Switch Mode

အပိုင်း (၁၁၅၂)

ခြေတစ်လှမ်းနောက်ဆုတ်ခြင်း

လီယောင်က သူ့ရှေ့တွင် ရပ်နေသည့် တာလီတော်ဝင် အကြံပေးကို ကြည့်သည်။

သည်လူက ဘယ်သူမှ ဖြတ်သန်းသွားနိုင်စွမ်း မရှိသည့် သဘာဝ အတားအဆီးနှင့် ဆင်တူသည်။

တော်ဝင်အကြံပေးက သတ္တမဓားကို ကာကွယ်လိုနေသည်။

လီယောင်က ထိုအချက်အား နားမလည်ပေ။ ယွင်ကျင်းသည်လည်း တော်ဝင်အကြံပေး၏ တပည့်ဖြစ်သည်။ သူက တော်ဝင်အကြံပေးထံတွင် အချိန်အကြာကြီး မသင်ယူခဲ့ရပေမဲ့ သတ္တမဓားလိုမျိုး တော်ဝင်အကြံပေး၏ တပည့်ဖြစ်သည်။ တော်ဝင်အကြံပေးက သတ္တမဓား၏ သရုပ်အမှန်ကို သိလျက်ဖြင့်ပင် ဆက်လက် ကာကွယ်ပေးလို နေသေး၏။

လီယောင် နားမလည်နိုင်ပေ။

သူက ရီဖူရှင်းအကြောင်းကို တော်ဝင်အကြံပေးထံသို့ ပြောပြပြီးမှသာ တော်ဝင် အကြံပေးသည် ရီဖူရှင်း ထွက်သွားလိုသည့် အကြောင်းပြချက်ကို ရိပ်စားမိခြင်း ဖြစ်မည်။ ရီဖူရှင်းကို ထွက်သွားရန် သူက ဦးဆုံး ခွင့်ပြုပေးခဲ့ခြင်း ဖြစ်၏။

တော်ဝင် အကြံပေးသည် အတိတ်ကို ဆက်၍ ဖက်တွယ်မထားရန် သင်ပေးခဲ့ပြီး ထိုသည်က သတ္တမဓားအပေါ်၌ လွှမ်းမိုးမှု ရှိခဲ့သည်ကို သူသိသည်။ သတ္တမဓားသည် ထွက်သွားရန်အတွက် စိတ်မဆုံးဖြတ်ရသေးမီကပင် ဖေးရွှီကို ကုသပေးရန်အတွက် သူ၏ လျှို့ဝှက်ချက် အချို့ကို ဖော်ထုတ်ပြီးကုသရန် ဝန်မလေးခဲ့ပေ။

ရန်ငြိုး သို့မဟုတ်လျှင် ကျေးဇူးတရားကြောင့်လား။

ကောက်ချက်ချရန် မလွယ်ကူပေ။

သို့သော် တော်ဝင်အကြံပေးသည် ရီဖူရှင်းထံမှ ရှားပါးသော စိတ်နှလုံး ရင့်သန်မှုအား မြင်တွေ့ခဲ့သည်။

ရီဖူရှင်းက အင်ပါယာရှားဘုံတွင် ရီဖူရှင်းဖြစ်ပြီး သတ္တမဓားကတော့ အင်ပါယာလီဘုံမှ သတ္တမဓား ဖြစ်သည်။

ရန်ငြိုးက ရန်ငြိုး ဖြစ်သော်လည်း ကျေးဇူးတရားက ကျေးဇူးတရားပင် ဖြစ်၏။

သတ္တမဓားကတော့ မတူကွဲပြားသည်ဟု ဆိုနိုင်သည်။ သို့သော် အဘယ်ကြောင့် တော်ဝင်အကြံပေးက ဤသို့ လုပ်ရသနည်း။

တော်ဝင်အကြံပေးသည် ကံကြမ္မာကို ကြိုတင်ဟောကိန်း ထုတ်နိုင်သည့် စွမ်းရည်အား ပိုင်ဆိုင်ကာ သူသည် တာလီ၏ အနာဂတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။

သူ ကိုင်စွဲထားသည့် ယုံကြည်မှုသည် မဟာလမ်းစဉ်ကို အကန့်အသတ် မဲ့စေသည်။

သတ္တမဓားက မမျှော်လင့်ဘဲ တော်ဝင်အကြံပေး၏ တပည့် ဖြစ်လာသည်မှာ တစ်နှစ်ပင် မရှိသေးချေ။ တော်ဝင်အကြံပေးသည် သူ၏ တပည့်များအားလုံးကို ထူးချွန် ထက်မြက်သူများ ဖြစ်လာစေလို၏။

“ကောင်းတယ် … တာလီရဲ့ တော်ဝင်အကြံပေးက အင်ပါယာရှားဘုံရဲ့ သူလျှိုကို ဖမ်းရမယ့်အစား ကျုပ်ကို ဆက်ပြီး တားဆီးမယ်ပေါ့။ ခင်ဗျားက တာလီကို သစ္စာဖောက်ချင် နေတာလား” မင်းသားကြီး၏ အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြီး အလွန်ဝေးကွာသည့် နေရာများအထိ ရောက်ရှိသွားသည်။ မရေတွက် နိုင်လောက်သည့် လူများက သူ ဘာပြောသည်ကို ကြားလိုက်ကြ၏။

တာလီမှ လူများ၏ နှလုံးသားများက တုန်ယင်သွားသည်။

လူအများ ရိုသေလေးစားရသည့် တော်ဝင်အကြံပေးက တာလီကို သစ္စာဖောက်သည်လား။

မြေပြင်မှ သာမန်လူများမှာ ဘာတွေဖြစ်မှန်းမသိပေမဲ့ မင်းသားကြီး၏ စကားများက သူတို့၏စိတ်ကို ကြီးစွာ ထိခိုက်စေသည်။

ဘုရင်ခံလီပင်လျှင် ထိတ်လန့်သွားသည်။ သူက ရှေ့တည့်တည့်ကို စိုက်ကြည့်နေရင်း မင်းသားကြီးသည် လုံးဝ သက်ညှာမည့်ပုံ မရှိသည်ကို ခံစားမိသည်။

သတ္တမဓားက အင်ပါယာရှားဘုံကလူ ဖြစ်လျှင်တောင် တော်ဝင်အကြံပေးက သူ့ကို ကာကွယ်ပေးနေသည်မှာ ဆရာက သူ့တပည့်အပေါ်ထားရှိသော ဖြူစင်လှတဲ့ ဂရုစိုက်မှုပင် ဖြစ်၏။

တာလီတွင် တော်ဝင်အကြံပေးမှာ လူအများ၏ အလွန် ယုံကြည် လေးစားရသည့် ပုဂ္ဂိုလ်ဖြစ်ကာ နိုင်ငံတော် သစ္စာဖောက်ခြင်းကို ကျူးလွန်သည်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း နှစ်ပေါင်းများစွာ အငြိမ်းစားယူထားသည့် မင်းသားကြီးက ရုတ်တရက်ကြီး သူ့ကို နိုင်ငံသစ္စာဖောက်ဟု သမုတ်ခဲ့သည်။ ဤသည်က တာလီမှ တော်ဝင်အကြံပေး၏ သိက္ခာကို ပျက်စီးစေနိုင်သည်။

သို့သော် မင်းသားကြီးက ရီဖူရှင်းအကြောင်းကို အမှန်တကယ် ဂရုစိုက်တာလား။

မဖြစ်နိုင်ပေ။ မင်းသားကြီးက ရီဖူရှင်း မည်မျှ ထူးချွန်သည်ကို မသိပေ။ သူသိသည်က ရှန့်ထိုအဆင့်အောက် ကျင့်ကြံသူများတွင် ရီဖူရှင်းက အစွမ်းဆုံးဖြစ်သည်။ သို့သော်လည်း သူက ရှီအဆင့်သာ ဖြစ်ကာ ရီဖူရှင်းနှင့် မင်းသားကြီးကြားမှ ကွာခြားချက်က အလွန်ကြီးမားနေဆဲ ဖြစ်သည်။

သည်မတော်တဆမှုအတွက် မင်းသားကြီး၏ ရည်ရွယ်ချက်မှာ တော်ဝင်အကြံပေးကို အကျပ်တွေ့စေရန်နှင့် အနည်းဆုံး တော်ဝက်အကြံပေး၏ ဂုဏ်သတင်းကို ယိုင်နဲ့စေလို၏။ တစ်ဖက်တွင် မင်းသားကြီးက သူ့အပေါ်တွင် အင်ပါယာလီ၏ ယုံကြည်မှုကို တည်ဆောက်နိုင်စေရန် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ အဆုံး၌ တာလီနန်းမြို့တော် အရှင်သခင်၏ နောက်ဆုံးအမည်သည် ‘လီ’ သာ ဖြစ်၏။

တော်ဝင်အကြံပေးက နိုင်ငံအတွက် အလုပ် လုပ်ပေးနိုင်သော်လည်း သူက အာဏာရှိသည့် လီမျိုးနွယ်ဝင် မည်သူ့ကိုမဆို ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဒီပြဿနာကို ဖြေရှင်းပြီးတာနဲ့ ကျုပ်က အရှင်မင်းကြီးဆီ အခစားဝင်မယ်” တော်ဝင်အကြံပေးက တည်ငြိမ်စွာ ပြောသည်။ သူက ထိုနေရာတွင် ခိုင်မာစွာ ရပ်နေသည်။ သူ့ခန္ဓာကို ဗဟိုပြုကာ ဧရာမပုံစံငယ်လေးများက ကောင်းကင်မှ မြေပြင်သို့ ကျဆင်းလာကာ ကမ္ဘာကို စည်းခတ်သည်။ လမ်းမများက ဝါးမျိုခံရပြီး အနီးဝန်းကျင်မှ စွမ်းအားများ စုပ်ယူခံလိုက်ရသည်။

စစ်မှန်သောနဂါးက ကောင်းကင်ထက်တွင် ဟိန်းဟောက်လိုက်၏။ ထောင်ပေါင်း များစွာသော နတ်နဂါးများက အော်မြည်ရင်း အရှေ့သို့ တရကြမ်း ပြေးဝင်သွားကာ တော်ဝင် အကြံပေး၏ အကာအကွယ်ကို ချိုးဖျက်ရန် ကြိုးစားကြသည်။

လူများက ကောင်းကင်ထက်မှ ထိတ်လန့်ဖွယ် မြင်ကွင်းကို စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် ကြည့်နေကြသည်။

မင်းသားကြီးနှင့် တော်ဝင် အကြံပေးတို့သည် လေထဲတွင် တိုက်ခိုက် နေကြသည်။

သူတို့ ဘာအတွက် တိုက်ခိုက်နေတာလဲ။

***

ရီဖူရှင်းက ထိုတိုက်ပွဲကို မျက်မြင်တွေ့ရရန် အခွင့်အရေး မရှိပေ။ သို့သော်လည်း အင်ပါယာလီက အောက်ဘုံသို့ ကိုယ်တိုင် လာခဲ့လျှင်ပင် သူကတော့ တော်ဝင် အကြံပေး၏ ကာကွယ်ပေးမှုဖြင့် လုံခြုံနိုင်ပေသည်။

အင်ပါယာလီက အောက်ဘုံတွင် ဖြစ်ပျက် နေသည်များအား မသိပေ။ သူသိလျှင်ပင် ရှီအဆင့်သာ ရှိသေးသည့် လူငယ်တစ်ယောက်ကို ဖမ်းဆီးရန် အောက်ဘုံသို့ လူကိုယ်တိုင် ဝင်လာပါ့မလား။

တာလီပြည်သူတို့က သူ့ကို မည်သို့ တွေးကြမည်နည်း။

သတ္တမဓားက လီယောင်ကို သတ်ခဲ့လျှင်တော့ အင်ပါယာလီက ကိုယ်တိုင် လိုက်လာနိုင်သည်။

ရီဖူရှင်းက စိတ်အေးခြင်း မရှိပေ။ သူက အန္တရာယ်ကင်းတယ် ဆိုလျှင်ပင် စိတ်များ လေးလံနေ၏။

သူက လီယောင်ကို သတ်ရန် လက်လျှော့ပြီး အင်ပါယာလီဘုံမှ ထွက်ခွာသွားရန် စိတ်ဆုံးဖြတ်လိုက်ခြင်းမှာ တော်ဝင်အကြံပေး အိမ်တော်ကို သည်ကိစ္စထဲ၌ ပါဝင်ပတ်သက်ခြင်း မရှိစေလို၍ ဖြစ်သည်။ သို့သော်လည်း သူ လုံးဝထင်မှတ် မထားမိသည်မှာ တော်ဝင်အကြံပေးက သူ့အတွက်နှင့် လူကိုယ်တိုင် ထွက်လာပြီး တိုက်ခိုက်ပေးခဲ့၏။

လီယောင် အသတ်မခံရသည့်အတွက် ပြဿနာ ကြီးကြီးမားမား မရှိသော်လည်း အဆုံးမှာတော့ တော်ဝင်အကြံပေး အပေါ်တွင် သက်ရောက်မှု ရှိနေဆဲ ဖြစ်၏။

ယခု ရီဖူရှင်း သိသည်မှာ တော်ဝင်အကြံပေးသည် သူလုပ်ပြီးသည့်ကိစ္စ တစ်ခုအတွက် မည်သည့် ဂယက်ရိုက်လာပါစေ ဂရုစိုက်မည် မဟုတ်ပေ။

တော်ဝင်အကြံပေးသည် သူ၏ဂုဏ်သတင်းနှင့် လူအများ သူ့အပေါ် မည်သို့ တွေးမည်ကိုလည်း ဂရုမစိုက်ပေ။

ရန်ယွင်သည် ရှန့်ထို တတိယအဆင့် သံသယကင်းစင်ခြင်း အဆင့်၌ ပြိုင်ဘက် ကင်းသည်နှင့်အညီ သူသည် အလွန်လျင်မြန်သော အရှိန်ဖြင့် လေထုကို ဖြတ်သန်း သွားနိုင်သည်။

အောက်ဘုံမှ တာလီနယ်စပ်သို့ ရောက်ရှိရန် သူတို့ အချိန်အများကြီး မယူလိုက်ရပေ။ နယ်စပ်စည်းတွင်တော့ များပြားလှသော လူများက တောင်ထိပ်တွင် ရပ်နေကြသည်။ ရီဖူရှင်းနှင့် စိတ်ဝိညာဉ် ဆက်သွယ်ထားသည့် သားရဲများမှာလည်း ထိုနေရာတွင် ရောက်ရှိနေကြသည်။ သူ့ကို စောင့်နေသည့် လူများမှာ သူ၏ အကြောင်းကြားခြင်းကို လက်ခံ ရရှိကြသည်။

“မင်း လူတွေလား” ရန်ယွင်က မေးသည်။

“ဟုတ်ကဲ့” ရီဖူရှင်း ခေါင်းညိတ်ကာ ဖြေသည်။

ရန်ယွင်က နေရာရွှေ့ပြောင်းခြင်း စွမ်းအားသုံး၍ အရှေ့ဆီမှ တောင်သို့ ရည်ရွယ်ကာ သူ့လက်နှင့် ရီဖူရှင်းကို တွန်းသည်။ ရုတ်တရက် ရီဖူရှင်း၏ ခန္ဓာကိုယ်မှာ လွင့်မျောသွားပြီး တောင်ပေါ်တွင် ခြေချမိသွားသည်။

ရီဖူရှင်းက ပြန်လှည့်ကာ ရန်ယွင်ကို ကြည့်သည်။

“အစ်ကိုကြီး” ရီဖူရှင်းက ခေါ်လိုက်၏။

“ဆရာက ပြောတယ်။ မင်းက တာလီမှာဆိုရင် သတ္တမဓားပဲ။ ဒါပေမဲ့ အင်ပါယာလီဘုံရဲ့ နယ်နိမိတ်စည်းကို ကျော်သွားပြီဆိုတာနဲ့ ငါက မင်းရဲ့ အစ်ကိုကြီး မဟုတ်တော့ဘူး” ရန်ယွင်က ပြောသည်… “နောက်တစ်ခါ ငါတို့ ပြန်တွေ့ခဲ့ကြရင် ငါ မင်းကို သက်ညှာမှာ မဟုတ်ဘူး”

ရီဖူရှင်းက သူ၏ မူလမျက်နှာကို ပြန်ပြောင်းလဲလိုက်ပြီး သူ၏ ဆံပင်များမှာလည်း ငွေရောင်သို့ ပြောင်းလဲသွား၏။ သူ့မျက်လုံးများက နက်မှောင်ကာ တောက်ပနေသည်။

သူ့တွင် သတ္တမဓားကဲ့သို့ ခန့်ညားသည့် အကြည့်မျိုး မရှိသော်လည်း ရီဖူရှင်းသည် ပို၍ ရဲရင့်ကာ သြဇာတိက္ကမ အပြည့်ရှိပေသည်။

ရီဖူရှင်းက သူ့စကားကို စိတ်ထဲမထားဘဲ ပြုံးလျက် ပြောသည် … “နောက်တစ်ခါ ကျွန်တော်တို့ ပြန်တွေ့ကြရင် အစ်ကိုက ကျွန်တော့်ကို ဘယ်လို သဘောထားပါစေ ကျွန်တော်ကတော့ အလျှော့ပေးပါ့မယ်”

ရန်ယွင်က ရီဖူရှင်းထံ အချိန်အတော်ကြာ ကြည့်နေပြီးမှ လှည့်ထွက်ကာ လမ်းလျှောက် သွားရင်းမှ ပြောသည်… “မလိုဘူး”

ကျောက်ရုပ်ကဲ့သို့သောသူ ရန်ယွင် ထွက်သွားသည်ကို ကြည့်ရင်း ရီဖူရှင်း ဦးညွှတ်ကာ ပြောသည်… “တော်ဝင်အကြံပေး အိမ်တော်ကို ဝင်နိုင်ခဲ့တာ ကျွန်တော့်အတွက် ကြီးမားတဲ့ ချီးမြှောက်ခံရခြင်းပါပဲ။ အကယ်၍ တစ်နေ့မှာ တော်ဝင်အကြံပေး အိမ်တော်က အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရရင် ကျွန်တော် ကျိန်းသေပြန်လာပြီး ကူညီပါ့မယ်”

ထိုပုံရိပ်က တိတ်ဆိတ်စွာနှင့် ဝေးသထက် ဝေးရာသို့ လျှောက်သွား နေသည်။

ခဏအကြာတွင် အသံတစ်သံ ထွက်ပေါ်လာ၏။

“မလိုဘူး”

တိုတောင်းသည့် အဖြေစကားက ရီဖူရှင်း၏ မျက်နှာထက်တွင် တောက်ပသည့် အပြုံးကို ဖြစ်ပေါ်စေသည်။

ကျင့်ကြံခြင်းလောက၏ ကံကောင်းခြင်းမှာ အင်ပါယာရှားဘုံ၌ လီဟန်ဓားသမားနှင့် အင်ပါယာလီဘုံမှ တာလီ တော်ဝင်အကြံပေးတို့ ကဲ့သို့သောလူများ ရှိနေခြင်းပင် ဖြစ်သည်။

ရီဖူရှင်းအတွက် ကံကောင်းသည်မှာလည်း သူ့နှလုံးသား ခံယူချက်ကို မှန်ကန်စွာ ပြောင်းလဲသွားစေသည့် အကြီးအကဲ နှစ်ယောက်နှင့် တွေ့ရှိခဲ့ခြင်းပင် ဖြစ်၏။

“နှုတ်ဆက်ပါတယ် … အစ်ကိုကြီး” ရီဖူရှင်း ပြောလိုက်ပြီး လှည့်ထွက်ခဲ့သည်။

***

‘သတ္တမဓား’ ဟူသည့် အမည်သည် အောက်ဘုံရှိ တာလီတစ်ဝှမ်းတွင် ကျော်ကြားခဲ့လေသည်။

သူသည် အောက်ဘုံတွင် ကျော်ကြားနေဆဲပင် ရှိသေး၏။ သူက ဓားတစ်လက်နှင့် တာလီ ပြည်နယ်ကိုးခုတွင် ပြိုင်ဘက်ကင်း၏။

ဘယ်သူမှ မထင်ထားတာက သူသည် အထက်ဘုံသို့ ဝင်ရောက်သည့် အခါတွင်လည်း ဆက်လက်၍ ပြိုင်ဘက်ကင်းနေဦးမည် ဆိုတာကိုပင် ဖြစ်သည်။ သူက ရှန့်ထိုအဆင့်အောက်တွင် စွမ်းအားအကြီးဆုံး ဖြစ်ခဲ့သည်။ တော်ဝင်အကြံပေးက သူ့ကို တိုက်ရိုက် တပည့်အဖြစ် ခေါ်ယူခဲ့သည်။  အင်ပါယာလီက သူ၏ သမီးနှင့် စေ့စပ်ပေးရန်အထိ ကမ်းလှမ်းခဲ့သော်လည်း သူက ငြင်းပယ်ခဲ့သည်။

ပိုပြီး အံ့သြစရာ ကောင်းသည်ကား သတ္တမဓားသည် အင်ပါယာရှားဘုံမှ ဖြစ်ကာ သူ၏ သရုပ်အမှန်ကို ဖော်ထုတ်ခံရပြီးနောက် တော်ဝင်အကြံပေး ကိုယ်တိုင် ထွက်၍ လိုက်ပါ စောင့်ရှောက်ပေးခဲ့သည်။

ဘယ်လောက်တောင် ပုံပြင်ဆန်လိုက်သလဲ။

သူက မည်သို့သော လူမျိုးနည်း။ မြင့်မားသည့် ပါရမီနှင့် သြဇာတိက္ကမ ကြီးမားသည့် လူတစ်ယောက် ဖြစ်သည်။

တာလီအင်ပါယာတွင် အင်ပါယာ လီနန်းမြို့တော်မှ အားလုံး၏ စိတ်အခြေအနေမှာ သိပ်မကောင်းကြပေ။

တော်ဝင်အကြံပေး၊ မင်းသားကြီး၊ လီယောင်၊ ရန်ယွင်နှင့် အခြားလူများမှာ အောက်ဘုံမှ ပြန်ရောက်နေပြီ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ ကောလာဟလများမှာ မြို့တော်တွင် ပျံ့နှံ့နေပြီ ဖြစ်၏။

လူတိုင်း ထိတ်လန့် အံ့သြနေကြသည်။

တော်ဝင်အကြံပေး၏ တပည့် ရှီအဆင့်တွင် အသန်မာဆုံး တန်ခိုးရှင် သတ္တမဓားက အင်ပါယာရှားဘုံက ရီဖူရှင်း တဲ့လား။

အင်ပါယာလီဘုံတွင် ထိုအမည်ကို မရင်းနှီးသူ များသော်လည်း နတ္ထိဘုံတိုက်ပွဲတွင် အတွေ့အကြုံ ရှိသူများအဖို့တော့ ရီဖူရှင်းသည် အင်ပါယာရှားဘုံကို အကူအညီပေး၍ အောင်မြင်မှုများ ရယူပေးနိုင်ခဲ့ကြောင်း အားလုံး သိကြလေသည်။

ပြိုင်ဘက်ကင်း ပါရမီ။

သူက သူ၏ ကျွမ်းကျင်မှုကို ဓားပညာရပ်အဖြစ် ပြောင်းလဲခဲ့ကာ တာလီတွင် ထပ်၍ ကျော်ကြား လာပြန်သော်လည်း ဘယ်သူကမှ သူ၏ သရုပ်အမှန်ကို မသိရှိခဲ့ကြပေ။

အင်ပါယာလီ ကိုယ်တိုင်ပင် ရီဖူရှင်းနှင့် လူချင်း တွေ့ဆုံခဲ့သော်လည်း သတိမထားမိခဲ့ပေ။ သူက မည်သို့သော လှည့်ကွက်မျိုးအား သုံးပြီး လူတိုင်းကို လှည့်ဖြား သွားနိုင်ရသနည်း။

ပိုပြီး အံ့အားသင့်စရာ ကောင်းသည်မှာ သူ၏ သရုပ်အမှန်ကို ဖော်ထုတ်ခံရပြီး နောက်မှာ တော်ဝင် အကြံပေးက သူထွက်သွားနိုင်စေရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

သတ္တမဓားသည် တကယ့် ဒဏ္ဍာရီဆန်လှ၏။

ထိုအခိုက်တွင် တာလီနန်းမြို့တော်မှ လူများမှာ အင်ပါယာလီ၏ နန်းတော်သို့သာ မျက်လုံးများဖွင့် နားများ စွင့်ထားကြသည်။

အင်ပါယာလီက တော်ဝင် အကြံပေးကို ဒေါသထွက်မှာလား။

တော်ဝင်အကြံပေးက နိုင်ငံကို သစ္စာဖောက်သည်ဟု ဘယ်သူကမှ မယုံကြည်သော်လည်း ဘုရင်မင်းမြတ်ပါ မလွဲမသွေ ပါဝင်ပတ်သက် လာရပြီ ဖြစ်သောကြောင့် အင်ပါယာလီကသာ တော်ဝင်အကြံပေးကို ဆက်လက်နားလည်ပြီး ယုံကြည်ပေးနိုင်မလား ဆိုသည်ကို စောင့်ကြည့် ရပေမည်။

အင်ပါယာလီ၏ နန်းတော်တွင် တာလီတော်ဝင်အကြံပေး၊ မင်းသားကြီး၊ ရန်ယွင်နှင့် လီယောင်တို့ ရောက်ရှိနေပြီဖြစ်ကာ သူတို့က ဘာစကား တစ်ခွန်းမှ မပြောဘဲ ရပ်နေကြသည်။

အင်ပါယာလီက ခန်းမတွင် ရပ်ကာ သူတို့ကို ငုံ့ကြည့်သည်။

“အရှင်မင်းကြီး … တော်ဝင်အကြံပေးက အင်ပါယာရှားဘုံက သူလျှိုကို လွှတ်ပေးလိုက်ပြီး သူ့ကို လိုက်လံဖမ်းဆီးမှုကို တောင်မှ တားမြစ်ခဲ့ပါသေးတယ်။ သူက နိုင်ငံသစ္စာဖောက် ဖြစ်မယ်လို့ သံသယရှိပါတယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး သူ့ရဲ့ပြစ်မှုအတွက် အပြစ်ပေးရပါမယ်” မင်းသားကြီးက ကျယ်လောင်စွာ ပြောသည်။ သူက ယနေ့ဖြစ်သည့် ကိစ္စမျှဖြင့် တော်ဝင် အကြံပေးကို ဖြိုခွင်းရန် မဖြစ်နိုင်မှန်း သိသလို အခြားသူများကလည်း ထိုအချက်ကို ကောင်းကောင်း သိကြသည်။

သူက တော်ဝင်အကြံပေးကို မဖျက်ဆီးနိုင်ဘူး ဆိုလျှင်ပင် မင်းသားကြီးက ဘုရင်မင်းမြတ်၏ နှလုံးသားထဲတွင် သံသယမျိုးစေ့ကို စိုက်ပျိုးလိုက်နိုင်ဖို့ ရည်ရွယ်လေသည်။

အင်ပါယာလီက တာလီအင်ပါယာ၏ အုပ်ချုပ်သူ ဖြစ်သောကြောင့် သစ္စာဖောက်ခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။

“အရှင်မင်းကြီး … သတ္တမဓားက တော်ဝင်အကြံပေး အိမ်တော်မှာ ကျင့်ကြံခဲ့တာပါ။ သူက ကျွန်တော်တပည့်လည်း ဖြစ်တယ်။ ပြီးတော့ သူနေထိုင်တဲ့ ကာလတစ်လျှောက်လုံး မသင့်လျော်တာ ဘာမှမလုပ်ခဲ့ဘူး။ သူ့ရဲ့ ဆရာတစ်ယောက် အနေနဲ့ အရှင်မင်းသားက သူ့ကို လိုက်ဖမ်းဖို့ ကြိုးစားတာကို မြင်ရတဲ့အခါမှာ သတ္တမဓားကို လိုက်ပါ စောင့်ရှောက်ပေးဖို့ ရန်ယွင်ကို ပြောခဲ့ပါတယ်။ အရှင်မင်းကြီး … ကျွန်တော့်အပြစ်အတွက် အပြစ်ပေးပါ” တော်ဝင် အကြံပေးက ဝန်ခံပြောဆိုသည်။

“တော်ဝင်အကြံပေးက သူ့ရဲ့ ပါရမီကို အရမ်း တန်ဖိုးထားတာကြောင့် သူ အဖမ်းခံရတာကို မမြင်ချင်တာ ကျုပ် သိပေမဲ့ သတ္တမဓားက အင်ပါယာရှားဘုံက လူဖြစ်နေတယ်။ သူသာ ပြန်ရောက်သွားရင် အနာဂတ်မှာ ကျိန်းသေ အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်” အင်ပါယာလီက မေးသည်… “သူနဲ့ အနာဂတ်မှာ ပြန်တွေ့ခဲ့ရင် မင်း ဘယ်လိုလုပ်မလဲ”

“သူက တာလီမှာ သတ္တမဓားအဖြစ်နဲ့ ကျွန်တော့်တပည့် ဖြစ်ခဲ့တယ်။ ကျွန်တော်က သူ့ကို လိုက်ပါ ပို့ဆောင်ပေးပြီးပြီ ဆိုကတည်းက အခုချိန်ကစပြီး သူနဲ့ ဘာပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူး” တော်ဝင် အကြံပေးက ပြန်ဖြေသည်။

အင်ပါယာလီက ခေါင်းညိတ်ကာ မင်းသားကြီးကို ကြည့်၍ မေးသည် … “ဦးရီးတော်မှာ တစ်ခုခုများ ပြောစရာ ရှိသေးလား”

“အရှင်မင်းကြီး တော်ဝင်အကြံပေးက သူတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးကိုပဲ အဓိကထား ပြောသွားပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်အပြစ်ကိုတော့ သိသိသာသာ လျစ်လျူရှုထားပါတယ်” မင်းသားကြီးက ပြောသည်… “အရှင်မင်းကြီးက တော်ဝင်အကြံပေးကို လေးစားပြီး အပြည့်အဝ ယုံကြည်တယ်။ သူက တာလီကျောင်းတော် တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ အရှင်မင်းကြီးက အစွမ်းကုန်ကြိုးစားပြီး ကူညီထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့ အခု အဲဒါတွေက အင်ပါယာရှားဘုံကို ကူညီဖို့ ဖြစ်မသွားပေဘူးလား”

“ကျုပ်က တာလီကျောင်းတော်ရဲ့ ကျောင်းအုပ်အဖြစ်က နုတ်ထွက်ဖို့ ဆန္ဒရှိပါတယ်။ ဒီနေ့ရဲ့ ပြဿနာမှာ ရန်ယွင်က ကျွန်တော့်အမိန့်ကို နာခံပြီး ပါဝင် ပတ်သက်ခဲ့ရတာမို့ ကျောင်းတော်ကို အငြင်းပွားမှုတွေ မပတ်သက်လာရအောင် သူလည်း တော်ဝင်အကြံပေး အိမ်တော်မှာပဲ ပြန်ပြီး ကျင့်ကြံမှာပါ” တော်ဝင်အကြံပေးက ပြောသည်။  လက်ရှိတွင် သူ့အနေအထားအရ ပြင်းထန်ကြီးလေးသည့် အပြစ်အဖြစ် မဆုံးဖြတ်သင့်သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ မကောင်းသော လွှမ်းမိုးမှုများ ရှိလာနိုင်ရာ တစ်စုံတစ်ခုကို လက်လျှော့လိုက်ရုံကလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

တော်ဝင်အကြံပေးက ရလဒ်ကို ကြိုသိပြီးသားဖြစ်ကာ ရေစီးကြောင်းအတိုင်း မျှောလိုက်သွားရုံသာ ဖြစ်၏။

“တောင်ဝင်အကြံပေးက ဒီလို ပြောနေပြီဆိုတော့ ဦးရီးတော် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တာ ဘယ်လိုလဲ။ တာလီကျောင်းတော်ရဲ့ အလုပ်ကိစ္စတွေကို တခြားတစ်ယောက်ကို တာဝန်ပေးလိုက် ကြတာပေါ့” အင်ပါယာလီက ပြောသည်။

အင်ပါယာလီက ထိုသို့ ပြောနေမှတော့ မင်းသားကြီးက ဘာဆက်လုပ်ရမည်ကို ချက်ချင်း နားလည်သွားပြီ ဖြစ်၏။ သူက ဦးညွှတ်ကာ ပြောသည် … “အရှင့် အမြော်အမြင်ရှိမှုကို လေးစားလျက်ပါ”

“သွားလို့ရပြီ” အင်ပါယာလီက ကြေညာသည်။ တော်ဝင်အကြံပေး၊ မင်းသားကြီးနှင့် အခြားလူများ မကြာခင် ထွက်ခွာ သွားကြတော့သည်။

လီယောင် လှည့်ထွက်လာကာ အဝေးကို စိတ်ရှုပ်စွာဖြင့် ကြည့်သည်။

ဒီမတော်တဆမှုမှာ သနားစရာ အကောင်းဆုံး ကတော့ သူသာလျှင် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset