Switch Mode

အပိုင်း(၁၁၆၉)

မင်းသား၅

ယောင်းထိုင်တည်ခင်းဧည့်ခံပွဲနေ့မှာ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယောင်းထိုင် နတ်သမီးကျွန်းများသည် ပွဲလမ်းသဘင် အစီအစဉ်များဖြင့် စည်ကားနေ၏။

အဆင့်မြင့် လူတန်းစားများမှာလည်း ပါဝင်ဆင်နွှဲရန် တစ်ခဲနက် ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့အားလုံးသည် လှေငယ်ကလေးများဖြင့် အကြီးဆုံး နတ်သမီးကျွန်းသို့ သွားနေကြသည်။ သူတို့၏ ဦးတည်ရာကား ကျွန်းများအားလုံး၏ ဘုရင် ယောင်းထိုင်နန်းတော်၏ ပင်မနန်းတော်ထံသို့ ဖြစ်သည်။

အလွန်ကြီးမားသည့် ရေကန်အတွင်းတွင် ထောင်ပေါင်းများစွာသော လှေငယ်များသည် အတူတကွ သွားနေကြသည်။ တောက်ပသည့် နေရောင်ခြည်က ရေကန်ပေါ်သို့ ဖြာကျနေပြီး လှိုင်းများက တလက်လက် တောက်ပနေကာ အလွန်သာယာလှပသည့် ပန်းချီကားတစ်ချပ်သဖွယ် ထင်မြင်ရ၏။

လှေများပေါ်တွင် အင်ပါယာရှားဘုံမှ နာမည်ကျော်များ၏အရှေ့တွင်တော့ လူတစ်ယောက်က ဦးဆောင်သွားနေသည်။

“ဒါက မင်းသား၅ မဟုတ်လား” တစ်ယောက်က ထိုလူကို ညွှန်ပြကာ မေးလိုက်သည်။ ရှားလွင်က သူ့လက်နှစ်ဖက်ကို နောက်တွင်ပစ်ထားပြီး လှေမှာ ရေစုန်နှင့်အတူ မျောသွားနေသည်။

သူ့အနီးတွင်တော့ အခြားလှေငယ်များမှ လူများသည် သူတို့ ဖြတ်သွားသည့်အခါ ဦးညွှတ်နှုတ်ဆက် သွားကြသည်မှာ လကို ဝန်းရံထားသည့် ကြယ်များကဲ့သို့ ထင်မှတ်ရ၏။

လူအများက မင်းသား၅သည် နတ်မိမယ်ယောင်းချီအတွက် လာခဲ့ခြင်းများလားဟု တွေးတောနေကြသည်။ သို့ဆိုလျှင် ဘယ်သူက သူမအား မင်းသား၅နဲ့ ယှဉ်ပြိုင်ယူဝံ့မည်နည်း။

သို့သော်လည်း ယောင်းထိုင်နန်းတော် အပြင်ဘက်တွင် မနေ့က သတင်း အချို့ ပျံ့နှံ့နေ၏။ အင်ပါယာရှားဘုံ၏ နာမည်ကျော်များ ရောက်ရှိလာသောအခါ နတ်မိမယ်ယောင်းချီသည် ရီဖူရှင်း တစ်ယောက်တည်း ထံသို့သာ သွားရောက် လည်ပတ်ခဲ့သည်။ သူမက မင်းသား၅ထံသို့ပင် မသွားခဲ့ပေ။

လူအများက ရီဖူရှင်းကို အထင်ကြီး အားကျနေကြသည်။ ရီဖူရှင်းသည် သည်နှစ် အနည်းငယ် အတွင်း အောက်ဘုံမှ ရောက်လာခဲ့ပြီး သူခေတ်သူ့အခါတွင်တော့ ပြိုင်စံရှားပေသည်။ သူ့မတိုင်ခင်က အင်ပါယာရှားဘုံ၏ ဂုဏ်ယူရသော သားတော်များမှာ အခွင့်အာဏာများရရှိရန် တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ယခု သူတို့အားလုံးမှာ ကိုယ်စီ နေရာတစ်ခုအား ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထား နိုင်ကြပြီဖြစ်သည်။

သို့သော်လည်း ရီဖူရှင်း ပေါ်ထွက်ပေါ်လာမှုက အခြားလူများ အားလုံးအပေါ်၌ သက်ရောက်မှု ရှိခဲ့သည်။ ရီဖူရှင်း၏ ကျော်ကြားမှုသည် တခြားလူများကိုပင် မှေးမှိန်စေပေသည်။

လူအများက ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြသည်။ သူနှင့် တစ်ခါမှ မတွေ့ဖူးမဆုံဖူးသူများပင် ရီဖူရှင်းကို စိတ်ဝင်စားစွာ မေးမြန်းကြည့်ရှုကြ၏။

အတန်ကြာလျှင် လှေပေါ်မှ လူများက သိပ်မဝေးသော နေရာတွင်ရှိသော လူငယ်အား လှမ်းကြည့်ကြသည်။ သူသည် နတ်သမီးကျွန်းမှ လှေတစ်စင်းအား စီးနင်းလာ၏။ သူက နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ချောမောကာ ဆွဲဆောင်မှု ရှိသည်။ သူ၏ ပြည့်စုံလှသည့် မျက်နှာသည် လူတစ်သန်းတွင် တစ်ယောက်သာ ရှိသကဲ့သို့ ပြည့်စုံလှသည်။

သူ၏ ထူးခြားကောင်းမွန်သော စရိုက်သဘာဝအရ လူတိုင်းက သူ့ကို ချက်ချင်း သတိပြုမိလိုက်ကြ၏။

လှေငယ်သည် အရှေ့ကို ရွေ့လျားနေပြီး သူ၏ တစ်ကိုယ်လုံးက ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေကာ အလွန်ပင် ပနံရလှသည်။

“အဲဒါ ရီဖူရှင်းပဲ” တစ်ယောက်က မှတ်ချက်ချလိုက်သည်။

အခြားလှေများသည် သူတို့အနီးမှ ဖြတ်ကျော်ကာ ရှေ့သို့ ဆက်လက် စီးနင်းသွားသော ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

လူတိုင်းက အင်ပါယာရှားဘုံတစ်လျှောက် ဂုဏ်သတင်း ပျံ့နှံ့ကာ လျှမ်းလျှမ်းတောက် ကျော်ကြားသည့် လူငယ်အကြောင်းကို အနည်းငယ် စူးစမ်းလိုကြသည်။ ရှန့်ထိုအဆင့်တွင် ရှိနေသည့် တန်ခိုးရှင်များသည်ပင် သူတို့၏ ပြင်းပြသော သိလိုစိတ်ကို မလွန်ဆန်နိုင်ပေ။

ရှီအဆင့်နှင့် ရှန့်ထိုအဆင့် အကြားတွင် ခြေတစ်လှမ်းသာ ခြားသော်လည်း အကွာအဝေးကတော့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာဝေးလှသည်။ ရီဖူရှင်းသည် ရှီအဆင့်မျှဖြင့် ရှန့်ထိုအဆင့်ကို အနိုင်ယူခဲ့ခြင်းမှာ သမိုင်းတစ်လျှောက် ပြောစမှတ် တွင်ရစ်တော့မည် ဖြစ်၏။

ရှောင်မျိုးနွယ်စုမှ ပါရမီရှင် ရှောင်ရှမ်းကတော့ ဒီပုံပြင်တွင် အရှက်ရဖွယ်ရာ ဥပမာဖြစ်၏။

ရီဖူရှင်းက လူအများ၏ အာရုံစိုက်မှုကို ခံစားမိသည်။ သူ၏လှေက ရေစီးအတိုင်း ဆက်၍ မျောနေသည်။ သူ့မျက်လုံးက အရှေ့ရှိ ယောင်းထိုင် နတ်သမီးကျွန်းထံသို့သာ ကြည့်နေ၏။ နတ်သမီးကျွန်းကား နာမည်နှင့်လိုက်ဖက်အောင် နတ်မိမယ်များ စံပျော်ရာ သာယာလှပသော ကျွန်းလေးပင် ဖြစ်ပေသည်။

ရှေ့ကို ကြည့်လျှင် ရေကန်စပ်မှ နေ၍ ခမ်းနားထည်ဝါသော နန်းတော်ထံသို့ ဆက်သွယ်ထားသည့် လှေကားထစ်များကို တွေ့မြင်နိုင်သည်။ ထိုလှေကားများ ဦးတည်ရာတွင် ယောင်းထိုင်နန်းတော်၏ ကျင့်ကြံရေးမျှော်စင် တည်ရှိသည်။

ကျွန်းတိုင်းတွင် နန်းတော်တစ်ခု တည်ရှိသည်။

လှေတစ်စင်းသည် မယုံနိုင်လောက်သော အမြန်ဖြင့် ရီဖူရှင်းကို ဖြတ်သန်းသွားပြီး တည်ငြိမ်သော ရေကန်အတွင်းတွင် လှိုင်းများ ဂယက်ထစေခဲ့သည်။ ရီဖူရှင်းက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး လှေတစ်စင်းက သူ့ကို ချက်ချင်း အမီလိုက်လာသည်ကို မြင်လိုက်ရသည်။ ထိုလှေပေါ်တွင် ရပ်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူက အေးစက်သော အမူအရာများကို ပြသနေသည်။

ရီဖူရှင်းသည် မနေ့က သည်လူကို တွေ့ခဲ့ဖူးသည်။ သူသည် သူရာနန်းတော်မှ သခင်လေး ချူရှီး ဖြစ်၏။

ချူရှီးက ရီဖူရှင်း၏ တည်ရှိမှုကို ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက် သွားရောက်နေသည်။ သူက ရီဖူရှင်းကို ဖြတ်ကျော်၍ ယောင်းထိုင်နန်းတော်သို့ ဦးတည်ကာ သွားနေ၏။

ထိုမြင်ကွင်းက လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်သည်။

မနေ့က ချူရှီးသည် ရီဖူရှင်းနေထိုင်ရာ ကျွန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်ကို လူတိုင်း သိကြသည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်အကြား၌ မမြင်ရသည့် အဖုအထစ်တချို့ ရှိလာပုံရ၏။

ချူရှီးက ယောင်းချီကို ပိုးပန်းဖူးသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

ရီဖူရှင်းကလည်း ချူရှီးကို မကြည့်ပေ။ ထိုအစား သူ့ကို ဖြတ်သန်းသွားသည့် လှေကိုသာ အာရုံစိုက်လိုက်သည်။ ထိုလှေက သူ့ကို စောင့်နေသကဲ့သို့ ရည်ရွယ်ချက်ရှိရှိ နှေးကွေးသွားသည်။ ရီဖူရှင်းက ထိုလှေငယ်ကို လိုက်မီသွားသောအခါ လှေပေါ်မှ လူက သူ့ဘက်သို့ လှည့်လာသည်။ ထိုလူက အပြုံးနှင့်အတူ ခေါင်းညိတ်လိုက်၏။ သူ့အသွင်အပြင်က ပါးနပ်၍ ပရိယာယ်ကြွယ်ပုံ ရှိသည်။

ရီဖူရှင်းက လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်… “ရီဖူရှင်းက အရှင့်သားကို ဂါရဝပြုပါတယ်”

သူ စကားပြောလိုက်သူကား မင်းသား၅ ရှားလွင်ဖြစ်၏။

ယမန်နေ့က ရှားလွင်သည် ရီဖူရှင်း နေထိုင်ရာကျွန်းထံသို့ သတင်းစကား ပါးလိုက်သည်။ ထို သတင်းစကားကို ရီဖူရှင်းမှာ အဓိပ္ပာယ်ဖော်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူက ရှားလွင်၏ ရည်ရွယ်ချက်ကို နားမလည်။ ရှားလွင်၏ အဆင့်အတန်းဖြင့် ဆိုပါက သူသည် ယောင်းချီကို ပိုင်ဆိုင်လိုပါက ထိုသို့သော နည်းလမ်းကို အသုံးပြုရန် မလိုပေ။ ရီဖူရှင်းနှင့် တိုက်ရိုက် ယှဉ်ပြိုင်ခြင်းမှာ သူ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစရာကိစ္စဖြစ်သည်။

သို့ဆိုလျှင် ရှားလွင်၏တကယ့် ရည်ရွယ်ချက် အမှန်က ဘာလဲ။

အချိန်တစ်ခု ကြာသွားသည့်တိုင် သူ့အတွက် ပဟေဠိဖြစ်နေဆဲ ဖြစ်၏။

ရီဖူရှင်းသည် အင်ပါယာရှားတွင် သားတော် ငါးပါး ရှိသည်ကို သိသော်လည်း မင်းသား၅နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိပါ။

ရှားလွင်သည် သူ ပထမဆုံး ဆုံတွေ့ဖူးသည့် မင်းသားတစ်ပါး ဖြစ်သည်။

ရှားလွင်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး ရီဖူရှင်းကို ပြောလိုက်သည်… “ညီတော်ရီ … ကျုပ် ညီမလေးက မင်း ဒီကိုလာတာ သဘောမကျဘူးလို့ ကြားတယ်”

ရှားလွင်၏ စကားကို ကြားလိုက်ရလျှင် အနီးရှိ လူများမှာ အံ့အားတသင့် ဖြစ်ကုန်ကြ၏။

သူက ဘာကို အရိပ်အမြွက် ပြောပြလိုသနည်း။

မင်းသမီးငယ်လေးက ရီဖူရှင်းကို တကယ် စိတ်ဝင်စား နေတာလား။

ရီဖူရှင်းတွင် ပြိုင်စံရှားပါရမီကို ပိုင်ဆိုင်ထား၏။ သူသာ မင်းသမီးနှင့် လက်တွဲခွင့်ရမည် ဆိုပါက သူ့အနေဖြင့် အင်ပါယာရှားဘုံတွင် မည်သည့် အင်အားစုကိုမဆို စိန်ခေါ်နိုင်သော အဆင့်အတန်းအား ပိုင်ဆိုင်ပေမည်။ သူက ရှောင်ကလန်တွင် ရှောင်ရှမ်းအား စိန်ခေါ်ရဲသည်မှာ မထူးဆန်းတော့။

ဧကရီရှောင်ကလည်း သူမ၏ သမီးလေးဆန္ဒကို ငြင်းပယ်မည် မဟုတ်ပေ။

သို့တိုင်အောင် သည်အကောင်က ယောင်းထိုင် တည်ခင်းဧည်ခံပွဲကို လာတက်သေး၏။ ယောင်းချီမှာ ပြည့်စုံသည် ဆိုသော်လည်း ရှားရှင်းယွန်နှင့် သူမအကြား ယှဉ်ကာ ရွေးရလျှင် လူအများစုမှာ အင်ပါယာရှား၏ အဖိုးတန်ရတနာလေးကို ရွေးချယ်ပေလိမ့်မည်။ နောက်ဆုံးတော့လည်း သူမသည် အနာဂတ်၏ ရန်ဟောင်အဖြစ် နာမည်ကျော်ကြားသည် မဟုတ်ပါလား။

ရှားရှင်းယွန်က အမှန်တကယ့်ကို လှပသည့်အပြင် အင်ပါယာရှားဘုံ၊ နံပါတ်တစ် အလှဘုရင်မ၏ သမီးတော်လေးလည်း ဖြစ်သည်။ သူမ၏ အလှတရားကို ဘယ်သူတို့က မေးခွန်း ထုတ်နိုင်ပါ့မလဲ။

ယောင်းချီမှာ ပိုပြီး အမျိုးသမီးဆန်ကာ ဆွဲဆောင်မှုရှိသော်လည်း မာနကြီးပြီး လက်လှမ်းမမီသော တော်ဝင် အမျိုးသမီးဖြစ်သည့် မင်းသမီးငယ်လေးနှင့်တော့ ယှဉ်နိုင်မည် မဟုတ်ပေ။

မင်းသမီးလေးက အမျိုးသမီး အဝတ်အစားဖြင့်ဆိုလျှင် မည်မျှလှပ လိုက်မည်နည်းဟု သူတို့အားလုံး တွေးတောမိကြပေသည်။

ထို့အပြင် လူတိုင်းက မင်းသား၅ ရှားလွင်၏ ရီဖူရှင်းကို လေးစားမှုပေး၍ သုံးနှုန်းလိုက်သည့် “ညီတော်ရီ” ဆိုသော အသုံးအနှုန်းကို သတိပြုမိကြသည်။

အခုတွင် ရီဖူရှင်း၏ အဆင့်အတန်းသည် မင်းသမီး ကိုယ်ရံတော်သာ မဟုတ်တော့ပေ။ ရီဖူရှင်းက ကိုယ်ရံတော်အဆင့်သာ ရှိသည်ဟု ဆုံးဖြတ်ရလောက်အောင် ဘယ်သူကမှ တုံးအမနေပေ။ ကိုယ်ရံတော် တစ်ယောက်က ရှောင်ရှမ်းကို သေသည်အထိ ဖိအားပေး နိုင်ပါ့မလား။

ရီဖူရှင်းက ရှားလွင်၏ စကားကို ကြားလိုက်ရသည့်အခါ ရီဖူရှင်းထံတွင် အံ့အားသင့်သည့် အကြည့်များ ပေါ်ထွက်လာသည်။ မင်းသားတစ်ယောက် အနေဖြင့် ရှားလွင်သည် ရိုးရှင်းကာ ရင်းနှီး ဖော်ရွေလွန်းနေသည်။

“အရှင့်သားကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော် ယောင်းထိုင်ပွဲတော် တက်တာက မင်းသမီးကို စိတ်မပျော်ရွှင်စေတာ ဘယ်လိုများ ဖြစ်နိုင်ပါ့မလဲ။ အရှင့်သားလည်း ဒီကို ရောက်နေတာပဲ မဟုတ်ဘူးလား” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

ရှားလွင်က နက်နက်နဲနဲ အပြုံးမျိုး ရီဖူရှင်းကို ပြုံးပြကာ ဆက်ပြောလိုက်သည် … “ကြည့်ရတာ ရှားရှင်းယွန်တောင် မထိန်းချုပ်နိုင်တဲ့ တစ်စုံတစ်ယောက် ရှိလာပုံပဲ”

ရီဖူရှင်း မည်သို့ တုံ့ပြန်ရမည် မသိတော့ပေ။ ရှားလွင်၏စကားများမှာ နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသည်။

ရှားရှင်းယွန်သာ သိသွားလျှင် သူမ ဘယ်လိုတွေးလိမ့်မလဲ။

လူနှစ်ယောက်က သူတို့ လှေငယ်များကို ဘေးချင်းယှဉ်ကာ သွားနေသည်။ အံ့သြစရာ ကောင်းအောင် သူတို့အကြားတွင် ယှဉ်ပြိုင်သည့် လက္ခဏာမျိုး မရှိပေ။ ရီဖူရှင်းက သူ၏ အစွမ်းအစများကို မင်းသားနှင့် ယှဉ်ပြိုင်ရန် အသုံးချမည် မဟုတ်ပေ။ ရှားလွင်ကလည်း ထိုသို့ လုပ်မည့်ပုံ မပေါ်ပေ။

သူရာနန်းတော်မှ သခင်လေးချူရှီးကတော့ ထိုသို့ ရည်ရွယ်ချက် ရှိပုံပေါ်သည်။

သို့သော်လည်း လူတိုင်း၏ မျက်လုံးထဲတွင်တော့ သူသည် မည်မျှ ထူးချွန်ပြီး အရည်အချင်းရှိသည့် သူရာနန်းတော်က သခင်လေး ဖြစ်နေသည် ဆိုသော်လည်း ပါရမီရှင် ရီဖူရှင်းနှင့် ထိပ်တိုက်တွေ့ပါက သူက ကျိန်းသေ အမှုန့်ကြိတ် ခံရလိမ့်မည်။

ရီဖူရှင်းသာ တိုက်ခိုက်လိုလျှင် မင်းသားမှတပါး အခြား မည်သူမှ ယှဉ်ပြိုင်ရန် အခွင့်အရေး ရှိမည် မဟုတ်ပေ။

လူတိုင်းက ယမန်နေ့၌ ယောင်းချီ၏ အပြုအမူ၊ သဘောထားများကို မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။

လှေကလေးများက ကမ်းစပ်မှာ ဆိုက်ကပ်သွားပြီး ခရီးသည်များက တစ်ယောက်ပြီး တစ်ယောက် ယောင်းထိုင်နန်းတော်သို့ သွားသည့် လှေကားများပေါ်သို့ တက်သွားကြတော့သည်။

ယောင်းထိုင်နန်းတော်သို့ သွားသည့် လှေကား တစ်ဖက်တစ်ချက်တွင် အဖြူရောင်ဝတ်ထားသည့် နတ်မိမယ်လေးများ စီတန်းရပ်နေသည်။ သူတို့သည် ထိုမြင်ကွင်းကို မြင်ရသည်မှာ အမှန်တကယ် ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သည်။

ရီဖူရှင်းကလည်း လမ်းပေါ်သို့ ခြေချလိုက်သည်။ သူက လူတိုင်းနှင့်အတူ ရှေ့သို့ လှမ်းသွားလိုက်ရာ လူတချို့ကတော့ သူ့အား စူးစမ်းသလို ကြည့်နေသည်အား သတိပြုမိ၏။

လျှောက်လမ်းကလေးမှာ အတော်လေး ဝေးပြီး မင်းသား၅ ရှားလွင်နှင့် ရီဖူရှင်းက လူအများ၏ အာရုံစိုက်မှုကို အများဆုံး ရရှိသည်။

လူအုပ်ကြီးသည် ရှေ့သို့ ဆက်လက် ချီတက်နေကြသည်။ သူတို့အားလုံးမှာ အလွန် ထူးချွန်ထက်မြက်ပြီး ဤနေရာသို့ ဖိတ်ခေါ်ခံရရန် အရည်အချင်း ပြည့်မီကြလေသည်။

ယောင်းထိုင်နန်းတော်ရှိ စင်္ကြံတွင် ကြီးကျယ်ခမ်းနားသည့် ဧည့်ခံပွဲကို တည်ခင်းထားသည်။ သူတို့ ရောက်လာသည်နှင့် နတ်မိမယ်များက သူတို့ ထိုင်ရမည့် ခုံနေရာသို့ ပြသပေးသည်။ သူတို့က သည်ခုံနေရာ စီစဉ်မှုများကို ကြုံသလို လုပ်ထားခြင်း မဟုတ်ပဲ ချင့်ချိန်စဉ်းစား၍ စီစဉ်ထားခြင်း ဖြစ်၏။

အတော်ဆုံးလူများမှာ ရှေ့ဆုံးတွင် ထိုင်ရသည်။

ရီဖူရှင်းကလည်း ယောင်းထိုင် တည်ခင်းဧည့်ခံပွဲ၏ အရှေ့ဘက်တွင် ထိုင်စရာ နေရာရ၏။

စင်္ကြံတွင်တော့ တစ်ယောက်မှ မရှိပေ။ သက်ကြီးဝါကြီး မျိုးဆက် ထိပ်တန်း ပါရမီရှင်များကတော့ ဒီတစ်ကြိမ်၌ တည်ခင်းသည့် ယောင်းထိုင်ဧည့်ခံပွဲကို မလာရောက်ကြပေ။ သူတို့က သည်တစ်ကြိမ် ယောင်းထိုင်တည်ခင်းပွဲက သူတို့နှင့် မသက်ဆိုင်သောကြောင့် ဖိတ်ကြားမခံရခြင်း ဖြစ်၏။

အကောင်းစားဝိုင်နှင့် စားသောက်ဖွယ်များကို တည်ခင်းထားပြီ ဖြစ်၏။ တက်ရောက်သူများမှာ သူတို့အချင်းချင်း လွယ်လွယ်ကူကူ စကားစမြည် ပြောဆိုနိုင်ကြသည်။ သို့သော်လည်း အရေးကြီး ပုဂ္ဂိုလ်ဖြစ်သည့် အနောက်ဘက်ဒေသ၏ အရှင်မနှင့် ယောင်းချီမှာ အခုထိ ထွက်ပေါ် မလာသေးတာကြောင့် အားလုံးက တိတ်တဆိတ်သာ စောင့်ဆိုင်း နေကြသည်။

“ကျုပ် ကြားတာတော့ နန်းတော်သခင်ရီက မဟာလမ်းစဉ်ကို ဝင်ရောက်သွားပြီဆို။  အခု ကျုပ်တို့ ပြန်တွေ့ကြပြီဆိုတော့ နန်းတော်သခင်ရီကို ဂုဏ်ပြုပါတယ်” ကျူးထန်နန်းတော်မှ ကုမူက ရီဖူရှင်း ရှေ့သို့ လာကာ ဂုဏ်ပြုအရက်ခွက်ကို မြှောက်လိုက်သည်။ သူ့ဘေးတွင်တော့ ကျူးထန်နန်းတော်မှ ထူးချွန်သည့် ပါရမီရှင် လေးများ ရှိနေသည်။ သူတို့ကလည်း သူတို့၏ အရက်ခွက်ကို မြှောက်၍ ရီဖူရှင်းထံသို့ လေးစားသမှု ပြသကြသည်။

“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းလည်း သူ့အရက်ခွက်ကို ပြန်မြှောက်လိုက်သည်။ တစ်ချိန်က ကုမူသည် ပေ့ချိန်ရန်နှင့် အတူ ကျူးထန်နန်းတော်သို့ လိုက်ပါလာဖူးသည်။ သို့သော်လည်း ရီဖူရှင်းနှင့် ရှိခဲ့သည့် အခဲမကျေမှု သေးသေးလေးက လက်ရှိတွင် အစဉ်အခဲအဖြစ် ဆက်လက်ထားရှိရန် မထိုက်တန်ရာ ကုမူက ထိုအရာများအားလုံးကို ခြေဖျက်လိုဟန်ရသည်။ ရီဖူရှင်းကလည်း ထိုသို့သော အသေးအမွှား ကိစ္စများအား အလေးထားနေမည် မဟုတ်ပေ။

“ခက်တာက ကျူးထန်နန်းတော်မှာ ရှန့်ထိုအဆင့် သတ်မှတ်ချက် မရှိတာပဲ။ မဟုတ်ရင် နန်းတော်သခင်ရီအတွက် နေရာတစ်ခု ရှိလာမှာ” ထန်ကျိနန်းတော်မှ မိုဝမ်က လည်း ရယ်မော ပြောလိုက်ရင်း ရီဖူရှင်းထံသို့ အရက်ခွက် မြှောက်လိုက်သည်… “ကျုပ်ကလည်း နန်းတော်သခင်ရီ ရှန့်ထိုဖြစ်လာတာကို ဂုဏ်ပြုပါတယ်”

ရီဖူရှင်းက နောက်တစ်ခွက် သောက်လိုက်ကာ မေးသည်… “ကျုပ် ကြားတာတော့ ထန်ကျိနန်းတော်က မသိတာမရှိဘူးတဲ့။ ဒါဆို ရှောင်ရှမ်းကို အဆိပ်ခတ်တာ ဘယ်သူလဲ ခင်ဗျား သိလား”

“ရှန့်ထိုရီက နောက်နေပြန်ပါပြီ။ တကယ်လို့ ထန်ကျိနန်းတော်က တစ်ခုခု သိထားခဲ့ရင် မင်းသမီးလေးက မဆုံးဖြတ်နိုင်ရင်တောင် ကျုပ်တို့က အရှင်မင်းကြီးဆီ ကိုယ်တိုင် သတင်းပို့မှာပါ” မိုဝမ်က ပြုံးကာ ပြောလိုက်သည်။

ထန်ကျိနန်းတော်က သတင်းအတိအကျ မသိလျှင်ပင် သေချာသည့် ရလဒ်ကို ကောက်ချက်ချနိုင်သည်။ သို့သော်လည်း သူတို့သည် အမှန်တရားအား သိလျှင်ပင် တစ်ဖက်လူ၏ နောက်ခံအင်အားအရ ထုတ်ဖော်ပြောရန် မဖြစ်နိုင်ပေ။

ထိုအကြောင်းအရာသည် ရှုပ်ထွေးနေခဲ့ပြီး နန်းတွင်းရေးသည် သူတို့ ဝင်စွက်၍ရသော အရေးကိစ္စမဟုတ်ပေ။ ထန်ကျိနန်းတော်က မည်မျှပင် သတင်း အချက်အလက်များအား စုဆောင်းမိပါစေ၊ သူတို့က အကြွင်းမဲ့ အာဏာကိုတော့ လေးစားမှု ရှိသင့်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset