အပိုင်း(၁၁၆၁)

ပေးဆပ်ခြင်း

ရုတ်တရက် ကျောက်စိမ်းရောင် နွယ်များ ရီဖူရှင်းထံမှ ထွက်ပေါ်လာကာ ရှောင်ရှမ်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ သူ့အနီးသို့ ဆွဲယူလိုက်သည်။

နွယ်များထံမှ စွမ်းအားမြင့် အသက်စွမ်းအင်များ စီးဆင်းလာကာ ရှောင်ရှမ်း၏ကိုယ်ထဲသို့ လောင်းထည့်ပေးသည်။ သို့ပေမဲ့ ရီဖူရှင်း တွေ့လိုက်သည်ကား ထိုစွမ်းအင်များမှာ အနက်ရောင်သို့ ပြောင်းလဲသွားသည်။ နွေပင်များပင် ဆွေ့မြည့်ညှိုးခြောက်သွားကာ သူတို့၏ စွမ်းရည်များလည်း ပျောက်ကွယ်ကုန်၏။

ထို့အပြင် ထိုအမည်းရောင် လိုင်းများက ထိုးထွက်လာကာ ရီဖူရှင်းထံသို့ပင် ပြန်လည် စီးဆင်းလာကြ၏။

ရီဖူရှင်းက နွယ်များကို ဖြတ်ပစ်လိုက်ပြီး ရှောင်ရှမ်းကို ကြည့်လျှင် သူသည် အနက်ရောင် အငွေ့များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှာ အနက်ရောင်သို့ ပြောင်းလဲလာနေ၏။

“ရှောင်ရှမ်း” ရှောင်အဘိုးအို၊ ရှားရှင်းယွန်၊ ရှောင်ချိန်ဟေးနှင့် အခြား ရှောင်မျိုးနွယ်တို့ အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့က ရှေ့သို့ သွားရန် ကြိုးစားသော်လည်း ရှောင်ရှမ်း၏ ခန္ဓာကိုယ်က မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဖြစ်သည်။ သူ့ထံတွင် အသက် ငွေ့ငွေ့လေးပင် မကျန်ရှိတော့ပေ။

သူ၏ အသက်စွမ်းအားများမှာ လုံးဝ ကုန်စင်သွားခဲ့သည်။ သူ သေဆုံး သွားခဲ့ပြီ။

“ဒါ …”

မြေပြင်တွင် ရှိနေသည့် လူတို့၏အကြည့်က အောက်ကို ပြုတ်ကျလာသည့် ရှောင်ရှမ်း၏ အလောင်းပေါ်တွင် ရှိနေကြသည်။ သူ သေပြီလား။

ရီဖူရှင်း ဘာမှ မလုပ်သေးသည့်တိုင် ရှောင်ရှမ်းက သေသွားခဲ့သည်လား။

သူတို့၏ စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ သူတို့ နောက်ဆုံးမှာ နားလည်သွားကြ၏။ ရီဖူရှင်းက အဘယ်ကြောင့် သည်မျှ ဖိအားများစွာ ပေးနေသည်ကို မအံ့သြကြတော့ပေ။ သည်ကိစ္စများ၏ နောက်ကွယ်တွင် အင်အား ကြီးမားသူတစ်ဦး သေချာပေါက် ရှိနေလေပြီ။

ရှောင်ရှမ်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်။ သို့မဟုတ်လျှင် သူက အသတ်ခံရခြင်းလား။

သို့သော်လည်း တစ်ဖက်တွင် ရှောင်ရှမ်းသည် သည်ပြစ်မှုမှ လွတ်မြောက်ရန် မလွယ်ကူပါ။ အသက်မသေလျှင်ပင် သူသည် သာမန် အတန်းအစားဘဝသို့ ကျရောက် သွားတော့မည်မှာ မြေကြီးလက်ခတ်မလွဲတော့။ ထိုအခြေအနေမှာ ရှန့်ထိုအဆင့် ရောက်ပြီးသည့် တန်ခိုးရှင်တစ်ယောက် အနေဖြင့် လက်ခံရန် မဖြစ်နိုင်ပေ။

ရှားရှင်းယွန်သည်လည်း ရှောင်ရှမ်းအနီးသို့ ရောက်လာကာ မျက်နှာက သိပ်မကောင်းတော့။ သူမ၏စိတ်များလည်း ရှုပ်ထွေးနေခဲ့သည်။

ရှောင်ရှမ်းက ဤနည်းဖြင့် သေဆုံးခဲ့သည်။ သူက သိသိသာသာပင် နောက်ကွယ်မှ လူအား သေသည်အထိ ဖုံးကွယ်သွားခဲ့၏။ ရှောင်ရှမ်းကလည်း သူ၏အဆုံးသတ်ကို ကြိုတင်သိပြီး ဖြစ်ပေမည်။ တစ်ဖက်လူက သူ့ခန္ဓာကိုယ်ထဲတွင် အဆိပ်မျိုးစေ့အား စိုက်ပျိုးထားခဲ့၏။

ရီဖူရှင်းကလည်း ရှောင်ရှမ်းအနီးသို့ ဆင်းသက်လာသည်။ သူ့နောက်မှ ကျူးကော့မင်းယွီက ပြောလိုက်သည် … “လင်းအာနဲ့ ဖီးနစ်လည်း ဒီလို အဆိပ်ခတ်ခံရတာ”

သည်ကိစ္စများအား တစ်ယောက်တည်းက ကြံစည်ခဲ့သည်မှာ ထင်ရှားခဲ့ပြီဖြစ်သည်။

ထိုလူမှာ အင်အားကြီးမားသူ ဖြစ်ရပေမည်။ ရှောင်ရှမ်းက သူ့ကိုယ်တွင်းမှာ အဆိပ်မျိုးစေ့ စိုက်ပျိုးခြင်း ခံခဲ့ရကာ ထိုအဆိပ်ဖြင့်ပင်  သေဆုံးခဲ့သည်။

လင်းအာကို နှစ်သက်နေသည့် သူသည်လည်း သည်နည်းဖြင့် သေခဲ့ရခြင်း ဖြစ်သည်။

“မင်းသမီး … အင်ပါယာရှားဘုံမှာ အဆိပ်ကျွမ်းကျင်တဲ့ စွမ်းအားကြီး ရှန့်ထိုအဆင့် တန်ခိုးရှင်များ ရှိလား” ရီဖူရှင်းက မေးလိုက်သည်။ အနှီပုဂ္ဂိုလ်မှာ စွမ်းအား ကြီးမားသည့်အပြင် အင်ပါယာရှားဘုံ အပြင်ကိုလည်း လက်တံရှည်ကာ အာဏာကြီးသည်။ ထို့ကြောင့် ကျိန်းသေ ထင်ရှားသည့် တစ်ယောက်ယောက် ဖြစ်ရမည်။

“ဒီမှာ အဆိပ်ရှန့်ထိုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်သူဖြစ်နိုင်လဲ စဉ်းစားလို့ မရဘူး။ ငါ လင်းအာနဲ့ ဖီးနစ်ရဲ့ ကိစ္စမှာကတည်းက ရှာကြည့်သေးတယ်။ ဒါပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး” ရှားရှင်းယွန်က ပြန်ဖြေသည်။

ရီဖူရှင်း တိတ်ဆိတ်သွားသည်။ ရှားရှင်းယွန် ဆိုလိုသည်ကို သူ သဘောပေါက်၏။ ရှောင်ရှမ်းက တရားခံတစ်ဦး ဆိုလျှင်ပင် သူ့နောက်မှာ တစ်ယောက်ယောက် ကျိန်းသေရှိလိမ့်မည်။ ထိုပုဂ္ဂိုလ်သည် ရှောင်ရှမ်းထက်ပို၍ အရည်အချင်း ရှိ၏။ ယခုကား မည်သည့်သဲလွန်စမှ မရှိတော့။

“ရှင်းယွန်” ရှောင်အဘိုးအိုက ရှောင်ရှမ်းရှေ့မှာ ရပ်သည်။ ဝမ်းနည်းသော ခံစားမှုကို သူ့ထံမှ ခံစားမိနိုင်သည်။

ရှောင်မိသားစု လူငယ်မျိုးဆက်ထဲတွင် ရှောင်ရှမ်းသည် ပါရမီအမြင့်ဆုံး ဖြစ်ကာ ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။ သို့သော် သူ၏အဆုံးသတ်ကား ကြေကွဲဖွယ် ကောင်းနေသည်။ သူက သူ့အပြစ်များကို ဝန်ခံခဲ့သည့်တိုင် အဆိပ်ခတ်ခံရ၍ သေဆုံးခဲ့သည်။

ဧကရီရှောင်ကြောင့် အင်ပါယာရှား နန်းတော်က ရှောင်မိသားစုကို အပြစ်ပြောမည် မဟုတ်သော်လည်း သည်အရှုပ်အထွေးတွင် ရှောင်မိသားစုတစ်ခုလုံး သံသယ၏ဒဏ်ကို ခံရပေတော့မည်။

သို့သော်လည်း သူတို့အနေဖြင့် မည်သို့မှ မတတ်နိုင်ပေ။ ယနေ့မှစ၍ ရှောင်မိသားစုမှာ အင်အားကြီး မိသားစုအဖြစ် ရပ်တည် နိုင်သေးသော်လည်း သံသယ၏အပြစ်ကို ခံယူသွားရပေတော့မည်။ အင်ပါယာက ရှောင်မျိုးနွယ်တို့အား ယုံကြည်ရန် မဖြစ်နိုင်တော့။ ရှောင်ရှမ်း ဘာလုပ်ခဲ့သည်ကို ရှောင်မျိုးနွယ်များမှာ ရေရေရာရာပင် မသိကြပေ။ သူတို့က ဤသို့ အရှုပ်အထွေးများ ကြားသို့ ဆွဲထည့်ခံရမည်ဟု မည်သူတို့က တွေးထင်မိကြမည်နည်း။

ရှားရှင်းယွန်က ရှောင်အဘိုးအိုကို ကြည့်လျှင် အဘိုးအိုက သူမအား ပြောသည် … “ရှောင်ရှမ်းက ဒီကိစ္စမှာ သူ့အပြစ်အတွက် ပြန်ပေးဆပ်သွားခဲ့ပြီ။ ရှောင်မိသားစုက ဒီကိစ္စမှာ ဘာမှ မပတ်သက်ဘူးဆိုတာ အဘိုး ကတိပေးတယ်။ ဒါကို စုံစမ်းဖို့ အဘိုး ကူညီပေးမယ်။ တရားခံတွေကို သိရရင် သူတို့ကို လုံးဝ အလွတ်မပေးဘူး”

သူ့နှလုံးသားက ဝမ်းနည်းမှုများဖြင့် ပြည့်နေသော်လည်း သူ၏စိတ်ရင်းကို ပြသရန် လို၏။

သူက ရှောင်ရှမ်းကို လမ်းမှားရောက်စေခဲ့ကာ ရှောင်မိသားစု တစ်ခုလုံးကိုပင် အရှုပ်အထွေးကြားသို့ ဆွဲထည့်ခဲ့သည့် ထိုလူကို ကြီးစွာ ဒေါသထွက်နေလေသည်။ ထိုသူက ရှောင်မိသားစုမှ လူဖြစ်လျှင်ပင် သူက သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။

“အင်း…” ရှားရှင်းယွန်က ခေါင်းညိတ်သည်။ ရှောင်ရှမ်းက ဆိုးဝါးသည့် အလုပ်ကို လုပ်ခဲ့သည် ဆိုသော်လည်း သူ၏အပြစ်အတွက် ပြန်ပေးဆပ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မှောင်ရိပ်ထဲမှ လူသည် ပို၍ စက်ဆုပ်ဖွယ်ကောင်း၏။

ရီဖူရှင်း ထိုနေရာတွင်သာ တိတ်ဆိတ်စွာ ရပ်နေ၏။ ရှောင်မိသားစုမှ လူများက သူ့ကို စူးစူးဝါးဝါး ကြည့်နေကြသည်။ အထူးသဖြင့် ရှောင်ရှမ်း၏ အဖေ ရှောင်ချိန်ဟေး ဖြစ်၏။

ရှောင်ရှမ်းက မည်သို့သော အမှားမျိုး ကျူးလွန်ပါစေ၊ သူ့သားဖြစ်နေဆဲ ဖြစ်၏။ သူက ရှန့်ထိုဖြစ်လာခဲ့ပြီး သူ့အနာဂတ်က ထွန်းလင်းနေခဲ့သော်လည်း ယခုကား သူက ဝမ်းနည်းပူဆွေး နေရ၏။ သူသည် ရီဖူရှင်း၏ ဖိအားပေးမှုကြောင့် သေခဲ့ရသည်။

ရီဖူရှင်းက နောက်လှည့်ကာ ထွက်သွားသည်။ သည်ကိစ္စတွင် ရှောင်မိသားစု မပါဝင်ဟု သူခံစားရသည်။ သူ့ကို မုန်းနေသည့်သူမှာ ရှောင်ရှမ်းပင် ဖြစ်ကာ ရှောင်အဘိုးအိုကား ထိုမျှ မမိုက်မဲပေ။

သို့သော်လည်း သူက ဆက်၍ စုံစမ်းရန် လိုအပ်သည်။ ရှားရှင်းယွန်ကလည်း သဲလွန်စများ ဆက်လက် ရှာဖွေပေလိမ့်မည်။

ရှားရှင်းယွန် ရှောင်မိသားစုမှ လူများကို ကြည့်သည်။ ထို့နောက် လှည့်ပြန်သွားသည့် ရီဖူရှင်း၏ နောက်ကျောကို ကြည့်သည်။ ထို့နောက် သူမလည်း ရီဖူရှင်း နောက်သို့ လိုက်ပါသွားကာ ပုံမှန်လေသံဖြင့် ပြောသည် …“နောက် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ရီဖူရှင်း လမ်းဆက်လျှောက်နေသည်။ နန်းတော်အဖွဲ့ဝင်များမှာ သူတို့နောက်မှ လိုက်လာပြီး ရှားရှင်းယွန်က သူနှင့်ဘေးချင်းယှဉ်ကာ ဆက်လျှောက်နေသည်။

မရေတွက်နိုင်သည့် လူတို့က သူတို့ ဘေးချင်း ယှဉ်လျှောက်နေသည်ကို ကြည့်နေကြသည်။ သူတို့က သည်မြင်ကွင်းမှာ သမားရိုးကျဟု ထင်သည်။

အင်ပါယာရှားဘုံတွင် မရေတွက်နိုင်သည့် တန်ခိုးရှင်များ ရှိသည်။ သို့သော် သည်ဆံဖြူလူငယ်မှလွဲပြီး မည်သူကမှ ရှားရှင်းယွန်နှင့် ဘေးချင်းယှဉ် မလျှောက်ရဲပေ။

ရီဖူရှင်းက သည်အကြောင်းနှင့် ပတ်သက်ပြီး များများစားစား မတွေးပေ။ သူက ရှားရှင်းယွန် မေးသည်ကို ကြားသောအခါ ခဏမျှ တိတ်ဆိတ်သွားပြီး ပြန်ဖြေသည် … “မင်းသမီး… ကျုပ်ကရှောင်ရှမ်းကို ဖမ်းပြီး ဖိအားပေး စစ်မေးမလို့ပဲ။ ဒါပေမဲ့ အခု သူက သေသွားပြီ။ သဲလွန်စအနေနဲ့ကတော့ အဆိပ်ကျွမ်းကျင်တဲ့ ရှန့်ထိုတန်ခိုးရှင်အဆင့် ဆိုတာပဲသိတယ်။ မင်းသမီးပြောတော့ အဲဒီလိုလူမျိုးကို ရှာဖို့ မဖြစ်နိုင်ဘူးဆို။ ဒါဆို သဲလွန်စက တစ်ခုတည်းပဲ ရှိတော့မယ်”

“အဲဒါ ဘာသဲလွန်စလဲ” ရှားရှင်းယွန်က မေးသည်။

“ရှီဟွာတောင်ရှန့်ထို” ရီဖူရှင်းက ပြောသည်။ “ကျုပ်တို့ လင်းအာ ဖြစ်ခဲ့တာ မတော်တဆ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီးပြီ။ ရှီဟွာတောင်ရှန့်ထိုက အဲဒီအချိန်ကို ရွေးပြီး တော်ဝင်ကျဲနန်းတော်သို့ လက်စားချေဖို့ လာခဲ့တယ်။ မင်းသမီး ပြောတဲ့အတိုင်းဆို သူတို့က သာမန်ပဲ တိုက်ခိုက်ပြီး ထွက်ပြေးခဲ့တယ်။ သူတို့မှာ စိတ်ပိုင်းဖြတ်ထားတာမျိုး မရှိဘူး။ ဒါကြောင့် တစ်ယောက်ယောက်က ဒီဖြစ်ရပ်နောက်ကွယ်ကနေ ညွှန်ကြားနေတာ ဖြစ်ရမယ်”

ယခု ပြန်စဉ်းစားကြည့်လျှင် ထိုဖြစ်ရပ်များမှာ ထင်သလောက် မရိုးရှင်းပေ။ အရာအားလုံးက သူ အင်ပါယာရှားဘုံတွင် ရှိခြင်းမရှိခြင်းအား စမ်းသပ်သည့် သဘောမျိုးဖြစ်ကြောင်း သူရိပ်မိလာခဲ့၏။

“ရှီဟွာတောင်ရှန့်ထိုကို အမြဲစောင့်ကြည့်ဖို့ လူတွေ လွှတ်ထားတယ်။ သူတို့ကလည်း ဒီကိစ္စရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ သွားဖမ်းကြရအောင်” ရှားရှင်းယွန်က ပြောသည် … “သူတို့က အခု ပြည်နယ်ကိုးခုမှာ ရှိနေသေးတယ်။ သူတို့ အဆုံးမဲ့ပင်လယ်မှာ ကျင့်ကြံနေကြတယ်”

“သိပ်ကောင်းတယ်။ ကျုပ်တို့ အခုသွားကြမယ်” ရီဖူရှင်း ပြောသည်။ အဆုံးမဲ့ပင်လယ်က ကျယ်ပြောလှသည့်။ ထိုနေရာသည် လောကကြီး၌ ပုန်းရှောင်ရန်နှင့် တန်ခိုးကျင့်ကြံရန် ကောင်းမွန်သော နေရာဖြစ်၏။ အကယ်၍ ရှားရှင်းယွန်သာ စောင့်ကြည့်ရန် လူမလွှတ်ထားခဲ့လျှင် သူတို့ လွယ်လွယ်ရှာတွေ့မည် မဟုတ်ပေ။

ပြည်နယ်ကိုးခုစစ်ပွဲတွင် တော်ဝင်မြေများက တော်ဝင်ကျဲနန်းတော်အား ဝိုင်းရံတိုက်ခိုက်ခဲ့ကြ၏။ နန်းတော်မှာလည်း ကြီးမားစွာ ဆုံးရှုံးခဲ့သည်။ ထိုအရာများအားလုံးမှာ ရှီဟွာတောင် ရှန့်ထိုကြောင့်ဖြစ်၏။ ထိုအချိန်က တော်ဝင်ကျဲနန်းတော်၏ တစ်ဦးတည်းသော ရန်သူမှာ ကျောက်ပြည်ထောင် ဘုရင်ဖြစ်သည်။ ရှီဟွာတောင်ရှန့်ထိုက ကျောက်ပြည်ထောင်နှင့် ပူးပေါင်းကာ နောက်ပိုင်းတွင် တော်ဝင်အလင်းနန်းတော်၊ ကျိရှမ်းကမ်းပါးတို့သည်ပင် ပူးပေါင်းခဲ့သည်။

တော်ဝင်စစ်ပွဲတွင် ဟွာဂျီယူ ဆုံးပါးသွားခဲ့သည်။

ယခု ရှီဟွာတောင်ရှန့်ထိုအား အကြွေးဟောင်းနှင့် အကြွေးသစ်တို့ နှစ်ခုလုံးအတွက် ပြန်ဆပ်ရပေတော့မည်။

သူတို့အုပ်စုက အင်ပါယာရှား နန်းတော်သို့ ဦးတည်လိုက်ကြသည်။

ထိုနေရာရှိ တည်နေရာခုန်ကျော်ခြင်း ဝင်္ကပါက သူတို့ကို ပြည်နယ်ကိုးခုဆီသို့ အမြန်နှုန်းဖြင့် ပို့ဆောင်ပေးလိမ့်မည်။

မကြာခင်မှာ ရီဖူရှင်း ရှားရှင်းယွန်နှင့် အခြားလူများ ဝင်္ကပါကို အသက်သွင်းလိုက်ပြီး အလင်းရောင်များ ထွက်ပေါ်လာကာ တစ်အုပ်စုလုံး အထက်ဘုံမှ ပျောက်ကွယ် သွားကြသည်။

အဆုံးမဲ့ပင်လယ်ပြင်မှ ရေများက ကောင်းကင်ကဲ့သို့ ပြာလဲ့နေသည်။ အကြည့်တစ်ချက်မျှက ပင်လယ်၏အဆုံးကို မမြင်နိုင်ပေ။ စွမ်းအားကြီးကလှသည့် အလင်းလှိုင်းတစ်ခုသည် လေထုနှင့် လှိုင်းများကို ဂယက်ရိုက် သွားစေသည်။ လူတစ်စု ကောင်းကင်မှ ရောက်လာခြင်း ဖြစ်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset