Switch Mode

အခန်း ( ၉၃ )

မှော်ဝင်နယ်မြေသို့ ချဉ်းကပ်ခြင်း

“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းက ပညာရှင်တွေက နည်းလမ်းမျိုးစုံ သုံးပြီး ငါတို့ရဲ့ ကြယ်စင်စုထဲမှာ သက်ရှိတွေနေတဲ့ တခြားဂြိုဟ်တွေ ရှိရုံမကဘူး၊ ငါတို့ စကြဝဠာထဲမှာ တခြား သက်ရှိပုံစံတွေ၊ လူ့အဖွဲ့အစည်းတွေလည်း ရှိနေတာကို သိဖို့ ကြိုးစားခဲ့ကြတယ် ”

“ နှစ်တစ်ထောင်ကြာပြီးနောက်မှာ အဲဒီအချက်တွေကို တဖြည်းဖြည်းချင်း သက်သေပြခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက အဲဒီရှေးဟောင်း ကြေးညိုရောင်ဓါးကြီးက အဲဒီအချက်ကို ပိုပြီး ထင်ရှားစေခဲ့တာ”

“ စကြဝဠာထဲမှာ တခြားလူအဖွဲ့အစည်းတွေ ရှိနေတယ်”

“ နောက်ပြီး သေချာတဲ့ အချက်က အဲဒီလူအဖွဲ့အစည်းတွေ ရှိနေတဲ့ ကမ္ဘာတွေထဲက တစ်ခုက ရှေးဟောင်းကြေးညိုရောင် ဓါးကြီး အစပြုလာခဲ့တဲ့ နေရာပဲ။ အဲဒီကမ္ဘာမှာ သက်ရှိတွေက ငါတို့လိုပဲ။ ဒါပေမဲ့ ကွာခြားချက် ကြီးကြီး တစ်ခု ရှိသေးတယ်။ သူတို့ကို ကျင့်ကြံသူတွေလို့ ခေါ်တယ် ”

ပြောနေစဉ် ပါမောက္ခ၏ မျက်နှာအမူအရာမှာ လေးစားကြည်ညိုသည့် အရိပ်အယောင်များ ပြည့်နှက်လျက် ရှိသည်။ ဝမ်ပေါင်လဲ့အနေနှင့် သူ့စိတ်ခံစားချက်များမှာ မုန်တိုင်းတစ်ခုအလား ထင်မှတ်မိသည်။ တိမ်ရေကန်မိုးသစ်တောထဲရှိ တောင်ထိပ်၌ မြင်ကွင်းတချို့ကို မြင်တွေ့ခဲ့ရပြီး ပါမောက္ခပြောနေသည့်စကားများမှာ မှန်ကန်ကြောင်း သိထားသည်။

“ အဲဒီကမ္ဘာက နေရာတိုင်းမှာ ရတနာတွေ ရှိနေနိုင်တယ်။ ဒါမှမဟုတ် ဝိညာဉ်ချီက ပြောပြလို့ မရလောက်အောင် ထူထပ်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ လူ့ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်အမြစ်တွေ ပေါက်ဖွားလာပြီးတော့ ကျင့်ကြံခြင်းကို စတင်ကြတာ ”

“ အချိန်တွေ ကြာလာပြီးတဲ့နောက် ရတနာတွေ လျော့နည်းလာပြီး ဝိညာဉ်ချီက ပါးလွှာလာမယ်။ ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့်ပဲလား၊ ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲတစ်ပွဲ ဖြစ်သွားခဲ့တယ်။ စစ်ပွဲကြောင့် လုံးဝ ပျက်စီးသွားတဲ့ အခြေအနေမှာ ဒီဓါးကြီးက အဲဒီကမ္ဘာရဲ့ နောက်ဆုံးစွမ်းအားနဲ့ မျှော်လင့်ချက်ကို သယ်ဆောင်ပြီး လွင့်ပျံလာခဲ့တာ ”

“ ဒါမှမဟုတ် သူတို့က တခြားနေစရာတစ်ခုကို ရှာြပီး အရင်ကလို အောင်မြင်တဲ့ အခြေအနေ ပြန်ရောက်အောင် စီစဉ်ထားတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဓါးကြီးမှာ အဲဒီဂိုဏ်းပိုင်ဆိုင်တဲ့ အာနာပါနသိုလှောင်ရတနာတစ်ခု ရှိနေတာဖြစ်မယ်။ အဲဒီဂိုဏ်းမှာ ရှိတဲ့ လူအားလုံးက သူတို့ရဲ့ ဝိညာဥ်အမြစ်တွေကို ဓါးထဲမှာ မြှုပ်နှံပြီး သူတို့ရဲ့ စွမ်းအင်သစ်စေ့ကို အနာဂတ် ဂိုဏ်းသားတွေကို ဖြန့်ဝေချင်ခဲ့တာ ”
ပါမောက္ခမှာ နောင်တရနေသည့် လေသံဖြင့် သက်ပြင်းချကာ ခေါင်းကို ခါယမ်းလိုက်သည်။

“ ဒါပေမဲ့ နှမြောစရာပဲ….. လမ်းခုလတ်မှာ ဓါးကြီးက အန္တရာယ်တစ်စုံတစ်ရာ ကြုံခဲ့ပုံရတယ်။ ဖျက်ဆီးခံရပြီး ကျိုးပဲ့သွားခဲ့တယ်။ နောက်ဆုံး ငါတို့ရဲ့ နေအဖွဲ့အစည်းထဲကို ကျရောက်လာခဲ့တာပေါ့။ ဓါးကြီးက နေကို ထိုးမိသွားတဲ့အခါမှာ ဓါးရိုးနဲ့ ဓါးရဲ့ တချို့ အစိတ်အပိုင်းတွေက ကျိုးပဲ့သွားတယ်။ အာနပါနသိုလှောင်အိတ်က ပျက်စီးသွားပြီး ကျိုးသွားတဲ့ အပိုင်းအစတွေနဲ့အတူ ကြယ်စင်စုကောင်းကင်တစ်ခွင် ပျံ့ကြဲသွားခဲ့တယ် ”

ပါမောက္ခ၏ စကားများကို ကြားပြီးနောက် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ နက်ရှိုင်းစွာ လှုပ်ခတ်သွားသည်။ တိမ်‌ရေကန်မိုးသစ်တောထဲမှ တောင်ထိပ်ပေါ်တွင် မြင်ခဲ့ရသည့် ထိုခေတ်က ပြိုင်ဘက်ကင်း အလှပဂေးနှင့် ကမ္ဘာတစ်ခု ဖျက်ဆီးခံနေရသည့် မြင်ကွင်းအားလုံးကို ပြန်မြင်ယောင်လာသည်။ ပါမောက္ခ၏ စကားလုံးများက သူ့နှလုံးသားထဲတွင် စွဲမြဲစွာ ထင်ဟပ်သွားပြီး ဤအဖြစ်အပျက်အားလုံးတို့၏ အဓိက အဖြေရှိရမည်ဟု ခံစားရသည်။

“ ဒါပေမဲ့ ဒီလိုဆို ကျင့်ကြံသူ ဖြစ်လာနိုင်တဲ့ လူအရေအတွက်က ကန့်သတ်ချက် ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတာပေါ့ ”
ဝမ်ပေါင်လဲ့က ပြဿနာကို ချက်ချင်းပင် သိမြင်ကာ ပါမောက္ခကို ကြည့်လိုက်သည်။

ပါမောက္ခက ဝမ်ပေါင်လဲ့ကို အထင်ကြီးသွားသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့လေသံမှာ ပို၍ စိတ်လှုပ်ရှားမှုများလာသည်။

“ ဟုတ်တယ်။ ငါတို့အတွက် ရှေးဟောင်း ကြေးညိုရောင် ဓါးကြီးရောက်လာတာက အခွင့်ကောင်းတစ်ခုဖြစ်ပြီး ငါတို့ကမ္ဘာကြီးအတွက် ဖန်တီးမှုတစ်ခုပဲ။ ဒီအခွင့်အရေးကို သုံးပြီး ကျင့်ကြံသူတွေ လုပ်ဆောင်နိုင်တဲ့ တိုးတက်မှုက သူတို့အပေါ်မှာပဲ မူတည်တယ် ”

“ ဒီလို လုံးဝ ပြောင်းလဲသွားတဲ့ ကမ္ဘာမျိုးမှာ နေဖို့ ငါတို့ မျိုးဆက်တွေက မထိုက်တန်ဘူး ”

ဝမ်ပေါင်လဲ့၏ မေးခွန်းက ပါမောက္ခ၏ ခံစားချက်များကို ဆွဲမွှေ့လိုက်သည့်အလား ဖြစ်သည်။ ပါမောက္ခမှာ ရယ်မောလိုက်ပြီး ထရပ်ကာ အဆင့်မြင့်ကျွန်းမှ မြူခိုးဝေနေသည့် နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။

“ ဝမ်ပေါင်လဲ့၊ အဆင့်မြင့်ကျောင်းကျွန်းက ဘယ်လိုနေရာလဲ သိလား။ အာနာပါနအဆင့် ကျင့်ကြံသူတွေပဲ ဝင်ခွင့်ရနိုင်တဲ့နေရာဖြစ်ပြီးတော့ ကောင်းကင်တာအိုကျောင်းရဲ့ သော့ချက်နေရာပဲ”

“ ငါတို့ ဓါးကြီးပေါ်က အချက်အလက်တွေအရ အဆင့်ခွဲခြားလိုက်မယ်ဆို တာအိုကျောင်းတွေရဲ့ အဆင့်နိမ့်ကျွန်းက အပြင်စည်းဂိုဏ်းပဲ ရှိသေးတယ်။ မင်းတို့အားလုံးက အပြင်စည်းဂိုဏ်းသားတွေ။ အဆင့်မြင့်ကျွန်းကို ဝင်နိုင်တဲ့ သူတွေကိုမှ အတွင်းစည်းဂိုဏ်းသားတွေလို့ မှတ်ယူမှာ ”

“ အပြင်စည်းဂိုဏ်း၊ အတွင်းစည်းဂိုဏ်း ”
ဝမ်ပေါင်လဲ့မှာ ပါမောက္ခနှင့် ယခုအကြိမ် စကားပြောရခြင်းမှာ သူ့ကမ္ဘာကြီးကို မိုးကြိုးလျှပ်စီးတို့က ထိုးခွဲသွားသည့်အလားပင် ဖြစ်သည်။ တခဏအတွင်း များပြားလှသည့် အရာများကို သိခွင့်ရလိုက်သည်။

“ အဆင့်မြင့်ကျွန်းက လူတွေပဲ ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်နိုင်တဲ့ အရည်အချင်းရှိတာ။ ပြည်ထောင်စုရဲ့ ရှေးဦးဝိညာဉ်ခေတ်မှာ ကျင့်ကြံခြင်းအဆင့်နဲ့ အစိုးရရာထူးတွေက တိုက်ရိုက် အချိုးကျနေတယ်။ အားနည်းတဲ့သူတွေက ဒီခေတ်မှာ ငါတို့ရဲ့ အနာဂတ်ကို ဦးဆောင်ဖို့ အခွင့်အရေးမရှိဘူး ”

ပါမောက္ခက ရယ်မောလိုက်စဉ် သူ့အကြည့်များထဲတွင် မျှော်လင့်ချက်များ၊ အားပေးမှုများ ရောယှက်နေသည်။

“ ဒါကြောင့် မင်း အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မှရမယ်။ နောက်ပြီး အဆင့်မြင့်ကျွန်းကိုလည်း သေချာပေါက် ဝင်နိုင်ရမယ်”

ပါမောက္ခ၏ စကားများကို ကြားပြီးနောက် ဝမ်ပေါင်လဲ့က အသက်ကို ပြင်းပြင်းရှိုက်ကာ ခေါင်းညိတ်လိုက်သည်။ သူသည် ဝိညာဉ်အမြစ်ရွာနှင့် အဆင့်မြင့်ကျွန်း တို့အကြောင်း နက်နဲသေချာစွာ နားလည်သွားသည်ဟု ခံစားရသည်။ ထို့နောက် ပါမောက္ခက ဝမ်ပေါင်လဲ့ကို ဝိညာဉ်အမြစ်ရွာ၏ ပတ်ဝန်းကျင်အကြောင်း ထပ်မံ ပြောပြပေးသည်။ ဝိညာဉ်အမြစ်ရွာ၌ သတိပြုရမည့်အရာများကို ညွှန်ကြားထားသည့် ကျောက်စိမ်းပြားကို ဝမ်ပေါင်လဲ့အား ပေးလိုက်သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့က ထွက်ခွာသွားသည်။

သူက ဓမ္မလက်နက်တောင်ထိပ်သို့ ပြန်လာခဲ့သည်။ ပါမောက္ခ၏ နှုတ်ပိတ်ထားရန် အမိန့်ကြောင့် အပြင်လူများက သူနှင့် ဒုပါ‌မောက္ခတို့ တိုက်ပွဲအကြောင်းကို မသိကြပေ။ ထွက်ခွာရမည့်နေ့ နီးလာသည်နှင့် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ဒယ်အိုးဂူသို့ ချက်ချင်းသွားကာ သူ၏ ဓမ္မအဆောင်များကို စုဆောင်းပြင်ဆင်ခြင်းများ ပြုလုပ်သည်။ သူသည် အာနာပါနအဆင့်ကို တက်လှမ်းရာတွင် သတိပြုရမည့် အရေးကြီးအချက်များကိုလည်း ဂရုပြု မှတ်သားထားသည်။

‘ ဝိညာဥ်အမြစ်ကို စုပ်ယူတဲ့အချိန်မှာ မှတ်ထားရမှာတွေကလည်း တကယ် အများကြီးပဲ…. ‘
ဝမ်ပေါင်လဲ့၏မျက်လုံးများမှာ တောက်ပနေသည်။ ကျောက်စိမ်းပြား၏ မိတ်ဆက်စာထဲ၌ ဝိညာဉ်အမြစ်ရွာတွင် ဝိညာဥ်အမြစ် အများအပြားရှိကြောင်း ဖော်ပြထားသည်။ ထိုဝိညာဥ်အမြစ်များမှာ အသက်ရှိကြပြီး ကိုယ်ပိုင် ဝိညာဉ်သဘာဝ ရှိကာ ဝိညာဉ်အမြစ်ရွာတစ်ခုလုံးတွင် ဖြန့်ကျက်နေထိုင်ကြသည်။

သူတို့သည် တစ်လက်မအရွယ်မှ ရှစ်လက်မ အရွယ်ထိရှိပြီး တစ်လက်မကို အများဆုံးတွေ့ရသည်။ အလျားရှည်လာသည်နှင့်အမျှ ဝိညာဥ်အမြစ်များ ပိုမိုရှားပါးလာသည်။ ကိုးလက်မ ဝိညာဥ်အမြစ်ပင် ရှိသော်လည်း လူ့ခန္ဓာကိုယ်မှာ ၎င်းကို မစုပ်ယူနိုင်ပေ။

ဝိညာဥ်အမြစ်များကို စုပ်ယူရာ၌ အခက်အခဲ နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ဝိညာဥ်အမြစ်တိုင်းက သူတို့နှင့် ရေစက်ဆုံသူကို အလိုအလျောက် လိုက်ရှာကြသည်။ ထို့ကြောင့် လူများက ဝိညာဥ်အမြစ်များကို ရှာတွေ့သည်ထက် ဝိညာဥ်အမြစ်များက သူတို့နှင့် အဆင့်တူလူကိုသာ ညွှန်ပြခြင်း ဖြစ်သည်။

ဝိညာဥ်အမြစ်၏ ရွေးချယ်ခြင်းခံရသူသာ ၎င်းကို စုပ်ယူနိုင်သည်။ အကယ်၍ ထိုလူမှာ ရွေးချယ်မခံရလျှင် အတူပေါင်းစပ်ရန် မဖြစ်နိုင်ဘဲ တွန်းကန်သည့် သက်ရောက်မှု ရှိနေမည် ဖြစ်သည်။ ထိုအခြေအနေတွင် ဇွတ်အတင်း စုပ်ယူပါက အသက်ကိုပါ ထိခိုက်နိုင်သည်။

ဝိညာဥ်အမြစ်များက လူများကို ရွေးချယ်သည့်နည်းလမ်းမှာ ရိုးစင်းသည်။ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီးသည်နှင့် ၎င်းဝိညာဥ်အမြစ်က ရွေးချယ်လိုက်သည့် လူ၏ ပုံပန်းသွင်ပြင်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့ဖြင့် ထိုလူတစ်ဦးတစ်ယောက်တည်း၏ ရေစက်ဆုံသည့် ဝိညာဥ်အမြစ် ဖြစ်သွားသည်။

ဝိညာဥ်အမြစ်ရွာ၌ ဝိညာဥ်အမြစ်များ အများအပြား ရှိနေသောကြောင့် လူအားလုံးက ကျယ်ပြန့်စွာ ဖြန့်ကျက် ရှာဖွေရန် လိုအပ်သည်။

ဒုတိယအခက်အခဲမှာ ဝိညာဥ်အမြစ်ကို စုပ်ယူသည့် နည်းလမ်း ဖြစ်သည်။ ပြည်ထောင်စု၏ ရှာဖွေချက်အရ အဆုံးအရှုံးမရှိ အောင်မြင်ရန်မှာ တစ်နည်းသာ ရှိသည်။ ၎င်းမှာ အစားထိုးခြင်းနည်းလမ်းပင် ဖြစ်သည်။

ပထမဆုံး လူတိုင်းအတွက် တစ်လက်မဝိညာဥ်အမြစ်များကို စုပ်ယူရန်လိုအပ်သည်။ ထို့နောက် ၎င်းကို အဆင့်တက်ခြင်း မရှိစေရန် ဖိနှိပ်ထားရမည်။ တစ်လက်မဝိညာဥ်အမြစ်အခြေခံဖြင့် မိမိနှင့် ရေစက်ဆုံသည့် နှစ်လက်မဝိညာဥ်အမြစ်ကို စုပ်ယူပြီး အစားထိုးရမည်။ တစ်လက်မအခြေခံမရှိလျှင် နှစ်လက်မဝိညာဥ်အမြစ်အတွက် အစားထိုးစရာ နည်းလမ်း မရှိပေ။

ဤနည်းလမ်းကို သုံး၍ နှစ်လက်မအခြေခံကို ရရှိပြီးနောက် သုံးလက်မဝိညာဥ်အမြစ်ကို ရှာကာ အစားထိုးရမည်။ ဤနည်းဖြင့် အဆင့်ဆင့်လိုက်နာကာ ခုနှစ်လက်မဝိညာဥ်အမြစ်ထိ ရရှိနိုင်သည်။ ရှစ်လက်မဝိညာဥ်အမြစ်ကို ရှာတွေ့ရန်မှာ ကံကြပမ္မာအပေါ် မူတည်သည်။

ပြည်ထောင်စုက ရှစ်လက်မဝိညာဥ်အမြစ်များကို ဘက်စုံသုံး ဝိညာဥ်အမြစ်များဟု အမည်ပေးထားသည်။ ၎င်းတို့အတွက် ရေစက်ဆုံရန် မလိုအပ်ပေ။ ခုနှစ်လက်မ ဝိညာဥ်အမြစ် အခြေခံရှိလျှင် ရှစ်လက်မ ဝိညာဥ်အမြစ်များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်သည်။

သို့ရာတွင် ရှစ်လက်မ ဝိညာဥ်အမြစ်များက အလွန်ရှားပါးနေသည်။ ဝိညာဥ်အမြစ်ရွာ ဖွင့်တိုင်း ၎င်းတို့ကို ဆယ်ခုအောက်သာ တွေ့ရသည်။

ကျောက်စိမ်းပြားကို သေချာစွာ လေ့လာပြီးနောက် ဝမ်ပေါင်လဲ့မှာ နားလည်သဘောပေါက်သွားသည်။ အချိန်အတော်ကြာ တိတ်တဆိတ် စဉ်းစားနေပြီးနောက် အခြေအနေနှင့် ကိုက်ညီမည့် ဓမ္မအဆောင်များကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် သုံးရက်တာ ကုန်ဆုံးသွားသည်။ တတိယမြောက်နေ့၏ ညနေမှောင်ရီပျိုးစအချိန်၌ သူတို့၏ ခရီးစတင်ခဲ့သည်။ စာမေးပွဲမှ ထိပ်ဆုံးကျောင်းသား တစ်ထောင်ထဲ ပါဝင်သည့် ဝမ်ပေါင်လဲ့သည် အထူးပြုလုပ်ထားသည့် အစိမ်းရောင်သင်္ဘောပျံထဲသို့ ဝင်ရောက်ကာ ဝိညာဥ်အမြစ်ရွာသို့ ခရီးစဉ်ကို စတင်လိုက်သည်။

ကျိုးရိဖန်၊ ကျောက်ယမုန့်၊ တုမင်နှင့် အခြားကျောင်းသားများလည်း လိုက်ပါပျံသန်းလာကြသည်။

ပါမောက္ခက အဖွဲ့ကို ဦးဆောင်ကာ ဆရာအများအပြား ပါဝင်သည်။ ဝမ်ပေါင်လဲ့သည် ကျင့်ကြံသူအရှိန်အဝါမျိုး ထွက်နေသည့် လူအတော်များများကိုလည်း သင်္ဘောပျံပေါ်တွင် တွေ့နေရသည်။ သူတို့သည် အဆင့်မြင့်ကျွန်းမှ ကျင့်ကြံသူများဖြစ်သည်မှာ သေချာသည်။

ကျင့်ကြံသူ အရေအတွက် အတိအကျကို ဝမ်ပေါင်လဲ့ မသိသော်လည်း ခန့်မှန်းခြေ အနည်းဆုံး ဆယ်ယောက်ခန့်ပါဝင်သည်။ တချို့က ပါမောက္ခကဲ့သို့ ဖိအားမျိုး ထုတ်လွှတ်နေကြသည်။

ငါတို့ကို အဖော်လိုက်ပေးတဲ့အပြင် သူတို့က ဝိညာဉ်အမြစ်ရွာအပြင်ဘက်မှာ အပြင်လူတွေ မဝင်နိုင်အောင် စောင့်ပေးမှာထင်တယ် …
ဝမ်ပေါင်လဲ့သည် တွေးတောနေရင်း ပါမောက္ခ သူ့ကို ပြောပြထားသည့် လျှို့ဝှက်ချက်များမှ တစ်ဆင့် အဖြေရှာကောက်ချက်ချလိုက်သည်။

ဤအထူးပြုလုပ်ထားသည့် သင်္ဘောပျံမှာ သာမန် သင်္ဘောပျံများထက် ပိုမို မြန်ဆန်သည်။ လျှပ်စစ်သံလိုက် မုန်တိုင်းများ၊ သားရဲများကို ကောင်းကင်ယံ၌ ကြုံတွေ့ရလျှင်ပင် လုံးဝ လျစ်လျူရှုကာ ဖြတ်ကျော်သွားနိုင်သည်။

ထို့ကြောင့် ဝိညာဉ်အမြစ်ရွာမှာ ဝေးသော်လည်း ရောက်ရှိရန် တစ်ရက်သာကြာသည်။

အချိန်များ ကုန်လွန်သွားပြီး သင်္ဘောပျံက ကောင်းကင်တာအိုကျောင်း နယ်မြေထဲမှ ထွက်လာကာ ကောင်းကင်တွင် ပျံသန်းနေစဉ် ကျောင်းသားတိုင်း ပါမောက္ခ၏ သတိပေးချက်ကို လက်ခံရရှိသည်။ သူတို့ သင်္ဘောပျံ၏ အပေါ်ထပ်တွင် စုဝေးချိန် ပါမောက္ခရောက်လာပြီး သူတို့ ဝင်ရောက်ရမည့် မှော်ဝင်နယ်မြေနှင့် လိုအပ်ချက်များကို မိတ်ဆက် ရှင်းလင်းပေးသည်။

သူပြောသည်မှာ ယခင်က ဝမ်ပေါင်လဲ့ကို ပြောခဲ့သည်များနှင့် ဆင်ဆင်တူသည်။ အသေးစိတ်မကျသော်လည်း ကျောင်းသားများကို အကြောင်းရင်း သေချာနားလည်စေသည်။ အားလုံးက ပင့်သက်ကို ရှိုက်ကာ အံ့ဩတကြီး ဖြစ်သွားချိန်တွင် ကျိုးရိဖန်၊ ကျောက်ယမုန့်နှင့် အခြားစီနီယာကျောင်းသားများမှာ အံ့ဩသွားပုံမပေါ်ပေ။

“သူတို့လည်း ငါ့လိုပဲ ဒါတွေ အားလုံးကို ကြိုသိပြီးသားနေမယ် ”
ဝမ်ပေါင်လဲ့က တွေးနေမိသည်။ ပါမောက္ခက ပြောနေစဉ် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။

“ မင်းတို့အားလုံး ကျောက်စိမ်းပြားတစ်ချပ်စီ ရလိမ့်မယ်။ နှစ်မျိုး သုံးလို့ရတယ်။ ပထမတစ်မျိုးက မှော်ဝင်နယ်မြေထဲမှာ အသံလွှင့်လက်စွပ်တွေ သုံးမရဘူး။ ဒီ ကျောက်စိမ်းပြားတွေက အသံတော့ လွှင့်မပေးနိုင်ပေမဲ့ သတ်မှတ်ထားတဲ့ ဧရိယာတစ်ဝိုက်မှာ အချက်ပြပေးနိုင်တယ်။ မင်းတို့အားလုံးက ကောင်းကင်တာအိုကျောင်းသားတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းကြဖို့ မျှော်လင့်တယ် ”

“ ဒုတိယကျောက်စိမ်းပြားထဲမှာ တခြားတာအိုကျောင်းသုံးခုက ထူးချွန်တဲ့လူငယ်တွေရဲ့ အချက်အလက်တွေ ပါတယ်။ မင်းတို့ ကျန်တဲ့ အချိန်လေးမှာ အဲဒီအချက်တွေကို ကြည့်ပြီး ပြင်ဆင်ထားလို့ရတယ်။ တာအိုကျောင်းလေးကျောင်းက ပြင်ပကမ္ဘာအတွက် မဟာမိတ်တွေဆိုပေမဲ့ ငါတို့အချင်းချင်းတော့ ယှဉ်ပြိုင်နေရတာပဲ။ မင်းတို့အားလုံး ကောင်းကင်တာအိုကျောင်းကို ဂုဏ်ဆောင်ပေးနိုင်ရမယ် ”

ကျောင်းသားများကို ရှင်းပြပြီးနောက် ပါမောက္ခက နောက်တစ်ကြိမ် အားပေးစကား ပြောပြီး ထွက်ခွာသွားသည်။ ဆရာများက ကျောက်စိမ်းပြားများကို ဝေပေးလိုက်သည်။ မကြာမီ ကျောင်းသားအားလုံး ကျောက်စိမ်းပြား ကိုယ်စီ လက်ခံရရှိပြီး စိတ်ဝင်တစား ဖတ်ရှုနေကြသည်။

ဝမ်ပေါင်လဲ့မှာလည်း အလားတူပင် ဖြစ်သည်။ သူက ဝိညာဉ်စွမ်းအင်ကို ကျောက်စိမ်းပြားထဲသို့ အမြန် စီးဝင်စေလိုက်သည်။ ချက်ချင်းပင် သူ့ဦးနှောက်ထဲ၌ အခြားတာအိုကျောင်းများ၏ အကြမ်းဖျင်း မိတ်ဆက်စာ၊ ၎င်းကျောင်းများမှ ထူးချွန်လူငယ်များ၏ အချက်အလက်များသည် ပုံရိပ်များအဖြစ် ပေါ်လာသည်။

မကြာမီ အံ့ဩတကြီး ရေရွတ်လိုက်သံများက လူအုပ်ထဲတွင် ပျံ့နှံ့သွားသည်။

“ သမင်ဖြူတာအိုကျောင်းက အရမ်း အစွမ်းထက်တာပဲ။ ကြည့်ဦး၊ လီယီလို့ခေါ်တဲ့ ကောင်မလေးက ကျောက်ယမုန့်လိုပဲ ဝိညာဉ်ခန္ဓာနဲ့ မွေးဖွားလာတာ။ ဒီထဲမှာ ပြောထားတာ မီးဝိညာဉ်ခန္ဓာတဲ့။ သူ့အရင်တိုက်ပွဲတွေမှာ စတိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်တာ။ သူ့ကို ပြိုင်ဘက်ကင်းလို့တောင် ပြောလို့ရတယ် ”

“ ကျိုးရိရှန်လို့ခေါ်တဲ့ တစ်ယောက်လည်း သမင်ဖြူတာအိုကျောင်းမှာ ရှိသေးတယ်။ သူ့နာမည်က ကျိုးရိဖန်နဲ့ ဆင်တယ်ဟ…. သူကလည်း ကောင်းကင်ကိုတောင် ဖီဆန်နိုင်တဲ့ အစွမ်းသတ္တိမျိုးနဲ့။ သမင်ဖြူတာအိုကျောင်း သိုင်းပညာဌာနရဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်ရုံတင်မကဘူး။ သမင်ဖြူတာအိုကျောင်းက ပြိုင်ပွဲမှာ ပွဲစဉ်ငါးခုလုံး လက်တစ်ချောင်းတည်းနဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့တာ”

“ မဟာမြစ်တာအိုကျောင်းကလည်း မိုက်တာပဲ။ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ ဝူဖန်လို့ခေါ်တဲ့ တစ်ယောက်က မှော်ဆေးရည်ပညာကို လေ့လာတယ်လို့ ရေးထားတယ်။ သူက တရားဝင် မှော်ဆေးရည်သခင်တစ်ယောက်ရဲ့ အဆင့်ကို မှီလုမှီခင် ဖြစ်နေပြီ။ ဘာလို့ အဲဒီလောက် တော်နေတာလဲ ”

“ သမင်ဖြူတာအိုကျောင်းခွဲက စွန်းယွင်လည်း ရှိသေးတယ်။ သူက မန္တာန်အစီအရင်ဌာနကပဲ။ နောက်ပြီး သူက လှိုင်းလုံးတွေကို ကိုယ်တိုင် ဖန်တီးတာ။ ရေးထားတာတော့ သူ့ကို ချီးမွမ်းထောပနာ အပြည့်ပဲ ”

အံ့ဩတကြီး ရေရွတ်သံများမှာ ကြားနေရဆဲ ဖြစ်သည်။ အခြားတာအိုကျောင်းသုံးကျောင်းမှာ ပညာရှင်ကျောင်းသားများ အလွန်များနေခြင်း ဖြစ်သည်။ မဟာမြစ်နှင့် သမင်ဖြူတာအိုကျောင်းတို့မှာ သိပ်မထူးခြားလှသော်လည်း သမင်ဖြူတာအိုကျောင်းခွဲ၌ ပညာရှင်များ အလွန်များပြားနေရာ ဝမ်ပေါင်လဲ့က တရားမျှတခြင်း မရှိဟု ခံစားနေရသည်။

“ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါ့ကြောင့်လည်း သမင်ဖြူတာအိုကျောင်းက ပြည်‌ထောင်စုထဲမှာ ထိပ်ဆုံးကျောင်းဖြစ်နေတာ”
ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူသည် ကျိုးရိဖန် မျက်စိမျက်နှာပျက်နေသည်ကို သတိထားမိကာ သမင်ဖြူတာအိုကျောင်း၏ ကျိုးရိရှန်ကို သတိရသွားသည်။ သိချင်စိတ်ဖြင့် သူက ကျိုးရိဖန်နားသို့ ကပ်လာသည်။

“ ဟေး၊ ကျိုးရိဖန်၊ ကျိုးရိရှန်လို့ခေါ်တဲ့ တစ်ယောက်က မင်းညီလား။ ရိဖန်တစ်နဲ့ ရိရှန်နှစ်- တကယ်လို့ မင်းတို့ နှစ်ယောက်က တကယ် ညီအစ်ကိုတွေဆို မင်းအဖေက နာမည်ပေး တော်တာပဲ”

ဝမ်ပေါင်လဲ့၏ မှတ်ချက်စကားကို ကြားပြီးနောက် ကျိုးရိဖန်၏ မျက်နှာမှာ ပိုမိုပျက်သွားသည်။ သူက နှာမှုတ်ကာ ဝမ်ပေါင်လဲ့ကို လျစ်လျူရှုပြီး ထွက်ခွာသွားသည်။ သူက ကျောက်စိမ်းပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ အဝေးသို့ ရှောင်ခွာသွားသည်။

“ ဘာလို့ နှာမှုတ်နေတာတုန်း။ ငါက မင်းတို့ သက်ဆိုင်လားလို့ပဲ မေးတာကို… ”
ဝမ်ပေါင်လဲ့က ကျိုးရိဖန်မှာ စိတ်တိုလွယ်လွန်းသည်ဟု ခံစားရပြီး မျက်စောင်းထိုးလိုက်သည်။ သူသည်လည်း နှာမှုတ်ကာ ထွက်သွားလိုက်သည်။

ကောင်းကင်ပြင်က တဖြည်းဖြည်း မှောင်မည်းလာချိန် ကျောင်းသားအားလုံးက ကိုယ်ပိုင်အခန်းများဆီသို့ ပြန်သွားကြသည်။ ထိုသို့ဖြင့် တစ်ညတာ ကုန်လွန်သွားသည်။

ဒုတိယနေ့ မှောင်ရီပျိုးချိန်၌ ဓါးနေမင်းကြီးမှာ လိမ္မော်ရောင်ဖျော့ဖျော့ လင်းနေပြီး တိမ်များမှာ လောင်ကျွမ်းနေသည့်အလား ထင်ရသည်။ သင်္ဘောပျံက အရှိန်လျော့သွားစဉ် မှော်ဝင်နယ်မြေမှ သဲပြင်ကြီးက အားလုံး၏အမြင်အာရုံထဲ ပေါ်ထွက်လာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset