီးရေကန်ကို တစ်ယောက်ယောက်က လှေနဲ့ ဖြတ်လာနိုင်ရင် ကျွန်မက အာရုံခြောက်ပါးကောင်းကင် မိစ္ဆာတေးသွားကို သူနဲ့အတူ လေ့ကျင့်မယ်”

သူတို့ဘက်ကို လှည့်လာသည့် သူမ၏ မျက်လုံးများက အလွန်ပင် ညှို့ငင်ကာ ဆွဲဆောင်နေသည်။

နတ်မိမယ်ခုနစ်ဖော်ကလည်း တစ်ချိန်ထဲမှာပင် ထရပ်လိုက်ကာ လေပေါ်သို့ ပျံတက်သွားကာ နတ်သမီးရေကန် အပေါ်တွင် ဆက်လက်၍ တီးခတ်နေသည်။ သီချင်းသံက ပို၍ပင် လျင်မြန်လာ၏။

တစ်ယောက်က ချက်ချင်းပဲ ထရပ်လိုက်ကာ နတ်သမီးရေကန်ထံသို့ ဦးတည်သွားသည်။ ထိုလူမှာ အခြားမဟုတ် ချူရှီးပင် ဖြစ်၏။ သူက လှေပေါ်သို့ ခြေချလိုက်ပြီး ရေကန်ကို ဖြတ်ကာ ယောင်းချီထံသို့ ဦးတည်သွားသည်။

အသိရှိနေသည့် အခြားလူများကလည်း ထရပ်လိုက်ကာ ရေကန်ထံသို့ ဦးတည်သည်။ သို့သော်လည်း ထိုကဲ့သို့ လုပ်နိုင်သူမှာ အနည်းအကျဉ်းသာ ရှိ၏။

ရီဖူရှင်းက ရှားလွင်ကို ကြည့်လိုက်ပြီး တစ်ခုခုကို အာရုံခံစားမိသောကြောင့် မေးသည်… “ကျွန်တော် သွားသင့်လား မသွားသင့်ဘူးလား အရှင့်သား”

ရှားလွင်က တစ်စုံတစ်ယောက်ကို သူ့စေလွှတ်ကာ ယောင်းချီကို မထိရန် သတိပေးခဲ့သည်က သူ့ကို ပဟေဠိ ဖြစ်စေသည်။ သူက ထိုသို့လုပ်ရသည့် ရှားလွင်၏ ရည်ရွယ်ချက်ကို မပြောနိုင်ပေ။

အခုချိန်တွင် ခန့်မှန်းရသလောက် ရှားလွင်သည် သူ့ကို ခြိမ်းခြောက်ရန် လုပ်ခြင်း မဟုတ်သည်ကို သိသည်။ မင်းသားတွင် အခြား ရည်ရွယ်ချက် ရှိနေ၏။

ရှားလွင်က ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး နတ်သမီးရေကန်သို့ သူကိုယ်တိုင် ဝင်ရောက်သွားပြီးနောက် ပြောသည်… “သွားပါ”

***

Comment

Leave a Reply

Options

not work with dark mode
Reset