အပိုင်း(၁၁၆၆)

နတ်ဆိုးမ

အင်ပါယာရှားနယ်မြေ၊ အထက်ဘုံ၌ ကော့တေးသည် များစွာသော ပြောင်းလဲမှုများ ရှိခဲ့သည်။

ရီဖူရှင်းသည် ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့ပြီး သူသည် အင်ပါယာရှားဘုံတွင်လည်း ခိုင်မာသော ခြေကုပ်ရရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူက အောက်ဘုံမှ နန်းတော်ဆီ၏လူအချို့ကို ထပ်မံ၍ ခေါ်ဆောင်လာခဲ့၏။

ရီဖူရှင်း၏ စီနီယာ အစ်ကိုလေးယောက်၊ ရွှီယီ၊ ယူချီ၏မိသားစု၊ ချိန်ချွန်၊ လျူချန်းယွီနှင့် နတ်မိမယ်ဝမ့်ယွီတို့သည် အထက်ဘုံသို့ လိုက်ပါလာကြ၏။ ယခုအချိန်တွင် စီနီယာအစ်ကိုကြီးသည် ရှန့်ထိုဖြစ်လာပြီး နတ်မိမယ်ဝမ့်ယွီကလည်း သူ့နောက်သို့ လိုက်ကာ အတူတကွ တန်ခိုးကျင့်ကြံ ကြပေလိမ့်မည်။

ကော့တေးမှာ ပိုမို သက်ဝင်လှုပ်ရှား လာခဲ့သည်ဟု ဆိုရပေမည်။

အစိမ်းရောင် မြက်ခင်းပြင်တွင် ရီဖူရှင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ အဝေးမှနေ၍ နတ်သူငယ်ကဲ့သို့ မိန်းကလေးက မြက်ခင်းကို ဖြတ်၍ သူ့ဆီသို့ အပြေးလာကာ အော်သည်… “ဦးဦးရီ…”

ရီဖူရှင်းက သူ့လက်မောင်းတွေကို ဖွင့်လိုက်လျှင် ကလေးမလေးက အကြမ်းပတမ်း တိုးဝင်လာ၏။ ရီဖူရှင်းက ပြုံးကာ မေးသည်… “မြက်စိမ်းလေး… ဒီမှာ ဘာလုပ်နေတာလဲ”

“ဖေဖေက စာဖတ်ဖို့ကို ထပ်ပြီး ဖိအားပေးပြန်ပြီ။ ဒါပေမဲ့ သမီး အများကြီး ဖတ်ပြီးသားပဲဟာ။ သမီးလည်း နည်းနည်းတော့ နားဖို့လိုသေးတာပေါ့” ကလေးမလေးက အရွယ်နှင့်မလိုက်အောင် လေးလေးနက်နက်ကို ပြောသည်။

ရီဖူရှင်းက သူမလေး ပါးကို ဖျစ်ညစ်ကာ ပြောသည်… “သမီး ဖေဖေက စာဖတ်ဖို့ ပြောတယ်ဆိုတာ သမီးကောင်းဖို့ အတွက်ပဲလေ။ အဲဒါမှ နောက်ကျ သမီးတန်ခိုး လေ့ကျင့်တဲ့အခါ ပိုလွယ်လာမှာပေါ့”

“သမီးက ဘာလို့ ကျင့်ကြံမှုကောင်းကောင်း ရှိဖို့ လိုအပ်တာလဲ” မြက်စိမ်းလေးက မေးသည်။

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့” ရီဖူရှင်းက ပြန်ဖြေသည်။

“ဦးဦးက သမီးကို ကာကွယ်ပေးမှာပဲ မဟုတ်ဘူးလား” မြက်စိမ်းလေးက သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ရီဖူရှင်းကို ကြည့်သည်။

ရီဖူရှင်းက ကလေးမလေး၏ အပြစ်ကင်းစင်သော မျက်လုံးများကို ကြည့်ကာ ပြုံးသည်။ ထို့နောက် သူက ခေါင်းညိတ်သည်… “သမီး မှန်ပါတယ်”

“ဒါဆို နောက်ကျရင် သမီးက အပြင်းအထန် လေ့ကျင့်စရာ မလိုတော့ဘူးပေါ့။ ဟုတ်တယ်မလား” မြက်စိမ်းလေးက ကိုယ့်ကိုယ်ကိုယ် တွေးကြည့်လိုက်ပြီး ဆက်ပြောသည်။

ရီဖူရှင်းမှာ သူမလေးကို ပြန်လည်ချေပရန် စကားမရှိတော့ပေ။

အခုခေတ် ကလေးများက အသက်အရွယ်နှင့် မလိုက်အောင် ထက်မြက်ကြလေသည်။

“ဦးဦးရီ… ဒေါ်လေးဂျီယူက ဘယ်တော့ ပြန်လာမှာလဲ” မြက်စိမ်းလေးက မေးသည်။

ရီဖူရှင်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ပြန်ပြောစရာ စကားရှာမတွေ့ပေ။

ထို့နောက် သူက မချိပြုံးပြုံးကာ ပြောသည်… “မကြာခင်ပေါ့”

“ဒါပေမဲ့ မေမေကပြောတော့ ဒေါ်လေးဂျီယူက အခု နတ်သမီး ဖြစ်သွားတာကြောင့်မို့လို့ ကောင်းကင်ဘုံကို ပြန်သွားရတာတဲ့” မြက်စိမ်းလေးက နားမလည်ဟန်ဖြင့် မေးသည်… “ဒါပေမဲ့ ဒါက ကောင်းကင်ဘုံမဟုတ်ဘူးလား”

ရီဖူရှင်း မြက်စိမ်းလေးကို ကြည့်လိုက်ပြီး နောက်တစ်ခါထပ်၍ ပြောစရာစကား ပျောက်ရှသွားရပြန်သည်။

“ဦးဦးရီ… သမီး တကယ် ဒေါ်လေးဂျီယူကို လွမ်းတယ်” မြက်စိမ်းလေး၏ မျက်လုံးများက အနည်းငယ်နီနေသည်။ သူမလေး ငယ်ငယ်တုန်းက ရီဖူရှင်းနှင့် ဟွာဂျီယူက သူမအပေါ် တော်တော်လေး ဂရုစိုက်ခဲ့ကြသည်။ အခု သူမလေး ကြီးလာသည့်အခါ သူမ၏ ဒေါ်လေးဂျီယူကို ဘယ်တော့မှ ထပ်မတွေ့ရတော့ပေ။ ဒေါလေးဂျီယူ ဘယ်တော့မှ ပြန်မလာ နိုင်တော့တာက ကောင်းကင်ဘုံ၏ ရည်ရွယ်ချက် တစ်ခုလား။

“မြက်စိမ်းလေး…” အသံတစ်ခုက ခေါ်သည်။ ယူချီက သူတို့ထံသို့ လျှောက်လာနေသည်။ သူမက မြက်စိမ်းလေးကို ကြည့်ကာ ပြောသည်… “သမီးက ဦးဦးရီကို သွားရှုပ်နေပြန်တာလား”

“ရပါတယ်။ ငါလည်း နည်းနည်း ပျင်းနေတာ” ရီဖူရှင်းက ပြုံးကာ သူ့လက်ပေါ်တွင် မှီနေသည့် ကလေးမလေးကို ဖက်လိုက်၍ ညင်သာစွာ ပြောသည်… “ဦးဦးရောပဲ… သမီးရဲ့ ဒေါ်လေးဂျီယူကို လွမ်းနေတာ။ တစ်နေ့ကျရင် ဦးဦးတို့ သူ့ကို အတူတူ သွားရှာကြမယ်”

“တကယ်လား…” မြက်စိမ်းလေးက ရီဖူရှင်းကို ကြည့်သည်။

“တကယ်ပေါ့… ဦးဦးက သမီးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ” ရီဖူရှင်းက မေးသည်။

“ဒါဆို ပြီးရော” မြက်စိမ်းလေးက အလေးအနက်ထားကာ ခေါင်းညိတ်၏။

ယူချီက ရီဖူရှင်းကို ကြည့်နေရင်း ဝမ်းနည်းမှုတချို့ကို ခံစားလိုက်ရသည်။ နှစ်တွေ ကြာပြီးသွားသည့်တိုင် ဟွာဂျီယူမှာ သူ၏

နှလုံးသားထဲက နာကျင်မှုရင်းမြစ် ဖြစ်နေသေး၏။

ယူချီက မြက်စိမ်းလေးကို ထပ်ကြည့်သည်။ သည်ကလေးက ဆယ်ကျော်သက် အရွယ်ကလေး ဖြစ်လာပေမဲ့ သူမလေး၏ နှလုံးသားက သာမန်ထက်လွန်ကဲစွာ ဖြူစင်နေဆဲဖြစ်၏။ ဤသည်မှာလည်း သူမ ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်နှင့် သက်ဆိုင်ကြောင်း ယူချီ နားလည်ပေသည်။ မြက်စိမ်းလေးသည် နန်းတော်မှ အရှုပ်အထွေးကာလကို ကြုံဖူးသော်လည်း သူမလေး၏ အသက်အရွယ်ကြောင့် အမြဲကာကွယ်ပေးခြင်း ခံခဲ့ရ၏။ သူမလေးသည် သူမကိုယ်တိုင် အပြင်သို့ ဘယ်တော့မှ မသွားဖူးသလို လက်တွေ့လေ့ကျင့်ရေး အတွေ့အကြုံများနှင့်လည်း ကင်းကွာနေသည်။ သူမက အာခီမီမြို့ နှင့် တော်ဝင်ကျဲနန်းတော်၏ အပြင်ဘက်သို့ ထွက်ဖြစ်သည်ကပင် ခပ်ရှားရှား ဖြစ်၏။

ရီဖူရှင်းနှင့် ကော့တေးရှိ အခြားတပည့်များက သူမလေးကို အလွန်အလိုလိုက် ချစ်ခင်တာကြောင့် သူမအတွက်တော့ ရင့်ကျက်လာဖို့ရန် ခက်ခဲလေသည်။

“ဘာသတင်းမှ မကြားရဘူးလား” ယူချီက ခပ်တိုးတိုး မေးသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ ရှီဟွာတောင်ရှန့်ထိုက တန်ဖိုးရှိသော သတင်း အချက်အလက်များကို မဖော်ထုတ်နိုင်ခဲ့ပေ။ အမှန်တရားကို သိနိုင်သည့် တစ်ဦးသောသူ ရှောင်ရှမ်းမှာလည်း ယခု သေသွားခဲ့ပြီ။ သူနှင့်အတူ ထိုကိစ္စနှင့် ပတ်သက်နိုင်သည့် သဲလွန်စအားလုံးမှာ ပျောက်ဆုံးသွားခဲ့သည်။ ရှားရှင်းယွန်ပင်လျှင် သူမ၏ စုံစမ်းစစ်ဆေးမှု အတွင်း၌ အဖိုးတန်သော သဲလွန်စများ မရရှိနိုင်ခဲ့ပေ။

သည်ရက်တွေမှာ ရီဖူရှင်းသည် အင်ပါယာရှားဘုံ၏ ထိပ်တန်း အုပ်ချုပ်မှုသူများကို လေ့လာခဲ့သည်။ သူက အမှန်တရားကို မသိရင်လျှင်ပင် သူ့တွင် ထင်မြင်ချက်အချို့ ရှိလာခဲ့သည်။

သို့သော်လည်း ထိုထင်မြင်ချက်များကို အတည်ပြုရန်မှာ မဖြစ်နိုင်သေးပေ။

အတိတ်တွင် သူက ရှောင်ကလန်သို့ သွား၍ ရှောင်ရှမ်းနှင့် ထပ်တိုက်တွေ့ရဲခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူက ရှောင်ရှမ်း ပါဝင်ပတ်သက်နေခြင်းကို ယုံကြည်သောကြောင့် ဖြစ်၏။ သူ့တွင် တိကျသေချာသည့် သက်သေမရှိသော်လည်း သူက စစ်မေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော်လည်း ထိုသို့လုပ်ပါက ယခင်က ဖြစ်ခဲ့တာထက် ပို၍ ခက်ခဲလိမ့်မည်။

ထိုကဲ့သို့ နောက်တစ်ခါ ထပ်၍ လုပ်ဆောင်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ယခု ကော့တေးမှ လူအများမှာ ရှန့်ထိုအဆင့်အောက် ကျင့်ကြံခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အထူးသဖြင့် တတိယအစ်ကို၊ ယူချင်းနှင့် ဝူချင်း တို့ပင် ဖြစ်သည်။ သူတို့သည် ရှီအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်ကာ ရှန့်ထိုအဆင့်သို့ ရောက်ရှိကြတော့မည် ဖြစ်သည်။

အခုချိန်၌ အရေးကြီးဆုံးအရာမှာ လူတိုင်း ရှန့်ထိုအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်ရန်ဖြစ်၏။

သို့သော်လည်း ရှန့်ထိုအဆင့် ဝင်ရောက်ရန်မှာ မှန်ကန်သော စိတ်အခြေအနေနှင့် အခွင့်အရေးလည်း လိုအပ်ပေသည်။

ကောင်းကင်မှ ဓားတစ်လက်နှင့် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်း သူ့ခေါင်းကို လှည့်ပြီး ကြည့်လိုက်လျှင် သူ့ရှေ့မှာ ရပ်နေသည့်  အနက်ရောင်ဝတ်စုံနှင့် ကျန်ကျောင်းကို မြင်လိုက်ရသည်။ ကျန်ကျောင်းက ပြောသည်…“ယောင်းထိုင်နန်းတော်က ယောင်းထိုင် တည်ခင်းဧည့်ခံပွဲ ကျင်းပမှာမို့လို့ သူတို့ရဲ့ ဖိတ်ကြားလွှာကို ပို့လိုက်တယ်”

“ယောင်းထိုင်တည်ခင်း ဧည့်ခံပွဲ” ရီဖူရှင်းက ခပ်တိုးတိုး ရေရွတ်၏။ ယောင်းထိုင်တည်ခင်း ဧည့်ခံပွဲသည် ယောင်းထိုင်နန်းတော်တွင် ကျင်းပသော အခမ်းနား အကြီးကျယ်ဆုံး တည်ခင်းဧည့်ခံပွဲ ဖြစ်သည်။ တည်ခင်းဧည့်ခံပွဲကို ပျော်ပွဲရွှင်ပွဲများနှင့် အတူ ကျင်းပခြင်းဖြစ်ကာ အင်ပါယာရှားဘုံမှ ဘယ်သူမဆို ဖိတ်ကြားချက်ကို လက်ခံရရှိ၏။

သို့သော်လည်း ရီဖူရှင်းက ထိုပွဲကို သိပ်ပြီး စိတ်ဝင်စားမှုမရှိပေ။ ထို့ကြောင့် သူက ပြောသည်… “ကျုပ်အစား ငြင်းပေးပါ။ ကျုပ်က တန်ခိုးကျင့်တာနဲ့ အလုပ်ရှုပ်နေလို့ ပွဲတက်ပေးဖို့ အချိန်မရှိဘူးလို့ပဲ ပြောလိုက်ပါ”

“ယောင်းထိုင်နန်းတော်က လူတွေကို နတ်မိမယ်ယောင်းချီက အရှင်ရီ တက်ရောက်သင့်တယ်လို့ ပြောပေးဖို့ အထူးမှာကြား လိုက်ပါတယ်တဲ့” ကျန်ကျောင်းက တိုက်တွန်းပြောဆိုသည်။

ကျန်ကျောင်းပြောသည်ကို ရီဖူရှင်း ကြားသောအခါ သူက မူးမေ့လောက်အောင် လှပသည့် မိန်းမတစ်ယောက်ကို သတိရလိုက်ကာ တစ်ခဏမျှ တွေဝေသွားသည်။ သူက ခေတ္တ တွေးလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ “ကောင်းပြီလေ”

ပြောရလျှင် ယောင်းချီက သူ့မိတ်ဆွေဖြစ်သည်။ သူမက သူ့ကို တက်ရောက်ဖို့ တောင်းဆိုမှတော့ သူက သွားရပေမည်။ သူက စိတ်အပန်းပြေရန် ခဏတစ်ဖြုတ် အနားယူရန်လိုကြောင်း တွေးမိသည်။

ကျန်ကျောင်းက ဘာမှမပြောဘဲ ထွက်ခွာ သွားတော့သည်။

အင်ပါယာရှားဘုံတွင် ယောင်းထိုင် တည်ခင်းဧည့်ခံပွဲသည် လူတို့၏ စိတ်လှုပ်ရှားမှုကို ပေးစွမ်းသည်။

ယောင်းထိုင်နန်းတော်သည် အင်ပါယာရှားဘုံတွင် ကျော်စောသည်။ အင်ပါယာရှားဘုံတွင် အနောက်ဘက်ဒေသရှိ နတ်မိမယ်ကျွန်းသည် လှပသော မိန်းမပျိုများနှင့် များပြားလှသော နတ်မိမယ်များကြောင့် လူသိများသည်။

ယောင်းထိုင်နန်းတော်၏ အရှင်သခင်မှာ အနောက်ဘက် ဒေသ၏အရှင်မဟု လူသိများပြီး အင်ပါယာရှားဘုံ၏ အနောက်ဘက်ဒေသ၊ နတ်သမီးကျွန်းမှ ရှန့်ထိုအားလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သူမက နယ်မြေတစ်ခုလုံးတွင် အထူးချွန်ဆုံးသူ ဖြစ်သည်။ သူမငယ်စဉ်က သူမ၏ အလှဂုဏ်သတင်းသည် လောကတခွင်ကို ပျံ့နှံ့ခဲ့သည်။ သူမသည် အင်ပါယာရှားဘုံ၏ နံပါတ်တစ် အလှဘုရင်မဟူသော ဘွဲ့အတွက် ဧကရီရှောင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ယောင်းထိုင် တည်ခင်းဧည့်ခံပွဲက နှစ်စဉ်ကျင်းပခြင်းမျိုး မဟုတ်ဘဲ လန်ယွဲ့အချိန်အခါ၌ တစ်ကြိမ်သာ ကျင်းပသည်။

(Note: လန်ယွဲ့=Blue Moon ဆိုတာက လ(month)တစ်လမှာ လပြည့်နှစ်ခါ ထပ်ခဲ့ရင် ဒုတိယ လပြည့်ကို blue moon လို့ ခေါ်ပါတယ်)

သို့သော်လည်း ယောင်းထိုင်တည်ခင်း ဧည့်ခံပွဲ ကျင်းပသည့်အခါတိုင်း ယောင်းထိုင် နန်းတော်တွင် အရေးပါသော အကြောင်းအရာတစ်ခုနှင့်လည်း ဒွန်တွဲနေတတ်၏။

အင်ပါယာရှားဘုံမှ လူများက သည်နှစ် ယောင်းထိုင်နန်းတော်တွင် ယောင်းထိုင် တည်ခင်းဧည့်ခံပွဲ ကျင်းပရခြင်းမှာ လက်ရှိ ယောင်းထိုင်သမီးတော် ယောင်းချီအတွက် တာအိုလက်တွဲဖော် ရှာရန်ဖြစ်သည်ဟု ထင်ကြေးပေးကြသည်။ ယောင်းထိုင်နန်းတော်သည် အမျိုးသမီးကျင့်ကြံသူများ အတွက် ဖြစ်သော်လည်း တာအိုလက်တွဲဖော် ရှာခြင်းကို ကန့်သတ်မထားပေ။ ယောင်းထိုင်နန်းတော်ရှိ နတ်မိမယ်များတွင် တာအိုလက်တွဲဖော်များ ရှိကြပြီး သူတို့သည် အပြင်တွင် ကျင့်ကြံကြသည်။ တစ်ဖက်တွင်လည်း သူတို့၏ ကြင်ဘက်ဖြစ်ရန်မှာ ခက်ခဲပေ၏။

ယောင်းထိုင်နန်းတော်တွင် စုံတွဲများကျင့်ကြံရန် သင့်တော်သော ကျင့်စဉ်များ ရှိသည်ဟု ဆိုကြသည်။

အင်ပါယာရှားဘုံမှ တန်ခိုးရှင်များမှာ ယောင်းထိုင်နန်းတော်၏ နတ်မိမယ်များကို စိတ်ကူးယဉ်သူ များစွာ ရှိသည်။ သို့သော် အောင်မြင်သူများကတော့ ရှားပါးနေဆဲ ဖြစ်၏။

အင်ပါယာရှားဘုံမှ လူတို့သည် သည်တစ်ချိန်၌ လက်တွဲဖော် ရွေးချယ်မည့်သူမှာ ယောင်းချီဖြစ်သည်ဟု မှန်းဆကြ၏။ ယောင်းထိုင်နန်းတော်၏ သမီးတော်တစ်ပါး အနေဖြင့် ယောင်းချီ၏ အလှမှာ ပြိုင်ဘက်ကင်းသည်။ လူအများသည် သူမက အင်ပါယာရှားဘုံ၏ နံပါတ်တစ်အလှလေး ဘွဲ့နာမနှင့် ထိုက်တန်သည်ဟု ဆိုကြသည်။

သည်အကြောင်းပြချက်ကြောင့် ယောင်းထိုင် တည်ခင်းဧည့်ခံပွဲကို လူတိုင်းက စိတ်ဝင်စားကြပေသည်။

ထိုဖိတ်ကြားလွှာကို လက်ခံရရှိသူများမှာ အင်ပါယာရှားဘုံရှိ နာမည်ကျော်ကြားသော ပါရမီရှင်များသာ ဖြစ်ကာ သာမန်လူများကား အနားပင် မသီနိုင်ပေ။

အင်ပါယာရှားဘုံ အစွန်အဖျားမှ လူများကလည်း ယောင်းထိုင်နန်းတော် အနောက်ဘက်ဒေသ၏နတ်သမီးကျွန်းသို့ ထွက်ခွာလာကြပြီ ဖြစ်သည်။

ရီဖူရှင်းကလည်း သူကိုယ်တိုင် ထွက်ခွာဖို့ ပြင်ဆင်နေလေသည်။

သို့သော်လည်း ရီဖူရှင်း မထွက်ခွာခင်မှာ ကော့တေးသို့ တစ်စုံတစ်ယောက် ရောက်လာပြီး သူ့ရှေ့တွင် ပေါ်လာ၏။

ရောက်လာသည့် လူမှာ အင်ပါယာရှားနန်းတော်မှ ကိုယ်ရံတော် တစ်ဦးဖြစ်သည်။ သူက အမိန့်တော်ကို သယ်ဆောင်လာခြင်း ဖြစ်၏။

“ရှန့်ထိုရီ…” ကိုယ်ရံတော်က ရီဖူရှင်းကို ဦးညွှတ်ကာ နှုတ်ဆက်သည်။ အခုချိန်တွင် ရီဖူရှင်းသည် ရောင့်ရဲစွာဖြင့် အခြားဂုဏ်ပုဒ်များ ဘာမှမပါရှိဘဲ သူ့မျိုးနွယ်နာမည်သာ တပ်ကာ ရှန့်ထိုရီ ဟူ၍ ခေါ်စေသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ မေးသည်… “ဘာသတင်းများ လာပို့တာလဲ”

“မင်းသမီးက ရှန့်ထိုရီကို သတိပေးလိုက်ပါတယ်။ ရှန့်ထိုရီက အခု မဟာလမ်းစဉ်ကို ဝင်ရောက်ခဲ့ပြီဆိုပေမဲ့ ကျင့်ကြံခြင်းလမ်းစဉ်က အနာဂတ်မှာ ပိုပြီး ခက်ခဲလာပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရောင့်ရဲမနေဖို့ မှာလိုက်ပါတယ်။ ရွှေကြာပန်းခန်းမမှာ ကျင့်စဉ်တွေ အများကြီး ရှိတာမို့လို့  အဲဒီမှာ သွားရောက် လေ့ကျင့်တာက ကျင့်ကြံမှုလမ်းစဉ်ကို ပိုပြီး နားလည် သဘောပေါက် လာပါလိမ့်မယ်။ အဲဒါကြောင့် ရှန့်ထိုရီက နောက်ထပ် ဗဟုသုတတွေ စုဆောင်းဖို့အတွက် နန်းဆောင်သို့ လိုက်ခဲ့စေချင်ပါတယ်။ ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို မေ့ပစ်ပြီး လျစ်လျူရှူမထားပါနဲ့လို့ မင်းသမီးက မိန့်လိုက်ပါတယ်” သတင်းပို့သူက ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်… “မင်းသမီးကို ကျေးဇူးအများကြီး တင်ပါတယ်”

သတင်းပို့သူက ခေါင်းညိတ် လိုက်သော်လည်း ပြန်မည့် အရိပ်အယောင်မရှိပေ။ ရီဖူရှင်းက သူ့ကို ကြည့်လိုက်ပြီး သတင်းပို့သူကလည်း ရီဖူရှင်းကို ကြည့်နေသည်။ အခြေအနေက အနည်းငယ် ထူးဆန်းနေ၏။

“တစ်ခုခုများ ရှိသေးလို့လား” ရီဖူရှင်းက ပြန်ရန် တုတ်တုတ်မလှုပ်သည့် သတင်းပို့သူကို မြင်တဲ့အခါ မေးလိုက်ရသည်။

“မရှိပါဘူး” သတင်းပို့သူက ခေါင်းကို ခါယမ်းသည်။

“ဒါဆို…” ရီဖူရှင်းက ကိုယ်ရံတော်ကို ထူးဆန်းစွာ ကြည့်သည်။

ကိုယ်ရံတော်က မေးသည်… “ဒါဆို ရှန့်ထိုရီက ရွှေကြာပန်းခန်းမကို လေ့ကျင့်ဖို့ မသွားဘူးလား”

“ရီဖူရှင်းက မင်းသမီးရဲ့ စကားကို နားလည်တာမို့လို့ နောက်တစ်ခါကျရင် လေ့ကျင့်ဖို့ လာခဲ့မယ်လို့ ပြောလိုက်ပါ” ရီဖူရှင်း ပြန်ဖြေသည်။

“အင်း …” ကိုယ်ရံတော်က ခေါင်းညိတ်လိုက်သော်လည်း ပြန်ထွက်ခွာမည့် အမူအရာမှ မပြပေ။

“ဒါဆို ကျုပ်ရဲ့ စကားလေး ပြန်ပါးပေးပါဦး” ရီဖူရှင်း ပြောသည်။

“ကောင်းပါပြီ” သတင်းပို့သူက ခေါင်းညိတ်လိုက်ကာ ရီဖူရှင်းကို နက်ရှိုင်းစွာ ကြည့်နေသည်။ နောက်ဆုံးတွင်မှ သူက ပြန်ထွက်ခွာ သွားတော့သည်။

ရီဖူရှင်းက သတင်းပို့သူ ထွက်ခွာသွားသည်ကို မြင်လျှင် စကားတစ်ခွန်း ဆိုသည်… “ငါတို့ သွားသင့်ပြီ”

“သွားကြမယ်” သိမ်းငှက်နက်က စိတ်လှုပ်ရှားစွာနှင့် ရေရွတ်သည်။ သူ့ဆရာက အမြဲ အထက်စီးဆန်တာပဲ။

ကောင်းပါတယ်.. ဒီတစ်ကြိမ်တော့ သူတို့က ယောင်းထိုင်သမီးတော်ကို အပိုင်သိမ်းရမယ်။ သိမ်းငှက်နက်က ထိုသို့တွေးလိုက်လျှင် ပို၍ပင် စိတ်လှုပ်ရှား လာတော့သည်။

အတိတ်မှ အတွေ့အကြုံများက မှတ်ဉာဏ်အဖြစ် ကျန်ရစ်နေပြီး သိမ်းငှက်နက် အတွက်တော့ တကယ့်ကို မမေ့နိုင်စရာ ဖြစ်သည်။

သူက ယောင်းချီကို ယခင်က မြင်ဖူးခဲ့သည်။ အင်ပါယာရှား နန်းတော်မှ နတ်ဆိုးမနှင့် ယှဉ်လျှင် ယောင်းချီက ပို၍ နူးညံ့လေသည်။

သိမ်းငှက်နက်စိတ်ထဲမှာ တိတ်တိတ်လေး တွေးနေသည့် အတွေးကိုသာ ရှားရှင်းယွန် သိလျှင် သူမက မည်သို့နေမည် မသိပေ။

နတ်ဆိုးမတဲ့လား …

***


Comment

Leave a Reply


Options

not work with dark mode
Reset