Switch Mode

အပိုင်း(၁၁၅၃)

သူပြန်လာပြီ

အထက်ဘုံမှ အင်ပါယာရှားဘုံတွင် ဖြစ်သည်။

အင်ပါယာရှား နန်းတော်၏ အပြင်ဘက်တွင် လူတစ်စု ရောက်ရှိ လာကြသည်။

များပြားလှသော လူများက အရှေ့မှ လူငယ်ကို မြင်လျှင် သူတို့ တီးတိုး ရေရွတ်လိုက်ကြသည် … “ရီဖူရှင်းပဲ”

ရီဖူရှင်းကို ရက်ပေါင်းများစွာ မမြင်ခဲ့ရပေ။ လူတချို့က သူ့ကို အင်ပါယာ ရှားနန်းတော်တွင် ကျင့်ကြံနေသည်ဟု ပြောကြသည်။ ယခု သူသည် နန်းတော်အပြင်မှ လာနေသည်။

သူ ဘယ်ကို သွားခဲ့တာလဲ။

အင်ပါယာရှားဘုံမှ လူများမှာ ရီဖူရှင်း အကြောင်းကို အချိန်တစ်ခုထိ မကြားခဲ့ရပေ။ လူတွေ နောက်ဆုံး ပြောကြသည့် အကြောင်းအရာမှာ လောင်လင်းအာနှင့် ဖီးနစ်တို့၏ ပြဿနာဖြစ်စဉ် အကြောင်းသာ ဖြစ်သည်။

သူနှင့် တွေ့ရန်အတွက် နန်းတော်မှ တစ်ယောက်ယောက် လမ်းလျှောက်ထွက် လာသည်။

ထိုလူမှာ မင်းသမီးလေး ရှားရှင်းယွန် ဖြစ်၏။

မင်းသမီးက သူ့ကို လူကိုယ်တိုင် ထွက်ကြိုတာလား။

ဒါက ဘယ်လို ကြိုဆိုခြင်းမျိုးလဲ။

ရီဖူရှင်းက တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်ဘဲ အပြင်ထွက် ကျင့်ကြံတာလား။

အနက်ရောင် အရိပ်တစ်ခုက လေထဲမှနေ၍ လျှပ်စီးအလျင်ဖြင့် ရီဖူရှင်းထံသို့ တိုက်ရိုက် ပျံသန်းလာ၏။ ၎င်းမှာ သိမ်းငှက်နက် ဖြစ်လေသည်။

သိမ်းငှက်နက်က ရီဖူရှင်း ရှေ့ကို အလောတကြီး ပျံသန်းလာပြီး မျက်ရည်များ ပြည့်နေသည့် မျက်လုံးများနှင့် ကြည့်ကာ ပြောလိုက်သည် … “သခင် … နောက်ဆုံးတော့ ပြန်လာပြီပေါ့”

ဒီရက်တွေဟာ သိမ်းငှက်နက် အတွက်တော့ လောကငရဲပင် ဖြစ်၏။

ရီဖူရှင်းက သူ့လက်ကို သိမ်းငှက်နက်၏ ခေါင်းပေါ်သို့ တင်ကာ ပြောလိုက်သည် … “မင်းကို ဒုက္ခရောက်စေမိတာ စိတ်မကောင်းပါဘူး”

“အင်း … အင်း” သိမ်းငှက်နက်က ခေါင်းကို ဆက်ကာ ညိတ်လိုက်သည်။ သူက တကယ့်ကို အများကြီး ဒုက္ခခံခဲ့ရလေသည်။

ဆရာသိမ်းငှက်သည် တစ်နေ့တွင် ထိုငှက်စုတ်ကို ပညာပေးရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ သူသာ လက်စားမချေနိုင်ခဲ့ရင် သူ့ကိုယ်သူ “သိမ်းငှက်” ဟု မခေါ်တော့ပေ။

သို့သော်လည်း ဆရာကြီးသိမ်းငှက်သည် ရှားရှင်းယွန်ကိုတော့ လက်စားချေရန် မမျှော်လင့်ထားပေ။ တစ်နေ့တွင် သူ့သခင်က သူ့ကိုယ်စား သူမကို ကျာပွတ်ဖြင့် ခပ်ကြမ်းကြမ်းလေး ရိုက်နှက်ပေး နိုင်မည်ဟုသာ မျှော်လင့်လေသည်။

သိမ်းငှက်နက်၏ အတွေးကို ခံစားမိသောအခါ ရီဖူရှင်းက သိမ်းငှက်၏ ခေါင်းကို ခေါက်လိုက်သည်။ ဒီအကောင်လေးက အာဃာတ တော်တော်ကြီး နေတာပဲ။

ရီဖူရှင်းက ကြည့်လိုက်ရာ နန်းတော်အပြင်မှာ ရပ်နေသည့် ရှားရှင်းယွန်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက ရှားရှင်းယွန်ထံသို့ လမ်းလျှောက်သွားကာ နှုတ်ဆက်လိုက်သည် … “အရှင်မင်းသမီး”

ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်း၏ သရုပ်မှန် ပေါ်သွားသောကြောင့် တာလီတွင် လိုက်ဖမ်းခံခဲ့ရသည်ကို သူမ သိရှိပြီး ဖြစ်သည်။

သူမက ခေါင်းကို မော့လိုက်ပြီး အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ “ကြိုးစား အားထုတ်ပေးခဲ့ကြတာ ကျေးဇူးတင်ပါတယ် … နန်းတော်မှာနေပြီး ငါ့အမိန့်ကို စောင့်ပေးပါ”

“အမိန့်အတိုင်းပါ … အရှင်မင်းသမီး” လူများက ခေါင်းညိတ်လိုက်သည်။ ရှားရှင်းယွန်က အမူအရာမဲ့စွာနှင့် ရီဖူရှင်းကို ကြည့်လိုက်ပြီး တော်ဝင် နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။ ရီဖူရှင်းက သူမနောက်မှ လိုက်သွားခဲ့သည်။

သူတို့က နန်းတော်ထဲသို့ လျှောက်လာပြီး သိမ်းငှက်နက်ကလည်း လိုက်လာသည်။ “ဆရာသိမ်းငှက်ရဲ့ သခင်က ပြန်ရောက်လာပြီ ဆိုမှတော့ အဲဒီမိန်းမက ငါ့ကို ရိုက်နိုင်ဦးမလား” သူက တွေးလိုက်သည်။

လူတွေက သူတို့ကို အဝေးမှ မြင်လိုက်ရလျှင် စုံတွဲများနှင့် တူလှသည်ဟု ခံစားလိုက်ကြရသည်။

သူတို့က မင်းသမီးနန်းတော်ကို ဝင်လာခဲ့ပြီး ရှားရှင်းယွန်က ပြောလိုက်သည်။ “အောက်ဘုံမှာ ဖြစ်တဲ့ ကိစ္စကို သိတဲ့လူမှန်သမျှ ဘယ်သူမဆို စုံစမ်းစစ်ဆေးမယ်”

ရီဖူရှင်းက သူ့အင်ပါယာရှားဘုံကို ပြန်သည့် အပြန်လမ်းက ပေါက်ကြားသွားပြီး လီယောင် သံသယဝင်စေရန် ဖြစ်လာသည်ကို သိမ်းငှက်နက်မှ တစ်ဆင့် သူမကို ပြောပြထားပြီး ဖြစ်သည်။

သူ့ကို လာကြိုရန် လွှတ်လိုက်သည့် လူများမှာ ရှားမျိုးနွယ်၏ အဓိကမျိုးဆက်မှ လူများ ဖြစ်ပြီး အောက်ဘုံကို ဝင်ရောက်ရန်အတွက် အင်ပါယာရှားဘုံ၏ ဝင်္ကပါအစီအရင်ကို သုံးခဲ့ခြင်းဖြစ်သည်။ ဒီကိစ္စက အင်ပါယာလီဘုံသို့ မည်သို့ ပေါက်ကြားသွားသလဲ ဟူသော မေးခွန်းတွင် ဖြစ်နိုင်ချေကို သူမ မဆုံးဖြတ်နိုင်ပေ။ အခြေအနေက သူမ ထင်ထားတာထက် ဆိုးရွားနေလေ၏။

အရာအားလုံးက အစကတည်းက ရှုပ်ထွေးနေပုံရ၏။

“အရှင်မင်းသမီး … ကျွန်တော့်အတွက် သတင်းယူပေးဖို့ မင်းသမီးရဲ့ လူတွေကို လွှတ်ပေးနိုင်မလား” ရီဖူရှင်းက ပြောလိုက်သည်။ တော်ဝင်အကြံပေး အိမ်တော်တွင် ဘာမှ ထွေထွေထူးထူး ဖြစ်ပျက်မည် မဟုတ်မှန်း သူ သိသော်လည်း ယခုထိ စိတ်ပူနေဆဲ ဖြစ်ကာ အခြေအနေကို သိလိုနေပေသည်။

“ကောင်းပြီလေ” ရှားရှင်းယွန် ခေါင်းညိတ် လိုက်သည်။

“ရှောင်ရှမ်းဘယ်မှာလဲ” ရီဖူရှင်းက မေးလိုက်သည်။

“သူက ရှောင်အိမ်မှာ ရှိတယ်။ သူ့ကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားတယ်။ ဒါပေမဲ့ သူက အပြင်လောကနဲ့ မဆက်သွယ်ဘူးဆိုတာ သေချာတယ်။ ရှောင်အိမ်က လူတွေနဲ့တောင် သိပ်အဆက်အဆံ မရှိဘူး” ရှားရှင်းယွန်က ပြောလိုက်သည် … “ငါတို့တွေ အစကတည်းက မှားယွင်းနေခဲ့တယ်လို့ ဆိုလိုတာမလား”

သူတို့က ရှောင်ရှမ်းကို အစကတည်းက စောင့်ကြည့်နေခြင်း ဖြစ်သည်။

သို့သော် ဖြစ်ခဲ့သမျှ၌ သူတို့က ရှောင်ရှမ်း လုပ်နိုင်သည့်အရာ သိပ်မရှိဟု ကောက်ချက် ချခဲ့ကြသည်။ သို့သော် ရှောင်ရှမ်းက ဘာမှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသည်ကတော့ မဖြစ်နိုင်ပေ။

ဖြစ်နိုင်တာက အစကတည်းက ရှောင်ရှမ်းကို ကူညီနေသည့် တစ်ယောက်ယောက် ရှိလိမ့်မည်။

ထိုသို့ဆိုရင် ရှောင်ရှမ်းနဲ့ ပူးပေါင်းနိုင်တာ ဘယ်သူ ရှိသလဲ။

တော်ဝင်နန်းတော်နှင့် နီးကပ်သည့် သူသာ ဖြစ်နိုင်သည်။ အခြားစကားနှင့် ဆိုရလျှင် ရှားမျိုးနွယ်၏ အဓိက မျိုးဆက်များ အကြားတွင် သစ္စာဖောက် ရှိနေလေပြီ။

“အရင်တစ်ခါ အရှင်မင်းသမီး ပြောတော့ သဲလွန်စ ရှိတယ်ဆို။ အခု ဘယ်လို ဖြစ်သွားပြီလဲ” ရီဖူရှင်း မေးလိုက်သည်။

“ငါ ရှောင်ရှမ်း ငယ်ငယ်တုန်းက အကြောင်းတွေ လေ့လာ ကြည့်ခဲ့တယ်။ အဲဒီမှာ သူ့ကို စောင့်ရှောက်ပေးတဲ့ အစေခံအိုကြီး တစ်ယောက် ရှိတယ်။ သူက ရှောင်ရှမ်း ကြီးလာတဲ့အချိန်မှာ ကျင့်ကြံဖို့အတွက် အပြင်လောကကို ထွက်သွားတယ်။ အဲဒီအချိန်အတွင်းမှာ သူက ပြန်လာပြီး ရှောင်ရှမ်းနဲ့ တစ်ခါ လာတွေ့ခဲ့တယ်။ ငါ လူတွေပို့ပြီးတော့ သူ ဘယ်သူတွေနဲ့ ဆက်သွယ်လဲ စုံစမ်း ကြည့်ခိုင်းခဲ့တယ်။ နောက်တော့ သူက အဆင့်တက်ဖို့ ကြိုးစားရင်း နတ်ဘုရားပြစ်ဒဏ်ကို မခံနိုင်ဘဲ သေသွားခဲ့တယ်” ရှားရှင်းယွန်က ပြောလိုက်သည်။

ထိုအကြောင်းကို ကြားပြီး ရီဖူရှင်းက ရယ်လိုက်သည် … “ကူညီမယ့်လူမရှိဘဲ ရှောင်ရှမ်းက သူကိုယ်တိုင် ဦးဆောင်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး”

ရီဖူရှင်းက ရှောင်ရှမ်း တစ်ယောက်တည်း ကြံစည်နိုင်သည်ဟု မယုံပေ။ သူက ရှောင်အိမ်မှ ဆက်ခံသူ ဖြစ်ခဲ့ဖူးသော်လည်း သူ့အခွင့်အရေးများ ကန့်သတ်ခံရပြီးနောက် သူ့လုပ်နိုင်စွမ်းမှာ သိပ်မရှိတော့ပေ။

အစီအစဉ်က ပြည့်စုံလွန်းသည်။

ရှီဟွာတောင်ရှန့်ထို တိုက်ခိုက်မှုသည် လက်စားချေမှု အဖြစ်ပုံစံပေါ်ပြီး ထိုဖြစ်ရပ်ပြီးနောက် အခြားဘာမှ ဆက်မဖြစ်ခဲ့၍ ရီဖူရှင်းတွင် သံသယ မရှိခဲ့ပေ။

သူတို့က အမြဲတမ်း ရန်သူ ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။

ရှီဟွာတောင်ရှန့်ထို လက်စားချေမှုမှာ ရှောင်ရှမ်းနှင့် ဘယ်လို ပတ်သက်နေနိုင်လဲ။

လင်းအာသည် သူမအပေါ် ချစ်ခင်နှစ်သက် သော်လည်း သူမ၏ ငြင်းပယ်မှုကြောင့် သူမအပေါ် အာဃာတထားရှိခဲ့သူ သူတစ်ဦးထံမှ အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ သူ၏ အချစ်က ရက်စက်မှုသို့ ပြောင်းလဲသွားကာ သူက အဆိပ်ကို သုံးကာ သူကိုယ်တိုင်နှင့် လောင်လင်းအာကို အတူတူသေစေရန် ကြိုးပမ်းခဲ့သည်။ သူက အဆုံးမှာ သူ့ကိုယ်သူသာ အဆုံးသတ်မိသွားပြီး လောင်လင်းအာနှင့် ဖီးနစ်တို့မှာ သူတို့၏ ထူးခြားလှသော ကျင့်ကြံနည်းလမ်းကြောင့် အသက် မသေစေခဲ့သည်ကို ကျေးဇူးတင်ရပေမည်။ ထိုကိစ္စတွင်လည်း ဘာသက်သေ သဲလွန်စမျှ မရှိပေ။

ယခု ရှားရှင်းယွန်က သဲလွန်စတွေ့ကာ ၎င်းကို စုံစမ်းလိုသည်။ သို့ပေမဲ့ သံသယရှိသူက နတ်ဘုရားပြစ်ဒဏ်တွင် သေဆုံးသွားခဲ့သည်။

ဒါက မတော်တဆ တိုက်ဆိုင်တာပဲလား။

သို့သော် ဘယ်လိုနတ်ဘုရား ပြစ်ဒဏ်က လူတစ်ယောက်ကို သေစေနိုင်သည်အထိ ဖြစ်ရသနည်း။

ဒီဇာတ်ကွက်မှာလည်း အပြစ်အနာအဆာ မရှိပေ။

သို့ပေမဲ့ ဖြစ်စဉ်များသည် များစွာ ပြည့်စုံနေသည်ကပင် အပြစ်အနာအဆာ ဖြစ်လာစေသည်။

အဲဒါက အမှားအယွင်း ဆိုပါက နတ်ဘုရားပြစ်ဒဏ်ကို ဘယ်လို ဖန်တီးလိုက်တာလဲ။

မတော်တဆ တိုက်ဆိုင်မှုပဲလား။ ထိုပုဂ္ဂိုလ်က သူ ရှန့်ထိုအဆင့်သို့ တက်ရောက်မည် ဖြစ်သောကြောင့် ရှောင်ရှမ်းကို ကူညီရန် သူ့ကိုယ်သူ စွန့်လွှတ် စတေးခံခဲ့သည်လား။

ထို့အပြင် ထိုလူသည် ရီဖူရှင်းကို အမှန်တကယ် သတ်ရန် မရည်ရွယ်ပေ။ ယခု ရီဖူရှင်း ဖြစ်ခဲ့သမျှကို တွေးကြည့်ပြီးသောအခါ ထိုလူက သူ့ကို စမ်းသပ်ရန် ကြိုးစားနေသလို ခံစားရသည်။ ထိုလူက ရီဖူရှင်း အင်ပါယာလီဘုံတွင် ရှိနေကြောင်း ခန့်မှန်းခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် ဘယ်သူက ရီဖူရှင်းပြန်လာမည့် အကြောင်းကို ဖော်ထုတ် လိုက်တာလဲ။

“ရှောင်ရှမ်း အခုတလော ဘာလုပ်နေလဲ” ရီဖူရှင်း မေးလိုက်သည်။

“သူက ရှောင်အိမ်တော်မှာ တိတ်တိတ်ဆိတ်ဆိတ် တန်ခိုးကျင့်နေတယ်” ရှားရှင်းယွန်က ပြောလိုက်၏။

“သူက မင်းသမီး ဒါမှမဟုတ် ရှောင်အိမ်တော်ကို တော်တော်လေး စိတ်ပျက် မကျေမနပ် ဖြစ်နေရမှာ။ သူ စိတ်ပျက်မနေခဲ့ဘူး။ ရှောင်ရှမ်းရဲ့ ပင်ကိုစရိုက်အရဆိုရင် ဘယ်လိုဖြစ်နိုင်မယ် ထင်လဲ”

သူက မှားနေသည်ဟု ခံစားရလျှင်ပင် ရှောင်ရှမ်းက တိတ်ဆိတ် နေခဲ့ခြင်းအတွက် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူက လုံးဝကို စိတ်ကုန်နေ၍ပဲ ဖြစ်သည်။

တစ်နည်းဆိုရသော် သူက သည်အဖြစ်အပျက်မှာ ပါဝင်ခဲ့လျင် အဘယ်ကြောင့် တိတ်ဆိတ် နေရသနည်း။

ရှားရှင်းယွန်က ရီဖူရှင်း ဆိုလိုသည်ကို နားလည်သွားခဲ့သည်။ သူမက ခဏမျှ စဉ်းစားပြီးတော့ ပြောလိုက်သည်။ “ဒုတိယတစ်ချက်က ပိုဖြစ်နိုင်တယ်”

ရှောင်ရှမ်းသာ ထိုကိစ္စမှာ ပါဝင်နေခဲ့ရင် သူက အဘယ်ကြောင့် သူများ အကူအညီမယူဘဲ ငြိမ်နေရသနည်း။

“ဟုတ်တယ်” ရီဖူရှင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ သက်သေ မပြနိုင်သေးဘူး။ ဒါပေမဲ့ သက်သေပြစရာလည်း မလိုပါဘူး။ သူ့ရဲ့ အဆင့်အတန်းကြောင့် အရှင်မင်းသမီးက သူ့ကို ကိုင်တွယ်ဖို့ ခက်နိုင်ပေမဲ့ ကျွန်တော်ဆိုရင်တော့ ဖြစ်တယ်”

နောက်ဆုံးတစ်ခေါက်က ဘုရင်မရှောင်၏ ကြားဝင် ဖျန်ဖြေမှုကြောင့် သူနှင့် ရှောင်ရှမ်း ပြဿနာ ငြိမ်သွားခဲ့သည်။

အင်ပါယာရှားဘုံတွင် ရီဖူရှင်း မည်မျှ ကျော်ကြားပါစေ သူက ဘုရင်မရှောင်နှင့်တော့ မနှိုင်းယှဉ်သာပေ။

သို့သော် အခုတစ်ခေါက်တွင်ကော မည်သို့ ဖြေရှင်းမည်နည်း။

ရှီဟွာတောင်ရှန့်ထိုက သူ့စစ်တပ်ကို ဦးဆောင်၍ တော်ဝင်ကျဲနန်းတော်ကို တိုက်ခိုက်ခဲ့ကာ လင်းအာနှင့် ဖီးနစ်ကို သတ်မိလုနီးပါး ဖြစ်ခဲ့၏။

ရီဖူရှင်းကလည်း အင်ပါယာလီဘုံတွင် သေလုနီးပါး ဖြစ်ခဲ့သည်။ သူ ကံကောင်း၍ ပြန်လာနိုင်ခြင်းမှာ တော်ဝင်အကြံပေး အိမ်တော်မှ ဝင်ပါခဲ့သောကြောင့် ဖြစ်သည်။

သူတို့တွေ ဒီအကြွေးကို ဘယ်လို ဆပ်သင့်သလဲ။

ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းက ဖြစ်ခဲ့သမျှ ကိစ္စတွေအတွက် သည်အတိုင်း လွှတ်ပေးလိုက်မည် မဟုတ်သည်ကို သူမ နားလည်သည်။

သူက ယခုပင် ရှောင်ရှမ်းထံသို့ သွား၍ စုတ်ဖြဲလိုနေလောက်ပြီ။

သူမက ထိုသို့ပြုလုပ်ရန် အဆင်မပြေသော်လည်း ရီဖူရှင်းကတော့ ဖြစ်နိုင်သည်။

“ကျုပ် ကော့တေးကို အရင်ပြန်လိုက်ဦးမယ် အရှင်မင်းသမီး” ရီဖူရှင်းက ပြောလိုက်သည်။ ရှားရှင်းယွန်က ခေါင်းညိတ်လိုက်ပြီး မကြာခင်မှာ ရီဖူရှင်းက သိမ်းငှက်နက်နှင့်အတူ အင်ပါယာ ရှားနန်းတော်မှ ထွက်ခွာသွား၏။

***

ကော့တေးတွင် ယနေ့ ရီဖူရှင်း လာလိမ့်မည်ဟု ဘယ်သူမှ သိမထားကြပေ။ ထို့အပြင် အင်ပါယာလီဘုံတွင် ဖြစ်ပျက်ခဲ့သမျှကိုလည်း မသိရှိကြပေ။

ရှားရှင်းယွန်သည်သာ သိမ်းငှက်နက်ကြောင့် အကြောင်းစုံ သိခွင့်ရသည့် တစ်ဦးတည်းသောလူ ဖြစ်သည်။

ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ ရောက်သွားသောအခါ ရာရာနှင့် မှန်နန်းသခင်မတို့က ဦးဆုံး သတိပြုမိကြကာ သူတို့ ကျင့်ကြံနေရာမှနေ၍ သူ့ထံသို့ လှမ်းကြည့်ကြသည်။ မကြာခင်မှာ ကျေးရွာ ခေါင်းဆောင်နှင့် ဓားသခင်တို့လည်း မြင်သွားကြ၏။

“ညီငယ်လေး ပြန်လာပြီ” ဓားသခင်က ပြောလိုက်၏။ သိပ်မကြာခင်မှာ သူ့အသံက တောင်ကုန်းတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ ကြားလိုက်ရသည့် လူများက နေရာရွှေ့ပြောင်းခြင်း အစွမ်းသုံးကာ ချက်ချင်း သူ့ထံသို့ ရောက်လာကြသည်။

သူက တာလီအင်ပါယာတွင် ကြာမြင့်စွာ မနေခဲ့သော်လည်း တစ်နှစ်ခန့်တော့ ကြာမြင့်ခဲ့ပေသည်။

ယခု ကော့တေးကို ပြန်ရောက်သော အခါတွင် ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော နွေးထွေးမှုများအား ရသည်။

သူ့အတွက် သည်နေရာမှာ သူ၏ အိမ်ဖြစ်၏။

“အစ်ကိုကြီး” ရီဖူရှင်းက ဓားသခင်ကို နှုတ်ဆက်လိုက်သည်။ သူ့အစ်ကိုကြီး ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခြင်းကို မျက်မြင် မတွေ့လိုက်ရသည်မှာ အမှန်တကယ် နှမြောစရာ ကောင်းလေသည်။

ဓားသခင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူ အင်ပါယာလီဘုံသို့ သွားကတည်းက သူတို့အားလုံး စိတ်ပူပန် နေခဲ့ကြ၏။

“ဒီခရီးမှာ ကိစ္စ တော်တော်များများ ကြုံခဲ့ရတယ်မလား” ဓားသခင်က ပြောလိုက်သည်။

“အစ်ကိုက ရီဖူရှင်းကို ခန့်မှန်းနိုင်တာပဲ။ သူ အဲဒီမှာ ရှိနေတုန်း ကောင်မလေးတွေ အများကြီးနဲ့ တွေ့နေလိမ့်မယ် ” ကျူးကော့မင်းယွီက ပြုံးရင်း ပြောလိုက်သည်။

“အစ်မ … ကျွန်တော်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး” ရီဖူရှင်း ရှက်ရွံ့ဟန်ဖြင့် ပြောသည်။  သူ မည်သို့ပင် ပြောင်းလဲပါစေ၊ ကျူးကော့မင်းယွီ ရှေ့မှာတော့ မှိုချိုးမျှစ်ချိုး အပြောခံရဆဲ မောင်ငယ်လေးသာ ဖြစ်သည်။

“ကောင်းပြီလေ” ကျူးကော့မင်းယွီက ပြောလိုက်သည်။ “ငါ မင်းကို ယုံချင်ယောင်ဆောင် လိုက်ပါ့မယ်”

ရီဖူရှင်း ရှက်ရွံ့စွာနဲ့ အဝေးသို့ ကြည့်လိုက်သည်။ အစ်ကို၃ ဖြစ်သည့် ဂူတုံးလျှိုက ကျူးကော့မင်းယွီ နောက်တွင် ရပ်နေသည်။ ယူချင်းနှင့် ဝူချန်းသည်လည်း သူတို့ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ မိန်းကလေး တစ်ယောက်က အပြေးအလွှား သူ့ထံသို့ ရောက်လာပြီး ခေါ်လိုက်သည် … “အစ်ကို!”

ရီဖူရှင်း ထိုကျက်သရေရှိသော မိန်းမလှလေးကို ကြည့်ကာ သူ့လက်တွေကို သူမပခုံးပေါ် တင်လိုက်သည်။ သူက သူမခေါင်းကို ပုတ်ကာ ပြောလိုက်သည် … “ငါ ပြန်လာပြီ”

“ကောင်းတယ်” လောင်လင်းအာ ခေါင်းညိတ်လိုက်သည်။ သူမက ထိုအချိန်၌ အမှန်တကယ် သေတော့မည်ဟုထင်ခဲ့၏။

သို့သော် ကံကြမ္မာက သူမအား မျက်နှာသာ ပေးခဲ့သည်။

ရီဖူရှင်းက နောက်မှာရပ်နေသည့် ဖီးနစ်ကို ကြည့်လိုက်သည်။ သူမကို ကြည့်ရသည်မှာ တည်ငြိမ်နေသည်။ ဖီးနစ်က နန်းတော်၏ တပည့်ဖြစ်သည်။ ထို့ကြောင့် သူမက အန္တရာယ်ရှိသည့် စစ်ပွဲအတွေ့အကြုံများ ရရှိခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း သူမနှင့် လင်းအာက အဆိပ်မိ၍ သေလုမြောပါး ဖြစ်ခဲ့ရသည်။ အချိန်တိုင်းတွင် ရီဖူရှင်း စိတ်ထဲသို့ ထိုအတွေးဝင်လာတိုင်း သူ၏ ကျောရိုးတစ်လျှောက်မှ စိမ့်တက် လာတော့သည်။

သည်ကိစ္စအား ရှောင်ရှမ်း လုပ်သည်ဖြစ်စေ၊ တခြားတစ်ယောက်ဖြစ်စေ သူက ရအောင် ဖော်ထုတ်မှ ဖြစ်ပေမည်။

သူ့အနေနှင့် သဲလွန်စ မရှာနိုင်မှတော့ ရှောင်ရှမ်းကနေ စတင်ရုံသာ ရှိတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset