Switch Mode

အပိုင်း(၁၁၆၀)

ရှောင်ရှမ်း၏ သေဆုံးခြင်း

ရီဖူရှင်းက ကောင်းကင်ထက်တွင် တည်ငြိမ်စွာ ရပ်နေသည်။ အသက်တစ်ရှိုက် အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးရှိ ချီစွမ်းအင်များကို စုပ်ယူလိုက်သည်။

သူ့နှလုံးသားနှင့် စိတ်က အတူတကွ လှုပ်ရှားနိုင်ပြီး ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းကာ လွတ်လပ်စွာ သွားလာနိုင်၏။ အရာအားလုံးမှာ သူ့စိတ်အလိုအတိုင်း ရွေ့လျားနိုင်၏။

နတ်ဘုရား အလင်းရောင်သည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းနေဆဲ ဖြစ်သည်။ သူ၏ အသွေးအသားများနှင့် ဝိညာဉ်မှာ နတ်ဘုရားပြစ်ဒဏ်၏ ဆေးကြော သန့်စင်ခြင်းကို ခံလိုက်ရပြီးနောက် ပြောင်းလဲလာကာ မူလကထက် သန်မာလာ၏။

ထိုအချိန်တွင် သူ့ခန္ဓာက တည်ငြိမ်နေသည်ဟု ခံစားရသည်။ သူ၏ အတွင်းကလီစာများ သည်လည်း ပို၍ စွမ်းအားပြည့်ဝလာပြီး သူ အသက်ရှူလိုက်တိုင်း တုန်ခါနေ၏။ သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးများမှာလည်း ပိုမိုသန်မာ အားကောင်းလာကာ သူ၏ မျက်လုံးများသည် အလွန်ဝေးသောနေရာမှ အရာများကိုပင် မြင်နိုင်စွမ်း ရှိလာသည်။

သူ၏ သက်စောင့်ဟော်နန်းမှ ကမ္ဘာ့သစ်ပင်သည် နတ်ဘုရားအလင်းဖြင့် တောက်ပကာ ယိမ်းထိုး လှုပ်ရှားနေသည်။ ကမ္ဘာသစ်ပင်၏ အထောက်အပံ့ဖြင့် အခြား အသက်ဝိညာဉ်များကလည်း အနီးတွင် လှည့်ပတ်နေကြသည်။

ကမ္ဘာ့သစ်ပင်သည် ရီဖူရှင်း၏ မူလ သက်စောင့်ဝိညာဉ် ဖြစ်သည်။ အခြားဝိညာဉ်များ အားလုံးသည် ၎င်းမှနေ၍ ဖန်ဆင်းခြင်းဖြစ်၏။

စိတ်စွမ်းအင်များသည် ကမ္ဘာ့သစ်ပင်အနီးတွင် စီးဆင်းနေပြီး သူ့အတွေးနှင့် ဆက်သွယ်နေသည်ဟု ရီဖူရှင်းက ရေးရေးမျှ ခံစားနိုင်သည်။ ၎င်းသည် သူ၏ စိတ်နှင့် ခန္ဓာတို့ဖြင့် ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။ ကမ္ဘာ့သစ်ပင်၏ ပင်စည်သည် သူ့ခန္ဓာကိုယ် ဖြစ်လာပုံပေါ်ကာ အဆက်မပြတ် အသက် ရှူသွင်း ရှူထုတ်ခြင်းမှ သူ၏ အသက်စွမ်းအင်နှင့် ခွန်အားကို ထောက်ပံ့ပေးသည်။

ရီဖူရှင်းက သူ့အသက်ဝိညာဉ်သည် လွတ်လပ် မျောလွင့်သွားကာ ကောင်းကင်နှင့် မြေကြီးကိုပင် အမှန်တကယ် ထိတွေ့တော့မည်ဟု ခံစားနေရသည်။ သူ့စိတ်နှင့်ခန္ဓာတို့က တူညီသော ခံစားချက်ကို ရရှိကာ မိုးထိအောင် မြင့်မားသည့် သစ်ပင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိတွေ့တော့မည့်အလား။

ကံမကောင်းသည်က သူ၏တကယ့်မူလ ဝိညာဉ်အား တိုက်ပွဲတွင် တစ်ခါမှ ထုတ်ဖော်ခြင်း မရှိခဲ့သေးပေ။

သူသည် ရှန့်ထို ဖြစ်လာခဲ့သည်။ သူက သာမန်ထက် ထူးကဲစွာဖြင့် ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့သည်။

ဤအဆင့်သည် အတားအဆီးတစ်ခု ဖြစ်သည်။ လူအများစုမှာ သည်အတားအဆီး၌ ရပ်တန့်နေခဲ့ကြသည်။ တန်ခိုးရှင်လောကမှ လူများက ပြောကြသည်မှာ ရှီအဆင့်မှ ရှန့်ထိုအဆင့်သို့ တက်လှမ်းခြင်းသည် ရှန့်ထိုတစ်ပါးက ရှန့်ထိုအထက် အဆင့်များသို့ တက်လှမ်းသည်ထက် အဆမတန် ခက်ခဲသည်ဟု ဆိုကြသည်။ ၎င်းသည် တစ်စုံတစ်ယောက်အတွက် ကြီးမားသော စမ်းသပ်ချက် ဖြစ်သည်။

စင်စစ်တွင် ရှန့်ထိုတတိယအဆင့် သံသယကင်းစင်ခြင်း အဆင့်ကို ကျော်ဖြတ်ပြီး စတုတ္ထအဆင့် ပြန်လည် မွေးဖွားခြင်းအဆင့်သို့ တက်ရောက်ရန်မှာ အလွန့်အလွန် ခက်ခဲလှကာ အဆင့်လေးသို့ မတက်ရောက်နိုင်သည့် တန်ခိုးရှင်များမှာ မရေတွက်နိုင်အောင် ရှိသည်။

ထိုအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ ကံကောင်းရန် များစွာလိုအပ်သလို ဇွဲလုံ့လရှိရန်လည်း လိုအပ်သည်။

ရှန့်ထိုအဆင့်သို့ ရောက်ပြီးသည့်အခါ ရီဖူရှင်းသည် ယခင်ကထက် ပို၍ သန်မာလာသည်ကို ခံစားရသည်။ ခြေတစ်လှမ်းသာ ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည့်တိုင် ထိုခြေတစ်လှမ်းသည် ကြီးမားသော အပြောင်းအလဲကို ယူဆောင်လာခဲ့သည်။

ရီဖူရှင်းက နတ်ဘုရားအလင်းများ တောက်ပနေသော မျက်လုံးများဖြင့် ရှောင်ရှမ်းကို ကြည့်သည်။ ရှန့်ထိုအဆင့်သို့ မတက်မီကပင် သူသည် ရှောင်ရှမ်းကို အနိုင်ယူနိုင်၏။ ယခု ရှန့်ထိုသို့ ရောက်လာခဲ့ပြီဖြစ်ရာ ရှောင်ရှမ်းကို အနိုင်ယူရန်မှာ သူ့အတွက် အားသိပ်စိုက်ထုတ်စရာပင် မလိုတော့။

ရှန့်ထိုအဆင့်သို့ လတ်တလောကမှ ရောက်လာသည် ဖြစ်သော်လည်း သူတို့နှစ်ယောက် အကြား စွမ်းအားမှာ အလွန့်အလွန် ကွာဟလွန်းပေသည်။

လူတိုင်းက စိတ်ထဲမှနေ၍ သက်ပြင်း ချလိုက်ကြသည်။ ဖြစ်နိုင်သည်မှာ သူသည် သူရဲကောင်း အစစ်အမှန် ဖြစ်ကာ သူ့နာမည်ကို တစ်လောကလုံးသို့ ကျော်ကြားရန် ကံကြမ္မာကို ပိုင်ဆိုင်၏။ ရှန့်ထိုအဆင့်သို့ မဝင်ရောက်ခင်မီ၌ပင် သူက ရှောင်ရှမ်းကို ဖိနှိပ်နိုင်သည်။ အခု သူ ရှန့်ထိုအဆင့် ရောက်ရှိသွားပြီဖြစ်ရာ ရှောင်ရှမ်းအတွက် မျှော်လင့်ချက် မရှိတော့။

နှစ်ပေါင်းစွာ ကတည်းက ရှန့်ထိုအဆင့်သို့ ရောက်ပြီးသူများပင် ယခုမှ ရှန့်ထိုအဆင့်သို့ တက်လာသော ရီဖူရှင်းနှင့် ယှဉ်ပါက အနိုင်ရနိုင်မည် မဟုတ်ဟု သူတို့ ခံစားကြရသည်။

သူတို့က ရီဖူရှင်း၏မိသားစု နောက်ခံကို အလွန် စိတ်ဝင်စားမိကြ၏။ အောက်ဘုံမှ တစ်စုံတစ်ယောက်က ဤမျှ ထူးခြားထက်မြက် နိုင်ပါသလော။

ရှားရှင်းယွန်သည်ပင် အံ့သြမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်နေသည်။ ရီဖူရှင်းကား အမှန်တကယ် စွမ်းအားကြီး လာခဲ့ပြီဖြစ်သည်။ သူမကရော မည်သည့်အချိန်တွင် ရှန့်ထို ဖြစ်လာနိုင်မလဲ သိချင်မိသည်။

ကော့တေးမှ လူတိုင်းက ထို ဂုဏ်ကျက်သရေရှိသည့် မြင်ကွင်းကို ကြည့်ကာ နှလုံးသားထဲမှ ပျော်ရွှင်မှုကို ခံစားကြရသည်။ သူတို့၏ ညီငယ်လေးက ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့သည်။

ရီဖူရှင်း အသက် ဆယ့်ရှစ်နှစ်အရွယ်၌ ကော့တေးသို့ ရောက်ရှိလာပြီး ဆရာတူအစ်ကို အစ်များ၏ အလိုလိုက် ချစ်ခင်ခြင်းကို ခံခဲ့ရသည်။ အခု သူသည် အသက်ငယ်ငယ်ဖြင့် ရှန့်ထို ဖြစ်လာခဲ့သည်။ သူက ပြည်နယ်ကိုးခုသို့ ပြန်လျှင် ထိပ်ဆုံးတွင် အမြင့်ဆုံးသော အဆင့်အတန်း၌ ရပ်တည်နိုင်ပြီဖြစ်သည်။ အရာအားလုံးက အိပ်မက်ကဲ့သို့ ထင်မှတ်ရသည်။

သူ၏အစ်ကိုကြီး ရှန့်ထို ဖြစ်ပြီး သိပ်မကြာခင် သူကလည်း အစ်ကိုကြီး၏ခြေရာကို နင်းနိုင်ခဲ့၏။ အခု သူက ယူချင်း၏ စောင့်ရှောက်ပေးမှုနှင့် ကော့တေး၏ ကာကွယ်ပေးမှုတို့အား မလိုအပ်တော့ပေ။ သူသည် ကော့တေးတွင် အသန်မာဆုံးတပည့် ဖြစ်လာခဲ့ပြီဖြစ်၏။

ရှန့်ထို ဖြစ်သွားပြီဖြစ်သော ရီဖူရှင်းက ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာကာ ရှောင်ရှမ်း၏ရှေ့၌ ရပ်လိုက်၏။

ရှောင်ရှမ်းက ရီဖူရှင်းကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ တည်ရှိမှုက အဖိုးမတန်တော့သလို ခံစားလာရသည်။

တစ်ချိန်က သူသည် ရှောင်မိသားစု၏ ဆက်ခံသူလောင်းလျာ ဖြစ်ကာ ဧကရီရှောင်၏ တူတော် ဖြစ်၏။ ထို့ကြောင့် ရီဖူရှင်းက ထူးချွန်တဲ့ ပါရမီများဖြင့် အထက်ဘုံတွင် ကျော်ကြား လာခဲ့သည့်တိုင် သူ့စိတ်ထဲ အလေးမထားခဲ့။ သူ တွေးခဲ့သည်က သူ့လမ်းကို လာပိတ်နေလျှင် ထိုလူကို ရှင်းလင်းပြစ်ရမည်။

ယခု ပြန်ကြည့်လျှင် သူတို့အကြားမှ ကွာဟမှုမှာ ကြီးမားလှကြောင်း သူ မြင်တွေ့လာရသည်။ ယခုကား ရီဖူရှင်း၏ အနာဂတ်မှာ အဆုံးမရှိ တောက်ပနေပြီး ရှောင်ရှမ်းကတော့ အပြစ်သား ဖြစ်နေသည်။

“ဘယ်သူလဲ” ရီဖူရှင်းက ရှောင်ရှမ်းကို စူးစူးရဲရဲကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။

“ငါ တစ်ယောက်တည်း လုပ်တာလို့ ပြောပြီးပြီ” ရှောင်ရှမ်းက ရီဖူရှင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ၏စိတ်မှာ အားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ အခြေအနေက ဤသို့ ဖြစ်လာမှတော့ သူ့အနေဖြင့် ဝန်ခံရပေတော့မည်။ သူလုပ်ခဲ့သည်များအတွက် ပြန်ပေးဆပ်ရန် လိုသည်။

ယခင်က သူ၏ ဂုဏ်သတင်းတို့မှာလည်း တိမ်ခိုး တိမ်ငွေ့များသဖွယ် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းနှင့် သူ၏ အနာဂတ်သည်လည်း အခုတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

ရီဖူရှင်းက ရှောင်ရှမ်းကို ဖမ်းဆွဲလိုက်သည်။ တစ်ခဏအတွင်းတွင် လျှပ်စီးများက သူ့ထံသို့ တည့်မတ်စွာ ကျဆင်းလာသည်။ ၎င်းတို့သည် သူ့ခန္ဓာကိုယ်တွင်းသို့ ဖြတ်သန်းသွားကာ သူ၏ အတွင်းကလီစာများကို ပြင်းထန်စွာ ဖျက်ဆီးသွားခဲ့သည်။

ထိုမျှသာမက သူ၏ မျက်လုံးများမှ စူးရှလင်းလက်လာပြီး ၎င်းတို့မှ ထွက်လာသည့် လျှပ်စီးများသည် ရှောင်ရှမ်း၏ မျက်လုံးများသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်၌ ရှောင်ရှမ်း၏ ဦးနှောက်က အပြင်းအထန် တုန်ယင်နေပြီး လျှပ်စီးများ၏ တိုက်ခိုက်မှုအောက်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ အကြီးအကျယ် နာကျင်ရသည်။ သူ့တစ်ကိုယ်လုံးက တဆတ်ဆတ် တုန်ခါနေ၏။ သူက လဲကျသွားတော့မတတ် ဖြစ်နေသော်လည်း မမြင်ရသည့်အားက သူ့ကို ထူမတ်ထား၏။

ရှောင်ရှမ်းက အားလုံးကို သူလုပ်ခဲ့သည်ဟု ဝန်ခံခဲ့သော်လည်း သူက တစ်ခုခုကို ဖုံးကွယ်ထားလိုပါက လွယ်ကူမည် မဟုတ်ပေ။ ရီဖူရှင်းက သူ၏စိတ်စွမ်းအားကို ဖျက်ဆီးပေလိမ့်မည်။

သူ၏ ပြစ်မှုကို ဝန်ခံပြီးသား ဖြစ်သည့်တိုင် သူ့တွင် ခုခံရန် အခွင့်အရေး မရှိသလို ရှောင်မိသားစုတွင်လည်း တားဆီးခွင့်မရှိပေ။

အောက်က လူများမှာ သူတို့နှစ်ယောက်ကို ကြည့်နေကြသည်။ ကြောက်မက်ဖွယ် လျှပ်စီးများက သူတို့နှစ်ယောက်အနီးတွင် ဝင်းလက်နေသည်။ လျှပ်စီးများက ရှောင်ရှမ်းကို ရိုက်ခတ်နေပြီး သူ့ စိတ်ဝိညာဉ်ကို ထုံထိုင်းနေခဲ့ကာ သူ့အသွေးအသားများကို တဖြည်းဖြည်း ဖျက်ဆီးနေသည်။

“ဘယ်သူလဲဆိုတာ ငါ့ကိုပြော”

ရီဖူရှင်းအသံက မိုးကြိုးသံကဲ့သို့ ရှောင်ရှမ်း၏ စိတ်ကို စတင် အက်ကွဲလာစေသည်။ သူ့ဦးနှောက်က ပြင်းထန်လှသည့် နာကျင်မှုကို ခံစားနေရပြီး ရီဖူရှင်းက သူ့စိတ်စွမ်းအားကို အကုန်အစင် ဖျက်ဆီးတော့မည် ထင်ရ၏။

ဘယ်သူလဲဟူသော မေးခွန်းသည် သူ့ခေါင်းထဲတွင် အကြိမ်ပေါင်းများစွာ ပဲ့တင်ထပ်နေ၏။

လူတိုင်းက ဆွံ့အသွားကြသည်။ ထိုအချိန်တွင် ရှောင်ရှမ်းသည် ခုခံနိုင်စွမ်းမရှိတော့ဘဲ ရီဖူရှင်း ပြုသမျှနုရသော အခြေအနေဖြစ်၏။

သို့သော်လည်း သည်အရာသည် သူလုပ်ခဲ့ခြင်းအတွက် ပြန်ပေးဆပ်ရခြင်းပင်။

အားလုံးကလည်း ရှောင်ရှမ်း၏နောက်ကွယ်မှ လူကို သိလိုကြသည်။ ထိုသူက ရှောင်မိသားစုဝင် တစ်ယောက်ပေလော။

သို့သော်လည်း ရှောင်မိသားစုအနေဖြင့် အင်ပါယာရှားဘုံကို သစ္စာဖောက်ရန် အကြောင်းပြချက် မရှိပေ။

သို့သော် ရှောင်ရှမ်းက သူ့အား အဘယ်ကြောင့် ကာကွယ်ပေး နေရသနည်း။

“ရှောင်ရှမ်း” ထိုအချိန်တွင် နောက်တစ်ယောက်က ရှေ့သို့ တိုးလာသည်။ သူကား ရှောင်အဘိုးအို ဖြစ်သည်။ ရှောင်အဘိုးအိုက သူ့ဆီသို့ လျှောက်လာကာ သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့် ရှောင်ရှမ်းကို ကာကွယ်ပေးရန် မဖြစ်နိုင်တော့ပေ။ သို့သော် အနည်းဆုံးတော့ ရှောင်ရှမ်း အသက်ရှင်နိုင်ရန် သူမျှော်လင့်၏။

“ဒီကိစ္စတွေမှာ တစ်ယောက်ယောက် ပါဝင်ပတ်သက်နေတယ်ဆိုရင် ဘယ်သူလဲ ပြောပြပါ” ရှောင်အဘိုးအိုက ပြောလိုက်သည်။ သူကလည်း ရှောင်ရှမ်းတစ်ယောက်တည်း အရာအားလုံးကို မကြံစည်နိုင်သည်ကို နားလည်၏။

သူသာ ဝန်မခံပါက ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့က သူ့ကို ချမ်းသာပေးရန် မဖြစ်နိုင်ပေ။

ရှောင်ရှမ်းက ရှောင်အဘိုးအိုကို ကြည့်လိုက်ပြီး သူ၏ တုန်ယင်နေသည့် ခန္ဓာကိုယ်ဖြင့် ဦးညွှတ်လိုက်သည် … “ကျွန်တော် လုပ်ခဲ့တာပါ။ ကျွန်တော် တစ်ယောက်တည်း လုပ်ခဲ့တာ။ တခြား ဘယ်သူမှ မပါပါဘူး”

ဝုန်း …

နောက်ထပ် ကောင်းကင်မှ လျှပ်စီးတို့ ကျဆင်းလာပြီး ရှောင်ရှမ်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။ သူက ပါးစပ်အပြည့် သွေးတို့ အန်လိုက်ရပြီး အဆုံးမဲ့ လျှပ်စီးစွမ်းအားများသည် သူ့ကို ဝန်းရံဖျက်ဆီး၏။

“မင်း ဝန်ခံရင် ငါ မင်းအပေါ် သက်ညှာပေးမယ်။ မဟုတ်ရင်တော့ ဒီနေရာမှာ မင်းကို အမှန်အတိုင်း ပြောလာအောင် လုပ်နိုင်တဲ့သူတွေ ရှိတယ်ဆိုတာ မင်းသိသင့်တယ်” ရှောင်ရှမ်း အဘယ်ကြောင့် ငြင်းဆန်နေရသည်ကို ရီဖူရှင်း နားမလည်။ ဘယ်သူ့ကို သူက ကာကွယ်ချင်နေတာလဲ။

ရှောင်ရှမ်းနောက်မှ လူသည် အလွန်တရာ အင်အားကြီးကာ အာဏာရှိဟန်ရ၏။ ရီဖူရှင်း ထိုလူကို အလွတ်မပေးနိုင်ပေ။

ရှောင်ရှမ်းက ရီဖူရှင်း အမှန်ပြောနေမှန်း သိသည်။ သူ့အနေဖြင့် ထိုလျှို့ဝှက်ချက်အား ထာဝရဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ စွမ်းအားမြင့်သည့် တန်ခိုးရှင်များတွင် သူ ထုတ်ဖော် ပြောဆိုလာအောင် လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။

သို့သော်လည်း သူကား ဆုံးဖြတ်ပြီးဖြစ်သည်။

သူက ရီဖူရှင်းကို ကြည့်လိုက်ပြီး နောက် ရှားရှင်းယွန်ကို ကြည့်သည်။ သူက ပြောလိုက်သည် … “ရီဖူရှင်း … မင်းက မင်းသမီးကို ကောင်းကောင်း စောင့်ရှောက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငါ မျှော်လင့်တဲ့အတိုင်း မင်းလုပ်နိုင်မှာပါ။ ဒါပေမဲ့ ဘယ်တော့မှ ငါ့ထက် ပိုကောင်းနိုင်မှာ မဟုတ်ဘူး”

ရီဖူရှင်း မျက်မှောင်ကြုတ် သွား၏။ သူ ဘာကို ဆိုလိုချင်တာလဲ။

ထိုခဏ၌ သူ့မျက်နှာက ရုတ်တရုက် ပြောင်းလဲသွားသည်။

သူ့ရှေ့မှ ရှောင်ရှမ်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် နက်မှောင်လာသည်။ သူ့ရဲ့ မျက်နှာ တစ်ခုလုံးမှာလည်း မရေတွက်နိုင်သည့် အနက်ရောင်လိုင်းများ ပေါ်လာသည်။ ထိုအနက်ရောင် လိုင်းများသည် မျက်နှာသာမကဘဲ သူ့လက်မောင်းနှင့် သူ့ခန္ဓာကိုယ်တို့ကိုပါ ဖုံးလွှမ်းသွားသည်။

သူ၏ အသက်ဓာတ်တို့သည် ထိတ်လန့်ဖွယ် အလျင်နှုန်းဖြင့် ကျဆင်းသွားသည်။ သူကား နောက်ထပ် စကားပြောရန်ပင် မဖြစ်နိုင်တော့။

***

Comment

Leave a Reply

Options

not work with dark mode
Reset