အပိုင်း(၁၁၅၁)

သူက သစ္စာဖောက်ပဲ

ရီဖူရှင်း၏ နှလုံးသားက တုန်ယင်နေသည်။ သူရှေ့က ရန်ယွင်ကို ကြည့်လိုက်ပြီး မည်သို့ ခံစားရသည်ကို မပြောတတ်တော့ပေ။

ယခု ရန်ယွင်က သူ့ကို ဖမ်းရန်လာသည်ဟု သူတွေးမိသည်။

သို့သော်လည်း ရန်ယွင်က တော်ဝင်အကြံပေး၏ တောင်းဆိုမှုကြောင့် သူ့ကို လာတွေ့ခြင်းဟု ဆိုသည်။

ရီဖူရှင်း ထွက်သွားပြီးနောက်တွင်မှ တော်ဝင်အကြံပေး အိမ်တော်တွင် လီယောင်က တစ်ခုခုကို ရိပ်မိသွားရပေမည်။

တော်ဝင်အကြံပေးကလည်း တစ်ခုခုကို ခန့်မှန်း သိရှိသွားခြင်း ဖြစ်နိုင်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” ရီဖူရှင်းက ခေါင်းညိတ်ကာ ရန်ယွင်၏ အကူအညီကို မငြင်းပယ်ပေ။

ဤအခိုက်အတန့်တွင် သူက ရီဖူရှင်း မဟုတ်သည့် သတ္တမဓား ဖြစ်သည်။

လီယောင် မျက်နှာတွင် ထူးဆန်းသည့် အမူအရာ ဖြစ်ပေါ်လာသည်။ တော်ဝင် အကြံပေးက ရန်ယွင်ကို လာတွေ့ခိုင်းသည်။ သူ၏ ရည်ရွယ်ချက်က ဘာလဲ။

တော်ဝင်အကြံပေး ကလည်း အခြေအနေကို ရိပ်စားမိ သွားသော်လည်း မည်သည့် နည်းဖြင့်မဆို သူ့အား ထွက်သွားခွင့်ပေးမယ့် သဘောလား။

ရီဖူရှင်းနှင့် သတ္တမဓားက တစ်ယောက်တည်း ဖြစ်သည်ကို လီယောင် သေချာလုနီးပါး ဖြစ်နေသည်။

“သွားကြစို့” ရန်ယွင်က ရီဖူရှင်း အနားသို့ ရောက်လာပြီး ပြောသည်။ သူတို့က နေရာပြောင်းရွှေ့ ဝင်္ကပါပေါ်တွင် မတ်တတ်ရပ်ကာ ပြောသည်။ “ဝင်္ကပါဖွင့်တော့”

လီယန်နှင့် လီယူက ဇဝေဇဝါ ဖြစ်နေကြသည်။ အဘယ်ကြောင့် အခြေအနေက ထူးဆန်း နေရသနည်း။

သတ္တမဓားက အပြင်သို့ထွက်ကာ ကျင့်ကြံလိုသော်လည်း လီယောင်က ခွင့်ပြုလိုသည့်ပုံ မပေါ်ပေ။ သို့သော် တော်ဝင်အကြံပေး၏ တပည့်ခေါင်းဆောင် ရန်ယွင်က ရောက်လာပြီး သတ္တမဓားကို လာရောက် ခေါ်ဆောင်သည်။

ဝင်္ကပါက ရောင်စဉ်များ ဖြာလင်းလာသည်။

“ကျုပ်လည်း သတ္တမဓားနဲ့ အတူလိုက်ခဲ့မယ်” လီယောင်က ပြောသည်။ သူ့အကြည့်များက ကြောက်မက်ဖွယ် ကောင်းနေပြီး သူ့လူများနှင့်အတူ ဝင်္ကပါထံသို့ လျှောက်လာသည်။

သူက သည်အချိန်တွင် တွေဝေခြင်း ရှိမနေပေ။

သူက ဝင်္ကပါထံသို့ ဝင်မလာခင် သူ့လက်အောက်ငယ်သားကို သတင်းစကား ပါးလိုက်ပြီး ထိုလူသည် အရပ်မျက်နှာ တစ်ခုသို့ ပြေးထွက်သွား၏။

“ငါလည်း အတူလိုက်မယ်” လီယူက ပြောသည်။ သူမက ဝေခွဲမရသော်လည်း ဝင်္ကပါထဲသို့ ခြေချလာခဲ့သည်။ အခြေအနေကို သူမလည်း သိလိုပေသည်။

တောက်ပသည့် အလင်းရောင်စဉ်များက လှည့်ပတ်နေပြီး နောက်တွင် ပို၍ လင်းလက်လာပြီး သူတို့အားလုံး ရပ်နေသည့် နေရာမှ ပျောက်ကွယ် သွားကြသည်။ သူတို့သည် အောက်ဘုံမှ တာလီပြည် ဘုရင်ခံလီ၏ နန်းတော်သို့ ရောက်ရှိ သွားကြ၏။

လီယောင်နှင့် ရီဖူရှင်းက အတူတူ ရပ်နေကြသည်။ သူတို့ကြားတွင် အကွာအဝေးက နီးကပ်နေ၏။ ထိုအချိန်တွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မနေဘဲ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြသည်။

ဘုရင်ခံလီ၏ နန်းတော်မှ လူများက သူတို့ထံသို့ ရောက်လာသည်။ များလှစွာသော စိတ်အသိတို့သည် တစ်နေရာတည်းသို့ စုပြုံရောက်လာ၏။ အဝေးမှ အသံတစ်သံက နှုတ်ဆက်လိုက်သည်… “အရှင်မင်းသားလီယောင်၊ ဆရာရန်ယွင် ဘာများဖြစ်လို့လဲ။ အောက်ဘုံမှာ လုပ်စရာကိစ္စများ ရှိလို့လား”

ကြီးမားသန်မာသည့် ပုံသဏ္ဌာန်တစ်ခုသည် နန်းတော်အပြင်သို့ ထွက်လာပြီး ဝင်္ကပါရှေ့သို့ ရောက်လာသည်။ ၎င်းအသံမှာ ဘုရင်ခံလီထံမှ လာခြင်းဖြစ်သည်။

သူ့လူများက ဦးညွှတ်ကာ နှုတ်ဆက်သည်… “ကျွန်တော်တို့ ဒီမှာ မင်းသားလီယောင်နဲ့ ဆရာရန်ယွင်ကို တွေ့ဖို့ရောက်နေတာပါ”

ဘုရင်ခံလီက ရီဖူရှင်းကို သတိပြုမိပြီး ပြုံးရင်းနှင့် သူ့ကိုပါ နှုတ်ဆက်သည်။

သတ္တမဓားသည် အောက်ဘုံတွင် ကျော်ကြားကာ လုချွန်နှင့် ဓားတောင်ကုန်းမှ လူများနှင့်အတူ အထက်ဘုံသို့ ဝင်ရောက်သွားခဲ့သည်။ ယခု သူက တော်ဝင် အကြံပေး၏ တိုက်ရိုက်တပည့် ဖြစ်လာခဲ့ပြီး တာလီနန်းမြို့တော်တွင်လည်း ကျော်ကြားလာခဲ့သည်။ ဘုရင်ခံလီက သတ္တမဓား ထိုကဲ့သို့ အောင်မြင်လာခြင်းကို မြင်ရသည့်အတွက် ပျော်ရွှင်မိလေသည်။

သို့သော်လည်း ဘုရင်ခံလီက အခြေအနေမှာ တစ်ခုခု ထူးဆန်းနေကြောင်း သတိပြုမိသည်။ လူတိုင်းက တိတ်ဆိတ် နေကြ၏။

“အစ်ကိုရန်ယွင် … အစ်ကိုက အောက်ဘုံကို သတ္တမဓားနဲ့အတူ လိုက်လာခဲ့တယ်။ အခု သူ့ကို ဆက်ပြီး လိုက်ပို့ဖို့ အစီအစဉ်များ ဆွဲထားသေးလား” လီယောင်က မေးသည်။ သူက ရန်ယွင်နှင့် သတ္တမဓားတို့၏ ပုံစံအရ အဖြေကို သိရှိပြီးဖြစ်သည်။

“သူ့ကို ဒီထက်ဝေးတဲ့အထိ လိုက်ပို့လိုက်ဦးမယ်။ ကျေးဇူးပြုပြီး ပြန်လိုက်ပါ အရှင်မင်းသား” ရန်ယွင်က ပြောလိုက်ကာ ရီဖူရှင်းကို ခေါ်၍  ဝင်္ကပါမှ ထွက်ခွာ သွားသည်။

“ကျွန်တော်က သူ့ကို နေခဲ့စေချင်တယ် ဆိုရင်ရော” လီယောင်က ပြောသည်။ သူ့နောက်မှ လူများမှ ရှေ့သို့တိုးလာပြီး ရန်ယွင်နှင့် ရီဖူရှင်း၏ လမ်းကို ပိတ်သည်။

“အရှင်မင်းသား …” ဘုရင်ခံလီနှင့် လီယူတို့မှာ ကြက်သေသေ သွား၏။ ဘာတွေ ဖြစ်နေတာလဲ။

လီယောင်နဲ့ သတ္တမဓားတို့က မိတ်ဆွေကောင်းများ မဟုတ်ပေဘူးလား။

လီယောင်သည် တော်ဝင်အကြံပေး၏ သာမန်တပည့်သာ ဖြစ်သောကြောင့် သူက ရန်ယွင်အပေါ် လေးစားမှုရှိရန် လိုအပ်ပေသည်။ သို့သော်လည်း သူတို့ အချင်းချင်းက အဘယ်ကြောင့် ရန်ဖြစ်နေကြ သနည်း။

“တောင်းပန်ပါတယ်။ အရှင်မင်းသား တောင်းဆိုတာကို မလိုက်လျော နိုင်ပါဘူး။ ကျုပ်ဆရာရဲ့ အမိန့်က ပထမမို့လို့ပါ” ရန်ယွင်က ပြောသည်။ သူက သူ့အင်္ကျီလက်များကို ခါလိုက်ကာ ခြေလှမ်း လှမ်းလိုက်ပြီးနောက် လေထဲသို့ ခုန်တက် သွားတော့သည်။

“သူတို့ကို တားစမ်း” လီယောင် အမိန့်ပေးသည်။ သူ့နောက်မှ လူများက ရန်ယွင်နှင့် ရီဖူရှင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင် သွားကြသည်။

“ဦးရီးတော် … အစ်ကိုရန်ယွင်နှင့် သတ္တမဓားကို တားဖို့ ကျွန်တော့်ကို ကူညီပေးပါ” လီယောင်က ဘုရင်ခံလီကို ပြောသည်။

ဘုရင်ခံလီက ခဏမျှ တွေဝေကာ တုံ့ဆိုင်း သွားသည်။

တော်ဝင်အကြံပေး၏ တပည့်များကို ဖမ်းရမည်တဲ့လား။

သူ့ကို အမိန့်ပေးသူက မင်းသားဖြစ်နေလျှင်ပင် သူက တွေဝေနေသေး၏။

“ဦးရီးတော် … သတ္တမဓားက အင်ပါယာရှားဘုံက သူလျှိုပဲ။ ကျွန်တော်တို့ သူ့ကို ဖမ်းရမယ်” လီယောင်က ပြောသည်။ အင်ပါယာလီဘုံကို ဝင်ကတည်းက သူ သတ္တမဓားကို မည်သို့ ဆက်ဆံခဲ့သနည်း။

လီယောင် သူ့ကို ရင်းနှီးစွာ ဆက်ဆံခဲ့ပြီး ကျားယဲ့ဓား ပညာကိုပင် လက်ဆောင် ပေးခဲ့သည်။ သူက အလွန်ကောင်းမွန်စွာ ပေါင်းသင်း ဆက်ဆံခဲ့၏။

သို့သော် ယခုကား သတ္တမဓားမှာ သူ၏ရန်သူ ဖြစ်သည်ကို သိလိုက်ရပြီး ဒေါသတကြီး သတ်ပစ်လိုသောစိတ်က ပြင်းထန်လာခဲ့၏။

သူ့ကို ရီဖူရှင်းက လက်တစ်လုံးခြား ကစားသွားသကဲ့သို့ ခံစားနေရသည်။

တော်ဝင်အကြံပေးက တိုင်းပြည်၏ ပင်မထောက်တိုင် ဖြစ်သော်လည်း ယခုကား သတ္တမဓားကို ကူညီရန် ကြိုးစား နေလေသည်။

“ကောင်းပြီ … ငါ သိပြီ” ဘုရင်ခံလီက လီယောင် ပြောလိုက်သည်နှင့် ထိတ်လန့် သွားသည်။ သတ္တမဓားက အင်ပါယာရှားဘုံက သူလျှိုတဲ့လား။

သတ္တမဓားက သူ့နန်းတော်ကနေ အထက်ဘုံသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

သူက များပြားလှသည့် စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ဘုရင်ခံလီသည် သူ့လူများဖြင့် လိုက်ဖမ်း စေတော့သည်။

“ဆရာရန်ယွင် ရပ်လိုက်ပါ” ဘုရင်ခံလီက အော်သည်။ သူအသံက ကောင်းကင်တစ်ခွင်ကို လွင့်ပျံ့လာ၏။ သို့သော် ရန်ယွင်၏ အရှိန်မှာ ပို၍ လျင်မြန်လာပြီး ဘယ်သူမှ သူ့ကို လိုက်ဖမ်းနိုင်စွမ်း မရှိတော့ဟန်ရ၏။

“ဒီတိုက်ခိုက်မှုအတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ” ဘုရင်ခံလီက ထိုလှုပ်ရှားမှုကို မြင်လိုက်လျှင် သူ၏ လက်ချောင်းများကို လေထဲတွင် ကုပ်ဆွဲသည်။ ရုတ်တရက် စွမ်းအား အရှိန်အဝါများသည် ဝန်းကျင်တစ်ဝိုက်ကို လွှမ်းမိုးသွားသည်။ တိမ်လွှာများကြားတွင် နတ်နဂါးကြီး တစ်ကောင်၏ ပုံရိပ်ပေါ်လာပြီး သူ၏ ကြောက်ရွံ့ဖွယ် ထက်မြလှသည့် လက်သည်းကြီးများကို မြှောက်ကာ ရန်ယွင်နှင့် ရီဖူရှင်းထံသို့ တိုးဝင်လာသည်။

ရန်ယွင်က သူ့ဘယ်ဘက်လက်ဖြင့် စက်ဝိုင်းသဏ္ဌာန် ရေးဆွဲသည်။ ထို့နောက်တွင် ရုတ်တရက် မဟာလမ်းစဉ်၏ ဓားပေါင်း မြောက်မြားစွာက မျောလွင့်နေပြီး သူ့ခန္ဓာကိုယ်ကို အလယ်တွင်ထား၍ ဘေးတွင် လှည့်ပတ် နေကြသည်။

“သွား” ရန်ယွင်က သူ့လက်ကို ပြန်ချပြီးနောက် ဓားများကို လွှတ်ပေးသည်တွင် ဓားအားလုံးသည် နဂါးကြီးထံသို့ ပျံသန်းလာခဲ့ပြီး ထိုးခွဲဖြတ်သန်း သွားကြ၏။

မြေပြင်မှ အထက် ကောင်းကင်သို့ မော့ကြည့်နေသည့် လူများမှာ ထိတ်လန့် သွားကြသည်။

သည်ပုဂ္ဂိုလ်မှာ ဘုရင်ခံလီ မဟုတ်ပေဘူးလား။

ဘယ်သူက သူနှင့် တိုက်ခိုက်နေ သနည်း။

“ကျုပ်က ထွက်သွားမယ်လို့ ဆုံးဖြတ်ထားမှတော့ အရှင်မင်းသား တားနိုင်မှာ မဟုတ်ဘူး။ ဒီမှာပဲ ရပ်လိုက်ပါတော့” ရန်ယွင်က ပြောသည်။ တောက်ပသည့် အလင်းရောင်စဉ်များသည် သူ့ခန္ဓာကနေ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ် သွားစေသည်။ အလင်းများက ကျယ်ပြန့်လာနေဆဲ ဖြစ်ကာ ပို၍ လျင်မြန်လာပြီး မည်သူမှ လိုက်မမီနိုင်အောင် ဖြစ်သွားရ၏။

ထိုမြင်ကွင်းကို အဝေးကနေ မျက်မြင် တွေ့လိုက်ရသည့် လီယောင်၏ မျက်နှာမှာ အရုပ်ဆိုးစွာ ဖြူဖျော့သွားသည်။ ရန်ယွင်သည် ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့် အောက်တွင် စွမ်းအားအကြီးဆုံး ဖြစ်သည်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။

သည်နေရာတွင် ရှန့်ထိုစတုတ္ထအဆင့် ဖြစ်သည့် ပြန်လည် မွေးဖွားခြင်းအဆင့် မရှိလျှင် မည်သူက သူ့ကို တားဆီးနိုင်မည်နည်း။

“နောက်က လိုက်ကြ” လီယောင်က အော်ဟစ်သည်။ ဘုရင်ခံလီနှင့် အခြားလူများမှာ ရန်ယွင်ကို ပစ်မှတ်ထား၍ သူတို့၏ အသိများကို ထုတ်လွှတ်ကာ နောက်မှ ဆက်၍ လိုက်လာကြလေသည်။

ထိုအချိန်တွင် အင်ပါယာလီဘုံ မင်းသားကြီး အိမ်တော်တွင် …

ပုံမှန်အချိန်၌ မည်သည့်အရေးကိစ္စမှ စိတ်မဝင်စားသည့် မင်းသားကြီးသည် သည်တစ်ကြိမ်တွင်တော့ သူ့မျက်လုံးများ ပွင့်လာ၏။ သူ၏ မျက်လုံးများထဲတွင် ဒေါသ အခိုးအငွေ့များ တောက်လောင် နေလေသည်။

တော်ဝင်အကြံပေးက လောကီရေး အရှုပ်အထွေးများတွင် ဘက်မလိုက်သည့် သဘောရှိသည်ကို သူ နားလည်နိုင်သည်။ ဤသည်ကပင် သူ့(တော်ဝင်အကြံပေး)အား အစစ်အမှန် ရှန့်ထို ဖြစ်လာစေသည်။ ထိုအချက်က သူ၏ အားသာချက်ဖြစ်သလို သူ၏ ချို့ယွင်းချက်လည်း ဖြစ်သည်။

သူက အဘယ်ကြောင့် ဤသို့သော အမှားမျိုး ကျူးလွန် နိုင်ရသနည်း။

အကယ်၍ သူသာ တော်ဝင် အကြံပေး၏ နေရာမှာဆိုရင် သတ္တမဓားကို ဖမ်းဆီးခဲ့မည် ဖြစ်သည်။

မင်းသားကြီးက သူ၏ အိပ်စက်ခြင်းကနေ နိုးထလာသည့်အလား နဂါးကြီး တစ်ကောင်ကဲ့သို့ မတ်တတ်ရပ်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲ ထွက်လာသည်။ ထို့နောက်တွင် သူက လေထဲသို့ ခုန်လိုက်ပြီး  မင်းသားကြီး အိမ်တော်ကနေ အမျက်ချောင်းချောင်း ထွက်နေသည့် နဂါးတစ်ကောင် ထိုးထွက်သွားသလို ကောင်းကင်သို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။

မင်းသားကြီး အိမ်တော်မှ လူများမှာ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကြီးစွာ စိတ်လှုပ်ရှား သွားကြသည်။

မင်းသားကြီးက နောက်ဆုံးမှာတော့ လှုပ်ရှားရန် အဆင်သင့် ဖြစ်ခဲ့ပြီ။

စွမ်းအားများက ပြည့်ဝလွန်းသည်မို့ ဝေးကွာသည့် နေရာမှ လူများပင် ခံစား သိရှိလိုက်ရသည်။ တာလီ တော်ဝင် အကြံပေးသည်လည်း ၎င်းကို သူ့အိမ်တော်မှနေ၍ ခံစားမိသည်။

တော်ဝင်အကြံပေးက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဖေးရွှီကို ပြောသည်… “အဖေ သူ့နောက် လိုက်ကြည့်လိုက်မယ်”

ပြောပြီးနောက်တွင် သူသည်လည်း လေထဲတွင် ပျောက်ကွယ် သွားသည်။

***

အောက်ဘုံတွင် ရန်ယွင်သည် ရီဖူရှင်းကို ခေါ်ဆောင်လာခဲ့ပြီး ရှေ့သို့ ဆက်သွား နေကြသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် မကောင်းသည့် ခံစားချက်ကို ခံစားနေရသည်။ သူ့အစီအစဉ်ကို လက်လျှော့ပြီး ထွက်မသွားရသေးခင်မှာပင် လီယောင်က သူ့သရုပ်မှန်ကို ရှာဖွေတွေ့ရှိ သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

တော်ဝင်အကြံပေး အိမ်တော်က သူ့ကို လျစ်လျူရှူလျှင်ပင် သူက လက်ခံရမည် ဖြစ်သော်လည်း  ယခုကား ရန်ယွင်သည် လီယောင်နှင့်ပင် ပြဿနာ အတက်ခံ၍ သူ့ကို လိုက်ပို့ပေးခဲ့သည်။

ဤသည်က ရီဖူရှင်းသည် သူ့ကိစ္စရပ်အတွင်း တော်ဝင်အကြံပေး အိမ်တော်ကို ဆွဲထည့်မိခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

လီယောင်က မည်သို့ ရှာတွေ့သွားသည်ကို ရီဖူရှင်း နားမလည်နိုင်ပေ။

လီယောင်က ရီဖူရှင်းနှင့် တော်ဝင် အကြံပေးအိမ်တော် အပြင်ဘက်၌ တွေ့စဉ်ကပင် ထိုအကြောင်းကို မသိရှိသေးပေ။

သူက အပြင်ထွက်ပြီး ကျင့်ကြံမည်ဟု လီယောင်ကို ပြောခဲ့သောကြောင့်လား။ ဘာက လီယောင်ကို သံသယဝင်အောင် ပြုလုပ်လိုက်တာလဲ။

သူက အင်ပါယာရှားဘုံတွင် ဖြစ်ပျက်နေသည်များအား သိလျှင် ရီဖူရှင်းသည် အင်ပါယာရှားဘုံ၌ မဟုတ်သည်ကို လီယောင် သိရမည်။ သို့သော် သူက မည်သို့ သိသွားရသနည်း။

ဖြစ်နိုင်သော အကြောင်းအရင်းမှာ လီယောင်က သူ ပြန်သွားမည်ကို သိနေခြင်း ဖြစ်မည်။

ရှားရှင်းယွန်က လူများလွှတ်ပြီး သူ့ကို တွေ့ဆုံစေမည်ဟု ကတိပေးထား သော်လည်း ထိုလူများမှာ ယုံကြည်ရသည့် လူများပင် ဖြစ်ရာ အခြားသူများက သိရှိသွားမည် ဆိုခြင်းမှာ မဖြစ်နိုင်ပေ။

ဘာက မှားယွင်း နေတာလဲ။

သူက သူ့ဘေးမှာ ရှိနေသည့် ရန်ယွင်ကို ကြည့်၍ မေးသည်… “ဆရာကရော ကျွန်တော် ဘယ်သူလဲ သိနေတာလား”

ရန်ယွင်က သူ့ကို ကြည့်ကာ ပြောသည်… “မင်းက ဆရာ့ရဲ့ တိုက်ရိုက် တပည့် သတ္တမဓားပဲ”

ရီဖူရှင်း၏ အကြည့်များက ခတ္တမျှ အေးခဲသွားသည်။ ထို့နောက်သူက နားလည်သွားပုံရကာ ခေါင်းညိတ်လိုက်သည်… “ကျွန်တော် သိပြီ”

သူက သတ္တမဓားဖြစ်သည်။ တာလီတွင် တော်ဝင်အကြံပေး၏ တိုက်ရိုက်တပည့် သတ္တမဓားဖြစ်သည်။

ထို့ကြောင့်ပင် တော်ဝင်အကြံပေးက သူ၏ တပည့် ခေါင်းဆောင်ကို လွှတ်ကာ ရီဖူရှင်းအား လိုက်ပါ ပို့ဆောင်စေခြင်း ဖြစ်သည်။

သူတို့၏ အရှိန်က အလွန်လျင်မြန်ရာ အခြားသူများက အနောက်တွင် တစ်စတစ်စ ဝေးကွာ ကျန်နေခဲ့သည်။ သို့သော်လည်း နောက်မှ လိုက်ပါ လာသူများမှာ လက်လျှော့ဟန် မရှိပေ။

အထက်ကောင်းကင်မှ ပြင်းထန်လှသည့် စိတ်မချမ်းမြေ့ဖွယ် လေများ မြေပြင်ပေါ်သို့ ရိုက်ခတ်လာသည်။

မြေပြင်မှ များလှစွာသော လူတို့သည် အပေါ်ကို မော့ကြည့်လိုက်လျှင် သူတို့က နက်ရှိုင်းစွာ ဟိန်းဟောက်နေသည့် အသံများကိုသာ ကြားကြရ၏။

“အဲဒါက ဘာလဲ”

“အံ့ဖွယ်ဖြစ်ရပ်ပဲ”

မရေတွက်နိုင်သည့် လူများက တုန်ယင်နေသော နှလုံးသားများနှင့် ကောင်းကင်ကို မော့ကြည့်ကြ၏။ ရွှေရောင်နဂါးအကောင် တစ်သောင်းခန့်သည် ခမ်းနား ထည်ဝါစွာနှင့် ကောင်းကင်တွင် ဖုံးလွှမ်းရစ်ပတ်ကာ ချီတက် လာကြသည်။

ဘယ်လိုတောင် ထိတ်လန့်စရာ မြင်ကွင်းလဲ။

ရန်ယွင်က အင်အားကို အာရုံခံမိပြီး ကောင်းကင်မှ မရေတွက်နိုင်သည့် ရွှေရောင် နတ်နဂါးများကို ကြည့်သည်။ ယခုအချိန်တွင် သူ၏ စွမ်းအားများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ သူက ပြန်လည် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ။

“ရန်ယွင် ရှေ့ဆက်သွား” ကောင်းကင်ထက်တွင် ရပ်နေသည့် ပုံရိပ်ထံမှ ရောက်လာသည့် အသံဖြစ်သည်။ နဂါးများကလည်း ရုတ်တရက် သူတို့၏ ချီတက်လာမှုကို ရပ်တန့်လိုက်ပြီး မိုးချုန်းသံအလား ဟိန်းဟောက်သည်။

ပုံရိပ်များသည် အရှေ့တွင် ပေါ်လာပြီး အထက်ကောင်းကင်တွင် ရပ်နေဆဲ ဖြစ်သည်။ သူသာ ထိုနေရာမှာ ရှိနေလျှင် ဘယ်သူကမှ သူ၏ အကာအကွယ်ကို ချိုးဖောက် နိုင်မည် မဟုတ်ပေ။

ရန်ယွင်က ဘာမှမပြောဘဲ ရှေ့သို့ ဆက်သွားခဲ့သည်။

“ဆရာ” ရီဖူရှင်း ရေရွတ်သည်။ သူက တော်ဝင် အကြံပေး၏ ကိုယ်တွင် ဝန်းရံနေသည့် အံ့အားသင့်ဖွယ် ကောင်းသော ပုံရိပ်များအား အဆုံးမရှိ မြင်နေရသည်။ ဤသည်မှာ ကောင်းကင်နှင့် မြေကြီး၏ နိယာမများနှင့် ယင်းယန် သဘောတရားငါးခု ပါဝင်နေသည့် အထွတ်အထိပ် ဝင်္ကပါတစ်ခုနှင့် တူသည်။ လောကကြီးမှ စွမ်းအားများမှာ ရုတ်တရက် စုပ်ယူခံလိုက်ရသည်။ ခမ်းနားလှသည့် ဝင်္ကပါမှာ အထက်ကောင်းကင်တွင် တည်ရှိနေပြီး အကာအကွယ် အသွင်နှင့် အားလုံး၏ လမ်းကို ပိတ်ထားလိုက်၏။

“တော်ဝင်အကြံပေး … ခင်ဗျားရဲ့ တပည့်က အင်ပါယာရှားဘုံက သူလျှိုပဲ။ အဲဒါတောင်မှ သူ့ကို လိုက်ဖမ်းတာမှာ တားဆီးချင်သေးတာလား” မင်းသားကြီးက ကျယ်လောင်စွာ ပြောသည်။ သူ့အသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။ သူက ရည်ရွယ်ချက်ရှိရှိ သူ့အသံကို မြှင့်ပြောလိုက်တာကြောင့် လူတိုင်းက သူ့အသံကို ကြားနိုင်လေသည်။

“သတ္တမဓားက ကျုပ် တပည့်ပဲ။ သူက ဘာလုပ်မိလို့ အရှင်မင်းသားက တန်ခိုးရှင်တွေကို စေလွှတ်ပြီး လိုက်ဖမ်းရတာလဲ”

“သူကတော့ ဘာမှမလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူက အင်ပါယာရှားဘုံက လူပဲ။ ခင်ဗျားက သူ့ဘက်မှာ ဆက်ပြီး ရပ်တည်ချင် နေတာလား” မင်းသားကြီးက မေးသည်။

“ကျုပ် တပည့်က ကျုပ်တပည့်ပဲ။ သူတို့ ဘယ်ကလာလဲ ဆိုတာနဲ့ နောက်ခံက အရေးမကြီးဘူး။ သတ္တမဓားက ကျုပ်တပည့်ဆိုတာကို လူတိုင်း သိကြတယ်။ သူက ငါ့တပည့် ဆိုကတည်းက သူဘာအမှားမှ မလုပ်ဘဲနဲ့ တခြားလူတွေက သူ့ကို ဒုက္ခပေးမှာကို ငါ ခွင့်မပြုနိုင်ဘူး။ အဲဒါက မင်းသားကြီးကိုယ်တိုင် ဖြစ်နေရင်တောင်မှပဲ” တော်ဝင်အကြံပေးက ကြေညာသည်။ ဘုရင်ခံလီနှင့် အခြားလူများလည်း ယခုတင် ရောက်ရှိလာသော်လည်း တော်ဝင်အကြံပေး၏ အကာအကွယ်စည်းကို မဖြတ်သန်းနိုင်ပေ။

ထို့အပြင် သူတို့အရှေ့၌ ရှိနေသောသူသည် တာလီတွင် အင်ပါယာလီပြီးလျှင် ဒုတိယစွမ်းအား အကြီးဆုံးဖြစ်သည်။ ဘယ်သူက အရှေ့ကို ခြေလှမ်းလှမ်းရဲမည်နည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset