Switch Mode

အပိုင်း(၁၁၅၄)

ရှောင်ရှမ်းနှင့် တွေ့ဆုံခြင်း

အင်ပါယာရှားဘုံ၊ ရှောင်မျိုးနွယ်စုအိမ်တော်။

ရှောင်ရှမ်းတစ်ယောက် ငြိမ်သက် တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။ တစ်စုံတစ်ယောက် ဝင်လာသည်ကို သတိထားမိကာ ရှောင်ရှမ်းက သူ့မျက်လုံးများကို ဖွင့်ကြည့်သည်။ ဝင်လာသူမှာ သူ၏ အဖေ ရှောင်ချိန်ဟေး ဖြစ်သည်။

ရှောင်ချိန်ဟေးသည် တစ်ချိန်က သူ မျှော်လင့်ချက်ကြီးစွာ ထားခဲ့ဖူးသော သားဖြစ်သူကို ကြည့်သည်။ တစ်နေ့တွင် ရှောင်ရှမ်းသည် ရှောင်မျိုးနွယ်၏ဂုဏ်ကို မြှင့်တင်ပေး နိုင်မည်ဟု သူ မျှော်လင့်ခဲ့၏။

ထို့ကြောင့် ရှောင်ချိန်ဟေးသည် သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်၍ သူ့သားအတွက် လမ်းဖောက်ပေးခဲ့သည်။ ရှောင်ရှမ်းက တော်ဝင်နန်းတော်ကို ဝင်၍ ရှားရှင်းယွန် အနီးတွင် ခစားစေလိုခဲ့၏။ သို့မှသာ နိုင်ငံရေးအာဏာ၏ အလယ်ဗဟိုချက်မသို့ နီးစပ်နိုင်ပေမည်။

သို့သော်လည်း ရီဖူရှင်းက ရှားရှင်းယွန်နံဘေးသို့ ရောက်ရှိလာသည့် အချိန်တွင် အရာခပ်သိမ်း ပြောင်းလဲကုန်၏။ ရှောင်ရှမ်းသည် နတ္ထိဘုံတိုက်ပွဲ၌ မိုက်မဲသော ကိစ္စရပ်အချို့ လုပ်ဆောင်ခဲ့၏။ ထိုကိစ္စတွင် ရီဖူရှင်း သေသွားလျှင် အဆင်ပြေသွားမည် ဖြစ်သော်လည်း အင်ပါယာလီဘုံသည်ပင် ရီဖူရှင်းကို လုပ်ကြံ၍ မအောင်မြင်ခဲ့ပေ။ ကျရှုံးမှု၏ အဖိုးအခကား ရှောင်ရှမ်း၏ အနာဂတ် တက်လမ်းများ ပြတ်တောက်သွားခြင်းပင် ဖြစ်၏။

နောက်ပိုင်း၌ ရှောင်ရှမ်းသည် အင်ပါယာလီဘုံတွင် ရှိနေသော ရီဖူရှင်း၏ သဲလွန်စအချို့အား ရရှိခဲ့ကာ သူသည် တစ်ခုခုကို ကြံစည် လုပ်ဆောင်ခဲ့၏။

ထိုအကြောင်းကို ရှောင်မျိုးနွယ်မှ အခြားလူများ သိရှိခြင်း မရှိသော်လည်း ရှောင်ချိန်ဟေးကတော့ တစ်စွန်းတစ်စ ရိပ်မိလေ၏။

“ရီဖူရှင်း ပြန်ရောက်လာပြီ” ရှောင်ချိန်ဟေးက ပြောသည်။ ရှောင်ရှမ်း၏ မျက်ဝန်း ထောင့်စွန်းများ လှုပ်ရှားသွားသည်။

သူ အမှန်တကယ် အသက်ရှင်လျက် ပြန်ရောက် လာသည်လား။

သို့ဆိုလျှင် သူ့ကို သတ်နိုင်သည့်သူ မရှိတော့ဘူးလား။

“မင်းသမီးက သူ့ကို နန်းတော် အပြင်ဘက် အထိ ကိုယ်တိုင် ထွက်ကြိုခဲ့တယ်။ ဒါ့အပြင် သူမက အောက်ဘုံအထိ လူတွေ လွှတ်ပေးခဲ့သေးတယ်” ရှောင်ချိန်ဟေးက ဆက်ပြောသည်။ ရီဖူရှင်း ပြန်လာပြီ ဖြစ်ရာ သူ့အနေဖြင့် ဆက်လက် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

“ဘာလို့ ကျွန်တော့်ကို ဒါတွေ ပြောပြနေတာလဲ” ရှောင်ရှမ်းက မေးသည်။

“မင်းကို ကူညီနေတာ ဘယ်သူလဲ” ရှောင်ချိန်ဟေး၏ မျက်လုံးများက ရှောင်ရှမ်းကို စူးရဲစွာ ကြည့်၏။

သားဖြစ်သူ၏ အကြောင်းကို ကောင်းကောင်း သိရှိနိုင်သူမှာ အဖေဖြစ်သူမှ လွဲ၍ အခြားသူ မရှိနိုင်။ ရှောင်ရှမ်း၏ အဖေတစ်ယောက် အနေဖြင့် သူက ရှောင်ရှမ်း၏ အကြောင်းကို တခြား လူများထက် ပိုသိပေသည်။ ရှောင်ရှမ်းသည် သူတစ်ယောက်တည်း၏ အင်အားဖြင့် သည်ကဲ့သို့ စနစ်တကျ နောက်ကွယ်မှ စီမံရန် မဖြစ်နိုင်ပေ။

ရှောင်ရှမ်း၏ လုပ်ဆောင်မှုများက ပိရိသေသပ်လွန်း၏။ သို့ဆိုလျှင် ရှောင်ရှမ်းအား နောက်ကွယ်မှ ကူညီနေသည့် တစ်စုံတစ်ယောက် ကျိန်းသေရှိသည်။

“အဖေ ဘာတွေပြောနေတာလဲ။ ကျွန်တော် နားမလည်ဘူး” ရှောင်ရှမ်းက ရှောင်ချိန်ဟေးကို ကြည့်သည်။ သူ လုပ်ဆောင်ခဲ့သည်များအား သူ့အဖေပင် သိမည် မဟုတ်ပေ။

သည်မတိုင်ခင် အဖြစ်အပျက်များက သူ့ကို သင်ခန်းစာ အကြီးအကျယ် ရစေခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် သူသည် မည်သူ့ကိုမှ မယုံကြည်တော့ပေ။

ရှောင်မျိုးနွယ်တို့သည် အလွန်ထင်ရှားသည့် မျိုးနွယ်စုလည်း ဖြစ်၏။ အဘိုးကြီးက ရှောင်ရှမ်းကို မျိုးနွယ်စုမှ စွန့်ပစ်ခြင်းဖြင့် မျိုးနွယ်စု သာယာ ကောင်းစားမည်ဆိုလျှင် သူက တွေဝေနေမည် မဟုတ်ပေ။

ထိုအဖြစ်အပျက်များ အပြီးတွင် သူ၏ အဆင့်အတန်းမှာ မိသားစုအတွင်း ကြီးစွာ ယုတ်လျော့သွားခဲ့၏။ တိမ်တိုက်တောင်ကြားနှင့် စေ့စပ်ကြောင်းလမ်းခြင်း သည်ပင် ပျက်စီးသွားခဲ့သည်။

ရှောင်ရှမ်းက ထိုအကြောင်းအရာများ အားလုံးကို ကောင်းကောင်း မှတ်သားထား၏။

“အခုနေ နောင်တရမယ်ဆိုရင် မင်းအတွက် အခွင့်အရေး ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် မင်းက လုပ်ကြံမှုမှာ အဓိက ကြိုးကိုင်သူ မဟုတ်ခဲ့ဘူးလေ” ရှောင်ချိန်ဟေးက ထပ်၍ ပြောသည်။

ရှောင်ချိန်ဟေး၏ စကားကို ကြားလိုက်ရလျှင် ရှောင်ရှမ်းက ပြုံးကာ ပြောသည်။ “အဖေက ကျွန်တော့်ကို စိတ်ပူနေတာလား။ ဒါပေမဲ့ အဖေ ပြောနေတာတွေ ကျွန်တော် နားမလည်ဘူး”

သူ့အနေဖြင့် နောက်လှည့်စရာ၊ နောင်တရစရာ မရှိပေ။

ထို့အပြင် လုပ်ကြံမှု၌ သူသည် အမှန်တကယ် ပါဝင်ပတ်သက်ခြင်း မရှိပေ။ ရှားရှင်းယွန် အနေဖြင့် သက်သေမရှိဘဲ သူမအဘိုး အိမ်တော်၌ လာရောက် သောင်းကျန်းရန် နည်းလမ်း မရှိသလို သူမ၏ ဝမ်းကွဲအစ်ကိုအား ဖမ်းဆီးလျက် အတင်းအကျပ် ဖိအားပေး ဝန်ခံခိုင်း၍လည်း မရပေ။

ရှောင်ချိန်ဟေးက ရှောင်ရှမ်းကို တစ်ချက်ကြည့်သည်။ သူ့အနေဖြင့် သူ့သားကို နားလည်နိုင်စွမ်း နည်းလာကြောင်း သိလိုက်ရ၏။

“မင်းက ရှီအဆင့် အထွတ်အထိပ်မှာ ရောက်နေတာ နှစ်တော်တော် ကြာပြီ။ ဝမ်ချွမ်း ရှန့်ထိုအဆင့်သို့ ရောက်သွားခဲ့ပြီ။ မင်းကတော့ ရှန့်ထိုအဆင့်ကို ချိုးဖျက် ဝင်ရောက်ဖို့ ခက်ခဲနေတုန်းပဲ။ မင်းရဲ့ စိတ်နှလုံးဟာ အနှုတ်သဘောဆောင်နေခဲ့တယ်။ ငါ မင်းကို အင်ပါယာရှား နန်းတော်သို့ စေလွှတ်ဖို့ မကြိုးစားခဲ့သင့်ဘူး” ရှောင်ချိန်ဟေးက သက်ပြင်းချသည်။

ရှောင်ရှမ်းက ဘာမှမပြောပေ။ ဝမ်ချွမ်းက ရှန့်ထိုအဆင့်သို့ ချိုးဖောက် ဝင်ရောက် သွားသည်မှာ ၂နှစ်ပင် ရှိခဲ့ပြီ ဖြစ်သည်။

သူသည် တစ်ချိန်က လီဟန်ဓားနန်းတော်မှ နာမည်ကျော် ဝမ်ချွမ်းနှင့် အဆင့်အတန်း တူညီခဲ့ဖူး၏။ သူတို့နှစ်ဦးလုံးမှာ ရှီအထွတ်အထိပ် အဆင့်များ ဖြစ်ကြသည်။

ထိုအချိန်၌ အပြင်မှ လူတစ်ယောက် ဝင်လာသည်။ ရှောင်ချိန်ဟေးက မျက်မှောင်ကြုတ်ကာ ပြောသည်။ “မင်းကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ”

“ဆရာ  … ရီဖူရှင်းက အပြင်ဘက်မှာ သခင်လေးနဲ့ တွေ့ခွင့်တောင်း နေပါတယ်”

ရှောင်ချိန်ဟေးနှင့် ရှောင်ရှမ်းတို့နှစ်ဦးလုံး အံ့အားသင့် သွားကြ၏။

ရီဖူရှင်းက သူတို့ဆီကို လာတွေ့သည်လား။

“တခြား ဘယ်သူတွေ ပါသေးလဲ” ရှောင်ချိန်ဟေးက မေး၏။

“ရီဖူရှင်းအပြင် ဓားသမားတစ်ယောက် ပါပါတယ်” သတင်းလာပို့သူက ဖြေသည်။ ရှောင်ချိန်ဟေး ခေါင်းညိတ်လိုက်ပြီး ဓားသမားမှာ ကျေးရွာခေါင်းဆောင် ဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။

ဆိုလိုသည်မှာ ရီဖူရှင်းက တစ်ယောက်တည်း ရောက်လာခြင်း ဖြစ်သည်။

သူက ရှောင်ရှမ်းကို ကြည့်ကာ ပြောသည်။“မင်းကိုယ်တိုင် ဖြေရှင်းလိုက်”

ထိုသို့ပြောကာ ရှောင်ချိန်ဟေး ထွက်ခွာ သွားသည်။

ရှောင်ရှမ်းက တစ်ချက် ရယ်လိုက်ကာ ထရပ်လျက် အပြင်သို့ ထွက်၏။ ရီဖူရှင်း အဘယ်ကြောင့် ရောက်လာသည်ကို သူလည်း သိလိုသည်။

ရှောင်ရှမ်း သိပ်ကြာကြာ မစောင့်လိုက်ရပေ။ ငွေရောင်ဆံပင်များနှင့် ချောမော ခန့်ညားသည့် လူငယ် တစ်ယောက်သည် သူ့ရှေ့သို့ ခပ်မြန်မြန်ပင် ရောက်ရှိလာ၏။

သူက ရဲစွမ်းသတ္တိတော့ တကယ်ကောင်း၏။ ရှောင်မျိုးနွယ်စု အိမ်တော်သို့ တစ်ယောက်တည်း ရောက်လာသည့်တိုင် သူကား ပေါ့ပါး လွတ်လပ်နေ၏။

“ငါ ရောက်လာလို့ စိတ်ပျက်သွားလား” ရီဖူရှင်းက ရှောင်ရှမ်းကို မေးသည်။ သူ၏နှုတ်ခမ်းထောင့်မှ အပြုံးယဲ့ယဲ့ကို ရီဖူရှင်းမြင်၏။

ရီဖူရှင်းက ဘာမှမပြောပေ။ သူက ဤသို့ လာတွေ့ခြင်းဖြင့် ရှောင်ရှမ်းထံမှ ဖြောင့်ချက်ရမည်ဟု တွေးလျှင် မှားသွားပေမည်။

“ငါ တာလီကို သွားတဲ့အကြောင်း မင်း အရမ်း စိတ်ဝင်စားနေတယ်လို့ ကြားမိတယ်။ ဟုတ်လား” ရှောင်ရှမ်းကို တစ်ချက် အကဲခတ်ကာ ရီဖူရှင်းက ဆက်ပြောသည်။ “ငါ တာလီမှာတုန်းက ဓားသမား တစ်ယောက်ပဲ။ တာလီရဲ့ နန်းတွင်း အကြံပေးက ငါ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်။ ငါဟာ လီယောင်နဲ့ သိကျွမ်းခဲ့ပြီး တာလီနန်းတွင်း အကြံပေးက ငါ့ကို ကျင့်စဉ်တွေ သင်ပေးခဲ့တယ်။ အင်ပါယာလီကလည်း ငါ့ကို သူ့သမီးနဲ့ လက်ဆက်ဖို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ ငါ ငြင်းလိုက်တယ်”

ရှောင်ရှမ်းသည် ချက်ချင်းပင် ရီဖူရှင်း၏ လည်ပင်းအား ဖျစ်ညှစ်ကာ သတ်ပစ်လိုစိတ် ဖြစ်လာ၏။ သူ့မျက်နှာပေါ်မှ အပြုံးသည်လည်း ပျောက်ကွယ်သွား၏။ သူ အမှန်တကယ် ရီဖူရှင်းအား မနာလို။

တာလီတွင်ပင် ရီဖူရှင်းသည် လွန်စွာ ကောင်းစားခဲ့ပြီး တာလီတော်ဝင် အကြံပေး၏ လက်အောက်တွင် ပညာသင်ယူနိုင်ခဲ့သည်။ လီယောင်နှင့် သိကျွမ်းခဲ့ကာ အင်ပါယာလီ၏သမီးနှင့် လက်ဆက်ရမည့် အခွင့်အရေးအား ငြင်းဆန်လိုက်သေး၏။

သူသာ ခေါင်းညိတ်ခဲ့လျှင် တာလီ၏မင်းသားတစ်ပါး၊ အင်ပါယာလီ၏ သမက်ပင် ဖြစ်လာပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ” ရှောင်ရှမ်း၏လေသံက တင်းမာလာသည်။ “ဒါပေမဲ့ ငါ မင်းအကြောင်းကို စိတ်မဝင်စားဘူး”

“ဒီလိုလား။ မင်း အရမ်း စိတ်ဝင်စားမယ်လို့ ငါ ထင်နေတာ” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ “ငါ ကြားတာတော့ တစ်ချိန်လုံး မင်းဟာ အကျယ်ချုပ်ကျနေပြီး အိမ်တော် အပြင်ဘက်သို့ ခြေတစ်လှမ်းမှ လှမ်းခွင့်မရှိဘူးဆို။ မင်းက ဘယ်သူ့ကိုမှလည်း တွေ့ခွင့်မရှိဘူးလို့ ကြားရတယ်”

“ပြီးခဲ့တဲ့ တစ်ခေါက် ဧကရီရှောင်က ငါ့ကို ရွှေကြာပန်း နန်းဆောင်မှာ ကျင့်ကြံခွင့် ပေးခဲ့တယ်။ ပြီးတော့ ပညာရပ်ဆယ်ခုကိုလည်း တော်ဝင်ကျဲနန်းတော် အတွက် လက်ဆောင်ပေးခဲ့တယ်။ တိမ်တိုက်တောင်ကြားကလည်း ငါ့အတွက် သိဒ္ဓိဝင်လက်နက်တွေ သွန်းလုပ်ပေးစေခဲ့တယ်။ မင်းကတော့ ရှောင်မျိုးနွယ်ရဲ့ သခင်လေး ဖြစ်နေပေမဲ့ အကျဉ်းသား တစ်ယောက်လိုပဲ နေရတယ်။ ငါ မင်းကို တကယ် သနားမိတယ်”

“မင်းက ဒီကို သက်သက်လာပြီး စော်ကားတာလား” ရှောင်ရှမ်းက ရီဖူရှင်းကို ကြည့်ရင်း ပြောသည်။

“မဟုတ်ပါဘူး။ ငါက မင်းကို ပြောပြချင်တာ။ ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မင်းက ထင်ကောင်း ထင်လိမ့်မယ်။ သဲလွန်စတွေ မကျန်ဘူးလို့ မင်းကတော့ ယုံကြည်နေလိမ့်မယ်။ ဒါပေမဲ့ ဘယ်မကောင်းမှုကမှ သဲလွန်စတွေကို လုံးဝ ထိမ်ချန်ထားလို့ မရဘူး” ရီဖူရှင်းက ဆက်ပြောသည်  … “အခု ငါ မင်းကို မသတ်နိုင်ရင်တောင် နောက်လာမယ့် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်ဆိုရင် ငါ ဘာဖြစ်နေလောက်မယ် ထင်လဲ။ အခုအချိန်ကစပြီး ငါ မင်းကို မျက်စိဒေါက်ထောက် ကြည့်နေမှာ။ ငါသာ မင်းကို သတ်ချင်ရင် မင်းဘယ်လို အသက်ဆက်ရှင်မလဲ”

ရှောင်ရှမ်း၏ မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားသည်။ သူက ရီဖူရှင်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်၏။ ရီဖူရှင်းက အမှန်ပြောနေသည်ကို သူ သိလေသည်။

လက်ရှိ ရီဖူရှင်း၏ အဆင့်အတန်းဖြင့်ဆိုလျှင် နောင်တွင် ရီဖူရှင်း ဘာဖြစ်လာမည်ကို ခန့်မှန်းနိုင်ပေသည်။

အကယ်၍ ရီဖူရှင်းကသာ သူ့ကို စောင့်ကြည့်နေမည် ဆိုပါက သူ့အနေဖြင့် ပြေးစရာမြေ မရှိနိုင်ပေ။

ရှားရှင်းယွန်ကလည်း သူပြောသလိုပင် မိမိကို မျက်စိဒေါက်ထောက် ကြည့်နေပေလိမ့်မည်။

ရှောင်ရှမ်းက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ပြုံးသည် … “ဒါကတော့ မင်း အဲဒီအချိန်အထိ အသက်ရှင်နေဖို့လည်း လိုသေးတယ်”

“မင်းပြောချင်တာက မင်းနောက်ကွယ်က လူလား” ရီဖူရှင်းက ရှောင်ရှမ်းကို ကြည့်ကာ ပြောသည် … “သူတို့ ဘယ်သူလဲဆိုတာကို မင်းပြောရင် ငါ မင်းကို ချမ်းသာပေးမယ်”

ရှောင်ရှမ်းက ရီဖူရှင်းကို ကြည့်သည်။ သူရောက်လာခြင်းမှာ မိမိအား နည်းလမ်းမျိုးစုံသုံး၍ ခြိမ်းခြောက်ရန်လား။

“အစောင့်တွေ” ရှောင်ရှမ်းက အော်ဟစ်လိုက်သည်။ တစ်စုံတစ်ယောက် ဝင်လာလျှင် ရှောင်ရှမ်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည် … “ဧည့်သည်ကို ပြန်ပို့လိုက်”

ရီဖူရှင်းက ထိုနေရာမှ ချက်ချင်းပင် လှည့်ထွက်သွားသည်။ သူက စကားအနည်းငယ်မျှသာ ပြောခဲ့သော်လည်း ကိစ္စအချို့အား အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ရှောင်ရှမ်းသည် လုပ်ကြံမှုများ၌ တစ်စိတ်တစ်ပိုင်းသာ ပါဝင်ခဲ့သည်ဟု ယုံကြည်ရ၏။

သက်သေမရှိ။ အကြောင်းပြချက်မရှိ။ ရှောင်ရှမ်း၏ လက်ရှိ သဘောထားနှင့် အတိတ် ဖြစ်ရပ်များသည် ရီဖူရှင်း၏ အတွေးကို အတည်ပြုရန် လုံလောက်သည်ထက် ပို၏။

အရာရာကို အတည်ပြုပြီးသည့်နောက် ပြဿနာက ပို၍ လွယ်ကူလာသည်။

ရီဖူရှင်း ပြန်သွားပြီးသည့်အခါ ရှောင်ရှမ်းက သူ လေ့ကျင့်သည့် နေရာသို့ ပြန်လာခဲ့သည်။ သူက ခြေထောက်များကို တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်သည်။

ရီဖူရှင်းသည် အင်ပါယာလီဘုံသို့ သွားပြီးနောက် တော်ဝင်အကြံပေး၏ တပည့် ဖြစ်လာသည်။ အင်ပါယာ၏ သမက်တော် ဖြစ်လာရန်ပင် နီးစပ်ခဲ့သေးသည်။

သူက အင်ပါယာရှားဘုံတွင်လည်း မင်းသမီး၏ ယုံကြည်မှုကို ရရှိထား၏။ သူက မင်းသမီး၏ ကိုယ်ရံတော်မျှသာ ဖြစ်သော်လည်း တော်ဝင်နန်းတော်၊ မင်းသမီးအိမ်တော်နှင့် ရွှေကြာပန်း နန်းဆောင်တို့ကိုလည်း စိတ်ကြိုက်ဝင်ထွက်ခွင့် ရထား၏။ ရီဖူရှင်း၏ လက်ရှိအဆင့်အတန်းကား လွန်စွာ မြင့်မားနေပြီဖြစ်သည်။

တစ်ဖက်တွင် မိမိသည် ရီဖူရှင်းကို သတ်ရန်ကြံစည်ရင်း အဆင့်အတန်း နိမ့်သထက် နိမ့်လာကာ ရီဖူရှင်း၏ လောင်းရိပ်အောင်သို့ ရောက်လာခဲ့၏။ သူ၏အနာဂတ်မှာလည်း မသေချာ မရေရာသော အနေအထား။

“ငါ မှားနေတာများလား” ရှောင်ရှမ်းက သက်ပြင်းချသည်။ ရီဖူရှင်း၏ ထေ့ငေါ့ပြောဆိုမှုက သူ့ကို နိုးထစေခဲ့၏။

သူ မူလကတည်းက မှားယွင်းနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

အာဏာနှင့် အဆင့်အတန်းတို့ နောက်သို့ လိုက်ရင်း သူသည် လမ်းမှားနေခဲ့၏။ နန်းတွင်းသို့ ဝင်ရန် မကြိုးစားခဲ့သင့်သလို တိမ်တိုက် တောင်ကြားနှင့်လည်း လက်ဆက်ရန် စိတ်မကူးခဲ့သင့်ပေ။ ရှားရှင်းယွန်၏ဘေး၌နေရန် မျှော်လင့်ကာ မြင့်မားသော ဂုဏ်သိက္ခာနှင့်ကြီးမားသော အာဏာတို့အား သူ တပ်မက်မနေခဲ့သင့်ပေ။

ရီဖူရှင်းနှင့်သူက အဘယ်ကြောင့် ဆန့်ကျင်ဘက် ဖြစ်လာခဲ့ရသနည်း။ ရီဖူရှင်းသည် အာဏာနှင့်ဂုဏ်သတင်းတို့ ကျော်စောအောင် အားမထုတ်သော်လည်း အရာအားလုံးမှာ သူ့လက်တွင်းသို့ အဆင်သင့် ကျရောက်လာနေကြ၏။ ရှားရှင်းယွန်နှင့် မိမိ၏အကြားမှ ဆက်ဆံရေးသည်ပင် ရီဖူရှင်းကြောင့် ပိုမိုမှေးမှိန် လာခဲ့သည်။

အဘယ်ကြောင့် ဤသို့ ဖြစ်လာရသနည်း။

သူ့တွင် အရာအားလုံး ပျောက်ဆုံး သွားခဲ့ပြီဖြစ်သည်။ ရှောင်မျိုးနွယ်တွင် သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းများ အားလုံးမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

အာဏာနှင့် ဂုဏ်သတင်းဟူသည် မတည်မြဲသည့် အရာများ ဖြစ်၏။ ထိုအရာများမှာ လိုက်လေလေ ဝေးလေလေဟု ထင်ရသည်။ တခြားတစ်ဖက်တွင် ကျင့်ကြံခြင်း၌ စိတ်ကို နှစ်မြှုပ်ထားရင်း မြင့်မားသော အဆင့်အတန်းများမှာ အလိုအလျောက် ဖြစ်တည်လာခဲ့သည်။

အရာအားလုံးမှာ အချိန်နှင့်အခါ ရှိလေသည်။ အရာအားလုံးမှာ အိပ်မက်နှင့် အလားသဏ္ဌာန် တူလေ၏။

ထိုအခိုက်အတန့်၌ ရှောင်ရှမ်းသည် အရာအားလုံးကို လွှတ်ချလိုက်နိုင်ဟန်ရကာ သူ၏စိတ်သဏ္ဌာန်မှာ ရှင်းလင်းကာ သလင်းကဲ့သို့ သန့်စင်လာခဲ့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset