Switch Mode

အပိုင်း(၁၁၅၆)

ရှန့်ထိုနှင့်တိုက်ခိုက်ခြင်း

ရှောင်အိမ်တော်တွင် ဧည့်သည်များနှင့် ပြည့်နှက်နေပြီး အရာအားလုံးမှာ လှုပ်ရှား သက်ဝင်နေ၏။

ရှောင်အဘိုးအိုက ခေါင်းဆောင်နေရာ၊ ရှောင်ရှမ်းက သူနှင့် သိပ်မဝေးလှသော နေရာတို့၌ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ လူများစွာတို့က သူတို့အား လာရောက် နှုတ်ဆက်ကြပြီး ခွက်မြှောက်ကာ နှုတ်ဆက်ကြ၏။

ရှောင်ရှမ်းက လူတိုင်းကို ပြန်လည် တုံ့ပြန်နှုတ်ဆက်၏။ သူသည် ဖော်ရွေကာ နှိမ့်ချတတ်သော ဟန်ပင်ရှိသည်။ ထိုအထဲတွင် သူ့ထံမှ သူစိမ်းဆန်သော အငွေ့အသက်များ အားလည်း ခံစားကြရ၏။

လူအများက ရှောင်မိသားစုမှ သခင်လေးမှာ ယခင်ကနှင့် မတူညီတော့ကြောင်း ခံစားမိကြ၏။ ရှန့်ထိုဖြစ်လာပြီးနောက် သူ၏စိတ်သဘော သဘာဝများလည်း ပြောင်းလဲသွားဟန် ရသည်။

ရှောင်ရှမ်း၏ ယဉ်ကျေးသိမ်မွေ့ကာ ဖော်ရွေသော အပြုအမူများက လူအများအား သက်သောင့်သက်သာ ဖြစ်စေ၏။ သူသည် ယခင်က မောက်မာခဲ့သော်လည်းကား ယခုတွင် ပိုမို၍ လိုက်လျောညီထွေ ရှိလာဟန်ရ၏။

ရှောင်ရှမ်း၏ စိတ်နေ သဘောထားများကား အမှန်တကယ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် အခြေခံကျသော အမှန်တရားအား ရှာဖွေတွေ့ရှိခဲ့၏။ ကျင့်ကြံခြင်း တစ်ခုတည်းကသာလျှင် လောကလမ်းစဉ်များ အားလုံးတွင် အခြေခံအကျဆုံး လမ်းစဉ် ဖြစ်သည်။

“ရှောင်ရှမ်း  …” ညင်သာနူးညံ့သည့် အသံသည် လေပြည်လေညင်းများပမာ ရိုက်ခတ်လာခဲ့၏။ ကျက်သရေရှိသည့် ပုံရိပ်တစ်ခုက ရှောင်ရှမ်းနှင့် မလှမ်းမကမ်းတွင် လာရောက်ရပ်သည်။ ကုန်းစွန်းနီသည် တစ်ချိန်က ရှောင်ရှမ်းနှင့် စေ့စပ်ဖူးသည်။ ရှောင်မျိုးနွယ်နှင့် တိမ်တိုက်တောင်ကြားတို့ အကြား စေ့စပ်ကြောင်းလမ်းခြင်းသည်  နတ္ထိဘုံမှ အဖြစ်အပျက်များ အပြီးတွင် ဖျက်သိမ်းခဲ့၏။

“ရှန့်ထိုတစ်ပါး ဖြစ်လာတာ ဂုဏ်ပြုပါတယ်” ကုန်းစွန်းနီက ပြုံးကာ ပြောသည်။

ရှောင်းရှမ်းက ခေါင်းညိတ်ကာ ပြောသည်  … “ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ငါ မင်းအပေါ် အကြွေးတင်နေတယ်”

သူ၏မိုက်မဲသော လုပ်ဆောင်ချက်များကြောင့် စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ရခြင်း မဟုတ်ပါလား။ သည်ကိစ္စတွင် ကုန်းစွန်းနီသည်လည်း အနည်းနှင့်အများ ထိခိုက်ခဲ့ပေသည်။

ကုန်းစွန်းနီက ပြုံးလျက် ပြောသည် …“အတိတ်က အတိတ်ပါပဲ”

ရှောင်ရှမ်းသည် တချို့အရာများအား လက်လွှတ်လိုက်ပြီဟု သူမခံစားရ၏။ သူကား ရှန့်ထိုအဆင့်သို့ တက်ရောက်ပြီးနောက် ပို၍ ထူးခြားလာလေသည်။ တစ်နေ့တွင် သူသည် လုံလောက်သော အသိအမှတ်ပြုမှုများ ရရှိလာသည့်အခါ ရှောင်မိသားစု၏ ခေါင်းဆောင်လောင်း နေရာကို ပြန်လည် ရရှိနိုင်ပေလိမ့်မည်။

ကုန်းစွန်းကျောင်းသည်လည်း သူ့ကို လာရောက် ဂုဏ်ပြုနှုတ်ဆက်သည်။ ကုန်းစွန်းနီ၏ညီမ ကုန်းစွန်းရွှမ်ကတော့ သူ့ကို လာရောက်နှုတ်ဆက်ခြင်း မပြုပေ။ ကုန်းစွန်းနီက အနီးသို့ ပြန်ရောက်လာသောအခါ သူမက သူမ၏အစ်မဖြစ်သူကို စိတ်ချင်းဆက်သွယ်၍ မေးသည် … “သူ အခု ရှန့်ထိုဖြစ်သွားလို့ ပြန်ဆက်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်”

ကုန်းစွန်းနီက သူမကို ကြည့်လိုက်ပြီးမှ ဆက်ပြောသည်  … “ဖြစ်ပြီးတာက ဖြစ်ပြီးသွားတာပဲ။ အဲဒါတွေ အားလုံးအတွက် ငါ သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

ကုန်းစွန်းနီက ဘာမှ ထပ်မပြောတော့ပေ။

ရှောင်အဘိုးအိုသည် ရှောင်ရှမ်းအပေါ် ဧည့်သည်များ၏ သဘောထားများအား လေ့လာ အကဲခတ်နေပြီး ကျေနပ်နှစ်သိမ့်မှုကို ခံစားနေရသည်။ သူက ရှောင်ရှမ်းတစ်ယောက် စစ်တပ်ထဲတွင် ကောင်းမွန်စွာ လေ့ကျင့်ရန် မျှော်လင့်ပေသည်။

ထိုအချိန်တွင် ရှောင်အဘိုးအိုက အိမ်တော်အပြင်သို့ လှမ်းကြည့်သည်။ အင်အား ကြီးမားသည့် အရှိန်အဝါတစ်ခုသည် အဝေးမှ ချဉ်းကပ်လာနေသည်ဟု ခံစားရ၏။

သူ၏စိတ်အသိက ထိုနေရာသို့ ရောက်ရှိသွားလျှင် အဘိုးကြီး၏အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားသည်။ အခြား ရှန့်ထိုများကလည်း ကောင်းကင်ထက်သို့ မော့ကြည့် လိုက်ကြ၏။

လူတစ်စုသည် ကောင်းကင်ထက်မှ အိမ်တော်အပြင်ဘက်သို့ ဆင်းသက်လာကြ၏။ သူတို့ကား ကော့တေးမှ လူများ ဖြစ်ကြ၏။

ဦးဆောင်လာသူကား ရီဖူရှင်း ဖြစ်သည်။ ရှောင်အိမ်တော်ကို ကြည့်နေသော သူ့မျက်လုံးများသည် စူးရှကာ သူ၏ငွေရောင်ဆံပင်များက လေတွင် လူးလွင့်နေ၏။

“ရီဖူရှင်းက ရှောင်အိမ်တော်သို့ လာရောက် တွေ့ဆုံပါတယ်”

နှုတ်ဆက် အကြောင်းကြားပြီး မရှေးမနှောင်းတွင် ရီဖူရှင်းတို့က ရှောင်အိမ်တော်တွင်းသို့ ဝင်ရောက်လာ၏။ ရာရာ၊ မှန်နန်းသခင်မ၊ ဓားသခင်နှင့် အခြားလူများက သူ့ဘေးတွင် ရှိနေကြသည်။

ရှောင်အိမ်တော်မှ တန်ခိုးရှင်များ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တက်လာကြ၏။ သူတို့က ရီဖူရှင်းတို့အား တားဆီးလိုကြ၏။

“ကြိုဆိုပါတယ်”

ရှောင်အဘိုးအို၏ စကားအဆုံးတွင် တားဆီးလိုသူများက လမ်းကြောင်း ဖယ်ပေးလိုက်ကြသည်။ ရီဖူရှင်းတို့က ဧည့်သည်များကို ဖြတ်ကျော်ကာ ရှောင်မိသားစု၏ စားသောက်ပွဲသို့ တက်ရောက်လာကြ၏။

“ရီဖူရှင်း …”

တစ်စုံတစ်ယောက်က သူ့နာမည်ကို ရေရွတ်သည်။ လူတိုင်းက ငွေရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်ကို ကြည့်နေကြသည်။ သူသည် ရှန့်ထိုအဆင့်သို့ မရောက်ရှိသေးသော်လည်း သူ၏ကိုယ်ရောင်ကိုယ်ဝါက ရှောင်ရှမ်းနှင့် နှိုင်းယှဉ်ပါက သူကပင် ပို၍ သာလွန်ဦးမည့်ပုံ ပေါ်လေသည်။

ရီဖူရှင်းသည် အတိတ်နေ့ရက်များ၌ ရှောင်ရှမ်းကို ကျဆုံးစေခဲ့၏။ ထိုအဖြစ်အပျက်များ ပြီးနောက်တွင် သူသည် ကာလတစ်ခုကြာ ပျောက်ကွယ်သွားပြီး ယခု လူအများ၏ရှေ့သို့ တစ်ဖန် ရောက်လာခဲ့ပြီဖြစ်သည်။

ရှောင်ရှမ်းနှင့် ရီဖူရှင်းကြားတို့ အကြားမှ အငြိုးအတေးကို လူတိုင်းက သိထားကြရာ သူက ရှောင်ရှမ်းကို လိုက်ပို့ရန်လာသည်ဟု မည်သူမှ မထင်ကြပေ။

ထို့အပြင် သူက မရဏဓားနတ်မယ်ကိုလည်း အတူခေါ်ဆောင်လာခဲ့ကာ သူတို့လူစုထံမှ တိုက်ပွဲ အငွေ့အသက်များအား ခံစားကြရသည်။

ရီဖူရှင်းက ရှောင်ရှမ်းကို မကြည့်ဘဲ ရှောင်အဘိုးအိုကို ဦးစွာ ဦးညွှတ်နှုတ်ဆက်သည်  … “ရီဖူရှင်းက စီနီယာကို နှုတ်ဆက်ပါတယ်”

ရှောင်အဘိုးအိုက ခေါင်းညိတ်ကာ မေးသည် … “မင်းက လူတွေခေါ်ပြီး ရောက်လာတာ ဘာကိစ္စများရှိလို့လဲ”

“ကျွန်တော် စီနီယာကို မေးခွန်းအချို့ မေးချင်ပါတယ်” ရီဖူရှင်းက ပြောသည်။

“မေးပါ” ရှောင်အဘိုးအိုက ပြော၏။

“ကျွန်တော် ဒီမှာ ဒီကာလမှာ ပျောက်နေခဲ့တာ တာလီသို့ ခရီးသွားနေလို့ဆိုတာ စီနီယာ သိထားပါသလား” ရီဖူရှင်းက မေးသည်။

“သိပ်မကြာခင်ကပဲ ဒီအကြောင်းကို သိခဲ့တယ်” ရှောင်အဘိုးအိုက တုံ့ပြန်သည်။

“တစ်ယောက်ယောက်က တော်ဝင်ကျဲနန်းတော်ကို တိုက်ခိုက်ဖို့ နောက်ကွယ်က ကြံစည်ခဲ့တယ်။ ကျွန်တော် တာလီကို ရောက်နေတဲ့အချိန်မှာလည်း တော်ဝင်ကျဲနန်းတော်က မိန်းကလေး နှစ်ယောက် လုပ်ကြံခံရတယ်။ သူတို့က အဆိပ်မိပြီး သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါတွေကို စီနီယာ သိပါသလား” ရီဖူရှင်းက ထပ်မေးသည်။

ရှောင်အဘိုးအိုက မျက်မှောင်ကြုတ်ကာ ပြောသည် … “ငါ ကြားတာကတော့ တော်ဝင်ကျဲနန်းတော်က မိန်းကလေးကို အရူးအမူးချစ်နေတဲ့ လူငယ်တစ်ယောက်ကြောင့် ဖြစ်ခဲ့တာဆို။ သူ့အချစ်က အမုန်းတရားအဖြစ် ပြောင်းသွားပြီး ရူးမိုက်တဲ့ အလုပ်ကို လုပ်ခဲ့တယ်”

ရှားရှင်းယွန်က ထိုကိစ္စနှင့် ပတ်သက်၍ ရှောင်ရှမ်းကို စုံစမ်းစစ်ဆေးခဲ့ရာ သူ့အနေဖြင့် မသိစရာ အကြောင်းမရှိပေ။

ရီဖူရှင်းက သူ့မေးခွန်းကို မရှင်းလင်းသေးဘဲ ဆက်၍ မေးသည် …“ကျွန်တော် တာလီကနေ အင်ပါယာရှားဘုံသို့ ပြန်လာတုန်းက တာလီမင်းသားလီယောင်ကို တစ်ယောက်ယောက် သတင်းပေးခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်တော်ဟာ သရုပ်မှန်ပေါ်ပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့တယ်။ ဒါကိုရော စီနီယာ သိပါသလား”

ရှောင်အဘိုးအို၏ အမူအရာက တဖြည်းဖြည်း တင်းမာလာသည်  … “ငါ ဒီအကြောင်းတွေကို နောက်ကျမှ သိခဲ့တာလို့ ထပ်ခါထပ်ခါ ပြောပြီးပြီ။ မင်းက ဘာဖြစ်ချင်နေတာလဲ”

“စီနီယာက အကုန်လုံးကို သိပြီးပြီဆိုတော့ ဒါတွေက မတော်တဆ တိုက်ဆိုင်တယ်လို့ ထင်ပါသလား” ရီဖူရှင်းက ထပ်မေးသည်။

“မင်းသမီးက ဒီပြဿနာတွေကို စုံစမ်းပြီးပြီ။ မတော်တဆလား တိုက်ဆိုင်မှုလား ဆိုတာကို မင်းသမီး ရှာဖွေလိမ့်မယ်” ရှောင်အဘိုးအိုက ပြောသည်။

“မင်းသမီးက ရှောင်မိသားစုနဲ့ သွေးသားတော်စပ်တယ်။ သူမက သိထားတာတွေ ရှိနေပေမဲ့လည်း ရှောင်မိသားစုနဲ့ ပတ်သက်မှုကြောင့် ဘာမှ လုပ်နိုင်စွမ်းမရှိဘူး” ရီဖူရှင်း ပြောသည် … “အဲဒါကြောင့် ကျွန်တော်က လုပ်ဆောင်ရလိမ့်မယ်။ ဒီကိစ္စတွေက ရှောင်ရှမ်းနဲ့ ပတ်သက်နေတယ်”

“ရီဖူရှင်း … ရှောင်ရှမ်းက တစ်ချိန်လုံး လေ့ကျင့်နေခဲ့ပြီးတော့ အပြင်လောကနဲ့ အဆက်အစပ် မရှိခဲ့ဘူး။ မင်းစကားတွေကို သတိထား” ရှောင်ချိန်ဟေးက အေးစက်စွာ ပြောသည်။

သူတို့ ရှောင်ရှမ်းကို လိုက်ပို့ရမည့် နေ့တွင်မှ ရီဖူရှင်းက ရောက်လာခဲ့၏။

“ရီဖူရှင်း … အဲဒါတွေကို ရှောင်ရှမ်းလုပ်တယ်ဆိုတာ မင်းမှာ သက်သေတစ်ခုခုများ ရှိနေလား” ရှောင်အဘိုးအိုက အေးစက်စွာ မေး၏။

မင်းသမီးနှင့် အင်ပါယာရှားတို့က သူ့ကို အလေးထားသည် ဆိုလျှင်ပင် ရှောင်မိသားစုသည် ဧကရီရှောင်၏မျိုးနွယ် ဖြစ်သည်။ ရီဖူရှင်း၏အပြုအမူက အတော်လေး ရိုင်းစိုင်းနေပြီး ရှောင်မိသားစုအပေါ်တွင် အနည်းငယ်မျှပင် လေးစားသမှု မရှိပေ။

ဧကရီကိုယ်တိုင်ကပင် ရှောင်ရှမ်းကို စစ်တပ်တွင် လေ့ကျင့်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

“ကျွန်တော် ဒီနေ့ ဒီမှာ သက်သေပြမယ်” ရီဖူရှင်းက တစ်ချိန်လုံး ငြိမ်သက်နေသော ရှောင်ရှမ်းဘက်သို့ လှည့်ကာ ပြောသည် …“မင်းက ရှန့်ထိုအဆင့်သို့ ရောက်နေပြီ။ မင်းက ငါ့ကို ဒီလောက် သတ်ချင်မှတော့ မင်းကို အခွင့်အရေးပေးမယ်။ တကယ်လို့ မင်းနိုင်ခဲ့ရင် ဒီပြဿနာကို ဒီမှာတင် ရပ်လိုက်မယ်။ မင်းသမီးကလည်း ဆက်ပြီး စစ်ဆေးတော့မှာ မဟုတ်ဘူး။ ပြီးတော့ ငါ သေပေးမယ်”

ထိုနေရာတွင် ရှိနေသော လူတိုင်းက ကြီးစွာ တုန်လှုပ် သွားကြ၏။

ရီဖူရှင်း ရူးသွားပြီလား။

သူက သာမန်ထက် ထူးခြားနေလျှင်ပင် ရှီအဆင့်တွင်သာ ရှိသေး၏။ ရှောင်ရှမ်းသည် ရှန့်ထိုအဆင့်သို့ ရောက်ရှိနေပြီးသား ဖြစ်သည်။

ရီဖူရှင်းက ရှောင်ရှမ်းနှင့် တိုက်ခိုက်ဖို့ ပြောနေခြင်းလား။ တိုက်ပွဲ၌ ရှုံးနိမ့်သွားလျှင်လည်း အသေခံမည်တဲ့လား။

ကုန်းစွန်းကျောင်း၊ ကုန်းစွန်းနီနှင့် တိမ်တိုက်တောင်ကြားမှ အခြားလူများက ငွေရောင်ဆံပင်နှင့် လူငယ်ကို အရူးတစ်ယောက်အလား ကြည့်လိုက်ကြသည်။

ရှောင်ချိန်ဟေး၏ မျက်လုံးများက စူးရဲစွာဖြင့် ရီဖူရှင်းကို စိုက်ကြည့်နေသည်။

ရှောင်ရှမ်းကလည်း ရီဖူရှင်းကို အေးစက်စက် အမူအရာနှင့် ကြည့်သည်။ သူက နောင်အနာဂတ်၌ ရီဖူရှင်းနှင့်တိုက်ခိုက်ရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း  ရှီအဆင့်သာ ရှိသေးသည့် ရီဖူရှင်းက ရှန့်ထိုအဆင့်ဖြစ်သည့် သူ့ကို မထင်မှတ်ဘဲ လာရောက် စိန်ခေါ်ခဲ့၏။

“ရီဖူရှင်း … မင်းစကားကို ဆင်ခြင်သင့်တယ်။ ဒီပွဲက မင်းအတွက် မမျှတဘူး။ တကယ်လို့ တိုက်ပွဲမှာ မင်းသေသွားရင် မင်းသမီးက ငါတို့ကို အပြစ်တင်လိမ့်မယ်” ရှောင်အဘိုးအိုက အေးစက်စွာ ပြောသည်။

ထိုအခိုက်တွင် ကြီးမာသည့် အရှိန်အဝါတစ်ခု ကောင်းကင်မှ ဆင်းသက်လာ၏။ လှပသော ဇာမဏီငှက် တစ်ကောင်သည် ရှောင်အိမ်တော်သို့ ဆင်းသက်လာ၏။ ဇာမဏီငှက်ပြာ၏နောက်တွင် စွမ်းအားကြီး တန်ခိုးရှင်များ လိုက်ပါလာကြသည်။ ဇာမဏီငှက်၏အပေါ်မှ ကြည်လင်သော အသံတစ်ခုကို ကြားလိုက်ရသည် … “အဘိုး … ဒီစိန်ခေါ်မှုကို သမီး သဘောတူတယ်”

အားလုံး၏ မျက်လုံးများက ကောင်းကင်မှ ဆင်းသက်လာသည့် တော်ဝင်သားရဲထံသို့ ရောက်သွားကြ၏။ ရှားရှင်းယွန်သည် သားရဲကျောပေါ်တွင် ရပ်နေ၏။ သူမအား မြင်လျှင် လူတိုင်းမှာ တုန်လှုပ် သွားကြ၏။

သို့ဆိုလျှင် ရှားရှင်းယွန်ကလည်း ရီဖူရှင်းသည် ရှန့်ထိုအဆင့်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည်ဟု တွေးနေသည်လား။

ရှောင်ချိန်ဟေးမှာ ရှားရှင်းယွန်ကို ကြည့်ကာ ဆွံ့အနေ၏။

“ရှောင်ရှမ်း … မင်း ရှုံးသွားခဲ့ရင် ငါ လိုချင်တဲ့ အဖြေကို မင်းပေးရမယ်။ တကယ်လို့ မင်း ငြင်းဆန်မယ်ဆိုရင် ငါကိုယ်တိုင် ရှာဖွေမယ်” ရီဖူရှင်းက ရှောင်ရှန်းကို ကြည့်ကာ ပြောသည်။

ရှောင်ရှမ်းက ရီဖူရှင်းကို ကြည့်သည်။ သူက ရှန့်ထိုအဆင့်ကို ရောက်နေပြီ ဖြစ်သော်လည်း ရှီအဆင့်မှ ရီဖူရှင်းက သူ့ကို အမှန်တကယ် တိုက်ခိုက်လိုနေ၏။

သူက ရှားရှင်းယွန်ကို ကြည့်သည်။ ရှားရှင်းယွန်ကလည်း ရီဖူရှင်းကို ယုံကြည်နေသည်မှာ ထင်ရှား၏။

ရှောင်ရှမ်းက ဘာမှ မပြောဘဲ ထရပ်လိုက်ကာ လေထဲသို့ တက်သည်။

ရှန့်ထိုတစ်ယောက်၏ အရှိန်အဝါသည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ မဟာလမ်းစဉ်၏ အသိသညာသည် အမှန်တကယ်ပင် စွမ်းအားကြီးမားလှ၏။

သူက ရီဖူရှင်းကို ငုံ့ကြည့်ကာ ပြောသည် … “ဒါဆိုလည်း လာခဲ့”

ရီဖူရှင်းက ကောင်းကင်ကို တစ်ချက်ကြည့်သည်။ သူ့ခန္ဓာကိုယ်မှလည်း ရောင်စဉ်များ ဖြာထွက်လာခဲ့ပြီး လေထဲသို့ တက်သည်။ နှစ်ယောက်လုံးက ကောင်းကင်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

လူတိုင်းက ထရပ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ရှောင်မိသားစု၏ ရှောင်ရှမ်းသည် ရှန့်ထိုအဆင့်သို့ ဝင်ရောက်ပြီး ဖြစ်သည်။ ရီဖူရှင်းကဲ့သို့သော ရှီအဆင့်က ရှန့်ထိုနှင့် မည်သို့ တိုက်ခိုက်မည်နည်း။

ရှောင်ရှမ်းက ရီဖူရှင်းကို ကြည့်သည်။ မဟာလမ်းစဉ်၏ စွမ်းအားများသည် သူ့ထံမှ ပေါက်ကွဲထွက်လာပြီး ရီဖူရှင်းကို ဖိနှိပ်လာခဲ့၏။ ထိုခဏတွင် ရှောင်ရှမ်းနှင့် မဟာလမ်းစဉ်တို့က တစ်သားတည်း ဖြစ်လာခဲ့ပြီး သူသည် နေရာအနှံ့မှာ ရှိနေသကဲ့သို့ ထင်မှတ်ရ၏။

ရှောင်ရှမ်းက သူ့လက်ကို မကာ ရီဖူရှင်းထံ ကုပ်ဆွဲသည်။ ကြီးမားသော အားလှိုင်းသည် ချက်ချင်းပင် ဖိနှိပ်လာသည်။ ဧရာမလက်ဝါးသည် အထက်ကောင်းကင်မှ ကျဆင်းလာပြီး ရီဖူရှင်းထံသို့ တည့်တည့် တိုးဝင်လာသည်။

သူတို့၏ ပတ်ဝန်းကျင်မှာ ရှောင်ရှမ်း၏ ထိန်းချုပ်မှုအောက်၌ ရှိသည်ဟု ထင်မှတ်ရကာ ပြင်းထန်သော အားလှိုင်းများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ အတွေးတစ်ချက်နှင့် သူ့ပတ်ဝန်းကျင်မှ စွမ်းအားများမှာ ရှောင်ရှမ်းအတွက်ဖြစ်သည်။ တင်းကျပ်သော ဖိအားသည်  ရီဖူရှင်းအပေါ် ကျဆင်းလာပြီး သူ့ပြေးလမ်းများကို ပိတ်ဆို့၏။

ဧရာမ လက်ဝါးပုံရိပ်ကြီးသည် ရီဖူရှင်းထံသို့ ကျဆင်းလာနေ၏။

ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာ၏။ ဝင်္ကပါပုံရိပ်လေးများသည် လေထဲ ဖြစ်ပေါ်လာခဲ့ကာ ထူးခြားသော စွမ်းအားများ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်၏။ ထိုခဏတွင် ရီဖူရှင်း၏ ခန္ဓာသည် မဟာလမ်းစဉ်၏ မီးပြင်းဖိုသဖွယ် ဖြစ်လာကာ သူ့အနီးရှိစွမ်းအားများကို သန့်စင်လျက် ကိုယ်အတွင်းသို့ စုပ်ယူ၏။

ဤတွင် ရီဖူရှင်း၏အရှိန်အဝါသည် တဖြည်းဖြည်း ကြီးမားလာခဲ့ကာ သူ့ကိုယ်ရောင် ကိုယ်ဝါသည်လည်း ရှန့်ထိုအဆင့်နီးပါး ဖြစ်လာခဲ့၏။

ဤသည်ကပင် တာလီတော်ဝင် အကြံပေးက သူ့ကို သင်ပေးခဲ့သည့် ပညာရှိကျမ်းပင် ဖြစ်တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset