အပိုင်း(၁၁၅၅)

မင်းကို လိုက်ပို့မယ်

ရီဖူရှင်း ကော့တေးသို့ ပြန်ရောက်သောအခါ တစ်ကိုယ်တည်း ငြိမ်သက်စွာ လေ့ကျင့်နေခဲ့၏။ တာလီနန်းမြို့တော်တွင် နှလုံးသားစိတ်ရိုင်းတချို့ကို ပယ်ပြီးနောက်တွင် သူ့စိတ်နှလုံး၌ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

တော်ဝင်အကြံပေးနှင့် ရန်ယွင်တို့က သူ့အား ပြည်နယ်ကိုးခုသို့ လိုက်ပါပို့ဆောင်ခဲ့၏။ ရီဖူရှင်းက စိတ်အာရုံကို ဖြန့်ကြက်လိုက်လျှင် လောက၏သဘောသဘာဝကို ပိုမိုနားလည်လာခဲ့၏။ အရာအားလုံးမှာ သူ့အတွက် ပိုမိုရှင်းလင်းလာခဲ့သည်။ သူက ရှန့်ထိုအဆင့်သို့ တက်ရောက်ရန် သိပ်မဝေးတော့ဟု ခံစားမိ၏။

လူတိုင်းက ရှန့်ထိုအဆင့်သို့ တက်ရောက်သောအခါ သူတို့၏နားလည် သဘောပေါက် လာမှုများမှာလည်း ကွဲပြား၏။ ရှန့်ထိုအဆင့်သို့ ချိုးဖျက်ရန်လည်း လောကတွင် လေ့ကျင့်နည်းပေါင်း များစွာ ရှိ၏။

ရက်သတ္တပတ်များစွာ ကုန်လွန်ခဲ့ပြီ။

ဝတ်စုံဖြူနှင့် ငွေရောင်ဆံနွယ်ရှင် ပုံရိပ်သည် တောင်ကုန်း အနောက်ဘက်၌ တင်ပျဉ်ခွေထိုင်နေသည်။ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး သူ့တစ်ကိုယ်လုံးမှာ အလင်းရောင်များဖြင့် တောက်ပနေသည်။

ရီဖူရှင်းက မျက်လုံးများကို ပိတ်ထား၏။ သူသည် လောကကြီးနှင့် တစ်သားတည်း ဖြစ်လာသည်ဟု ခံစားရသည်။ ခန္ဓာကိုယ်က လေဟာနယ်ကို ဖြတ်သန်း၍ ခရီးသွားနေသလိုလည်း ခံစားရ၏။

မဟာလမ်းစဉ်၏ အသိပညာများသည် သူ့အနီးတွင် စီးမျောနေကြ၏။ သူနှင့်မလှမ်းမကမ်းတွင် လူအချို့ ရှိနေပေသည်။ သူတို့မှာ ရာရာနှင့် မှန်နန်းတော်သခင်မတို့ ဖြစ်ကြ၏။

ထိုအခိုက်တွင် ရီဖူရှင်းထံမှ ဖြာထွက်နေသော အလင်းများသည် ရာရာနှင့် မှန်နန်းသခင်မတို့ထံသို့ပင် လာရောက်ရိုက်ခတ်နေပြီး ရီဖူရှင်း၏ စိတ်အသိများကို ရှင်းရှင်းလင်းလင်း ခံစားသိရှိကြသည်။ ရှန့်ထိုတစ်ယောက်သာလျှင် ထိုကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် ခံစားမှုများကို ထုတ်လွှတ်နိုင်သည်။

ရာရာနှင့် မှန်နန်းသခင်မတို့သည် ရီဖူရှင်းက ရှန့်ထိုအဆင့်သို့ ရောက်ရှိရန် အလွန်တရာ နီးစပ်လာပြီကို သိနားလည်ကြ၏။ ရီဖူရှင်းကား သူ၏ကျင့်ကြံခြင်း အဆင့်အား တည်ငြိမ်စေရန် စောင့်ဆိုင်းရန်သာ လိုတော့၏။

ဓားသခင်သည်လည်း ရှန့်ထိုအဆင့်သို့ မတက်ရောက်မီ ထိုခံစားချက်ကို ရ၏။

ရီဖူရှင်းလည်း တူညီသည့် ခံစားမှုမျိုးကို ရရှိသည်။  ဆိုလိုသည်က ရှန့်ထိုအဆင့်ကို တက်ရောက်ရန် ရီဖူရှင်းအတွက် အတားအဆီးဟူသည် မရှိတော့။ သူ့အတွက်  ရိုးရှင်းသည့် အတွေးတစ်ခုသာ လိုတော့၏။

ဓားသခင်က ရီဖူရှင်း လေ့ကျင့်နေသည်ကို အဝေးမှ စောင့်ကြည့်နေသည်။ ဂူတုံးလျို၊ ကျူးကော့မင်းယွီနှင့် အခြားလူများသည်လည်း သူ့ဘေးတွင် ရပ်နေကြသည်။

“ငါတို့ရဲ့ ညီငယ်လေးကလည်း ရှန့်ထိုအဆင့်သို့ မကြာခင် ရောက်တော့မယ်” ဓားသခင်က ပြောသည်။ ဂူတုံးလျိုက ပြုံးကာ ပြောသည်… “ညီငယ်လေးက ကျွန်တော့်ထက်တောင် မြန်နေတာပဲ။ တာလီသို့ ခရီးစဉ်က သူ့စိတ်နှလုံးကို တော်တော် ရိုက်ခတ်ခဲ့ပုံရတယ်”

“ဟုတ်မယ်…” ဓားသခင်က ခေါင်းညိတ်သည်။ တာလီတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့မည်ကို သူတို့ခန့်မှန်းမိကြ၏။

***

ရီဖူရှင်း ကော့တေးတွင် လေ့ကျင့်နေစဉ် ရှောင်မျိုးနွယ်အိမ်တော် အထက်ကောင်းကင်သည် ရုတ်တရက် အရောင် ပြောင်းလဲလာ၏။ နတ်ဘုရားပြစ်ဒဏ်၏ ကြောက်မက်ဖွယ် တိမ်စိုင် တိမ်သားတို့သည် ကောင်းကင်ထက်၌ စုစည်း ဖြစ်ပေါ်လာကြ၏။

မရေမတွက်နိုင်သည့် ရှောင်မျိုးနွယ်တို့က ထိုမြင်ကွင်းကို ကြည့်ကာ စိတ်နှလုံးများ တုန်ယင်နေကြသည်။

“ဘယ်သူ အဆင့်တက်မလို့လဲ”

လူများစွာတို့က ဇဝေဇဝါ ဖြစ်နေကြသည်။

အကြီးအကဲများက သူတို့၏စိတ်စွမ်းအားများကို ဖြန့်ကြက်လိုက်လျှင် သူတို့၏အာရုံက နေရာတစ်ခုသို့ ရောက်ရှိ သွားကြသည်။ ထိုနေရာမှာ ရှောင်အိမ်တော်၏ မေ့လျော့ခံနေရာတစ်ခု ဖြစ်၏။

ထိုသူမှာ အိမ်တော်၏ လူငယ်မျိုးဆက်များ အကြားတွင် တစ်ချိန်က နံပါတ်တစ် ဖြစ်ခဲ့သူ၊ ရှန့်ထိုအဆင့်အောက်၌ အမြင့်ဆုံးသော စွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်သော ရှောင်ရှမ်းမှလွဲ၍ အခြားသူ ဟုတ်ရိုးလား။ သူသည် ရှောင်မျိုးနွယ်၏ အနာဂတ်ခေါင်းဆောင် အဖြစ် ပျိုးထောင်ပေးခြင်း ခံရသူလည်း ဖြစ်၏။

သို့သော်လည်း မတော်တဆမှု အချို့နှင့်အတူ ရှောင်အိမ်တော် အတွင်းတွင် ရှောင်ရှမ်း၏ အဆင့်အတန်းမှာ ယုတ်လျော့သွားခဲ့သည်။ လူအများကလည်း သူ့အား တဖြည်းဖြည်း မေ့ပျောက်သွားခဲ့ကြပြီး မိသားစုကလည်း လျစ်လျူရှု ထားခဲ့သည်မှာ ကြာခဲ့ပြီ။ သူ၏ စိတ်နှလုံးမှာလည်း အနုတ်သဘောဆောင်ကာ ကျင့်ကြံခြင်း၌ ရှေ့ဆက်ရန် ခက်ခဲနေခဲ့၏။

သို့သော် အမေ့လျော့ခံ ရှောင်ရှမ်းထံသို့ နတ်ဘုရားပြစ်ဒဏ် ကျရောက် လာလေပြီ။ ရှောင်ရှမ်းတစ်ယောက် ရှန့်ထိုအဆင့်သို့ ဝင်ရောက် ပေတော့မည်။

ရှောင်မျိုးနွယ်အိမ်တော်မှ လူများမှာ ကြီးစွာ တုန်လှုပ်နေကြ၏။ ရှောင်အဘိုးအိုက ရှောင်ရှမ်း ရှိနေရာသို့ ကြည့်သည်။ မဟာလမ်းစဉ်၏ နတ်ဘုရားဆေးကြော သန့်စင်ခြင်း အလင်းတို့သည် မိုးကောင်းကင်မှ တစ်ဆင့် ထိုနေရာသို့ ကျဆင်းလာနေ၏။ ထို့နောက်တွင် အလွန် ကျယ်လောင်သည့် မိုးချုန်းသံကို ကြားလိုက်ကြရသည်။

ရှောင်ချိန်ဟေးသည် လျင်မြန်စွာဖြင့် ရှောင်အဘိုးအိုနံဘေးသို့ ရောက်ရှိလာသည်။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေ၏။ ရှောင်ရှမ်းက ဤသို့သော အခြေအနေမျိုး အောက်မှာပင် ရှန့်ထိုအဆင့်သို့ တက်ရောက်နိုင်သည်။

“သူ့စိတ်အခြေအနေက လမ်းစဉ်နဲ့ သွယ်ဖည်နေတာ မဟုတ်ဘူးလာ။ ဒါပေမဲ့ သူက အဆင့်တက် နိုင်တယ်လား” ရှောင်အဘိုးအိုက သက်ပြင်းချသည်။ သူက သူ၏မြေးကို လွန်စွာ ချစ်မြတ်နိုးကာ မျိုးနွယ်ခေါင်းဆောင်လောင်း အဖြစ် လျာထားခဲ့သူဖြစ်၏။

“ဒီကာလက သူ့အတွက် အရမ်းခက်ခဲခဲ့မှာပဲ” ရှောင်အဘိုးအိုက စိတ်မကောင်းဟန်ဖြင့် ပြောသည်။

ရှားရှင်းယွန်သည် မည်သို့ဆိုစေ ရှောင်ရှမ်း၏ ဝမ်းကွဲညီမဖြစ်၏။ သို့သော် သူမသည် ရီဖူရှင်းကို ဦးစားပေး၍ ရှောင်ရှမ်းကို အိမ်တော်အတွင်း၌ အကျဉ်းချထားခဲ့၏။ နောက်ပိုင်းတွင် မတော်တဆမှုများ၏ သံသယ အကျိုးဆက်များကြောင့် မျိုးနွယ်စု၏ ပစ်ပယ်ခြင်းကိုလည်း ခံရကာ ရှောင်ရှမ်းသည် အမှောင်မိုက်ဆုံး နေ့ရက်များအား ဖြတ်ကျော်ခဲ့ရသည်။

ရှောင်ရှမ်းသည် ထိုသို့သော အခြေအနေအောက်မှာပင် အဆင့်တက်နိုင်ခဲ့၏။ မျိုးနွယ်စုက သူ့ကို အလွန်ဆိုးဝါးစွာ ဆက်ဆံခဲ့ခြင်းကြောင့်ပေလော။

ပြင်းထန်လှသည့် နတ်ဘုရားပြစ်ဒဏ်၏ အမျက်ဒေါသက သူ့ထံသို့ မိုးကြိုး မုန်တိုင်းများသဖွယ် ကျဆင်းနေဆဲဖြစ်၏။ အလင်းရောင်စဉ်တိုင်းသည် ရှောင်မျိုးနွယ်က လူများ၏ စိတ်အတွင်းသို့ တိုက်ရိုက် လာရောက်ရိုက်ခတ် နေသကဲ့သို့ပင် ထင်မှတ်မှားရ၏။

“ချိန်ဟေး  … ရှောင်ရှမ်းကို နောက်တစ်ခါ အခွင့်အရေး ပေးသင့်တယ် ထင်လား” ရှောင်အဘိုးအိုက မေးသည်။

ရှောင်ချိန်ဟေး အံ့သြတကြီး ဖြစ်သွား၏။ လုပ်ကြံမှုများသည် ရှောင်ရှမ်းနှင့် သက်ဆိုင်နေသည်ကို သူရိပ်မိ၏။ သို့သော် ရှောင်ရှမ်းသည် သူ့သားဖြစ်သည်။ ရှောင်အဘိုးအိုက ထိုကဲ့သို့ ပြောသည့်အခါ သူသည် လွန်စွာ စိတ်လှုပ်ရှား သွား၏။

အဘိုးကြီးက သူ့အတွက် အခွင့်အရေးပေးမည် ဆိုပါက ရှောင်ရှမ်းအတွက် မျှော်လင့်ချက် ရှိသေးပေသည်။ ဧကရီရှောင်သည် ရှားရှင်းယွန်၏ မွေးသမိခင်ဖြစ်ပြီး အဘိုးအိုသည် ဧကရီရှောင်၏ ဖခင်ဖြစ်သည်။

အကယ်၍ အဘိုးအိုက ရှောင်ရှမ်းအတွက် အခွင့်အရေးပေးရန် ဆန္ဒရှိပါက သူ့ညီမကလည်း တစ်နည်းနည်းဖြင့် ဖြေရှင်းပေးနိုင်မည် မဟုတ်ပါလား။ အင်ပါယာရှားသည်ပင် သူ၏ ယောက္ခမကို မျက်နှာသာပေး ရပေသည်။

လုပ်ကြံမှုများတွင် ရှောင်ရှမ်း မပါဝင်ဟု သက်သေပြနိုင်ခဲ့လျှင် သည်ကိစ္စက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ ထို့နောက် ရှောင်ရှမ်းသည်လည်း နောက်တစ်ဖန် ပြန်၍ အောင်မြင်ရန် အခွင့်အရေး ရလာပေလိမ့်မည်။

“အဖေသာ သူ့ကို ဒုတိယ အခွင့်အရေးပေးဖို့ ဆန္ဒရှိမယ်ဆိုရင် သူက ကောင်းကောင်း အသုံးချနိုင်မယ် ဆိုတာ သေချာပါတယ်” ရှောင်ချိန်ဟေး ပြောသည်။

ရှောင်အဘိုးအိုက ဘာမှ ထပ်မပြောတော့ဘဲ ရှောင်ရှမ်းရှိရာသို့သာ ကြည့်နေသည်။ မဟာလမ်းစဉ်၏ ခက်ခဲလှသည့် စမ်းသပ်ချက်က ဆက်လက်ကျဆင်းနေပြီး အတန်ကြာလျှင် ရောင်စဉ်များ ပျောက်ကွယ်သွားသည်။

ရှောင်အဘိုးအိုက ကောင်းကင်ထက်သို့ တက်ကာ ထိုနေရာသို့ ကြည့်သည်။ ထိုနေရာတွင် ကျိုးပဲ့ပျက်စီးမှုများ အချို့နှင့်အတူ ရှောင်ရှမ်း၏ တစ်ကိုယ်လုံးအား ငွေရောင်အလင်းများ ရစ်ပတ်ထားသည်။ ရှောင်ရှမ်းသည် ရှန့်ထိုတစ်ပါးအဖြစ် ပြန်လည် မွေးဖွားလာခဲ့ပြီဖြစ်သည်။

“ရှောင်ရှမ်း … မင်းက မင်းရဲ့ အတွင်းစိတ်ရိုင်းကို ပယ်သတ်ပြီး ရှန့်ထိုအဆင့်သို့ တက်နိုင်တာက တကယ် ချီးကျူးဖို့ကောင်းတယ်။ ဧကရီရဲ့ ထောက်ခံပေးမှုနဲ့အတူ မင်းက စစ်တပ်မှာ လေ့ကျင့်နိုင်တယ်။ မင်း ဘယ်လိုထင်လဲ” ရှောင်အဘိုးအိုက မေးသည်။

ရှောင်းရှမ်းက ရှောင်အဘိုးအိုကို ကြည့်၍ ပြောသည်…“အဘိုးပဲ အဆင်ပြေသလို စီမံပါ”

“ကောင်းပြီ” ရှောင်အဘိုးအိုက ခေါင်းညိတ်က ပြောသည် …“မင်းမှာ တခြား တောင်းဆိုစရာများ ရှိသေးလား  … ဒါမှမဟုတ်  အိမ်တော်ကနေ မင်းကို လုပ်ပေးစေချင်တာများ ရှိလား”

ရှောင်ရှမ်း ခေါင်းခါသည် … “မရှိဘူး”

သူက တန်ခိုးကျင့်သူ ဖြစ်၏။ နောက်ဆုံးတွင် ကျင့်ကြံခြင်းသည်သာ အရေးအကြီးဆုံး ဖြစ်ကြောင်း သူနားလည်ခဲ့ပြီဖြစ်သည်။ သူသည် တစ်ချိန်က ကျော်ကြားမှု၊ အကျိုးအမြတ်၊ အာဏာနှင့် ရာထူး အဆင့်အတန်းတို့ နောက်သို့ လိုက်ခဲ့သည်။ အင်ပါယာလီဘုံ၏ အရေးပါသောသူ ဖြစ်လိုခဲ့၏။ ရှားရှင်းယွန်၏ အလေးထားခြင်းခံရသူ ဖြစ်လိုခဲ့၏။ နောက်ဆုံးတွင်တော့ သူ၏ မျှော်မှန်းချက်များမှာ တံလျပ်များပမာ ပျောက်ကွယ်ခဲ့ရသည်။

ထိုအခိုက်တွင် သူသည် သူ့မျိုးနွယ်၊ အာဏာနှင့် ရှားရှင်းယွန်၏ အလေးထားမှုတို့ကိုပင် ဂရုမစိုက်တော့ချေ။

နောင်အနာဂတ်တွင် ရီဖူရှင်းနှင့် တိုက်ခိုက် ရပေဦးမည်။

“ကောင်းတယ်” ရှောင်အဘိုးအိုက အားပါးတရ ခေါင်းညိတ်သည်။ ရှန့်ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်းကပင် သူ့စိတ်နှလုံးကို သက်သေပြခဲ့ခြင်း ဖြစ်၏။ ရှောင်ရှမ်းအား အင်ပါယာရှားဘုံ၏ နိုင်ငံရေးအာဏာနှင့် အဝေးတွင် နေထိုင်စေရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဤနည်းဖြင့်သာ ရှောင်ရှမ်းသည် ပိုမိုကောင်းမွန်စွာ ကျင့်ကြံ နိုင်ပေလိမ့်မည်။

တစ်နေ့တွင် ရှောင်မျိုးနွယ်မှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ် လာနိုင်ပေသည်။ သည်အခွင့်အရေးအား ရှောင်ရှမ်းက ကောင်းကောင်း တန်ဖိုးထားရန် သူမျှော်လင့်သည်။

***

ရှောင်ရှမ်း ရှန့်ထိုအဆင့်သို့ ရောက်ရှိသွားသည့် သတင်းသည် လူအများအား ကြီးစွာ စိတ်လှုပ်ရှားစေခဲ့သည်။ ရှောင်အဘိုးအိုက ထိုသတင်းကို သယ်ဆောင်ကာ တော်ဝင်နန်းတော်သို့ လာရောက်၍ ဧကရီရှောင်နှင့် တွေ့ဆုံခဲ့သည်။

ဧကရီက ရှောင်ရှမ်းကို စစ်တပ်၌ လေ့ကျင့်ရန် ခွင့်ပြုခဲ့၏။ သူမက ရှောင်ရှမ်းအား နောက်တစ်ကြိမ် အခွင့်အရေး ပေးလိုပေသည်။ သူသည်သာ လုံလုံလောက်လောက် သက်သေပြခဲ့ပါက နန်းတော်သို့ ဝင်ခွင့်ပင် နောင်တစ်ချိန်၌ ရရှိနိုင်ပေလိမ့်မည်။

အခြေအနေ ငြိမ်သက်အေးဆေး သွားသောအခါ ရှောင်မိသားစုက ရှောင်ရှမ်းအား စစ်တပ်သို့ လိုက်ပါပို့ဆောင်ရန် အသင့် ဖြစ်နေလေပြီ။

ရှောင်မျိုးနွယ်နှင့် ရင်းနှီးသည့် အင်အားစုများမှာလည်း ထိုနေ့တွင် လာရောက် တွေ့ဆုံကြ၏။ ရှောင်မိသားစုနှင့် ရင်းနှီးခဲ့ဖူးသည့် တိမ်တိုက်တောင်ကြား ကဲ့သို့သော အခြား အင်အားစုများသည်လည်း ရှောင်ရှမ်းအား လိုက်ပို့ရန် ရှောင်အိမ်တော်သို့ လာရောက်ကြသည်။

ရှောင်မျိုးနွယ်က ဖိတ်ခေါ်မထားသည့် ဧည့်သည်များပင် လာရောက်ကြ၏။ အနည်းဆုံး သူတို့က ကောင်းမွန်သော စိတ်ရင်းစေတနာကို ပြသလိုကြ၏။ ရှောင်အဘိုးအိုက တော်ဝင်နန်းတော်သို့ သွားကာ ရှောင်ရှမ်းအတွက် အာမခံပေးခဲ့ပြီး ဧကရီရှောင်ကလည်း သူ့ကို စစ်တပ်သို့ ဝင်ရန်ခွင့်ပြုသည်။ တစ်ချိန်တွင် ရှောင်ရှမ်း မအောင်မြင်လာနိုင်ဟု မည်သူမှ အတပ်မပြောနိုင်။

ရှားရှင်းယွန်သည် အင်ပါယာရှားနန်းတော်မျှော်စင် တစ်နေရာ၌ မတ်တပ်ရပ်ကာ အဝေးသို့ ငေးကြည့်နေသည်။

လေပြေလေညင်းများက သူမ၏ ဝတ်ရုံအနားစများကို ကလူကျီစယ်နေကြသည်။ သူမက သက်ပြင်းရှည်တစ်ချက်ကို လေးလံစွာ ချသည်။

သူမ နားလည်ထားသည့် ရီဖူရှင်းသည် ဤကိစ္စကို သည်အတိုင်း လွှတ်ပေးလိုက်မည့်လူ မဟုတ်။ ရှောင်မိသားစုက ရှောင်ရှမ်းကို ပို့ဆောင်သည့်အခါ ရီဖူရှင်းသည် သေချာပေါက် ရောက်လာပေလိမ့်မည်။

“ရှောင်မျိုးနွယ် အိမ်တော်ကို သွားရအောင်” ရှားရှင်းယွန်က ရှေ့သို့ လှမ်းသွားရင်း ပြောသည်။

ထိုအချိန်တွင် ကော့တေး၌ ကျင့်ကြံနေသည့် ရီဖူရှင်း၏မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ ငွေရောင်အလင်းမှုန်များက သူ့ကို ဝန်းရံထားသည်။ သူသည် အဆင့်တက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သော်လည်း ရှန့်ထိုတစ်ယောက်တော့ ဖြစ်မလာသေးပေ။

ရှောင်ရှမ်းက ရှန့်ထိုအဆင့်သို့ ရောက်သွားခဲ့ပြီး သူစစ်တပ်သို့ ထွက်ခွာမည့် သတင်းက ကော့တေးသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

ရီဖူရှင်းက အဝေးသို့ ကြည့်သည်။

ရှောင်ရှမ်းက ရှန့်ထိုအဆင့်သို့ ရောက်လျှင်ပင် သူလုပ်ခဲ့သော အပြစ်များအတွက် ပေးဆပ်ရပေမည်။

သူက ရှေ့သို့ လှမ်း၏။ သူ၏ငွေရောင်ဆံပင်များသည် လေထဲတွင် လှပစွာလူးလွင့်ကြ၏။ သူ၏နက်ရှိုင်းသော မျက်လုံးများက ခံစားချက်မဲ့နေသည်။ သူ့ထံမှ ရိုးရှင်းသော စကားတစ်ခွန်းကိုသာ ကြားရသည်… “ရှောင်မျိုးနွယ် အိမ်တော်ကို သွားပြီး ရှောင်ရှမ်းကို လိုက်ပို့မယ်”

***


Comment

Leave a Reply


Options

not work with dark mode
Reset