အင်ပါယာရှားနယ်မြေ၏ အနောက်ဘက်ဒေသမှာ များစွာသော နတ်သမီး ကျွန်းစုများနှင့် ပြည့်နှက်နေကာ အလွန် ကျယ်ပြောပေ၏။
အနောက်ဘက်ဒေသ၏ အရှင်မအဖြစ် လေးစားစွာ သမုတ်ရခြင်းကပင် သူမ၏စွမ်းရည်အား သိသာစေပေသည်။ သူမကား အနောက်ဘက်ဒေသတွင် နံပါတ်၁ရှန့်ထိုဟု သတ်မှတ်ခံရသူဖြစ်၏။ ရုပ်ရည်တွင်ဖြစ်စေ၊ စွမ်းရည်တွင်ဖြစ်စေ သူမကား အတော်ဆုံး အကောင်းဆုံး၌ ရှိ၏။
ယောင်းထိုင်နတ်သမီးကျွန်းသည် အနောက်ဘက်ဒေသတွင် ကျင့်ကြံခြင်း ကောင်းကင်ဘုံ ဖြစ်ပေသည်။
ကျွန်းစုကလေးကား များစွာသော ကျွန်းငယ်များဖြင့် ဝန်းရံထားသည်။ ယောင်းထိုင်တော်ဝင်မြေအဖြစ် သမုတ်ရသော ယောင်းထိုင်နတ်သမီးကျွန်းတွင် များစွာသော နတ်မိမယ်များနှင့် အလှပဂေးများ လေ့ကျင့်ကြ၏။ ယောင်းထိုင်ကျွန်းသို့ လာရောက် လေ့ကျင့်ကြသော မိန်းမပျိုများအားလုံးမှာ တစ်နေ့တွင် ယောင်းထိုင်နန်းတော်ဝင် တစ်ဦးဖြစ်ရန် မျှော်လင့်ကြပေသည်။
သို့သော်လည်း ယောင်းထိုင်နတ်သမီးကျွန်း၏ တပည့်ရွေးချယ်ခြင်းမှာ အလွန် တင်းကျပ်ပေသည်။ အများစုမှာ မျှော်လင့်ချက်များ ပျက်စီးကာ အိမ်ပြန်သွားရ သည်ချည်းပင်။
ပုံမှန်အားဖြင့် ယောင်းထိုင်နတ်သမီး နန်းတော်မှာ ယောင်းထိုင်ကျွန်းစု၏ တစ်ခုတည်းသော ကျင့်ကြံခြင်းနေရာ မဟုတ်ပေ။ ကျွန်းပေါ်တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ ရှိကြပေသည်။ ထိုနေရာကား အနောက်ဘက် ဒေသ၏အစည်ကားဆုံး နေရာလည်းဖြစ်၏။
ယောင်းထိုင်ကျွန်းစုတွင် လတ်တလော လူပြောအများဆုံးမှာ ယောင်းထိုင် တည်ခင်းဧည့်ခံပွဲဖြစ်သည်။
ယောင်းထိုင် နတ်သမီးနန်းတော်က နောက်ဆုံးအကြိမ် တည်ခင်းဧည့်ခံပွဲ ကျင်းပချိန်သည်ကား နန်းတော်သခင်မ အပြောင်းအလဲဖြစ်ခဲ့သော အချိန်ဖြစ်ပေသည်။ ဤသည်ကပင် တည်ခင်းဧည့်ခံပွဲက မည်မျှအရေးပါသည်ကို သိသာစေနိုင်၏။
ထို့ကြောင့်ပင် သည်တည်ခင်းဧည့်ခံပွဲ၌ ယောင်းချီက သူမ၏ကြင်ဘက်အား ရွေးချယ်မည်ဟု လူအများက တွေးထင်ခဲ့ကြသည်။
ထို့ကြောင့် နာမည်ကျော်ကြားသော ပါရမီရှင်များ အားလုံးသည် ယောင်းထိုင် နတ်သမီးကျွန်းသို့ ဦးတည်ကာ ခရီးနှင်လာကြ၏။ ထိုအထဲတွင် ဖိတ်ကြားခြင်း မခံရသူများပင် ပါဝင်ပေသည်။
“နတ်မိမယ်ယောင်းချီက ကြင်ဘက် ရွေးချင်တယ်။ ဘယ်သူ့ကို ရွေးနိုင်လောက်သလဲ” လူအများအပြားက ကျွန်းပေါ်တွင် တီးတိုး ပြောဆိုနေကြသည်။
“ဘယ်သူသိမလဲ။ အင်ပါယာရှားနယ်မြေမှာ နာမည်ကျော်ကြားတဲ့သူတွေ အများကြီး ရှိတယ်။ သူရာနန်းတော်က သခင်လေးဟာလည်း နတ်မိမယ်ယောင်းချီကို လိုက်ပိုးနေတယ်လို့ ကြားတယ်။ သူ့ပါရမီကလည်း အတော်ကောင်းသဗျ။ သူလည်း ဖြစ်နိုင်တာပဲ”
လူအများအပြားက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ သူရာနန်းတော်ကား အနောက်ဘက်ဒေသမှ ဒီမွန်းကလန်တစ်ခုဖြစ်ကာ သူတို့၏အင်အားမှာလည်း ကြီးမားပေသည်။ သူရာနန်းတော်သည် အင်ပါယာရှားကို ခစား၏။
အင်ပါယာရှားလက်အောက်မှ ဗိုလ်ချုပ်၆ဦးထဲတွင် ဗိုလ်ချုပ်သူရာသည် တိုက်ခိုက်ရေးပိုင်း၌ အထူးချွန်ဆုံးဖြစ်ကာ နာမည်ကျော်ကြားသည်။ လက်ရှိ သူရာနန်းတော်သခင်နှင့် ဗိုလ်ချုပ်သူရာတို့မှာ ညီအစ်ကိုများဖြစ်၏။ သို့သော်လည်း ညီဖြစ်သော ဗိုလ်ချုပ်သူရာသည် သူ၏အစ်ကို နန်းတော်သခင်ထက် ပိုအားကောင်းသည်ဟု ဆိုကြသည်။
သူရာနန်းတော် သခင်၏သား၊ ဗိုလ်ချုပ်သူရာ၏ တူတော်သူသည် ပုံမှန်အားဖြင့် မြင့်မားသော အဆင့်အတန်းအား ပိုင်ဆိုင်ပေသည်။
“သူရာနန်းတော် သခင်လေးက နောက်ခံအင်အားကောင်းတယ် ဆိုပေမဲ့ သူက မိစ္ဆာပညာကို လေ့ကျင့်ပြီးတော့ ရုန့်ရင်းကြမ်းတမ်းတယ်။ ယောင်းချီက ရေလို သိမ်မွေ့တယ်။ သူမက ဘယ်လိုလုပ် သူ့ကို သဘောကျပါ့မလဲ” နောက်တစ်ယောက်က ထပ်ပြောသည် … “ငါကတော့ ပန်းပေါင်းစုံတောင်ကြားက သခင်လေးကို ပိုအလေးသာတယ်။ သူက ဒီနှစ်တွေမှာ အနောက်ဘက်ဒေသရဲ့ အထင်ရှားဆုံးပဲ”
လူအများအပြားက သူ့ကို သိကြပေသည်။ ပန်းပေါင်းစုံ တောင်ကြားကား မိန်းကလေးများသာ ရှိသောနေရာ ဖြစ်သော်လည်း တောင်ကြားသခင်မသည် လွန်ခဲ့သော ဆယ်စုနှစ်အချို့က မိဘမဲ့ကောင်လေး တစ်ယောက်အား ကောက်ယူ မွေးစားခဲ့သည်။ ကောင်လေးသည် စကားအားဖြင့် ဖွင့်ဆိုရန်ပင် ခက်ခဲလောက်အောင် ချောမောကာ မိန်းမဆန်သော အငွေ့အသက်များပင် ရှိသည်ဟု ဆိုကြ၏။ သူ၏ပါရမီမှာလည်း မြင့်မားပြီး အရာရာပြည့်စုံသူ အဖြစ် သတ်မှတ်နိုင်၏။
ပြောကြသည်မှာ သူသည် ယောင်းထိုင်နတ်သမီးကျွန်းသို့ ရောက်နေပြီးဖြစ်ကာ တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်မည်ဖြစ်သည်။
“အနောက်ဘက်ဒေသကိုပဲ အာရုံမစိုက်နဲ့။ အလယ်ပိုင်း ဒေသမှာလည်း ထင်ရှားတဲ့သူတွေ ရှိတယ်။ ကျူးထန်နန်းတော် အဆင့်ဝင်တွေကို မပြောနဲ့၊ တခြားထင်ရှားတဲ့သူတွေ အများကြီးပဲ။ ဥပမာ ရွှမ်ယွင်နန်းတော်က မျိုးဆက်၊ လီဟန်ဓားနန်းတော်က ဝမ်ချွန်းတို့ပဲ”
“လက်ရှိမျိုးဆက်ရဲ့ အထင်ရှားဆုံး ပါရမီရှင်ကိုလည်း မမေ့နဲ့ဦး။ သူက ရှီအဆင့်နဲ့ ရှန့်ထိုကို သတ်ဖြတ်နိုင်တာ။ ကောလာဟလတွေအရ နတ်မိမယ်ယောင်းချီက သူနဲ့လည်း ထူးဆန်းတဲ့ ပတ်သက်မှုမျိုးတဲ့။ ဒီတစ်ခေါ်မှာ သူလည်း ဖိတ်ကြားခံရတယ်။ အနောက်ဘက်ဒေသက ပါရမီရှင်တွေ မှေးမှိန်သွားမှာ စိုးရတယ်”
“လုပ်မပြောနဲ့။ ရီဖူရှင်းက ဒီလောက်တောင် အားကောင်းလို့လား” တစ်စုံတစ်ယောက်က စိတ်ဝင်စားစွာ မေးသည်။ သူတို့အားလုံးကတော့ သူ၏နာမည်ကို အနည်းနှင့်အများတော့ ကြားဖူးကြပေသည်။
ရှောင်ကလန်၌ တိုက်ပွဲကလည်းက ရီဖူရှင်းသည် ပိုမိုထင်ရှား လာခဲ့ပေသည်။
“ရှီအဆင့်နဲ့ သူက ရှန့်ထိုဖြစ်တဲ့ ရှောင်ရှမ်းကို အနိုင်ယူနိုင်တယ်။ ဒါက လုပ်ပြောတာ ဖြစ်ပါ့မလား” တစ်ယောက်က ပြောသည် … “မင်းသိလား … ရှောင်ရှမ်းကလည်း ခေသူမဟုတ်ဘူး။ သူ ရှန့်ထိုမဖြစ်ခင်က လူငယ်မျိုးဆက်ထဲမှာ လက်ချိုးရေလို့ရတဲ့ ပါရမီရှင်တွေထဲ သူလည်း ပါတယ်”
“ဒါပေမဲ့ ရီဖူရှင်းက မင်းသမီးနဲ့ပဲ အဆုံးသတ်မယ်လို့ လူတွေက တွေးကြတာပဲ”
မင်းသမီး ရှားရှင်းယွန်မှာလည်း ပုံမှန်မဟုတ်သော စရိုက်လက္ခဏာအား ပိုင်ဆိုင်၏။ သူမနှင့် ရီဖူရှင်းတို့၏ ဆက်ဆံရေးမှာလည်း အလွန်နီးစပ်ကာ နောက်ပိုင်းနှစ်များတွင် သူတို့နှစ်ယောက်သည် အလွန်လိုက်ဖက်သည်ဟု အများက တွေးတောလာကြ၏။
“မင်းသား၅ ရောက်လာပြီ”
ထိုအခိုက်တွင် အသံတစ်သံကို ကြားလိုက်ရလျှင် အားလုံးက မှင်တက် သွားကြသည်။ တစ်ယောက်က မေးသည် … “မင်း ဘာပြောလိုက်တာလဲ”
“နန်းတော်က မင်းသား၅ … ယောင်းထိုင်နတ်သမီးကျွန်းသို့ ရောက်လာတယ်”ထိုလူက တစ်နေရာသို့ ကြည့်ကာ ပြောသည်။ အားလုံး စိတ်လှုပ်ရှား သွားကြ၏။
တစ်ခဏအတွင်း၌ ထိုသတင်းသည် ကြီးစွာ လှုပ်ခတ်သွားခဲ့သည်။
အင်ပါယာရှားနန်းတော်မှ မင်းသားတစ်ပါးပင် ကိုယ်တိုင် ရောက်လာသည်လား။
အင်ပါယာရှားတွင် သားသမီးခြောက်ဦးရှိကာ မင်းသမီးလေးမှာ အငယ်ဆုံးဖြစ်၏။ တခြားသော မင်းသားငါးပါးမှာ မင်းသမီးထက် အသက်အနည်းငယ် ကြီးကြပေသည်။ သူတို့အားလုံး ရှန့်ထိုအဆင့်၌ ရှိကြ၏။
ယခု မင်းသား၅သည် ယောင်းထိုင် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်လာ၏။
မင်းသား၅က ယောင်းချီကို စိတ်ဝင်စား နေသည်များလား။ ထိုလက်ထပ်ပွဲသာ အမှန်တကယ် ဖြစ်လာပါကလည်း လူအများက အံ့အားသင့်ကြမည် မဟုတ်ပေ။
သည်ကိစ္စမှာ တဖြည်းဖြည်းဖြင့် ပိုစိတ်ဝင်စားဖွယ် ကောင်းလာပြီဖြစ်သည်။
အင်ပါယာရှားဘုံမှ နာမည်ကျော်ကြားသူများ အားလုံး ယောင်းထိုင်နန်းတော်သို့ လာရောက်ကြ၏။
နတ်သမီးနန်းတော်ကား ကျွန်းငယ်လေးများနှင့် ဆက်စပ်ကာ အကိုင်းအခက်များ သဖွယ် ခွဲခြမ်းထား၏။ ကောင်းကင်ထက်မှ ကြည့်လျှင် ကျွန်းငယ်လေးများအား လှပစွာ မြင်တွေ့ရမည်ဖြစ်သည်။
ဧည့်သည်များအား ကွဲပြားခြားနားသော ကျွန်းငယ်လေးများ၌ နေရာချသည်။
စွမ်းအားကြီး တန်ခိုးရှင်တစ်စု ဆင်းသက်လာသည်။ ခေါင်းဆောင်လုပ်သူကား ရွှေရောင်ဝတ်စုံဖြင့် ကြီးမြတ်ထည်ဝါသည်။ ယောင်းထိုင် နတ်သမီးကျွန်းမှ တန်ခိုးရှင်အချို့ ကိုယ်တိုင်ရောက်လာကာ ထိုအုပ်စုအား ကြိုဆိုသည် … “အရှင့်သားကို ကြိုဆိုပါတယ်”
“ပုံမှန်ပဲနေပါ။ ကျုပ်က အဖေ့ကိုယ်စား တည်ခင်းဧည့်ခံပွဲကို တက်ရောက်လာတာ။ နတ်မိမယ်တွေက အရမ်းကြီး အာရုံစိုက်ဖို့ မလိုပါဘူး” မင်းသား၅ကား ကောင်းမွန်သော ကိုယ်နှုတ်အမူအရာကို ပိုင်ဆိုင်ကာ သူ့လေသံသည် လေညင်းများအလား ညင်သာနူးညံ့၏။
“အရှင့်သား … နန်းတော်မှာ လိုက်ပါပြီး အနားယူပါ” မိန်းကလေးတစ်ဦးက ပြောသည်။ မင်းသားက ခေါင်းညိတ်ကာ မိန်းကလေးများ ဦးဆောင်ခေါ်ရာသို့ လိုက်ပါသွား၏။
သူက အနီးပတ်ဝန်းကျင်အား ကြည့်သည်။ သည်နေရာကား ကျင့်ကြံခြင်းအတွက် အမှန်ပင် ကောင်းမွန်သော ရေမြေသဘာဝများအား ပိုင်ဆိုင်၏။
မင်းသား၅ ကျွန်းပေါ်သို့ ရောက်လာသည်နှင့် ထိုသတင်းမှာ ကျွန်းစုတစ်ခုလုံးသို့ လှုပ်ခတ်သွားတော့သည်။
ရောက်နှင့်ပြီးသား လူများမှာ ကျူးထန်အဆင့်ဝင်များ၊ ရွှမ်ယွင်နန်းတော်၊ ထျန်ကျိနန်းတော်၊ လီဟန်ဓားနန်းတော်တို့ ဖြစ်ကြသည်။ သူတို့ကလည်း မင်းသား၅ ရောက်လာသည်ကို ကြားသိကြ၏။ သူတို့က မင်းသား၅ တည်းခိုရာနေရာကို စုံစမ်းကြကာ သွားရောက်တွေ့ဆုံရန် ရည်ရွယ်ထားကြ၏။ မည်သို့ဆိုစေ သူကား အင်ပါယာရှား၏ မျိုးဆက်ဖြစ်သည်။ သူတို့က အလေးထားရန်လို၏။
နန်းတော်နှင့် သိပ်မဝေးသော ကျွန်းငယ်လေးတစ်ခု ရှိသည်။ ကျွန်းငယ်လေးပေါ်တွင် လှပသော အဆောင်ငယ်လေးများ ရှိပြီး သစ်ပင်ပန်းမန်များဖြင့် အလွန်တရာ ကောင်းမွန်သော ရေမြေသဘာဝများဖြင့် သာယာလွန်းပေသည်။
သစ်အိုပင်ကြီးအောက်တွင် လူတစ်ခု အေးအေးလူလူ ထိုင်နေကြ၏။
သူတို့အထဲမှ တစ်ယောက်သည် ဆံပင်ဖြူများရှိကာ နုရွယ်ပျိုမြစ်၏။ သူကား သည်နေရာကို ရောက်လာသည်မှာ အတန်ကြာပြီဖြစ်သော ရီဖူရှင်းပင်။ ယောင်းထိုင် တည်ခင်းဧည့်ခံပွဲမှာ နောက်တစ်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ယောင်းချီက လက်တွဲဖော်ရွေးချယ်မည့် အကြောင်းများကို ရီဖူရှင်း ကြားသိလာရပြီး သူ့အား ဆွံ့အစေခဲ့သည်။ ယောင်းချီသည် ပြီးပြည့်စုံသော မိန်းကလေးဖြစ်ကာ သူမက အဘယ်ကြောင့် သူ့အား ဖိတ်ခေါ်သည်ကို ရီဖူရှင်း နားမလည်။
သူတို့နှစ်ဦးအကြား ထူးထူးခြားခြား ပတ်သက်ခြင်းလည်း မရှိကာ ယောင်းချီက သူ့အပေါ်၌ စိတ်ခံစားချက်များ ရှိမည်ဟုလည်း ရီဖူရှင်း မယုံကြည်။
သူတို့၏အသက်အရွယ်နှင့် စိတ်နှလုံးအဆင့်သို့ ရောက်သောအခါ ဆယ်ကျော်သက်များကဲ့သို့ စိတ်ကစားရန် မလွယ်တော့ပေ။ သူတို့က စိတ်ခံစားချက် ရှိသည်ဆိုပါက တကယ် ချစ်ခင်နှစ်သက်၍သာ ဖြစ်ပေမည်။
ကျန်ကျောင်းက ရီဖူရှင်းထံသို့ ရောက်လာကာ ပြောသည် … “အင်ပါယာရှားနန်းတော်က မင်းသား၅လည်း ယောင်းထိုင်တည်ခင်း ဧည့်ခံပွဲသို့ တက်လာတယ်”
ရီဖူရှင်းက ကျန်ကျောင်း၏စကားကို ကြားကာ အနည်းငယ် အံ့အားသင့်သွားသည်။ အင်ပါယာရှားတွင် တခြားသားတော်များ ရှိသည်ကို သူသိသော်လည်း ထိုမင်းသားများနှင့် ရီဖူရှင်း တွေ့ဆုံဖူးခြင်းမရှိပေ။
သူနားမလည်သည်ကား အဘယ်ကြောင့် မင်းသားတစ်ပါးက ရောက်လာသနည်း။
သူက ယောင်းချီ၏အလှတရားကို ခုံမင်သည်လား။
ရုပ်ရည်ပိုင်းဆိုင်ရာတွင်ကား ယောင်းချီသည် အမှန်ပင် အင်ပါယာရှားဘုံ၌ အလှဆုံးဟု သတ်မှတ်နိုင်၏။ တစ်ဖက်တွင် ရှားရှင်းယွန်အား သူက မိန်းကလေးလို ဝတ်စားခြင်းအား တစ်ခါမှ မမြင်တွေ့ဖူးပေ။
“သူ့ဆီကို သွားတွေ့ရအောင် …” ရီဖူရှင်းက ပြောပြောဆိုဆိုဖြင့် ထရပ်သည်။ သူတို့က တစ်နေရာတည်းတွင် ရှိနေမှတော့ သွားတွေ့သင့်ပေသည်။
ထိုစဉ်မှာပင် အဝေးမှ သာယာသော ခေါ်သံလေး တစ်ခုအား ကြားကြရ၏။
“ဆရာရီ …”
ယနေ့တွင် ယောင်းချီကား လှပသော ဝတ်စုံရှည်ကို ဝတ်ထားကာ သူမ၏တင်းရင်း ဖွံ့ထွားသော ကောက်ကြောင်းများအား ပေါ်လွင်စေ၏။ သူမ၏မျက်နှာတွင် ဆွဲငင်နိုင်စွမ်းသော အပြုံးတစ်ခု ရှိနေသည်။
“ဆရာရီရဲ့ ရုပ်လက္ခဏာက ပိုပြီးတော့တောင် ကောင်းလာသလိုပဲ။ ရှင်က ရှန့်ထိုအဆင့်သို့ တက်ပြီး ပိုချောမောလာတယ်” ယောင်းချီက ရေကဲ့သို့ အေးချမ်းစေသော အပြုံးဖြင့် ဆိုသည်။
“နတ်မိမယ်က ချီးကျူးလွန်းနေပါပြီ” ရီဖူရှင်းက ဆိုသည်။ ယောင်းချီ၏ ရုပ်လက္ခဏာသည်လည်း ပိုကောင်းလာသည်ကို သူမြင်၏။ သူမသည်လည်း ရှန့်ထိုအဆင့်သို့ တက်ရန် သိပ်မလိုတော့ပေ။
ရီဖူရှင်းက ပြုံးလျက်ပြောသည် … “ယောင်းချီ … အရှင့်သားလည်း ရောက်လာတယ်လို့ ကြားတယ်။ ငါတို့ အတူ သွားတွေ့ကြမလား”
“အရှင့်သားကို တခြား သွားကြိုတဲ့သူတွေ ရှိတယ်။ ကျွန်မက ဆရာရီဆီကို အခုပဲ ရောက်လာတယ်။ ရှင်က ကျွန်မကို နှင်ထုတ်တော့မလို့လား” ယောင်းချီက ကျီစယ်ပြောဆိုသည်။ ရီဖူရှင်း မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ပေ။
“ဒီနေရာက ယောင်းထိုင်နန်းတော်ပဲ။ ကျုပ်က ယောင်းချီကို ဘယ်လို နှင်ထုတ်ရဲမှာလဲ” ရီဖူရှင်းက ရယ်မော၍ ပြောသည် … “ကျုပ်ကို လူတွေက ကန်ထုတ်လိုက်မှာပေါ့”
“ဆရာရီကို ကျွန်းပေါ်က ဘယ်သူ ကန်ထုတ်ရဲမှာလဲ။ ယောင်းချီက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူးနော်” ယောင်းချီက ပြုံးလျက်ပြောသည် … “ဆရာရီက ဒီကို လာဖို့ စိတ်မဝင်စားဘူးလို့ ယောင်းချီကြားတယ်။ ယောင်းချီက အတင်းလာခိုင်းမှာ လာတာတဲ့”
“ကျုပ်က ရှန့်ထိုဖြစ်ကာစမို့လို့ အခြေခိုင်အောင် လုပ်ဖို့လိုတယ်လေ။ ခွင့်လွှတ်ပေးပါ” ရီဖူရှင်းက ဆိုသည်။
“အခြေမခိုင်လို့ ရှန့်ထိုတစ်ပါး ပျက်စီးရတာပေါ့” ယောင်းချီက ပြုံးလျက်ဆိုသည်… “ဆရာရီရဲ့ ကျင့်ကြံခြင်းက အခြေခိုင်ပြီးသားပါ။ ဆရာရီက မလာချင်တာ စိတ်မကောင်းစရာပဲ”
ရီဖူရှင်းက လက်မှိုင်ချရသည် … “ယောင်းချီက ဒီလို ပြောနေရင် ကျုပ်တော့ တကယ် ကန်ထုတ်ခံရတော့မှာပဲ”
ယောင်းချီက ရယ်လိုက်သည်။ သူမက နဖူးပေါ်ဝဲကျနေသော ဆံနွယ်လေးများအား လက်ကလေးဖြင့် သလိုက်လျှင် အလွန်တရာ ချစ်စဖွယ်ကောင်း၏။ သူမက ရီဖူရှင်းကို ကြည့်ကာ ပြောသည် … “ဒါဆိုလည်း ယောင်းချီက ဆရာရီကို မစတော့ပါဘူး။ ဒီမှာပဲ အေးဆေးထိုင်ပြီး စကားပြောကြတာပေါ့”
“သေချာတာပေါ့” ရီဖူရှင်းက ခေါင်းညိတ်သည်။
ဘေးနားတွင် ထိုင်နေသော သိမ်းငှက်နက်သည် သူတို့အား ကြည့်ကာ ဆွံ့အရသည်။ သူတို့က ဘေးတွင် မည်သူမှ မရှိဟု ထင်နေကြသလော။
***