အပိုင်း(၁၁၅၈)

ဖြောင့်ချက်

ရှောင်မိသားစုဝင်များသည် လေထဲမှ ပုံရိပ်နှစ်ခုကို ငေးကြည့်နေကြသည်။ သူတို့၏မျက်နှာများပေါ်တွင် ရှက်ရွံ့နေဟန်များ ပေါ်နေသည်။

ရှောင်ရှမ်းသည် ရှန့်ထိုဖြစ်လာခဲ့ရာ ရှောင်အဘိုးအိုက တော်ဝင်နန်းတော်သို့ ကိုယ်တိုင်ဝင်ရောက်ကာ နောက်ထပ် အခွင့်အရေးပေးရန် ဧကရီရှောင်ကို လျှောက်တင်ခဲ့သည်။ လုပ်ဆောင်ခဲ့သမျှ အားလုံးက ဤသို့ ဖြစ်လာရန်အတွက်လား။

ယနေ့တွင် ရှောင်အိမ်တော်သို့ လာရောက် ဂုဏ်ပြုသူများစွာ ရှိသည်။ ရှောင်ရှမ်းသည် ရှန့်ထိုအဆင့်သို့ ရောက်သွားခဲ့သော်လည်း ရီဖူရှင်းက သူ့ကို အနိုင်ယူနိုင်ဆဲဖြစ်သည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ထက်တွင် ရှောင်ရှမ်း၏ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ ရီဖူရှင်း၏လက်သီးက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ထွင်းဖောက်သွားပုံပေါ်သည်။ ရှောင်ရှမ်း၏ ဆံပင်ရှည်က ဖားလျားကျနေပြီး အဝတ်များမှာလည်း သွေးတို့ စွန်းထင်းနေသည်။

တိမ်တိုက်တောင်ကြားမှ လူများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စကားပင် မပြောနိုင်ကြတော့ချေ။

“မင်း ဝန်ခံလား”

ရီဖူရှင်းက ရှောင်ရှမ်းထံမှ ဝန်ခံချက်ကို လိုချင်နေ၏။ ရှုံးနိမ့်သူအတွက် ဝန်ခံခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်ခွင့်ဖြစ်သည်။

ရှားရှင်းယွန်နှင့် ရှောင်မိသားစုတို့၏ ပတ်သက်မှုအရ ရှားရှင်းယွန်အနေဖြင့် သက်သေမရှိလျှင် ရှောင်မိသားစု၏ အကာကွယ်အောင်တွင် ရှိနေသော ရှောင်ရှမ်းအား မည်သို့မှ မလုပ်နိုင်ပေ။ ထို့ကြောင့်ပင် ရီဖူရှင်းက သူကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်၏။

သူနှင့် ရှောင်ရှမ်းတို့ အကြားတွင်တော့ ဤသို့သော ကန့်သတ်ချက်များ မရှိပေ။

ရီဖူရှင်း၏လူများမှာ နတ္ထိဘုံတိုက်ပွဲအတွင်း၌ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ရာရာ၊ သူ၏ အစ်ကိုကြီး၊ ရီဝူချင်းနှင့် အခြားလူများက သူတို့၏အသက်ကို လောင်းကြေးထပ်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ ရီဖူရှင်းတစ်ယောက် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယ တစ်ကြိမ် ရှောင်ရှမ်း၏ ကြိုးပမ်းမှုမှာလည်း သူ၏အသက်ဘေးသာမက၊ တော်ဝင်အကြံပေး အိမ်တော်ကိုလည်း ကြီးမားသော ပြဿနာများအကြားသို့ ရောက်ရှိစေခဲ့၏။ ရှားရှင်းယွန်၏ စုံစမ်းမှုများအရ တော်ဝင်အကြံပေးသည် တာလီကျောင်းတော်၏ ကျောင်းအုပ်နေရာမှ နုတ်ထွက်ခဲ့ရသည်။ တော်ဝင်အကြံပေး၏ တပည့်များမှာလည်း ကျောင်းမှ ထွက်ကာ အခြားနေရာများ၌ သွားရောက်ကျင့်ကြံကြ၏။ မင်းသားကြီးသည် တစ်ဖန် တန်ခိုးအာဏာများ ကြီးမားလာခဲ့သည်။

ဘုရင်ထန်တောက်နှင့် မင်းသားကြီးတို့က ပူးပေါင်းလိုက်ကာ မင်းသားသုံးအား တာလီကျောင်းအုပ်နေရာကို ရယူစေခဲ့၏။ သူတို့နှစ်ယောက်သည်လည်း မင်းသားသုံး၏ အကြံပေးများ ဖြစ်လာကြသည်။ သူတို့က တောက်လီတောင်မှ လူများကိုပင် တာလီကျောင်းတော်တွင် လေ့ကျင့်ရန် ခွင့်ပြုခဲ့ကြသည်။

တော်ဝင်အကြံပေးသည် ရီဖူရှင်းကို လိုက်ပါ ကာကွယ်ပေးခဲ့ကတည်းက ဤသို့သော အလှည့်အပြောင်းမျိုးကို သေချာပေါက် ကြိုတင်သိရှိပြီး ဖြစ်ပေလိမ့်မည်။

ရီဖူရှင်း၏အသက်ကို ရယူရန် ကြံစည်မှု နှစ်ခု၌ အင်ပါယာရှားဘုံမှ ရှောင်ရှမ်းသည် အင်ပါယာလီဘုံမှ မင်းသားလီယောင်နှင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့် ရှောင်ရှမ်းက သူနောင်တရကြောင်း ဝန်ချတောင်းပန်လျှင်ပင် ရီဖူရှင်းက ခွင့်လွှတ်မည် မဟုတ်ပေ။

ရှောင်ရှမ်း၏ လုပ်ဆောင်မှုများမှာ ခွင့်လွှတ်ခြင်းနှင့် မထိုက်တန်ပေ။ ဧကရီရှောင်၏ ကြားဝင်ဖျန်ဖြေပေးခြင်းသာ မရှိခဲ့လျှင် အရင်တစ်ခေါက် ပြဿနာကတည်းက ပြတ်ပြတ်သားသား စီရင်ခဲ့ပြီဖြစ်သည်။

ရှောင်ရှမ်းက ထိုအချိန်တွင် သူ့အရှေ့မှ အလင်းရောင်များ တောက်ပလျက် ရှိနေသေးသည့် ငွေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်သည်။ ယခုတွင် ရှောင်ရှမ်းက သူသည်သာ  ရှီအဆင့်ဖြစ်ပြီး ရီဖူရှင်းက ရှန့်ထိုအဆင့်ဟု ခံစားနေရသည်။

ရှန့်ထိုတစ်ယောက် ဖြစ်လာခဲ့သော်လည်း ရှောင်ရှမ်းသည် ရီဖူရှင်းအား အနိုင်ယူရန် မတတ်နိုင်ခဲ့ပါ။ နောင်တွင်လည်း ဖြစ်နိုင်ဖွယ် မရှိပေ။

ဒါဆို ငါ ဝန်ခံရမှာလား …

ရှောင်ရှမ်းက ကြံစည်မှု၌ တိုက်ရိုက်အားဖြင့် ပါဝင်ခဲ့ခြင်း မရှိသော်လည်း တစ်နည်းနည်း အားဖြင့်တော့ ပတ်သက်ခဲ့သည်သာ။ သူ့ကြောင့်သာလျှင် ရီဖူရှင်းက အသက် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ရှောင်ရှမ်းက ဘာစကားမှမပြောလျှင် ရီဖူရှင်းက လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။ စွမ်းအားများက ရှောင်ရှမ်း၏ ခန္ဓာကို ဖြတ်သန်းသွားလျှင် သူ့ကို သိမ့်သိမ့်တုန် သွားစေသည်။ သူ့မျက်နှာမှာလည်း ဖြူရော်လာ၏။

ရီဖူရှင်းက လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးသည်။ လက်သီးချက်တိုင်းက သူ့အား အခြေအနေကို ဆိုးဝါးလာစေကာ အတွင်းကလီစာများအား ဖျက်ဆီး၏။ ရှောင်ရှမ်း၏မျက်နှာမှာ အလွန်တရာ ပြာနှမ်းလာပြီး အချိန်မရွေး အသက်သေဆုံး သွားတော့မည်ကဲ့သို့ ဖြစ်လာသည်။

ထိုမြင်ကွင်းကိုကြည့်ကာ လူတိုင်းက ထိတ်လန့်ကြရသည်။

“မင်း ဝန်မခံဘူးဆိုရင် မင်း လက်လျှော့သွားတဲ့အထိ ငါ ဒီပုံစံအတိုင်း ဆက်လုပ်နေမယ်” ရီဖူရှင်းက ပြောသည်။ သူ၏ အသံက အေးစက်တင်းမာနေပြီး ယုံကြည်မှုများဖြင့် ပြည့်နေသည်။

“တော်လောက်ပြီ” အသံတစ်သံအား ကြားကြရသည်။ လူတိုင်းက စကားပြောလိုက်သည့်လူကို ကြည့်လိုက်ကြရာ ရှောင်အဘိုးအိုက ရှေ့သို့ ခြေလှမ်းတိုးလာပြီး အေးစက်သော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်နေသည်အား မြင်လိုက်ကြရသည်။

“ရီဖူရှင်း … မင်းက ဒီလိုနည်းလမ်းမျိုးနဲ့ သူမလုပ်ခဲ့တဲ့ကိစ္စကို အတင်း ဝန်ခံခိုင်းနေတာပဲ” ရှောင်အဘိုးအိုက အေးစက်စွာ ပြောသည်။

“သူသာ တကယ် အပြစ်မဲ့တယ်ဆိုရင် မှားယွင်းမှုအတွက် ကျုပ်အသက်ကို ပေးမယ်။ တကယ်လို့ သူ အပြစ်ရှိတယ်ဆိုရင် ခင်ဗျား ဘယ်လိုလုပ်မှာလဲ” ရီဖူရှင်းက ရှောင်အဘိုးအိုကို အေးစက်စွာ ပြန်ပြောသည်။

ရှောင်အဘိုးအိုက ရီဖူရှင်း၏ မျက်လုံးများမှတစ်ဆင့် ရှောင်ရှမ်းသည် ဤကိစ္စများ၌ အမှန်တကယ် ပတ်သက်နေကြောင်း သိနားလည်လိုက်သည်။

“လူတစ်ယောက်ဟာ စိတ်နှလုံးမှာ သံသယ ကင်းစင်သွားတော့မှ မဟာလမ်းစဉ်သို့ ခြေချနိုင်မယ်။ ရှောင်ရှမ်းက ရှန့်ထိုအဆင့်ကို တက်ရောက်နိုင်လို့ သူ အမှား မလုပ်ခဲ့တာ သေချာတယ်” ရှောင်အဘိုးအိုက ပြောသည်။

“သံသယကင်းစင်တဲ့ စိတ်နှလုံးတဲ့လား” ရီဖူရှင်းက ခပ်ထေ့ထေ့ ရယ်သည် …“သူ့စိတ်နှလုံး အစွဲအလမ်းတွေကို စွန့်ပစ်ပြီး သူဘယ်လို အဆင့်တက်သွားခဲ့လဲ ကျုပ်မသိဘူး။ ဒါပေမဲ့ ရှန့်ထိုအဆင့်သို့ တက်ဖို့ဆိုတာ နည်းလမ်းအများကြီး ရှိတယ်။ ခင်ဗျားက သူ့မှာ သံသယကင်းစင်တဲ့ စိတ်နှလုံးရှိတယ်လို့ ပြောတယ်။ ဒါဆို ကျုပ်ကရော …”

ပြောပြောဆိုဆိုဖြင့် သူက ရှောင်ရှမ်းထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ရှောင်ရှမ်း၏ အတွင်းကလီစာများမှာ ကြေမွသွားသကဲ့သို့ ဖြစ်သွားပြီး သူ့အခြေအနေမှာ ပိုမိုဆိုးဝါးလာခဲ့သည်။

ထိုအချိန်တွင် ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါမှာ ပိုမို တောက်လောင်လာပြီး ရောင်စဉ်များမှာ ကောင်းကင်ယံသို့အထိ ရိုက်ခတ်သွားသည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာလည်း ပြင်ပြင်းထန်ထန် တုန်ခါကြပြီး မုန်တိုင်းတစ်ခု အစပျိုးလာသကဲ့သို့ ထင်မှတ်ရသည်။

လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားကြသည်။ အလင်းရောင်စဉ်များက ကောင်းကင်ကို ရိုက်ခတ်သွားပြီး သူ၏ စွမ်းအားများမှာ မဟာလမ်းစဉ်နှင့် ပေါင်းစပ်သွားပုံရသည်။ သူ၏ စိတ်နှလုံးမှာလည်း လောကကြီးနှင့် ရောယှက်‌သွားသည်။

ရီဖူရှင်းက ကောင်းကင်ကို မော့ကြည့်ကာ ပြောသည် … “ကျုပ် အခု ကောင်းကင်ကို မေးမယ်။ ကျုပ်ရဲ့ အသိစိတ်က ရှင်းလင်းနေရဲ့လား”

သူ့အသံက သူ့အနီးဝန်းကျင်သို့အထိ ပဲ့တင်သံရိုက်ခတ်သွား၏။ လူအများတို့သည် ထိုအသံကို ဝေးလံသော အရပ်များမှပင် ကြားကြရ၏။ ရှောင်မိသားစုအိမ်တော် အပြင်ဘက်တွင် လူများ စုဝေးလာကြသည်။ သူတို့က ကောင်းကင်ထက်တွင် ရောင်စဉ်ရောင်ဝါများ ထွန်းလင်းလျက် ရပ်နေသော ငွေရောင်ဆံပင်လူငယ်အား ကြည့်နေကြသည်။

နတ်ဘုရားပြစ်ဒဏ်မှ ခေါ်ဆောင်လာသော တိမ်တိုက်များသည် သူ့အထက်‌ ကောင်းကင်တွင် စုဝေးလာ၏။ အလင်းရောင်စဉ်များက နေရာအနှံ့၌ ထွက်ပေါ်လာသည်။ အမည်းရောင် တိမ်တိုက်များ ပြည့်နှက်နေသည့် မြင်ကွင်းမှာ ကမ္ဘာပျက်သည်နှင့်ပင် သိပ်မခြားနားတော့။ မွန်းကျပ်ဖွယ် ဖိအားကြီးက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ရှောင်အဘိုးအိုက သူ့အား ကြည့်သည်။ လူတစ်ယောက်၏ စိတ်အခြေအနေက ရှင်းလင်းမနေခဲ့လျှင် မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်အား ထွက်ပေါ်လာစေရန် မဖြစ်နိုင်ပေ။

ကြောက်မက်ဖွယ် စွမ်းအားများ စုရုံးနေသည့် ကောင်းကင်မှ နတ်ဘုရားပြစ်ဒဏ်ကို ရှောင်ရှမ်းက လှမ်းကြည့်သည်။သူ  ဖြတ်ကျော်ခဲ့သည့် နတ်ဘုရားပြစ်ဒဏ်မှာ သည်မျှစွမ်းအား မကြီးပေ။

သူက ရုတ်တရက် ပြုံးသည်။ ရီဖူရှင်းသည် ရှီအဆင့်မှာ ကတည်းက ရှန့်ထိုတစ်ယောက် ဖြစ်သော မိမိထက် သာလွန်ခဲ့သည်။

သူက ရှန့်ထိုအဆင့်သို့ ရောက်သွားစဉ်က သူ့ဘဝသည် အသစ်တစ်ဖန် မွေးဖွားခဲ့ပြီဟု တွေးခဲ့သည်။ ဘဝသစ် စတင်ရန် အဆင်သင့် ဖြစ်နေခဲ့၏။ ရီဖူရှင်းက သူ့အား ထိုသို့လုပ်ခွင့် မပေးခဲ့။ ရီဖူရှင်းက ရှန့်ထိုအဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် သူ့အား လှေကားထစ်အဖြစ် အသုံးချသွားသေး၏။

သူ့အနေဖြင့် အတိတ်ကကဲ့သို့ ရူမိုက်ခြင်း မရှိတော့ပေ။ သို့သော် သူလုပ်ခဲ့သမျှ အမှားများအတွက် အကျိုးအပြစ်များမှာမူ မပြောင်းလဲဘဲ ကျန်ရစ်နေဆဲ ဖြစ်၏။

ရီဖူရှင်းက ရှောင်ရှမ်းကို ကြည့်ကာ ပြောသည် … “တစ်စုံတစ်ယောက်က ကျုပ်ကို သေစေချင်ခဲ့တယ်။ ကျုပ်ဟာ နတ္ထိဘုံတိုက်ပွဲမှာ အင်ပါယာရှားဘုံကို အနိုင်ရလဒ် ဆောင်ယူပေးခဲ့တယ်။ နတ္ထိဘုံတိုက်ပွဲအပြီးမှာ ကျုပ်က တာလီကို သွားခဲ့ပြီးတော့ တာလီတော်ဝင် အကြံပေးက ကျုပ်ကို တပည့်အနေနဲ့ လက်ခံတယ်။ ပြီးတော့  သူလေ့ကျင့်တဲ့ မဟာလမ်းစဉ်နိယာမတွေ သင်ကြားပေးခဲ့တယ်။ ဒါပေမဲ့ အင်ပါယာရှားဘုံက လူတစ်ယောက်ဟာ ကျုပ်ကို လုပ်ကြံဖို့ ကြံစည်နေခဲ့တယ်။ တော်ဝင်အကြံပေးက ကျုပ်ဟာ အင်ပါယာရှားဘုံက ဆိုတာ သိသွားတာတောင်မှ ပြည်နယ်ကိုးခုသို့ သူကိုယ်တိုင် ဘေးမသီရန်မခအောင် လိုက်ပို့ပေးခဲ့တယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကျုပ်က တာလီမှာပဲ သေသွားလောက်ပြီ။ ခင်ဗျားတို့ ပြောပါ။ သူက သေဖို့ မထိုက်တန်ဘူးလား”

နတ်ဘုရားပြစ်ဒဏ်၏ ကြမ်းကြုတ်လှသော တိမ်စိုင်များမှာ သိပ်သည်း ပြင်းထန်လာကာ ရီဖူရှင်းရှိရာသို့ ရွေ့လျားနေကြသည်။ ထိုမြင်ကွင်းကို ကြည့်ကာ အဝေးမှလူများပင် ကျောချမ်းလာကြ၏။ သည်နတ်ဘုရားပြစ်ဒဏ်မှာ အလွန်ပြင်းထန်မည့်ဟန် ရှိ၏။ နတ်ဘုရား ဆေးကြောခြင်း စွမ်းအားက မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်မည့်ပုံ ထင်မှတ်ရသည်။

ရီဖူရှင်းအသုံးပြုခဲ့သော ကျင့်စဉ်မှာ အမှန်တကယ်တမ်းတွင် တာလီတော်ဝင်အကြံပေး သင်ကြားပေးခဲ့ခြင်း ဖြစ်နေသည်။ သူက တာလီကို လေ့ကျင့်ရန် သွားခဲ့ပြီး တော်ဝင်အကြံပေးက သူ့ကို တပည့်အဖြစ် လက်ခံခဲ့၏။ သူ့ သရုပ်မှန် ပေါ်သွားသည့်တိုင် တော်ဝင်အကြံပေးက သူ့ကို အင်ပါယာရှားဘုံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

တာလီတောင်ဝင်အကြံပေးက ထိုမျှ စိတ်သဘောထား ရင့်သန်ကာ သဘောထား ကြီးမြတ်သော အချိန်၌ အင်ပါယာရှားဘုံမှ တစ်စုံတစ်ယောက်ကား အံ့အားသင့်ဖွယ် ကောင်းအောင် ရီဖူရှင်းကို သတ်ဖြတ်လိုခဲ့၏။ ရီဖူရှင်းက တာလီတွင် မည်သို့သော အခြေအနေများနှင့် ကြုံဆုံခဲ့သည်ကို နားလည်လိုက်ကြသည်။

သည်ကိစ္စများအား ရှောင်ရှမ်းက ကြံစည်ခဲ့သည် ဆိုပါက သူသည် အမှန်တကယ် သေရန် ထိုက်တန်ပေ၏။ ရီဖူရှင်းက ရှောင်ရှမ်းအား အဘယ်ကြောင့် ခွင့်လွှတ် မရနိုင်ကြောင်းလည်း သူတို့အားလုံး နားလည် လိုက်ကြသည်။

“ဘယ်သူမဆို သူ့အတွက် အာမခံနိုင်တယ်။ ဒါပေမဲ့ ကျုပ်ကတော့ အလျှော့ပေးမှာ မဟုတ်ဘူး” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

ရှောင်ရှမ်းက သူ့ကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ကို ကြည့်သည်။ ထိုအချိန်တွင် သူ့စိတ်ထဲ ဘာဖြစ်နေသည်ကို မည်သူမှ မသိပေ။

သူက မျက်လုံးများကို ပိတ်လိုက်ပြီး တစ်ခါ ပြန်ဖွင့်လိုက်ကာ သက်ပြင်းလျက် ပြောသည် … “ငါ တကယ်ပဲ အပြစ်ရှိတယ်”

နတ်ဘုရားပြစ်ဒဏ်ထံမှ ဆူညံသများမှလွဲလျှင် လောကတစ်ခုလုံး တိတ်ဆိတ်ခြင်းသို့ ကူးပြောင်းသွား၏။

ရှောင်ရှမ်းက သူ့အပြစ်များအား ဝန်ခံခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset