Switch Mode

အပိုင်း(၁၁၆၃)

ဖမ်းဆီးချုပ်နှောင်ခြင်း

သူက လက်ညှိုး တစ်ချောင်းတည်းဖြင့် ရှန့်ထိုတစ်ပါးကို ဖျက်ဆီးပစ်သည်။

ရှီဟွာတောင်ရှန့်ထိုသည် လေထဲတွင် ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်နေသည်။

သူ့မျက်လုံးတွေက လှုပ်ခတ်သွားသော်လည်း ထင်ထားသလောက် ဒေါသအရိပ်အယောင် မတွေ့ရပေ။ စိတ်ထဲမှာ ခဏမျှ တုန်လှုပ်သွားပြီးနောက်တွင် သူသည် တည်ငြိမ်လာပြီး ရှေ့မှ လူငယ်ကို ကြည့်သည်။

မိုးစက်ရှန့်ထိုသည် ရှန့်ထိုဖြစ်လာစဉ်က ရီဖူရှင်းသည် ဘာမှမဟုတ်သည့် သာမန်ကောင်လေး တစ်ယောက်သာ ဖြစ်သည်။

သူက ထိုနေ့ရက်များကို မှတ်မိသည်။ ရှီဟွာတောင်တွင် ပြည်နယ်ကိုးခုညီလာခံ ကျင်းပစဉ်က ရီဖူရှင်းသည် နိုဘယ်အဆင့်တန်ခိုးရှင်မျှသာ ရှိသေးပြီး သူက မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်မှ အနုပ်စုတ်ကုပ်စုတ်ကလေးများကို ခေါ်ဆောင်လာခဲ့သည်။ ယခင် ညီလာခံများစွာကို လွတ်သွားပြီးသည့်နောက် သူတို့က နောက်ဆုံးတော့ ထို ညီလာခံကို တက်ရောက်လာခဲ့သည်။

ထိုအချိန်၌ မြေရိုင်းပြည်နယ်မှအဖွဲ့မှာ သေးငယ်လှသည်။ အခြားတော်ဝင်မြေများမှ လူများနှင့် ယှဉ်လျှင် မြေရိုင်းပြည်နယ်မှ လူများမှာ အလေးပေးခြင်းလည်း မခံခဲ့ရ။ သူတို့မှာ နောက်ဆုံးခုံများ၌သာ ထိုင်ကြရသည်ကို သူ မှတ်မိနေသေးသည်။ သူတို့က ဝေဖန်ပြစ်တင်သော အခါတွင်လည်း ပြည်နယ်ကိုးခုမှ လူများက ဘာမှမဟုတ်သလိုပင် ရယ်မောခဲ့ကြသည်။ နောက်ဆုံးတော့ ထိုညီလာခံမှ အစပြု၍ အခြားလူများက သူတို့ကို အမြင်သစ်ဖြင့် လေးစားလာအောင် သက်သေပြနိုင်ခဲ့ကြ၏။

ထိုစဉ်က တော်ဝင်မြေများသည် မြေရိုင်းပြည်နယ်နှင့် ပတ်သက်၍ အမှန်တကယ် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ကြသေးပေ။

တစ်ချိန်က နိုဘယ်အဆင့် ကောင်လေးသည် ရှန့်ထိုအဆင့်သို့ ရောက်ရှိခဲ့ပြီး မိမိအား လာရောက် အကြွေးတောင်းနေပြီ ဖြစ်သည်။

ပင်လယ်လုပ်သား အဘိုးအိုမှာ ကောင်းကင်ထက်မှ မြင်ကွင်းကို ကြည့်နေရင်း အကြောက်တရားတို့ဖြင့် တုန်ယင်လာသည်။ သူနှင့် အခြားလူတို့က မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့ကြသည်။ ယနေဖြစ်ပျက်နေသမျှ အရာအားလုံးသည် သူတို့ အတွက် အထူးအဆန်းများ ချည်းသာ ဖြစ်နေသည်။

သည်မတိုင်ခင်က ရှီဟွာတောင်ရှန့်ထိုသည် သူတို့ကို မုန်တိုင်းထဲမှ ကယ်တင်ပေးခဲ့ရာ သူ့အား နတ်ဘုရားသဖွယ် ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း ကောင်းကင်မှ ဆင်းသက်လာသူသည် သူတို့နတ်ဘုရားအလား ထင်မှတ်ရလောက်သော သူတစ်ဦးအား သတ်ပြစ်ခဲ့ပြန်၏။

ထိုကောင်းကင်ထက်မှ ဆင်းသက်လာသော နတ်ဘုရားအလား ပုဂ္ဂိုလ်များမှာ မည်သူတို့ ဖြစ်သနည်း။

ထို့အပြင် နတ်မိမယ်တစ်ပါးအလား ချောမောလှပကာ ကျက်သရေရှိလွန်းသော မိန်းကလေးတစ်ယောက်။ သူမသည် ကောင်းကင်ဘုံမှ မင်းသမီးတစ်ပါးလား။

ကောင်းကင်ထက်တွင် ရီဖူရှင်းက သူတို့အားလုံးကို ငုံ့ကြည့်သည်။ သူက ရှီဟွာတောင် ရှန့်ထိုထံသို့ စူးရဲစွာ ကြည့်၏။

ဟူး…

နောက်ထပ်လူရိပ်တစ်ခုက ကောင်းကင်ထက်သို့ တက်လာသည်။ ၎င်းကား ရှီဟွာတောင်ရှန့်ထို၏ သွေးသောက်ညီအစ်ကိုဖြစ်ပြီး ရှီဟွာတောင်မှ နောက်ထပ် ရှန့်ထိုအဆင့် တန်ခိုးရှင် ဖြစ်သည်။ သူသည် ရှန့်ထိုဖြစ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ရှန့်ထို ပထမအဆင့်၌သာ ရှိနေသေးသည်။

သူတို့က အထက်ဘုံမှ ထွက်ပြေးလာပြီးနောက် ဤသို့သောနေ့ရက်မျိုး ရောက်ရှိလာမည်ဟု သတိပြုမိတာကြောင့်သာ သူတို့၏မျိုးဆက်တချို့အား အထက်ဘုံ၌ ချိန်ထားရစ်ခဲ့နိုင်ပေသည်။

သူတို့က အဆုံးမဲ့ပင်လယ်မှာ ပုန်းရှောင်နေရသည့် အကြောင်းပြချက်မှာလည်း သူတို့ လူငယ်မျိုးဆက်များအား သည်ကိစ္စအတွင်းသို့ ဆွဲမသွင်းလိုသောကြောင့် ဖြစ်သည်။

အခြေအနေမှာ ဤသို့ ဖြစ်လာမှတော့ သူတို့က ရဲဝံ့စွာ ရင်ဆိုင်ရပေတော့မည်။

ရီဖူရှင်းက မိုးစက်ရှန့်ထိုကို သတ်လိုက်ကတည်းက သူ နားလည်သည်။ သူတို့က ရှန့်ထိုပထမဆင့်မှာ ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဆိုသော်လည်း ရီဖူရှင်းနှင့်ကား အလွန် ကွာဟသွားပြီဖြစ်သည်။

တချို့လူများမှာ မွေးကတည်းက တခြားလူများနှင့် မတူညီကြပေ။ ရီဖူရှင်းသည် ရှန့်ထိုအဆင့်သို့ ရောက်ရန်ပင် အချိန်များစွာ မယူလိုက်ရပေ။ သို့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အောက်ဘုံမှ ရှန့်ထိုများထက် များစွာ သာလွန်နေပေသည်။

ရီဖူရှင်းသည် ရှန့်ထိုမဖြစ်မီကတည်းက အထက်ဘုံနှင့် အောက်ဘုံတွင် ပြိုင်စံရှား၏။

သူတို့က ရှားရှင်းယွန်သည်ပင် ရီဖူရှင်းလောက် မထူးချွန်ဟု သင်္ကာမကင်းဖြစ်ကြ၏။ ထိုနေ့က တော်ဝင်ကျဲနန်းတော် တိုက်ပွဲတွင် ရီဖူရှင်း၏ နတ်ဘုရားအလင်းများက အင်ပါယာတစ်ပါးကဲ့သို့ လောကကို ဖုံးလွှမ်းသွားခဲ့သည်။

ရီဖူရှင်းက သူ့ပြိုင်ဘက် လေထဲသို့ တက်လာသည်ကို မြင်သည်။ လေပြင်းများက သူ့အနီးတွင် ရိုက်ခတ် စီးဆင်းနေသည်။ သူ၏ ဓားအသိများက ကောင်းကင်နှင့် မြေကြီးတွင် လှည့်ပတ်ဖြတ်သန်းကာ တဝီဝီ အော်မြည်နေသည်။

ရီဖူရှင်းက ရွှမ်ယွင်ခြေလှမ်းသိုင်းကို ထုတ်ဖော်လိုက်လျှင် ကောင်းကင်က တုန်ခါသွားသည်။ သူက သူ၏ လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်ပြီး ထောင်သောင်းချီသော ဓားအသိတို့အား ကောင်းကင်ကို ဖောက်ထွင်းသွားစေကာ အရာအားလုံးကို ဖျက်ဆီး၏။ အဆုံးမဲ့သော ရောင်စဉ်များအလယ်တွင် ဧရာမဓားကြီးသည် ကောင်းကင်ကို ဖြတ်သန်းကာ တစ်ဖက်တန်ခိုးရှင်အား ဖြတ်သန်းသွားသည်။ ရှီဟွာတောင်မှ ရှန့်ထိုတစ်ပါးကား လေထဲတွင်ပင် အသက်ပျောက်သွား၏။

ရီဖူရှင်းက တိုက်ပွဲတစ်ကွက်တည်းသာ အသုံးပြုခဲ့သည်။

ရှန့်ထိုသုံးပါးတွင် ရှီဟွာတောင်ရှန့်ထိုသာ နောက်ဆုံး ကျန်ရစ်သူ ဖြစ်သည်။

ရှီဟွာတောင်ရှန့်ထိုက ထိုမြင်ကွင်းကို ကြည့်ကာ ဖော်မပြတတ်သော ဝမ်းနည်းမှုအား ခံစားရသည်။ တစ်ချိန်တုန်းက ရှီဟွာတောင်သည် ပြည်နယ်ကိုးခုကို လွှမ်းမိုးနိုင်ခဲ့ပြီး အရှေ့ဘက် ပြည်နယ်တွင်လည်း ကျောက်ပြည်ထောင်ထက် ပို၍ အင်အားကြီးသည်။

ထိုကြီးကျယ်ခမ်းနားမှုများ အားလုံးမှာ အဆုံးသတ်ခဲ့ပြီဖြစ်သည်။

ရှီဟွာတောင်ရှန့်ထိုက လက်ဝှေ့ယမ်းလိုက်လျှင် ရုတ်တရက် ပြင်းထန်သော လေစီးကြောင်းတစ်ခု ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ကမ်းခြေတစ်လျှောက်ရှိ ကျောက်တုံးများသည် မြေပြင်မှ ဆွဲယူခံလိုက်ရသည်။ ကမ်းပါးအစွန်းတွင် အမြစ်တွယ်နေသည့် ၎င်းတို့မှာ ခဏအတွင်း မိုင်တစ်ရာဝန်းကျင် အထက်သို့ ကျောက်တုံးကြီးများ အဖြစ်ဖြင့် မျောလွင့်လာတော့သည်။ အဘိုးကြီးမှာ ဒူးထောက်နေရင်း အဆင်မပြတ် တုန်ယင်နေသည်။ ထို မယုံကြည်နိုင်ဖွယ် မြင်ကွင်းကို ကြည့်ရင်း သူ့ နှလုံးသားများမှာ ထုံထိုင်းလာသည်။

ရှီဟွာတောင်ရှန့်ထိုက လေထဲသို့ တက်လာပြီး မရေတွက်နိုင်သည့် ကျောက်တုံးများကလည်း သူနှင့်အတူ ကောင်းကင်ထက်သို့ မြောက်တက်လာသည်။ ရီဖူရှင်းနှင့် အခြားလူများမှာ အနန္တကောင်းကင်၌ တည်ငြိမ်စွာ ရပ်လျက်ပင် ရှိသေးကာ တောက်ပသည့် အလင်းရောင်များက သူတို့ထံမှ လင်းလက်နေသည်။ သူတို့က ထိုအဖြစ်ကို ငြိမ်သက်အေးဆေးစွာ ကြည့်နေကြ၏။

ပုံရိပ်များက ရှေ့ထွက်လာပြီး အဖွဲ့၏ ရှေ့တွင် ပိတ်ဆို့ထားသည်။

ရာရာ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်ဝဲနေပြီး မရေတွက်နိုင်သည့် ဓားအသိများက သူမထံမှ ထွက်ပေါ်လာကာ ထိုကျောက်တုံးများကို ဖျက်ဆီးပစ်သည်။ ကြီးမားသော ဓားဝင်္ကပါကြီးက ကြောက်စရာ ကောင်းလောက်အောင် တောက်ပသည့် အလင်းများ ထွက်ပေါ်နေ၏။ များပြားလှသည့် ဓားအရိပ်များက ရှီဟွာတောင်ရှန့်ထို၏ ခန္ဓာကိုယ်ကို တိုက်ခိုက်သည်။

ထိုလူရိပ်နောက်မှ မှန်နန်းသခင်မနှင့် ရှားရှင်းယွန်တို့လည်း ရှေ့ထွက်လာကာ သူတို့ အောက်ဘက် တော်တော်အဝေးမှ ရှီဟွာတောင်ရှန့်ထိုကို ထူးမခြားနားစွာ ကြည့်ကြသည်။

ရှီဟွာတောင်ရှန့်ထိုက ရှေ့သို့ ဆက်လက် ရွေ့လျားလာနေပြီး ကောင်းကင်က တုန်ခါလာနေသည်။ သူက မာန်သွင်း အော်ဟစ်လိုက်ပြီး သူ့လက်များအား ကောင်းကင်ထံသို့ပင့်၍ ရိုက်လိုက်သည်။ သူ့ရှေ့မှ အရာရာတိုင်းကို သူ၏ ကျောက်တုံးများနှင့် မြေမြှုပ်သင်္ဂြိုဟ်တော့မယောင် ထင်ရသည်။

“သူ့ကိုဖမ်း…” ရှားရှင်းယွန်က အေးစက်စွာ အမိန့်ပေးသည်။ သူမဘေးမှ ရှန့်ထိုများက တစ်ချိန်တည်းတွင် လှုပ်ရှားကြသည်။

ရှီဟွာတောင်ရှန့်ထိုသည် ရှီဟွာတောင်၏ နောက်ဆုံးကျန်ရစ်သော ရှန့်ထိုဖြစ်သည်။ ထို့ကြောင့် သူ့ကို ရိုးရိုးတန်းတန်း သေခွင့်မပြုနိုင်ပေ။

ကျွန်းကလေး၏ အထက် လေထုထဲတွင် ကြမ်းတမ်းပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ကျွန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ မရေတွက်နိုင်သည့် လူများက စူးရှလင်းလက်သော တိုက်ပွဲကို မော့ကြည့်နေကြသည်။ တိုက်ပွဲမှာ ခဏအတွင်း ပြီးသွားခဲ့၏။

အဆုံးသတ်တွင် ကမ်းခြေတွင် ငါးဖမ်းနေခဲ့သည့် အဘိုးကြီးရှီမှာ ဖမ်းခေါ်သွားခြင်း ခံရတော့သည်။

အဘိုးကြီးနှင့် သူ့မိသားစုက အပျက်အစီးများကြားမှ တိုးထွက်လာကြ၏။ လှိုင်းလုံးများက ကမ်းခြေကို တစ်ဖန်ရိုက်ခတ်လာရာ အေးစိမ့်မှုကြောင့် သူတို့မှာ တုန်ယင်သွားကြသည်။ သူတို့က ကောင်းကင်ကို ကြည့်ကာ ထိုလူစု ပျောက်ကွယ်သွားသည်ကို မြင်သော်လည်း ကြောက်ရွံ့ တုန်လှုပ်မှုများကား ပျောက်ကွယ်သွားခြင်း မရှိသေး။

သူတို့ ဘာတွေကို မြင်တွေ့ခဲ့ရတာလဲ။

သည်မြင်ကွင်းအား သူတို့နေထိုင်သည့် တစ်ဘဝလုံးတွင် ဘယ်တော့မှ မေ့တော့မည် မဟုတ်ပေ။

မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်ကို အခုချိန်တွင် ပြည်နယ်ကိုးခု၏ ဂုဏ်သရေ ကြီးမားသော တော်ဝင်မြေဟု ခေါ်တွင်သင့်သည်။

ယခုအချိန်ကား တော်ဝင်ကျဲနန်းတော်၏ ဘုန်းတန်ခိုးအာဏာက ပြည်နယ်ကိုးခုကို စိုးမိုးထားချိန်ဖြစ်သည်။ အထူးသဖြင့် နန်းတော်မှ နောက်ထပ် ရှန့်ထိုငါးပါး မွေးထုတ်နိုင်သောအခါ သူတို့၏အင်အားမှာ နှိုင်းဆမရအောင် ကြီးမားလာခဲ့တော့သည်။ မရေတွက်နိုင်သည့် တန်ခိုးရှင်များက ပြည်နယ်ကိုးခုရှိ မြေရိုင်းပြည်နယ်သို့ လာရောက်ကာ တော်ဝင်ကျဲနန်းတော်တွင် ကျင့်ကြံလိုကြောင်း မေးမြန်းစုံစမ်းကြ၏။

နောက်ပိုင်းတွင် ရီဖူရှင်းက အင်ပါယာရှားကို ကူညီပြီး နတ္ထိဘုံတိုက်ပွဲတွင် အောင်မြင်မှုများ ယူဆောင်ပေးခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ရာ နန်းတော်၏ပုံရိပ်မှာ ပိုမိုမြင့်မား လာခဲ့တော့သည်။ တော်ဝင်ကျဲနန်းတော်၏ ရှန့်ထိုများက ရှန့်ထိုအဆင့် ကျင့်စဉ်ဆယ်ခုကို အောက်ဘုံသို့ ယူဆောင်လာကာ နန်းတော်၏ အမာခံတပည့်များကို သင်ကြားပေးခဲ့ကြသည်။

ယွီကလန်၏ လစန္ဒာရှန့်ထိုသည်ပင် သူ့ကလန်မှ ဂျူနီယာလေးများကို တော်ဝင်ကျဲနန်းတော်သို့ ပို့ဆောင်ခဲ့သည်။ ဤသည်ကပင် တော်ဝင်ကျဲနန်းတော် မည်မျှ ထွန်းပြောင် လာသည်ကို သိသာစေ၏။

နန်းတော်သို့ ဝင်ရောက်ရန် လာကြသည့် တန်ခိုးရှင်များ ပိုမိုများပြားမှုကြောင့် သူတို့အား လက်ခံသည့် စံမှုန်းမှာလည်း မြင့်တက်လာခဲ့သည်။ သူတို့၏ တပည့်များသည် အခြားသော တန်ခိုးရှင်များနှင့် ယှဉ်လျှင် နှစ်အနည်းငယ် အတွင်းမှာ ပိုမိုမြန်ဆန်စွာဖြင့် ထူးချွန်ထက်မြက် လာကြသည်။

ထိုအချိန်တွင် များပြားလှသော တပည့်များဖြင့် နန်းတော်သည် စည်ကား သက်ဝင်နေပေသည်။

နန်းတော်၏ အထက်ကောင်းကင်တွင် အားကောင်းသည့် နတ်ဘုရားစွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို လူတိုင်းက ရေးရေးမျှ ခံစားမိလိုက်ပြီး ကောင်းကင်ကို မော့ကြည့် လိုက်ကြသည်။

ထောင်ကျန်းလည်း နန်းတော်အပြင်သို့ ထွက်လာပြီး မော့ကြည့်သည်။

တောက်ပသည့် အလင်းရောင်များနှင့်အတူ ကောင်းကင်မှ လူတစ်စု ဆင်းသက်လာသည်။

သူတို့ကို ခေါင်းဆောင်သည့် လူနှစ်ဦးမှာ ချောမောကာ ခမ်းနားထည်ဝါလှသည်။ သူတို့မှာ ရီဖူရှင်းနှင့် ရှားရှင်းယွန်ပင် ဖြစ်၏။

သူတို့၏အနောက်တွင် တန်ခိုးရှင် အများအပြားပါရှိပြီး သူတို့က ရှီဟွာတောင်ရှန့်ထိုကို ဖမ်းခေါ်လာကြသည်။

“နန်းတော်သခင် ပြန်ရောက်လာပြီ” လူတိုင်းက ကောင်းကင်ကို မော့ကြည့်ပြီးနောက် နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

ရီဖူရှင်းကသည် လက်ရှိတွက် တော်ဝင်ကျဲနန်းတော်၏ ပြယုဂ်ဖြစ်သည်။

“နန်းတော်သခင်ကို ကြိုဆိုပါတယ်” လူတိုင်းက ရီဖူရှင်းကို ဦးညွှတ်လိုက်ပြီး သူ့ဘေးနားမှ ရှားရှင်းယွန်ကို ကြည့်လိုက်ကြသည်။ အတိတ်တွင် ဤသို့သော မြင်ကွင်းကား တွေးကြည့်၍ပင် မဖြစ်နိုင်သော အရာဖြစ်သည်။ လက်ရှိတွင် ရီဖူရှင်းကား မဖြစ်နိုင်ဟု ယူဆမှုများ အားလုံးကို တကယ့်လက်တွေ့အဖြစ် အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်သည်။

ရီဖူရှင်းက အားလုံးကို ခေါင်းညိတ်ပြလိုက်ပြီး ထောင်ကျန်းထံသို့ လျှောက်သွားကာ ခေါ်သည်…“ဆရာ”

ထောင်ကျန်းက ရီဖူရှင်းကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ပြုံးကာ ပြောသည်။ “ရှန့်ထိုအဆင့်ကို ရောက်သွားပြီလား နန်းတော်သခင်”

“အင်း” ရီဖူရှင်း ခေါင်းညိတ်သည်။ ရုတ်တရက် နန်းတော်အတွင်း ရှိသမျှ လူအားလုံးက တုန်လှုပ်သွား၏။

နန်းတော်သခင်က ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့ပြီ။ သူ၏ စွမ်းရည်က သည်မျှ အားကောင်းနေခြင်းမှာ အံ့သြစရာ မဟုတ်တော့။ များပြားလှသော သူ့တပည့်များကလည်း မတူညီ ကွဲပြားသော အရောင်အဝါအား ခံစားမိကြသည်။

နန်းတော်သခင်က နောက်ဆုံးတော့ မဟာလမ်းစဉ်ကို ခြေချသွားနိုင်ခဲ့ပြီ။

ထို့အပြင်သူသည် တစ်ချိန်က တော်ဝင်ကျဲနန်းတော်ကို လာရောက် တိုက်ခိုက်ခဲ့သည့် ရှီဟွာတောင်ရှန့်ထိုကို ဖမ်းလာခဲ့၏။

လူတိုင်းက ရီဖူရှင်း၏ နောက်မှ ဒဏ်ရာဗရပွဖြင့် ရှီဟွာတောင်ရှန့်ထိုကို ကြည့်ကာ ဖော်မပြတတ်သော ခံစားချက်များ ဖြစ်ပေါ်လာကြသည်။ တစ်ချိန်တုန်းက တော်ဝင်ကျဲနန်းတော်ကို အရေးမပါသလို သဘောထားခဲ့သည့်၊ အထင်သေးခဲ့သော ရှီဟွာတောင်၏ အရှင်သခင်ဖြစ်သူသည် ယခုကား နန်းတော်သခင်ထံ၌ အဖမ်းခံရကာ နန်းတော်သို့ ပြန်လည် ခေါ်ဆောင်လာခြင်းကို ခံရသည်။

“မင်းတို့ အားလုံး လုပ်လက်စတွေကို ဆက်လုပ်ကြပါ” ရီဖူရှင်းက နန်းတော်ရှိ လူများကို ပြောသည်။ ထို့နောက် သူနှင့်အတူလာသည့် သူများကို ခန်းမသို့ ခေါ်ဆောင်လာခဲ့သည်။ ရှန့်ထိုကျန့်သည် သူတို့ထံသို့ အလျင်အမြန် ရောက်ရှိလာပြီး သူနှင့်အတူ လိပ်ပြာလေးနှင့် စုချီဟန်တို့ကိုလည်း ခေါ်ဆောင်လာခဲ့သည်။

ရီဖူရှင်းက ရှန့်ထိုအဆင့် ဖြစ်သွားပြီကို မြင်လျှင် လိပ်ပြာလေး၏ မျက်နှာက အပြုံးတို့နှင့် တောက်ပလာ၏။

“အကြီးအကဲ…” ရီဖူရှင်းက ခေါ်သည်။

“နန်းတော်သခင်…” ရှန့်ထိုကျန့်က ခေါ်သည်။

“မင်းသမီးကို ဂါရဝပြုပါတယ်” ရှားရှင်းယွန်ကို သူက ပြောလိုက်၏။

“အင်း…” ရှားရှင်းယွန်က ခေါင်းညိတ်သည်။

သူမ ဘေးမှ ရီဖူရှင်းက ပြောလိုက်သည်… “ကျွန်တော် တစ်ယောက်ယောက်ကို စစ်မေးဖို့ အကူအညီ တောင်းချင်လို့ပါ အကြီးအကဲ…”

ရှန့်ထိုကျန့်က ရီဖူရှင်း ဆိုလိုသည်ကို သိလိုက်၏။ သူက ရှီဟွာတောင်ရှန့်ထိုကို ကြည့်သည်။

“မင်းက ငါ့ကို တကယ် ညှဉ်းပန်းနှိပ်စက်ချင် နေတာလား ရီဖူရှင်း” ရှီဟွာတောင်ရှန့်ထိုက မေးသည်။

ရီဖူရှင်းက သူ့ကို လျစ်လျူရှုလိုက်သော်လည်း ထောင်ကျန်းက အေးစက်စွာ ပြောသည်… “မင်းလုပ်ခဲ့တာကို မင်း မမေ့သင့်ဘူး”

“သူသာ စကားပြောဖို့ဆန္ဒမရှိရင် သတ်သေချင်စိတ် ဖြစ်လာအောင်အထိ လုပ်ရမယ်” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

သူသာ စကားမပြောလျှင် လုံလောက်ပြီဟု ထင်နေသည်လား။

“မင်းသမီး… ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါ” ရှီဟွာတောင်ရှန့်ထိုက ရှားရှင်းယွန်ကို ပြောသည်။ သူသည် ရှီဟွာတောင်ရှန့်ထိုဖြစ်ပြီး ဤသို့ သော နှိပ်စက်မှုမျိုးကို မည်သို့ လက်ခံရမည်နည်း။

“ရှင့်သားက အထက်ဘုံမှာ ရှိတယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မလူတွေက သူ့ကို စောင့်ကြည့် နေကြတယ်။ သူတို့ရဲ့ လုံခြုံမှုကို ကျွန်မ အာမခံတယ်။ တစ်ယောက်ယောက်က ရှင့်ကို ခြိမ်းခြောက် ထားရင်တောင် အခု သူတို့ကို ဘယ်သူမှ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး” ရှားရှင်းယွန်က ပြောသည်။ သူမက သူ၏ ဆန္ဒကို ခန့်မှန်းမိ၏။

ရှီဟွာတောင်ရှန့်ထို၏ မျက်နှာက ဖြူရော်သွားသည်။ သူ့အနေဖြင့် ကူရာမဲ့သော ခံစားချက်ကို ရသည်။

သူက သက်ပြင်းချကာ ပြောသည်… “မင်းသမီး ကျုပ် သိသမျှ အားလုံး ပြောပြရင်တောင်မှ ဘာမှ အဓိပ္ပာယ်မရှိဘူး”

သူက ရီဖူရှင်းတို့ရှာနေသည့် လူ၏ သရုပ်မှန်ကို မသိရှိပေ။ သူသည်လည်း ထိုလျှို့ဝှက်ထူးဆန်းသောလူ၏ အကွက်ချ စီစဉ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။

***

Comment

Leave a Reply

Options

not work with dark mode
Reset