အပိုင်း(၁၁၆၄)

အပြစ်ဒဏ်

ရှီဟွာတောင်ရှန့်ထိုက နောက်ဆုံးတော့ စကားပြောလာသည်။ သူ့တွင် ရွေးချယ်စရာ မရှိပေ။

ယခုအချိန်တွင် ရီဖူရှင်းနှင့်ပဲ သူရင်ဆိုင်ရသည် မဟုတ်ပေ။ မင်းသမီး ရှားရှင်းယွန်ကလည်း အခြားလူများကို သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ သူ့အနေဖြင့် ထွက်ပြေး လွတ်မြောက်စရာ လမ်းမရှိပေ။

တော်ဝင်ကျဲနန်းတော်တွင် လူအနည်းငယ်သာ ရှိသည့် နယ်မြေတစ်ခု ရှိသည်။ ထိုနယ်မြေတွင် နာမည်တစ်ခုချင်းစီ ရေးထိုးထားသည့် သင်္ချိုင်းဂူများဖြင့် ပြည့်နေသည်။

ထိုနာမည်များသည် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။

ရှီဟွာတောင်ရှန့်ထိုသည် သင်္ချိုင်းဂူအလယ်ရှိ အပြစ်ပေးစင်မြင့်ဆီသို့ ခေါ်ဆောင် သွားခံရသည်။ အခြေအနေကို ရိပ်မိလျှင် သူ့မျက်နှာက အလွန်အမင်း ဖြူဖျော့သွားတော့၏။

တော်ဝင်ကျဲနန်းတော်မှ လူများသည် ထိုနေရာတွင် စုရုံးရောက်ရှိနေပြီး ရီဖူရှင်း နောက်တွင် ရပ်နေကြသည်။ သူတို့အားလုံးသည် အလွန်တည်ငြိမ်စွာဖြင့် ရှီဟွာတောင် ရှန့်ထိုအား ကြည့်နေကြသည်။

ရှီဟွာတောင်ရှန့်ထိုကို စင်မြင့်ဆီသို့ ပို့ဆောင်ပြီးနောက် သံကွင်းဆက်ကြိုးများက လေထဲမှ ထွက်ပေါ်လာသည်။ ထိုကြိုးများက သူ့ကိုယ်ကို ချုပ်ထားပြီး အရိုးထဲထိတိုင် ထွင်းဖောက်သွားကာ သူ့ကို မတ်မတ်ပင် မရပ်နိုင်အောင် ချုပ်နှောင်ကြ၏။

“ဒူးထောက်စမ်း…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

“ရီဖူရှင်း ငါ ဘာပဲလုပ်ခဲ့ပါစေ ငါက ရှီဟွာတောင်ရဲ့ အရှင်သခင် ဖြစ်နေတုန်းပဲကွ။ မင်း အခု ငါ့ကို ဖမ်းနိုင်ပြီဖြစ်လို့ သတ်ချင်ရင် သတ်လိုက်။ ဘာလို့ ငါ့ကို ဒီလို အရှက်ခွဲရတာလဲ” ရှီဟွာတောင်ရှန့်ထိုက ဒေါသတကြီး ကြိမ်းဝါးသည်။

သူက ဒူးထောက် အပြစ်ပေးကာ အသတ်ခံရမှာလား။

မဟုတ်ဘူး … သူက ရှီဟွာတောင်ရှန့်ထိုပဲ…

အရှေ့ဘက်ပြည်နယ်၏ အုပ်စိုးသူ။

“ခင်ဗျားက ကျောက်ပြည်ထောင်ဘုရင်နဲ့ ရှန့်ထိုကျဲတို့အကြားမှာ သွေးထိုး လှုံ့ဆော်ခဲ့တာမလား။ အဲဒါကြောင့်ပဲ ပြည်နယ်ကိုးခုက တော်ဝင်မြေတွေမှာ တော်ဝင်စစ်ပွဲ ဖြစ်လာရတာ။ အဲဒါကြောင့် လူတွေအများကြီး သေကျေပျက်စီးခဲ့ရတယ်။ ခင်ဗျား အကြိမ်တစ်ထောင်လောက် သေပေးရင်တောင် အပြစ်က ကျေမှာမဟုတ်ဘူး။ ခင်ဗျား ဘယ်သူဖြစ်တယ်နဲ့ ဘာအဆင့်အတန်း ဆိုတာက ဘာလုပ်ရမှာလဲ” ရီဖူရှင်းက တည်ငြိမ်စွာနှင့် အေးစက်စက်ပြောသည်… “ဒူးထောက်ပြီး အပြစ်ဝန်ခံလိုက်”

ရီဖူရှင်းထံမှ ကြောက်မက်ဖွယ် ဓားတစ်လက် ရောက်လာကာ ရှီဟွာတောင်ရှန့်ထို၏ ခြေထောက်မှ ဒူးဆစ်ကို ဖြတ်တောက် သွားခဲ့သည်။ သူ့အရိုးများမှ ကျိုးကြေသံတစ်ခု ပေါ်လာကာ ရှီဟွာတောင်ရှန့်ထိုသည် မြေပြင်ပေါ်သို့ ဒူးထောက်လျက် ပြုတ်ကျသွား၏။ သူ့မျက်နှာက ရှုံ့တွသွားကာ ရီဖူရှင်းကို ဒေါသတကြီး ကြည့်လိုက်၏။

“မင်းသမီး … ကျုပ်လည်း တစ်ချိန်က အရှင်မင်းကြီး အုပ်ချုပ်တဲ့ အရှေ့ဘက်ပြည်နယ် ရှီဟွာတောင်ရဲ့ အုပ်ချုပ်သူပဲ။ ဒီလိုအဖြစ်မျိုးကို ဘာလို့များ ခွင့်ပြုထားနိုင်ရတာလဲ” သူက အော်ဟစ်သည်။

“ရှင်က ရှုံးနိမ့်သွားတာနဲ့ ဘာသိက္ခာကိုမှ မထိန်းဘဲ ရှီဟွာတောင်ကနေ ထွက်ပြေးသွားပြီးတော့ ဘာအခွင့်အရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ရှီဟွာတောင်ရှန့်ထိုလို့ ခေါ်နေရတာလဲ” ရှားရှင်းယွန်က ထူးမခြားနားစွာ ပြောသည်။ လူတစ်စုသည် ရှီဟွာတောင်ရှန့်ထို အထက်၌ ပေါ်လာသည်။ သူတို့သည် မြေရိုင်းပြည်နယ်မှ ထောင်ကျန်း၊ စုရှမ်း၊ ကျူးကော့ချန်းဖန်နှင့် အခြားရှန့်ထိုများ ဖြစ်သည်။

နတ်ဘုရား စွမ်းအင်များက သူတို့ထံမှ ပျံ့နှံ့ရိုက်ခတ်လာပြီး  ကြောက်မက်စရာ ကောင်းသည့် အဖျက်စွမ်းအားများက ရှီဟွာတောင်ရှန့်ထို၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံလာသည်။

ယနေ့တွင် ရှီဟွာတောင်ရှန့်ထို၏ သွေးများဖြင့် တော်ဝင်ကျဲနန်းတော်မှ သေဆုံးခဲ့ရသူများအတွက် ပူဇော်ရပေလိမ့်မည်။

တော်ဝင်ကျဲနန်းတော်ရှိ တပည့်များအားလုံး အတူတကွ စုစည်းနေကြပြီး သူတို့ ရှေ့မှ မြင်ကွင်းကို ကြည့်ရှုနေကြသည်။ သူတို့အားလုံးမှာ အလွန် တည်ငြိမ်နေသည့် ပုံပေါ်သည်။

သူတို့အထဲမှ အများစုသည် တော်ဝင်စစ်ပွဲများကို အတွေ့အကြုံရှိခဲ့ကြပြီး သူတို့၏ သွေးနှင့် မျက်ရည်များ မြေခခဲ့ကြသည်။ အထူးသဖြင့် ခံစားချက် နက်ရှိုင်းသည့် သက်ကြီးရွယ်ကြီးများမှာ ကျဆင်းခဲ့ရသည့် မျက်ရည်များလည်း များပြားခဲ့သည်။

ထိုစစ်ပွဲကြီးသည် အလွန်အတိ ဒုက္ခရောက်ကာ ကြေကွဲစရာများ ပေးခဲ့သည်။

ပထမအကြိမ် ကျောက်ပြည်ထောင်ဘုရင်က စစ်တပ်ကြီးကို ဦးဆောင်၍ နန်းတော်သို့ လာရောက် တိုက်ခိုက်ကာ ခြိမ်းခြောက် ဖျက်ဆီးခဲ့သည်။ ထိုအချိန်တွင် ထောင်ကျန်းသည် နတ်ဘုရားပြစ်ဒဏ် ခံယူနေကာ သူ့အသက်ကို ရင်း၍ နန်းတော်ကို ကာကွယ်ပေးခဲ့၏။

ဖြစ်ပွားခဲ့သည့် တော်ဝင်စစ်ပွဲအားလုံးတွင် နောက်ဆုံးစစ်ပွဲမှာ ကြေကွဲစရာ အကောင်းဆုံးဖြစ်ကာ စစ်ပွဲအတွင်း နန်းတော်သခင်၏ ဇနီး ဟွာဂျီယူသည်ပင် ကျဆုံးခဲ့သည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ပြန်စဉ်းစားလိုက်သည့် အချိန်တိုင်း ထိုကြေကွဲစရာ အဖြစ်က သူတို့ မျက်စိရှေ့တွင် ဖြစ်ပျက်နေသကဲ့သို့ ထင်မှတ်ရသည်။

နန်းတော်သို့ နောက်မှ ဝင်လာခဲ့သူများသည်လည်း ထိုအဖြစ်အပျက်များကို သိကြသည်။ အခုချိန်၌ နန်းတော်၏ ရွှေခေတ်ဟု ဆိုရမည်ဖြစ်သော်လည်း ထိုအဖြစ်အပျက်အားလုံးသည် ဒဏ္ဌာရီသဖွယ် ဖြစ်လာပြီး နန်းတော်သို့ ဝင်ရောက်လာသည့် လူတိုင်းက သမိုင်း၏ အစိတ်အပိုင်းများ အဖြစ် မှတ်မိနေကြမည်ဖြစ်သည်။

ကြောက်မက်ဖွယ် နတ်ဘုရားအလင်းရောင်က ရှီဟွာတောင်ရှန့်ထို၏ ခန္ဓာကိုယ်ပေါ်သို့ နတ်ဘုရားပြစ်ဒဏ်၏ အလင်းများသဖွယ် ကျဆင်းလာသည်။

ရှီဟွာတောင်ရှန့်ထိုက အားလုံးကို ဒေါသတကြီး ကြည့်သည်။ သူ့မျက်လုံးတို့က သွေးရောင်ကဲ့သို့ ရဲရဲနီနေသည်။

သူက သေခြင်းတရားကို ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သို့သော်လည်း ရီဖူရှင်းက သူ့ကို ငြိမ်းချမ်းစွာ ပေးမသေလိုပေ။

ရှီဟွာတောင်ရှန့်ထိုဟူသော အမည်နာမသည် မြေရိုင်းပြည်နယ်တွင် အရှက်ရမှု သမိုင်းမှတ်တိုင်၌ ကမ္ပည်းမော်ကွန်းတင် ခံရပေတော့မည်။

“သူ့ကို သတ်” ခပ်ဆတ်ဆတ် အသံတစ်သံ ထွက်လာသည်။ ရုတ်တရက် မြေရိုင်းပြည်နယ်၏ နန်းတော်သခင် ငါးယောက်က တစ်ချိန်တည်း၌ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြ၏။ ကောင်းကင်က မှောင်မိုက်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာကာ ရှီဟွာတောင်ရှန့်ထို၏ ခေါင်းတည့်တည့်သို့ ဖြတ်သန်း သွားတော့သည်။

ရှီဟွာတောင်ရှန့်ထို၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး ဤကဲ့သို့သော ညှဉ်းပန်းခံရကာ သေဆုံးရသည်ကို မလိုလားသော ပုံဟန်ရှိနေသည်။ သူက အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာသည်။ သို့သော်လည်း ပြင်းထန်လှသည့် တိုက်ခိုက်မှုများသည် သူ့အပေါ်သို့ ဆက်လက် ကျရောက်နေဆဲဖြစ်သည်။

၎င်းက သူ၏ အပြစ်ဒဏ်ဖြစ်သည်။ တစ်ချိန်က အရှေ့ဘက်ပြည်နယ်၏ ဦးဆောင်သူဖြစ်သော ရှီဟွာတောင်ရှန့်ထို၏ အသက်သည် ဤကဲ့သို့ ပုံစံမျိုးဖြင့် အဆုံးသတ် သွားခဲ့သည်။

ရှန့်ထိုအဆင့် တန်ခိုးရှင်၏ အသက်စွမ်းအင်သည် စွမ်းအား ပြည့်ဝလှသဖြင့် ရှီဟွာတောင်ရှန့်ထိုသည် အချိန်ကြာမြင့်စွာ ခံစားရုန်းကန်ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ၏ အသက်စွမ်းအင်သည် လုံးဝ အဆုံးသတ်ခြင်း ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မြေပြင်ပေါ်သို့ လဲကျသွားကာ အလောင်းဘဝသို့ ရောက်သွား၏။ သြဇာကြီးမားလှသည့် ပုဂ္ဂိုလ်တစ်ဦးသည် တော်ဝင်ကျဲနန်းတော်၏ သင်္ချိုင်းဂူ၌ သေဆုံးခဲ့လေပြီ။

သူက သေသည့်အထိ ထိုနေရာတွင် ဒူးထောက်နေခဲ့ရပြီး သူ့ဦးခေါင်းက အပြစ်ကို တောင်းပန်ဝန်ခံဟန်ဖြင့် ဦးညွှတ်ထားသည်။ သူ့ခန္ဓာကိုယ်မှာလည်း သင်္ချိုင်းဂူတွင် ချည်နှောင် ခံထားခဲ့ရ၏။ ယင်းက အတော်လေး ဆိုးဝါးလှစွာ သေဆုံးခဲ့ရခြင်း ဖြစ်တော့၏။

ရီဖူရှင်းက ဖြစ်သမျှကို တည်ငြိမ်စွာ ကြည့်နေသည်။ သူ့တွင် ကရုဏာလည်း မရှိသလို၊ သနားစိတ်လည်း မရှိပေ။ ရှီဟွာတောင်ရှန့်ထို လုပ်ခဲ့သော အရာအားလုံးကား သည်အပြစ်ဒဏ်နှင့်သာ ထိုက်တန်လေသည်။

ရီဖူရှင်းနောက်မှ တစ်စုံတစ်ယောက်က ဖန်ခွက်ထဲသို့ အရက်ဖြည့်သည်။ သူက အရက်ခွက်ကို အရှေ့မှ သင်္ချိုင်းဂူသို့ ဖြန်းလိုက်ပြီး အုတ်ဂူများကို ဦးညွှတ်သည်။

မြေရိုင်းပြည်နယ်သည် ယခင်ကလိုမျိုး မဟုတ်တော့သလို တော်ဝင်ကျဲ နန်းတော်သည်လည်း အလားတူပင် ဖြစ်၏။

တော်ဝင်ကျဲနန်းတော်သည် တစ်နေ့တွင် ပြည်နယ်ကိုးခု၌ စွမ်းအားအကြီးဆုံးနှင့် တန်ခိုးရှင်များအတွက် ပြိုင်ဘက်ကင်း နယ်မြေဖြစ်လာလိမ့်မည်။ နန်းတော်တပည့်များက ကမ္ဘာမြေကို လွှမ်းမိုးလာလိမ့်မည်။ တော်ဝင်စစ်ပွဲတွင် ပါဝင်ခဲ့ဖူးသော တန်ခိုးရှင်များသည် သူတို့အတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ လက်ခံရရှိမည် ဖြစ်ပြီး တောက်ပသော အနာဂတ်များ ရှိလာလိမ့်မည်။

သို့သော်လည်း သေသူများကတော့ သေခဲ့ပြီဖြစ်သည်။ သူသိသည်မှာ သူတို့သည် တော်ဝင်ကျဲနန်းတော်၏ လက်ရှိ ဂုဏ်ရောင် ထွန်းပြောင်လာသည်ကို ဘယ်တော့မှ မမြင်နိုင်တော့သလို ကိုယ်တိုင်ခံစားခွင့်လည်း မရှိကြတော့ပေ။

သေခြင်းတရားက သေခြင်းတရားသာ ဖြစ်သည်။ အသက်က တစ်ချောင်းတည်းသာ ရှိသည်။

ထိုခံစားချက်များကို နားလည်ကြသော နန်းတော်တပည့်များက ရီဖူရှင်းနှင့်အတူ ဦးညွှတ်လိုက်ကြသည်။

“စစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ လူတွေရဲ့ မိသားစုဝင်တွေ ဒီမှာ ရှိရင် သူတို့ကို အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်တွေ ထောက်ပံ့ပြီးတော့ အကြီးအကဲတွေကလည်း သူတို့ကို လေ့ကျင့် သင်ကြားပေးရမယ်။ သူတို့ကို အထူးအလေးပေး ဆက်ဆံပါ” ရီဖူရှင်းက ပြောသည်။

“စိတ်မပူပါနဲ့။ နန်းတော်သခင်။ ကျွန်တော်တို့ စီစဉ်ပြီးပါပြီ” ဓားမိစ္ဆာနှင့် အခြားလူ အနည်းငယ်က ရီဖူရှင်းထံရောက်လာပြီး ဓားမိစ္ဆာက ပြောသည်။

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။

“ဒါဆို အခု ကျန်နေတာက ရှန့်ထိုကျဲ့နဲ့ တော်ဝင်အလင်းနန်းတော်က တခြားလူတွေပဲ ရှိတော့တာပေါ့” ရီဖူရှင်းက ရေရွတ်သည်။ ရှန့်ထိုကျဲ့တစ်ယောက် ဘယ်လောက်ကြာကြာ ပုန်းနိုင်မလဲ သူ သိလို၏။

သေခြင်းတရားကို စောင့်ဆိုင်းနေရသည်မှာ သက်သောင့်သက်သာ ရှိမည်တော့ မဟုတ်ပေ။

“သွားစို့” ရီဖူရှင်းက လှည့်ထွက်သည်။ နန်းတော်မှ လူများက သူ့အတွက် လမ်းဖယ်ပေးကြ၏။

ထိုအခိုက်၌ ရီဖူရှင်း အတွေးတစ်ခု ရလာသည်။ သူက နန်းတော်သခင်၏ ရာထူးကို လွှဲပြောင်းပေးသင့်သည်။

နန်းတော်၏ အဆင့်အတန်းသည် ပြည်နယ်ကိုးခုတွင် တောင်တစ်လုံးကဲ့သို့ ခိုင်မာနေမှသာ သူတို့ကို ထပ်ပြီး ဘယ်သူကမှ မခြိမ်းခြောက်နိုင်တော့မှာ သေချာ၏။ အရာအားလုံးက မှန်ကန်သည့် လမ်းကြောင်းပေါ် ရောက်နေပြီး အခု သူကလည်း ရှန့်ထိုတစ်ပါး ဖြစ်နေပြီ ဖြစ်၏။ အခြားတော်ဝင်မြေမှ လူများကလည်း အထက်ဘုံမှ အကြောင်းများကို သိကြပေလိမ့်မည်။ ထို့အပြင် အခု ရှီဟွာတောင်ရှန့်ထိုကလည်း သေပြီဖြစ်ကာ တော်ဝင်အလင်း နန်းတော်မှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူသည် တော်ဝင်ကျဲနန်းတော်၌ ရှိနေရန် မလိုအပ်တော့။

နောက်ဆုံးတွင် သူက အောက်ဘုံသို့ ပြန်လာနိုင်ခဲ့ပြီ။ သူက သူ့ရာထူးကိုတော့ မစွန့်လွှတ်ခဲ့ခြင်းမှာ နန်းတော်က သူ့ကို လိုအပ်နေသေး၍ ဖြစ်သည်။ သူသည် နန်းတော်၏ ပြယုဂ်တစ်ခု ဖြစ်သည်။

ရီဖူရှင်းက သူ့ဘေးမှ ထောင်ကျန်းကို ကြည့်သည်။ တခြားလူများနှင့်စာလျှင် အခြားနန်းတော်သခင် ငါးဦးမှာ တော်ဝင်ကျဲနန်းတော်ကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ သူ့ဆရာထောင်ကျန်းသည် တစ်ချိန်က တော်ဝင်ကျဲနန်းတော်၌ ပင်မနန်းတော် သခင်တစ်ဦးလည်းဖြစ်၏။

သူက နုတ်ထွက်ခဲ့လျှင်လည်း သူ့ဆရာက တော်ဝင်ကျဲနန်းတော်ကို ပိုမိုထွန်းတောက်အောင် လုပ်ပေးနိုင်မည်ဟု သူယုံကြည်၏။

အထက်ဘုံတွင် ဖြစ်ခဲ့သည့် ကိစ္စတွင် ရှီဟွာတောင်ရှန့်ထို၏ ဝန်ခံချက် ရလျှင်ပင် အဖြေရှာရန် ခက်ခဲနေဆဲဖြစ်သည်။

ရှီဟွာတောင်ရှန့်ထိုသည်လည်း ထိုထူးဆန်းသောလူ၏ အသုံးချခြင်းကို ခံခဲ့ရကာ တစ်ဖက်လူ၏သရုပ်မှန်ကို မသိခဲ့။

ထိုလူသည် အလွန်ပိရိသေသပ်စွာ ကြံစည်ခဲ့ရာ သဲလွန်စတစ်ခုကို ခိုင်ခိုင်မာမာ ဆွဲထုတ်ရန်ပင် မဖြစ်နိုင်ခဲ့။

“ရှီဟွာတောင်ရှန့်ထိုက အထက်ဘုံမှာ ပုန်းနေတုန်းက ငါ သူ့ကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားတယ်။ ဒါပေမဲ့ သူက လူအများကြီးနဲ့ ဆက်သွယ်ခဲ့တာမို့လို့ သူတို့အားလုံးကို စောင့်ကြည့်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ တစ်ဖက်လူက သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ဖို့ အရည်အချင်း ရှိတယ်။ သူ့ရဲ့ ရှန့်ထိုအဆင့် အရှိန်အဝါကိုတောင် ဖုံးကွယ်နိုင်တယ်။ အခုတော့ သူ့ကို ရှာဖို့ သိပ်မဖြစ်နိုင်ဘူး ထင်တယ်” ရှားရှင်းယွန် ပြောသည်။

ရီဖူရှင်း ခေါင်းညိတ်သည်… “အထက်ဘုံမှာ ဒီလို အင်အားရှိတဲ့သူ ဘယ်နှယောက်လောက် ရှိမလဲ”

ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်သည်။ သူမက သူဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို သိ၏။ အင်ပါယာရှားဘုံတွင် ထိုသို့ပြုလုပ်နိုင်သူ အများကြီး မရှိနိုင်ပေ။ တစ်ဖက်လူသည် အလွန်တရာ အင်အား ကြီးမားသူတစ်ဦး ဖြစ်ရပေမည်။

“အထက်ဘုံသို့ ပြန်ရောက်တဲ့အခါကျရင် အသေးစိတ် စုံစမ်းကြည့်ကြမယ်” ရှားရှင်းယွန်က ပြောသည်။

“ကျေးဇူးပါ မင်းသမီး” ရီဖူရှင်း ပြောလိုက်၏။ သည်ရက်များတွင် ရှားရှင်းယွန်က သူ့အတွက် များစွာ လုပ်ဆောင်ပေးခဲ့သည်။

ရှီဟွာတောင်ရှန့်ထို သေဆုံးသည့် သတင်းက ပြည်နယ်ကိုးခုကို လျင်လျင်မြန်မြန် ပျံ့နှံ့သွားသည်။ လူတိုင်းက ထိတ်လန့် အံ့အားသင့်ကြရ၏။

ရှီဟွာတောင်ရှန့်ထိုသည် တစ်ချိန်က လောကကို ကိုင်လှုပ်နိုင်အောင် ကျော်ကြားသူ ဖြစ်သည်။ သူသည် တော်ဝင်စစ်ပွဲအတွင်း၌ တော်ဝင်ကျဲနန်းတော်ကို တိုက်ခိုက်ရန် ကျောက်ပြည်ထောင် ဘုရင်ကိုနှင့် ပူးပေါင်းခဲ့၏။ သူ၏အဆုံးသတ်ကား မလှပခဲ့ပေ။

ရီဖူရှင်း ရှန့်ထိုဖြစ်လာသည့် အကြောင်းမှာလည်း လူပြောများ လာခဲ့သည်။

ထိုနေ့တွင် စွမ်းအားပြည့်ဝသည့် အရှိန်အဝါများက မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော် အပေါ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအသံများကို ကြားလျှင် လူရိပ်အများအပြား နန်းတော်ထဲမှ လမ်းလျှောက် ထွက်လာကြ၏။

“အဆုံးမဲ့ပင်လယ်၊ ပင်လယ်နန်းတော်က အရှင်ရီနဲ့ လာရောက် တွေ့ဆုံပါတယ်”

“အဆုံးမဲ့ပင်လယ်၊ မြောက်ဘက်ချောက်နက်က အရှင်ရီနဲ့ လာရောက် တွေ့ဆုံပါတယ်”

“အဆုံးမဲ့ပင်လယ်၊ နတ်ဘုရားကမ်းပါးက အရှင်ရီနဲ့ လာရောက် တွေ့ဆုံပါတယ်”

အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး ထိုအသံများက အလွန်ပင် ရိုကျိုးနှိမ့်ချဟန် ရှိကြ၏။ တော်ဝင်မြေသုံးခုသာ လာရောက်ခြင်း မဟုတ်ဘဲ သူတို့၏ အရှင်သခင်များသည်ပင် ကိုယ်တိုင် လာရောက်ကြ၏။ သူတို့က အကြောက်တရားကြောင့် တုန်ယင်နေပြီး သူတို့၏ အပြုအမူများမှာလည်း အလွန်ပင် လေးစားမှုရှိလှသည်။

ရှီဟွာတောင်ရှန့်ထိုကို အဆုံးမဲ့ပင်လယ်၏ ကျွန်းငယ်လေးမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သူတို့ သတင်းများ ကြားရသည်။ ကျွန်းမှ လူများ၏ အပြောအရ ရီဖူရှင်းသည် ရှန့်ထိုတစ်ယောက်ကို လက်ညှိုး တစ်ချောင်းတည်းနှင့် သတ်ပစ်ခဲ့သည်ဟု ဆို၏။

ယနေ့ ရီဖူရှင်းသည် အတိတ်က ရီဖူရှင်းနှင့် တူတော့မည် မဟုတ်တော့ပေ။

သူတို့သည် တော်ဝင်ကျဲနန်းတော်သို့ ဝင်ရောက်လာခဲ့ကြသော်လည်း ဘာလှုပ်ရှားမှုမှ မပြုလုပ်ရဲကြပေ။ တော်ဝင်စစ်ပွဲမှ ရန်စအကြွင်းအကျန်များက သူတို့အကြား ရှိနေသေး၏။ အခု သူတို့က ရီဖူရှင်း အလွန်အမင်း သန်မာလာသည်ကို မြင်သည့်အခါ သူတို့ ကြီးစွာ ကြောက်လန့် လာခဲ့ကြ၏။ ရီဖူရှင်းက သူတို့နှင့် အကြွေးများကို စာရင်းရှင်းလိုလျှင် သူတို့အားလုံး သေကြရပေလိမ့်မည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset