အပိုင်း(၁၁၅၇)

မင်း ဝန်ခံလား

“ဘာတွေလဲ”

ရှောင်အိမ်တော်မှ လူများသည် လေထဲမှ တောက်ပနေသော ပုံရိပ်အား မော့ကြည့်နေကြ၏။ ဝင်္ကပါပုံရိပ်များက သူ့အနီးတွင် ရွေ့လျားနေကြသည်။ စက်ဝိုင်းသဖွယ် ဝန်းရံ လှည့်ပတ်နေသည့် ဝင်္ကပါပုံရိပ်များထံမှ စူးရှသည့် အလင်းများ တောက်ပလာကြ၏။ အလင်းရောင်စဉ်တို့သည် စုစည်းသွားကာ ရွှေရောင်အလင်း ကျောက်တိုင်သဖွယ် ဖြစ်ပေါ်လာသည်။ အလွန်အမင်း တောက်ပနေသည့် ရွှေရောင်စာလုံးများက အလင်းရောင်စဉ်များပေါ်တွင် ရစ်ဝဲနေ၏။

“ချန်၊ ခွင်း၊ ခန်၊ လီ …..”

(မှတ်ချက်။ ။ယင်ယန်ဝင်္ကပါစက်ဝန်းတွင် ချန်၊ ရွှင့်၊ ခန်၊ ကန့်၊ ခွင်း၊ ကျန့်၊ လီ၊ သွေ့ ဟူ၍ ရှိသည်။ ထိုအထဲတွင် ‘ချန်’က မိုးကောင်းကင်၊ ‘ခွင်း’က မြေကြီး၊ ‘ခန်’က ရေ နဲ့ ‘လီ’ တို့က မီးကို ကိုယ်စားပြုသည်)

ရွှေရောင်စာလုံးများသည် အလင်းရောင်စဉ်များအတွင်း ပျော်ဝင်နေပြီး ကြီးမားသော စွမ်းအားများကို ဖြစ်တည်စေ၏။ ၎င်းတို့သည် ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် စက်ဝိုင်းသဖွယ် လှည့်ပတ်ကာ အလင်းလှိုင်းများ ဖြစ်ပေါ်လာသည်။ ထိုအလင်းများသည် နေရာတိုင်းသို့ ရိုက်ခတ်နေသည်ကို အားလုံးက မြင်ကြရ၏။

ရီဖူရှင်းသည် ယခုအချိန်တွင် မီးပြင်းဖိုနှင့် အလားသဏ္ဌာန် တူ၏။ မဟာလမ်းစဉ်၏ စွမ်းအားများကို သူ၏ခန္ဓာကိုယ်က အဆက်မပြတ် သန့်စင် စုပ်ယူနေသည်။ သူသည် ထိုအချိန်၌ ရှန့်ထိုတစ်ဦးနှင့် အနည်းငယ်မျှသာ ခြားနားတော့၏။

တာလီတော်ဝင် အကြံပေး၏အလိုအရ ရီဖူရှင်းသည် ပညာရှိကျမ်းကို လေ့ကျင့်ရန် အလွန် သင့်တော်လေသည်။ ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းက အံ့အားသင့်ကြရ၏။ သည်ပညာရပ်မှာ အင်ပါယာရှား နန်းတော်၏ ရွှေကြာပန်းနန်းဆောင်မှ ကျင့်စဉ်များ ဖြစ်မည်လားဟုလည်း တွေးတောမိကြသည်။

သို့ဆိုလျှင် မင်းသမီးက အဘယ်ကြောင့် သည်ကျင့်စဉ်ကို လေ့ကျင့်ခြင်း မပြုသနည်း။ အင်ပါယာရှားဘုံတွင် ဤသို့သော ကျင့်စဉ်မျိုးအားလည်း မည်သူမှ မမြင်ဖူးကြ။ အရှင်မင်းကြီးက ရီဖူရှင်းကို သူ၏ကိုယ်ပိုင်ကျင့်စဉ်အား သင်ပေးခဲ့သလော။

အကယ်၍ ထိုအချက်သာ မှန်ကန်သည်ဆိုပါလျှင် အရှင်မင်းကြီးက ရီဖူရှင်းကို အလွန်အမင်း အရေးပေး၍သာ ဖြစ်ပေမည်။

သည်ကျင့်စဉ်မှာ ရှန့်ထိုအဆင့်ထက် ပိုမိုမြင့်မားကာ ကြီးမားသော စွမ်းအားများအား ဖြစ်တည်နိုင်သည်။ သူတို့သာ မဟုတ်၊ ရှားရှင်းယွန်သည်ပင် ဘေးမှ ကြည့်ကာ အလွန်အမင်း အံ့အားသင့်နေသည်။

သည်ကျင့်စဉ်မှာ သူမအဖေထံမှ မဟုတ်သလို ရွှေကြာပန်းခန်းမတွင်လည်း သည်ကဲ့သို့ ကျင့်စဉ်မျိုး မရှိပေ။

သို့ဆိုလျှင် ရီဖူရှင်းက တာလီမှ သင်ယူလာသော ကျင့်စဉ်ဖြစ်လိမ့်မည်။ တစ်ခုတည်းသော ဖြစ်နိုင်ဖွယ်မှာ တာလီတော်ဝင် အကြံပေးက ကိုယ်တိုင် သင်ပေးလိုက်သည့် ကျင့်စဉ်သာ ဖြစ်ရပေမည်။

တာလီတော်ဝင် အကြံပေးသည် ရန်ဟောင်အဆင့် ကျင့်စဉ်ကို ရီဖူရှင်းအား အမှန်တကယ် သင်ပေးလိုက်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ထိုအချိန်တွင် သူမသည် တော်ဝင် အကြံပေးအပေါ်တွင် အမြင်များ ပြောင်းလဲသွားပြီ ဖြစ်သည်။ ရီဖူရှင်းကို ဤသို့သော ကျင့်စဉ်မျိုး သင်ပေးကာ ကိုယ်တိုင် ဘေးမသီရန်မခ ပြန်လိုက်ပို့ပေးခဲ့သော တော်ဝင်အကြံပေးသည် မည်သို့သော လူမျိုးဖြစ်သည်ကို သူမ သည်ပင် မြင်ဖူးတွေ့ဖူးလိုသော ဆန္ဒများဖြစ်လာ၏။

ဧရာမလက်ဝါးကြီးက ကောင်းကင်ကို မိုး၍ ကျဆင်းသော်လည်း ရီဖူရှင်းထံကို မရောက်မီ၌ပင် အလျှံညီးညီး တောက်လောင်နေသည့် ရွှေရောင် အလင်းများကြောင့် ပျက်စီးသွားလေသည်။ ရီဖူရှင်းသည် အရှေ့ကို တစ်လှမ်းတိုးလိုက်ကာ ပတ်ဝန်းကျင်မှ စွမ်းအားများကို နောက်တစ်ဖန် စုပ်ယူလိုက်ပြီး ရှေ့သို့ လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။

လက်သီးအားသည် ပြင်းထန်လွန်း၏။ ‘ချန်’ စာလုံး၏အလင်းသည် လေထုကို ခွင်းသွားကာ အလွန်လျင်မြန်စွာဖြင့် လက်ဝါးကို ဖျက်ဆီး၏။ မိုးခြိမ်းသံကဲ့သို့ ဆူညံသံများ ကြားလိုက်ရပြီး စက်ဝိုင်းသဏ္ဌာန် အလင်းက လေထု၏နေရာမျိုး၌ ပေါက်ကွဲသွားသည်။ စူးရှသော အလင်းများက လူတိုင်း၏ အမြင်အာရုံကိုပင် ကွယ်သွားစေရာ ထိုအဖျက်စွမ်းအားက မည်မျှ ကြီးမားသည်ကိုပင် မည်သူမျှ မသိလိုက်ကြပေ။

“ဟွမ်ထန်းလက်သီးအား”

ရှောင်မိသားစုမှ လူများက ထိုပညာကို သတိပြုမိ လိုက်ကြသည်။ မင်းသမီး ရှားရှင်းယွန်သည်လည်း ဟွမ်ထန်း လက်သီးအားကို လေ့ကျင့်၏။

ဟွမ်ထန်း လက်သီးအားတွင် အလွှာ ၃၃ လွှာ ရှိပြီး တစ်လွှာပိုလာတိုင်း ပို၍ အစွမ်းထက်လာသည်။ လက်သီးသည် အသုံးပြုသူ၏အနီးမှ စွမ်းအားများကို စုစည်းပြီး ၃၃လွှာတို့ အားလုံး ပေါက်ကွဲထွက်လာသောအခါ ကောင်းကင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်သည့် ပညာဖြစ်သည်။

ရီဖူရှင်း အသုံးပြုလိုက်သည့် ဟွမ်ထန်းလက်သီးအားက အလွန်အမင်း အားကောင်းကြောင်း တွေ့လိုက်ရလျှင် ကြည့်နေသူများအားလုံး တုန်လှုပ်သွားကြသည်။ ၎င်းသည် ရှားရှင်းယွန် အသုံးပြုသည်ထက်ပင် ပို၍ အစွမ်းထက်လွန်းလှ၏။ တကယ့်ကို ကြောက်စရာ ကောင်းလွန်းသည့် မြင်ကွင်းပါပေ။‌

ရှန့်ထိုအဆင့်ဖြစ်သည့် ရှောင်ရှမ်း၏လက်ဝါးကို ဖျက်ဆီးရန်ဆိုပါက ရီဖူရှင်းသည် အစွမ်းကုန် တိုက်ခိုက်ရမည်ဟု ထင်ကြသော်လည်း လက်သီး တစ်ချက်တည်းဖြင့် ခြေဖျက်နိုင်မည်ဟု မည်သူမှ မထင်မှတ်မိခဲ့ကြ။

ရီဖူရှင်းသည် သည်အချိန်၌ ရှီအဆင့်နှင့် လားလားမျှ မတူပေ။ သူ၏စွမ်းအားသည် ရှောင်ရှမ်းနှင့် တန်းတူ ရှိနေ၏။

ရှောင်ရှမ်းသည်လည်း ထိုအချက်ကို လက်ခံလိုက်ရန် ခက်ခဲနေ၏။ ရီဖူရှင်းက သူ့အား ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည်ဟု မထင်ထားချေ။

ရှောင်ရှမ်းက တစ်လှမ်း ရှေ့တိုးလိုက်ပြီး လက်ကို ဆန့်တန်းလိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသံများ ပြည့်နှက်သွားကာ ဧရာမလက်ဝါးကြီးက အလင်းရောင်စဉ်များ တောက်ပကာ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းလာသည်။ လက်ဝါးသည် အရှိန်အဟုန် ပြင်းထန်စွာဖြင့် ကြီးမားသော စွမ်းအားများနှင့်အတူ ပတ်ဝန်းကျင်အား ပိတ်ဆို့၏။

“ဉာဏ်အလင်းလက်ဝါး”

ရှောင်မျိုးနွယ်စု တန်ခိုးရှင်များက ရှောင်ရှမ်းကို ကြည့်လိုက်ကြသည်။ ရှောင်ရှမ်းက လက်ကို တွန်းထုတ်လိုက်လျှင် ဧရာမလက်ဝါးသည် ရီဖူရှင်းထံသို့ တိုးဝင်သွား၏။

ဝုန်း …

ကောင်းကင်မှာ နှစ်ခြမ်းကွဲတော့မလိုဖြင့် ပေါက်ကွဲသံသည် လက်ဝါးချက်နှင့်အတူ ရောက်လာ၏။

ဖူရှင်းက ခန္ဓာကိုယ်မှ အားများကို ခြေထောက်သို့ စီးဆင်းစေ၏။ ရှေ့သို့ တစ်လှမ်းတက်လိုက်လျှင် မြေနေရာသည် ချိုင့်ခွက်သဏ္ဌာန် ဖြစ်ပေါ်လာ၏။ သူက ရွှမ်ယွင်ခြေလှမ်းကို သုံးလိုက်ခြင်း ဖြစ်သည်။ ခြေလှမ်းနှင့်အတူ ဟွမ်ထန်းလက်သီးအားကို ပေါင်းစပ် အသုံးပြုလိုက်သောအခါ ဧရာမလက်ဝါးသည် အစအနမကျန် ပျက်စီးသွားရ၏။

ဉာဏ်အလင်းလက်ဝါးမှာ ထိုမျှဖြင့် ရပ်တန့်ခြင်း မရှိပါ။ ဧရာမလက်ဝါးပုံရိပ်သည် ရီဖူရှင်းရှိနေရာသို့ ဆင့်ကဲဆင့်ကဲ ကျဆင်းလာနေ၏။ ကြည့်နေသူများမှာ ကောင်းကင်ကို အုပ်မိုးကျဆင်းလာသည့် လက်ဝါး တိုက်ခိုက်မှုများကိုသာ မြင်ရပြီး ရီဖူရှင်းတစ်ယောက်က နစ်မြုပ်သွားတော့မည်ဟု ထင်မှတ်မှားရသည်။

ရီဖူရှင်းက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အလေးမထားပေ။  ဓားအသိများ ဖြစ်ပေါ်လာကာ ဘယ်ဘက်လက်က လေထဲတွင် မျဉ်းကြောင်းများ ရေးဆွဲသည်။ တဖျတ်ဖျတ်လက်နေသော ဓားတစ်ချောင်းသည် ချက်ချင်းဆိုသလိုပင် ဖြစ်ပေါ်လာကာ လက်ဝါးတိုက်ခိုက်မှုကို ချေဖျက်သွား၏။ ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် ကျားယဲ့ဓားသည် ဆင့်ကဲကျဆင်းလာသော လက်ဝါးများအား အပိုင်းပိုင်း ပြတ်တောက်စေခဲ့၏။

ရီဖူရှင်း သူ့ရဲ့ ရွှမ်ယွင်ခြေလှမ်းနှင့်အတူ ရှေ့သို့ ဆက်လှမ်းလာခဲ့၏။ သူ၏ စွမ်းအားများက ဆထက်တိုးပွား လာနေ၏။ ပညာရှိကျမ်း၏ အလင်းစက်ဝန်းသည်  သူ့အား ရောင်စဉ်ရောင်ဝါများပေးလျက် လှည့်ပတ်နေ၏။

ဘယ်ဘက်လက်မှ ဓားစွမ်းအား၊ ရွှမ်ယွင်ခြေလှမ်းနှင့် ဟွမ်ထန်းလက်သီးအားတို့ကို ပညာရှိကျမ်း၏စွမ်းအားက အားဖြည့်ပေးသည်။ အမြောက်နှင့်ပစ်ခတ်သလို တရစပ် ကျရောက်လာသည့် ထိုလက်ဝါး တိုက်ခိုက်မှုများသည်ပင် သူ့ကို ရပ်တန့်ရန် မဖြစ်နိုင်တော့။

ဟွမ်ထန်းလက်သီးအားသည် စွမ်းအားများ တိုးမြင့်လာပြီး ရွှမ်ယွင်ခြေလှမ်းသိုင်းကလည်း လျင်မြန်မှုများ တိုးမြင့်လာသည်။ ထို့အတူ ကျားယဲ့ဓားစွမ်းအားများက သူ့အနီးတွင် စုစည်းလာကာ ဓားများက စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်လျက် လက်ဝါးများကို အဆက်မပြတ် ပိုင်းဖြတ်၏။

ရီဖူရှင်းက ရှောင်ရှမ်းအနီးသို့ လျင်မြန်စွာ ရောက်လာသည်ကို ကြည့်ကာ အားလုံးက ထိတ်လန့်သွားကြသည်။ ရှီအဆင့်တစ်ယောက်က ဤမျှ စွမ်းနိုင်ပါသလော။

ရှောင်ရှမ်းကလည်း ရီဖူရှင်းကို စူးရဲစွာကြည့်ကာ ရှေ့သို့ ဆက်လက် တိုးဝင်လာနေသည်။ သူ့ထံမှ အရှိန်အဝါများမှာလည်း ပိုမိုအားကောင်းလာ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် မရေမတွက်နိုင်သော လက်ဝါးများသည် ရီဖူရှင်းကို တရစပ် တိုက်ခိုက်ကြ၏။

ရီဖူရှင်းက ထိုလက်ဝါးများကို မမြင်သည့်အလား ကျားယဲ့ဓားဝင်္ကပါကို ကန့်လန့်ဖြတ်ကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။ ဟွမ်ထန်းလက်သီးအားက ပြင်းထန်သော လှိုင်းများကို ဖြစ်ပေါ်စေလျက် လေထုကို တုန်ခါစေ၏။ ရွှမ်ယွင်ခြေလှမ်း၏ အဆင့်ခြောက်ကို ဖော်ထုတ်လိုက်လျှင် လေးလံလှသည့် ဖိအားသည် ရှောင်ရှမ်းထံသို့ ကျဆင်းသွား၏။ တစ်ချိန်တည်းတွင် ရီဖူရှင်းထံမှ ပညာရှိကျင့်စဉ်၏ အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး သမုဒ္ဒရာရေများအလား တစ်ဖက်သို့ တိုက်စားသွားသည်။

“ခြောက်မျက်နှာတိုက်ကွက် …”

ရှောင်ရှမ်းက ရေရွတ်လိုက်လျှင် သူ့စွမ်းအားများ အမြင့်ဆုံးသို့ ထိုးတက်သွားဟန် ရသည်။

ဝုန်း …

သူ့ထံမှ လက်ဝါးပုံရိပ်များသည် အရပ်မျက်နှာ ခြောက်ခုသို့ ခွဲဖြာသွားပြီး ပင်မလက်ဝါးနှင့် ပြန်လည်ပေါင်းစည်းကာ အောက်သို့ ကျဆင်းလာခဲ့လျှင် ကောင်းကင်တစ်ခွင်လုံး ပြိုဆင်းလာသည့်အလား ထင်မှတ်ရ၏။

ထိုဧရာမ လက်ဝါးကြီးအောက်၌ ရီဖူရှင်းသည် အချိန်မရွေး နစ်မြုပ်သွားတော့မည့်ပုံ ထင်မှတ်ရသည်။ မိုးထစ်ချုန်းသံများသည် ဆူညံပွက်လောရိုက်နေခဲ့ကာ အဆက်မပြတ် ပေါက်ကွဲမှုများအကြား အရာအားလုံးမှာ သဲသဲကွဲကွဲ မြင်နိုင်ရန်ပင် ခက်ခဲလာခဲ့၏။

မည်သူကမှ တိုက်ပွဲကို ဝင်မစွက်ဖက်သလို ရှားရှင်းယွန်ပင်ကလည်း တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူမ၏စိတ်ထဲတွင် ဘာရှိနေသည်ကို မည်သူမှ မသိကြပေ။

သူမက ရီဖူရှင်းကို ယုံကြည်ဟန်ရ၏။ တစ်ဖက်တွင် ရီဖူရှင်းသည် သူမ၏ဝမ်းကွဲအစ်ကိုနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ရီဖူရှင်း ပြောသည့်အတိုင်း ရှားရှင်းယွန်သည် ဤကိစ္စ၌ မိသားစုအရေးကြောင့် ဝင်စွက်ဖက်ရန် အမှန်တကယ် ခက်ခဲနေခြင်းလား။

ထိုအချိန်တွင် လူတိုင်း၏မျက်လုံးများက ကောင်းကင်ကို စူးနစ်စွာ ကြည့်နေကြ၏။ ဆူညံပေါက်ကွဲသံများ ဆက်လက် ကြားနေရဆဲဖြစ်ကာ ခြောက်မျက်နှာ လက်ဝါးများသည် တဖြည်းဖြည်း ကွဲအက်လာသည်ကို မြင်ကြရ၏။  ထို့နောက် စူးရှသော အလင်းပေါက်ကွဲမှု တစ်ခုသည် ကမ္ဘာမြေကြီး တုန်လှုပ်သွားစေသည့် အသံကြီးတစ်ခုနှင့်အတူ အရာအားလုံး ပျောက်ကွယ် သွားတော့သည်။ ထိုအခိုက်တွင် ရီဖူရှင်းက အလင်းမုန်တိုင်းထဲမှ ထိုးထွက်လာကာ ရှောင်ရှမ်း၏ရှေ့၌ ပေါ်လာကာ လက်ကို ဆန့်တန်းလိုက်၏။

ဝုန်း …

ပြင်းထန်သော ရိုက်ချက်နှင့်အတူ ရှောင်ရှမ်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်သွားကာ နောက်သို့ လွင့်စဉ်သွား၏။ ထိုအခိုက်တွင် သူက အတွင်းကလီစာများ ကျိုးပဲ့ပျက်စီးသွားသလို ခံစားလိုက်ရသည်။ အဝေးမှလူများပင် အရိုးကျိုးအက်သံများကို ကြားလိုက်ကြရသည်။ နတ်ဘုရား အလင်းရောင်များ ပျောက်ကွယ်သွားပြီး သူ့အရှိန်အဝါမှာလည်း အားနည်းလာခဲ့သည်။ ရှောင်ရှမ်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ့မျက်လုံးများက ရီဖူရှင်းကို စူးရဲစွာ ကြည့်နေဆဲဖြစ်သည်။

ရီဖူရှင်းသည် လျှပ်စီးအလား သူ့ရှေ့သို့ ရောက်လာခဲ့ကာ သူ့လက်ကို ဆန့်တန်းလိုက်ပြန်၏။ နောက်တစ်ဖန် ရှောင်ရှမ်း၏ခန္ဓာကိုယ်သည် တစ်ဖန် လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးများ မြင်မကောင်းအောင် ထွက်လာသည်။

“မင်း ဝန်ခံလား” ရီဖူရှင်းက ရှေ့သို့ ဆက်လှမ်းလာခဲ့ကာ အေးစက်စွာ မေးသည်။

ရီဖူရှင်းမှာ အလင်းရောင်များ အလျှံညီးညီး တောက်လောင်နေဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ရှီအဆင့်ဖြစ်သော ရီဖူရှင်းက ရှန့်ထိုအဆင့်ဖြစ်သော ရှောင်ရှမ်းအား အနိုင်တိုက်ခိုက် နိုင်သည်ကို သိလိုက်ကြ၏။

ရှီအဆင့်နှင့်ရှန့်ထိုအဆင့်ကြားမှ ကွာခြားချက်ကို ရီဖူရှင်းက ကျော်လွှားပြခဲ့သည်။

အင်ပါယာရှားဘုံတွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ ရှိပြီး မည်သူကမှ ရှီအဆင့်ဖြင့် ရှန့်ထိုတစ်ဦးကို အနိုင်မယူဖူးပေ။

ရှောင်ရှမ်းသည် မကြာသေးခင်ကမှ ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ပြီး အနာဂတ်တွင် ပြန်လည် ထွန်းတောက်လာနိုင်သည်ဟု လူအများက ယုံကြည်ကြသော်လည်း ရီဖူရှင်းက ထိုမျှော်လင့်ချက်များ အားလုံးကို ရိုက်ချိုးခဲ့လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset