အခန်း (၃၀)

မျက်ဝန်းထဲကနတ်ဘုရား

အခန်း (၃၀) မျက်ဝန်းထဲကနတ်ဘုရား

ဆန်းလျန်က သူကိုယ်တိုင် လုပ်ထားသည့် စန္ဒကူးဓားကို ကိုင်ထားဆဲ ဖြစ်လေသည်။ စန္ဒကူး ရနံ့က သူ့စိတ်ကို ငြိမ်းချမ်းစေသည်။

သို့သော် သူ စိတ်အနှောင့်အယှက် ဖြစ်နေဆဲ ဖြစ်လေသည်။ အခန်းတစ်ခုလုံးက အေးစိမ့် နေသည့် တိုင်အောင် ပူလောင်ခြင်းကလည်း ရောယှက်နေလေသည်။ နွေခေါင်ခေါင်မှာ ရေခဲ နေသကဲ့သို့ပင်။

လူငယ်၏ လက်က ယန်သခင်မ၏ ခန္ဓာကိုယ်ကို ပွတ်သပ် နေလေသည်။ လူငယ်၏ အထိအတွေ့ တွင် ယန်သခင်မမှာ ရှက်သွေးဖြာနေပြီး အလိုလိုပင် ညည်းတွား နေမိလေသည်။ လူငယ်က သူ၏ စွမ်းအားကို သုံးလိုက်ပြီး ကြမ်းတမ်းစွာ လုပ်လိုက်သည့်အတွက် ယန်သခင်မက မကျေမနပ်ဖြင့် တစ်ချက် အော်လိုက်လေသည်။

“မင်းဆရာက ဘယ်သူလဲ။ငါတို့ နောက်ဆုံး တွေ့ခဲ့ကြတုန်းက မင်းငါ့ကို ထိခိုက်အောင်လုပ်တာ လက်စား မချေရသေးဘူး”

လူငယ်က ပြောလိုက်သည်။

လူငယ်၏ မျက်လုံးထောင့်တွင် အနက်ရောင် အစင်းကြောင်းများ ရှိနေပြီး မိစ္ဆာ အရိပ်အငွေ့ လက္ခဏာ ဖြစ်လေသည်။

“တော်တော် စကားများတာပဲ”

ဆန်းလျန်က ပြောလိုက်ပြီး သစ်သားဓားကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ဓားချက်မှာ လေနှင့်မိုးများ သည်းထန်လာသလို အရှိန်အဟုန် ပြင်းထန်လေသည်။

ဆန်းလျန်မှာ ဓားသိုင်းပညာကို မည်သူ့ထံကမှ မသင်ခဲ့ဖူးပေ။ ထို့ပြင် သူက တကယ်တမ်း သိုင်းကွက်ထုတ်ပြီး တိုက်ခိုက်လိုက်ခြင်း မဟုတ်သောကြောင့် သူ၏ ဓားချက်မှာ ကလေးကစား သကဲ့သို့ပင် ဖြစ်လေသည်။

သို့သော် လူငယ်၏ မျက်ဝန်းထဲတွင်တော့ ထိုတိုက်ခိုက်မှုက ထူးခြား နေလေသည်။ ဓားသွားမှာ တုန်ခါနေပြီး အလင်းစက်ကလေးများ ဖြာထွက် နေလေသည်။

ထို အလင်းစက် ကလေးများမှာ တောက်ပပြီး သန့်စင်လေသည်။

ဆန်းလျန်၏ မျက်ဝန်းအရောင်က တဖြည်ဖြည်း မှေးမှိန်လာပြီး အလင်းစက် ကလေးများကတော့ ပိုပြီး များပြားလာကာ တောက်ပ လာကြလေသည်။

ထို အလင်းစက် ကလေးများကို တခြားသူများ မမြင်ရပေ။ စာပေသမား လူငယ်တစ်ယောက်သာ မြင်ရခြင်း ဖြစ်လေသည်။

ဤသည်မှာ နတ်သက်ခြွေ ဓားသိုင်း၏ ထူးခြားဆန်းပြားသော အစွမ်းပင် ဖြစ်လေသည်။ ထိုဓားသိုင်းက ဝိညာဉ်များကိုပင် ဖမ်းဆီး သတ်ဖြတ်နိုင်လေသည်။ ထိုဓားသိုင်းမှာ သာမန် ဓားသိုင်းတစ်ခု မဟုတ်ပေ။ ထို့ပြင် ထိုဓားသိုင်းကို အသုံးပြုရန် အတွက် အတွင်းအားလည်း လိုအပ်ခြင်း မရှိပေ။ ထိုဓားသိုင်းက ကျောက်တုံးများကို ဖြိုခွင်းနိုင်ပြီး သံမဏိကို ပိုင်းဖြတ် နိုင်ခြင်းလည်း မရှိပေ။ သို့သော် စာပေသမား လူငယ်အတွက်တော့ ထိုဓားသိုင်းမှာ များစွာ ကြောက်စရာ ကောင်းနေ လေတော့သည်။

လူသားတိုင်းတွင် ဝိညာဉ်နှင့် စိတ်ဝိညာဉ် နှစ်ခု ရှိလေသည်။ နှလုံးသားက ဖြစ်ပေါ်သည့် ဆန္ဒတိုင်းက အတွေးစိတ်ကူးများ အဖြစ်သို့ ကူးပြောင်းသွားသည်။ တချို့ အချိန်များတွင် အတွေး စိတ်ကူးများမှာ မပျက်စီးဘဲ တည်ရှိနေပြီး သူတို့ကိုယ်သူတို့ ပြန်လည် တိုက်ခိုက်ကြလေသည်။ အချိန်ကာလတစ်ခု ကြာလာသည့် အခါတွင်တော့ ထိုအတွေး စိတ်ကူးများက ထိုးဖောက် ထွက်ပေါ်လာပြီး နတ်ဘုရား သို့မဟုတ် မိစ္ဆာများ ပေါ်ပေါက် လာရလေသည်။

စာပေသမား လူငယ် ဖြစ်တည်လာရခြင်းမှာ ထိုသို့သော လူတို့၏ အတွေးများကြောင့် ဖြစ်လေသည်။ လိုချင် လောဘနှင့် ရမ္မက် ဆန္ဒများကြောင့် ဖြစ်ပေါ် လာရခြင်း ဖြစ်လေသည်။ ထို့ကြောင့် လူငယ်၏ ဝိညာဉ်စွမ်းအားမှာ မသန့်စင်သည့်တိုင် စွမ်းအားပြည့်ဝလျက် ရှိပြီး လွတ်လပ်စွာ တည်ရှိနိုင်ခြင်း ဖြစ်လေသည်။

ထိုလူငယ်ကြောင့် ဆန်းလျန်ပင် စိတ်မကြည်မလင် ဖြစ်နေခဲ့ရသည် မဟုတ်ပါလား။ ဤသို့ ဖြစ်ရသည်မှာ ဒေါသအမျက် အတွေးစိတ်ကူးကြောင့် ဖြစ်လာရခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်က အတွေးစိတ်ကူးများ၏ နှောင့်ယှက်ခြင်းမှ ကင်းလွတ်လေသည်။ ထို့ကြောင့် သူ၏ ဝိညာဉ်က သန့်စင်နေခြင်း ဖြစ်လေသည်။

ထို့ကြောင့် မိစ္ဆာလွှမ်းမိုးမှု ဝင်ရောက်နိုင်ခြင်း မရှိပေ။

စာပေသမား လူငယ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တွေ့ခဲ့ဖူးသည့် လူတစ်ယောက်ကို သတိ ရလိုက်မိသည်။ ထိုသူမှာ ဆန်းလျန်ကဲ့သို့ပင် ဖြစ်လေသည်။

ထိုသူမှ သာမန်လူသား တစ်ယောက်ပင် ဖြစ်ပြီး စာပေသမား တစ်ယောက်လည်း ဖြစ်လေသည်။ သူ့အတွေးများက မြင့်မြတ်ပြီး အာရုံစူးစိုက်မှု အားကောင်းလေသည်။

ထိုသူက သူတို့ ညီအစ်ကိုငါးယောက်၏ ဝတ်ကျောင်းတော်ကို ဖျက်ဆီး ပစ်ခဲ့သည့်အပြင် သူတို့ပုံသဏ္ဌာန် ရွှေရုပ်တုများကိုပါ ဖျက်ဆီး ပစ်ခဲ့လေသည်။ ထို့ကြောင့်ပင် သူတို့မှာ လောက အလယ်တွင် ဦးတည်ရာမဲ့ လျှောက်သွား နေခဲ့ရသည်။ ယခုမှ ရွှီဟုန်ကို လှည့်စားပြီး တဖြည်းဖြည်း အခြေကျအောင် ကြိုးစားနေရခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ တိုက်ခိုက်မှုမှာ လက်တွေ့ မကျလှပါ။ သိုင်းပညာ ကျွမ်းကျင်သည့် သိုင်းလောကသား တစ်ယောက်သာ တွေ့ သွားပါက နှာခေါင်း ရှုံ့ချင်စရာ သိုင်းကွက်မျိုး ဖြစ်လေသည်။

သို့သော် …

သူ၏ သိုင်းကွက်တွင် ကောင်းမြတ်ခြင်း တန်ခိုးများ ရှိနေသလို ထူးခြားသည့် အရှိန်အဟုန်လည်း ရှိနေလေသည်။

သိုင်းလောကသား နှစ်ယောက် တိုက်ခိုက်သည် ဆိုရာဝယ် သိုင်းကွက်က အဓိက မကျပေ။ ပြိုင်ဘက်ကို အနိုင်ရသည့် သူကသာ အတော်ဆုံး သိုင်းသမား ဖြစ်လေသည်။

“အစိမ်းရောင် သစ်သီးခူး” သိုင်းကွက်ကဲ့သို့ ရိုးရှင်းသည့် သိုင်းကွက်ကို အသုံးပြုမည် ဆိုပါက ထိုသိုင်းကွက်မှာ အစိမ်းရောင် နာနတ်သီးပင်များ ရှိရာ တောင်ထိပ်တွင် နူးညံ့စွာ တိုက်ခတ်သွားသည့် လေပြေလေးကဲ့သို့ နူးညံ့ ဖြည်းညင်းသည့် သိုင်းကွက် ဖြစ်လေသည်။ သို့သော် ထိုသိုင်းကွက်တွင် လှည့်ကွက်ပေါင်း များစွာ ပါဝင်လေသည်။

သို့သော် ထိုသိုင်းကွက်ကို စတင် တိုက်ခိုက်သည့် အချိန်တွင် အသုံးပြုမည် ဆိုပါက ပြိုင်ဘက်က အလွယ်တကူပင် ခုခံ နိုင်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထို သိုင်းကွက်တွင်းသို့ အတွင်းအား ထည့်နေသည့် အချိန်မှာပင် ဖြည်းညင်းသည့် သိုင်းကွက် ဖြစ်သည့်အတွက်ကြောင့် တိုက်ခိုက်ရန် ခက်ခဲသွားပြီး အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။

သိုင်းသမား တစ်ယောက်သည် အချိန်ကိုက် လှုပ်ရှားမှုက အရေးကြီးလေသည်။ နှောင့်နှေးနေမည် ဆိုလျှင် ပြိုင်ဘက်၏ တိုက်ခိုက်မှုက တရစပ် ဝင်ရောက်လာမည် ဖြစ်လေသည်။ တရစပ် တိုက်ခိုက်မှုအရှိန် ရလာလျှင်တော့ “အစိမ်းရောင် သစ်သီးခူး” သိုင်းကွက်မှာ “လူတစ်ယောက်၏ တိုက်စစ်” အဖြစ်သို့ ကူးပြောင်း သွားပေလိမ့်မည်။

ဆန်းလျန်၏ သိုင်းကွက်မှာ နာမည်ပင် မရှိပေ။ ထင်ရှားသည့် သိုင်းကွက် ပြောင်းလဲမှုလည်း မရှိပေ။ သို့သော် တုန်ခါနေသည့် ဓားသွားမှာ အရိပ်များ ဖြာထွက်နေလေသည်။ မည်သည်က ဓားသွား အစစ်အမှန်ဖြစ်ပြီး မည်သည်က ဓားရိပ် ဖြစ်သည်ကိုပင် ခွဲခြား၍ မရနိုင်ပေ။ ထို့ကြောင့် ဆန်းလျန်မှာ ဘက်ပေါင်းစုံမှ တိုက်ခိုက် လာနိုင်လေသည်။

စာပေသမား လူငယ်က ယန်သခင်မကို ဆွဲယူလိုက်ကာ သူ၏ ရှေ့တွင် ဒိုင်းသဖွယ် ကာထား လိုက်လေသည်။

သူက နတ်မိစ္ဆာ တစ်ပါးဖြစ်ပြီး လူ့ကျင့်ဝတ်၊ တရားမျှတမှု၊ ဖြောင့်မတ်ခြင်းနှင့် ဂုဏ်သိက္ခာ တရားများကို ဂရုစိုက်သည့်သူ မဟုတ်ပေ။ တရားမျှတမှု၊ စိတ်ထားမြင့်မြတ်မှုနှင့် လူသားဆန်မှုတို့ သူ့တွင် မရှိပေ။ သူ့ကိုယ်သူသာ ဂရုစိုက်သူ ဖြစ်လေသည်။

သစ်သားဓားမှာ လေထုထဲတွင် တစ်ဖြောက်ဖြောက် အသံများ ထွက်နေလေသည်။ ထိုအသံမှာ ရွှေနှင့်ကျောက်တုံး တိုက်ခတ်မိသည့် အသံကဲ့သို့ ရှင်းလင်းပြီး တိကျလေသည်။

ဓားသွားမှာ ယန်သခင်မ၏ ရင်ဝကို မထိုးမိခင်မှာပင် ရပ်တန့် သွားလေသည်။

လူငယ် စာပေသမားက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူက ဆန်းလျန်ကို သူ၏လက်မှ ထွက်ပေါ်လာသည့် အနက်ရောင် အငွေ့များဖြင့် ဗျပ်စောင်းတစ်ခု ဖန်တီးကာ တီးခတ် လိုက်လေသည်။

ဆန်းလျန်၏ ဓားသွားဆီမှ အလင်းစက် ကလေးများမှာ ကြယ်များ ကြွေသကဲ့သို့ အစုလိုက် အပြုံ လိုက် တောက်ပ လာကြလေသည်။

မိုးလေ ကင်းစင်ပြီး တောက်ပနေသည့် မိုးကောင်းကင်ကဲ့သို့ပင်။

ဆန်းလျန်၏ ဓားမှာ သစ်သားဓားလေး တစ်ချောင်းမျှသာ ဖြစ်သော်လည်း အေးစိမ့်စိမ့် အငွေ့အသက်များ လွှမ်းခြုံ နေသောကြောင့် ယန်သခင်မမှာ ကျောထဲ စိမ့်သည်အထိ ကြောက်ရွံ့သွားကာ သတိ လစ်သွားရလေသည်။

သို့သော် အလင်းရောင် စက်ကလေးများမှာ ယန်သခင်မကို ထိခိုက်ခြင်း မရှိခဲ့ပါ။ ထို အရာလေးများသည်  လူငယ် စာပေသမား၏  အနက်ရောင် အငွေ့များဖြင့် ဖန်တီးထားသည့် ဗျပ်စောင်းဆီသို့ ဦးတည် တိုက်ခိုက် လိုက်လေသည်။ ထိုမိစ္ဆာ ဗျပ်စောင်းမှာ လူတို့၏ အတွေး စိတ်ကူးများမှာ ဖြစ်ပေါ်လာသည့် အရာ ဖြစ်သောကြောင့် ထိုဗျပ်စောင်းသံမှာ လူတစ်ယောက်ကို ရူးသွပ် သွားစေနိုင်ပြီး အသိစိတ် ကင်းမဲ့ သွားစေလေသည်။

သို့သော် အလင်းရောင် စက်လေးများမှာ သန့်စင် မြင့်မြတ်သည့် အရာ ဖြစ်သောကြောင့် အနက်ရောင် အငွေ့များကို နှင်းနှင့် ရေခဲကဲ့သို့ ဖွေးဖွေးဖြူအောင် သန့်စင် ပစ်လိုက်လေသည်။

“ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်က အင်မတန် သန့်စင်တာပဲ။ ငါသာ သူ့ကို စုပ်ယူလိုက်မယ် ဆိုရင် …”

လူငယ် စာပေသမားက တွေးလိုက်လေသည်။

ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ လောဘတရားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ ဤမျှ သန့်စင်သည့် ဝိညာဉ်ကို သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်လေသည်။ သူအရင်က တွေ့ခဲ့ဖူးသည့် သူတို့အား ဖျက်ဆီးခဲ့ဖူးသော မြင့်မြတ်သော စာပေသမား၏ ဝိညာဉ်နှင့်လည်း မတူညီပေ။ မြင့်မြတ်သည့် စာပေသမား၏ ဝိညာဉ်မှာ နေရောင်ကဲ့သို့ ပူလောင် လွန်းလေသည်။

ဆန်းလျန်၏ အတွေးအာရုံများက ဤအတိုင်း သန့်စင်နေခြင်း ဖြစ်သလို သူ၏ ဝိညာဉ်စွမ်းအား ကလည်း မြင့်မားလေသည်။ သူ၏ ဝိညာဉ်မှာ များစွာသော ကျင့်စဉ်များကို ကျင့်ကြံထားခြင်း မရှိသေးသလို ရောနှောပေါင်းစပ် ထားမှုများလည်း မရှိသေးပေ။

စာပေသမား လူငယ်သာ ဒီလို ဝိညာဉ်မျိုး ရခဲ့လျှင် သူ၏ အစွမ်းများမှာ သိသိသာသာ တိုးတက်သွားမည် ဖြစ်လေသည်။

သူ့ အကျိုးအတွက်သာ တွေးနေသော စာပေသမားလူငယ်သည် ဝတ်ကျောင်းတော်တွင် အတူတူ ကျင့်စဉ် ကျင့်ကြံကြသည့် သူ၏ အစ်ကိုလေးယောက်ကိုပင် အကြောင်း မကြားတော့ရန် ဆုံးဖြတ် လိုက်လေသည်။

ရုတ်တရက် အနက်ရောင် မြူခိုးများသည် အခန်းတစ်ခုလုံး ပြည့်နှက် သွားလေသည်။ ရှည်လျားသည့် အစွယ်ကြီးနှစ်ခု ထွက်နေသည့် ဝက်ခေါင်းကြီးတစ်ခု အခန်းထဲတွင် ပေါ်လာလေသည်။

ထိုအရာမှာ တောဝက်သိုးကြီး တစ်ကောင် ဖြစ်ကြောင်း ဆန်းလျန် ကောင်းကောင်းသိလေသည်။ ရှည်လျားသော အမွေးများ ရှိနေပြီး ထိုအမွေးများမှာ သံမဏိကဲ့သို့ မာကျောနေလေသည်။ အစွယ် များမှာလည်း မပျက်စီးဘဲ ထက်မြက် နေကြလေသည်။

အမှန်တော့ စာပေ သမားလူငယ်မှာ တောင်ပေါ်မှ တောဝက်သိုးကြီး တစ်ကောင် ဖြစ်လေသည်။ သူက အခြားသော သူများ၏ ဝိညဉ်များကို စုပ်ယူပြီး အလင်းဓာတ် ရရှိ လာခဲ့လေသည်။

ထို့နောက်တွင်တော့ သူ၏ ညီအစ်ကိုလေးယောက်နှင့် ဆုံတွေ့ပြီး ကျင့်ကြံသူတစ်ဦး ချန်ထား ခဲ့သည့် ဝတ်ကျောင်းတော်တစ်ခုတွင် နေထိုင်ကာ သူတို့၏ ဝိညာဉ် စွမ်းအားများ မြင့်မားလာရန်အတွက် လူများ၏ အတွေး စိတ်ကူးများကို စတင်စုပ်ယူ ခဲ့ကြလေသည်။ အံ့သြစရာ အစွမ်းထက်လွန်းသည့် တန်ခိုးစွမ်းအားများကို သူတို့ရရှိ ခဲ့ကြလေသည်။

သူတို့က ရွာများတွင် လှည့်လည်နေထိုင်ပြီး အသိဉာဏ် မြင့်မားခြင်း မရှိသည့် ရွာသားများကို ဖမ်းစားကာ နေထိုင် ကြလေသည်။ သူတို့၏ အတောမသတ်နိုင်သည့် လောဘရမ္မက်များနှင့် လူ့ အဖွဲ့အစည်းတွင် စတင် နေထိုင်ရန် ကြိုးစား ခဲ့ကြလေသည်။

ထို့နောက်တွင်တော့ လူများက ဝူထုန် နတ်ဘုရားများဟု သိလာ ကြလေသည်။

လူတို့၏ စိတ်ကို မကောင်းသော အတွေးများ ကပ်ညှိစေသည့် ကပ်ရောဂါ ဆိုက်ကပ်စေသည့် နတ်မိစ္ဆာ ငါးပါးဟုလည်း သိလာ ကြလေသည်။

သို့သော်လည်း အချို့လူများကတော့ သူတို့အတွက် ဝူထုန် ဝတ်ကျောင်းတော် ဆောက်လုပ် ကိုးကွယ် ကြပြန်သည်။ ထိုကဲ့သို့ ကိုးကွယ် သူများကြောင့်ပင် သူတို့အတွက် ပိုပြီး အခွင့်အရေးများ ရရှိနေခဲ့ခြင်း ဖြစ်လေသည်။

သူတို့၏ လွှမ်းမိုးမှု ကြီးထွားလာသည့်တိုင် သူတို့တွင် ကောင်းမွန် မြင့်မြတ်သည့် တန်ခိုး စွမ်းအားများတော့ မရရှိကြပေ။ သို့သော် သူတို့သည် လူများ၏ အိပ်မက်တွင်းသို့ ဝင်ရောက်နိုင်သည့် အစွမ်း ရှိလေသည်။

လူသားများ၏ အတွေး စိတ်ကူးများကို စုပ်ယူလေ သူတို့က ပိုပြီး လူသားအသွင် ဖန်ဆင်း နိုင်လာလေ ဖြစ်လေသည်။ ထိုသို့ ဖန်ဆင်း နိုင်လာသည့်အတွက် လူသားများကို ပိုပြီးပြုစား နိုင်လာကြလေသည်။

သို့သော် သူတို့မှာ နတ်ဆိုး မိစ္ဆာများသာ ဖြစ်ကြသည့်အတွက် လူ့လောက ကောင်းကျိုးကို ဂရုစိုက်ခြင်း မရှိကြပါ။ အထူးသဖြင့် စာပေသမား လူငယ်အသွင် ယူထားသည့် နတ်ဆိုးမှာ အပြစ်မရှိသည့် မိန်းကလေးပေါင်းများစွာကို အနိုင်ကျင့် ဖျက်ဆီးခဲ့လေသည်။ ထို့ကြောင့်ပင် မြင့်မြတ်သည့် စာပေသမားက သူတို့ကို နှိမ်နင်းဖို့ မျက်စိ ကျခဲ့ခြင်း ဖြစ်လေ သည်။

ဝူထုန် နတ်မိစ္ဆာငါးပါးမှာ တိရစ္ဆာန်များ ဖြစ်ကြလေသည်။ တန်ခိုးစွမ်းအားများ ရရှိလာပြီး နောက်ပိုင်း သူတို့က သူတို့ဘဝ အစစ်အမှန်ကို မေ့သွား ကြလေသည်။

သို့သော် မြင့်မြတ်သည့် စာပေသမားကိုတော့ သူတို့၏ တန်ခိုးအစွမ်းများက လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပါ။ သူတို့၏ နတ်ရုပ်တုများမှာ တစ်စစီ ရိုက်ချိုး ခံခဲ့ရပြီး သူတို့မှာလည်း ဒဏ်ရာများနှင့် ခွေးပြေးဝက်ပြေး ပြေးခဲ့ရလေသည်။

လူငယ် စာပေသမား နတ်မိစ္ဆာမှာ ဒဏ်ရာသိပ်ပြီး ပြင်းပြင်းထန်ထန် ရရှိခဲ့ခြင်း မရှိပေ။ ထို့ကြောင့်သူက လျင်မြန်စွာပင် ပြန်လည် နေကောင်းလာခဲ့လေသည်။ ထို့နောက်တွင်တော့ ရွှီအိမ်တော်ကို ပြုစားကာ ဒုက္ခပေးခဲ့ခြင်းဖြစ်လေသည်။

ဝူထုန် နတ်ဘုရားငါးပါးတွင် စာပေသမား လူငယ်အသွင် ဖန်ဆင်းထားသည့် ဝက်သိုး နတ်မိစ္ဆာမှာ အဆိုးဆုံး နတ်မိစ္ဆာ ဖြစ်လေသည်။

ထို့ကြောင့်ပင် သူက ဆန်းရော့ရှီ၏ အိပ်မက်ထဲသို့ ဝင်ပြီး ပြုစားခဲ့ခြင်း ဖြစ်လေသည်။ သူက ဆန်းအိမ်တော်ကို လွှမ်းမိုးချုပ်ကိုင်ပြီး သူ၏ ကျင့်စဉ်အတွက် အကျိုးအမြတ်ရရန် အသုံးချလိုခြင်း ဖြစ်လေသည်။

အနက်ရောင် မြူခိုးများကြားမှ ဝက်သိုးရိုင်းကြီးမှာ ဆန်းလျန်ဆီသို့ တန်းတန်းမတ်မတ် ပြေးလာလေသည်။

ဆန်းလျန်က ရုပ်တု တစ်ခုအလား သူ့နေရာတွင် ရပ်နေပြီး လုံးဝ ရွေ့လျားခြင်း မရှိပေ။

ရုတ်တရက်ပင် ဆန်းလျန်နှစ်ယောက် ဖြစ်သွားပြီး တစ်ယောက်မှာ ဓားကိုကိုင်ကာ မလှုပ်မယှက် ရပ်နေပြီး နောက်တစ်ယောက်ကတော့ မြေပြင်မှ အထက်သို့  လွင့်မျော ပျံတက်သွားလေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset