အပိုင်း(၁၁၄၉)

လက်လျှော့ခြင်း

ဖေးရွှီ ထွက်သွားပြီးနောက် ရီဖူရှင်းက ကောင်းကင်ပေါ်သို့ မော့ကြည့် လိုက်သည်။

နန်းတော်တိုက်ပွဲ မြင်ကွင်းက သူ့စိတ်ထဲမှာ ပြက်ပြက်ထင်ထင် ကျန်ရစ်နေဆဲ ဖြစ်သည်။ သူနှလုံးသားထဲမှ နာကျင်မှုမှာ ဂျီယူ၏ သေဆုံးခြင်းပင် ဖြစ်၏။

သူတို့သည် အသက် ဆယ့်ခြောက်နှစ် အရွယ်ကတည်းက အတူရှိနေခဲ့ကြပြီး နှစ်ပေါင်းများစွာ ကြာအောင် အတူတူ ဖြတ်သန်းခဲ့ကြသည်။ သို့သော် ထိုအရာများ အားလုံးမှာ လီယောင်ကြောင့် မှတ်ဉာဏ်တွေ အဖြစ်သာ ကျန်ရစ်ခဲ့တော့၏။

အင်ပါယာလီဘုံတွင် လီယောင်နှင့် သူသည် ရင်းနှီးသည် ဆိုသော်လည်း သူ၏ လက်ရှိ သရုပ်ဖြစ်သည့် သတ္တမဓား အနေဖြင့်သာ ဖြစ်သည်။ အမှန်တကယ်အားဖြင့် သူနှင့်လီယောင်သည် ကမ္ဘာ့ရန်များ မဟုတ်ပါလား။

ထို့ကြောင့်ပင် သူက အင်ပါယာလီဘုံသို့ အရဲစွန့်လာခြင်း ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သူ၏ အစီအစဉ်သည် ချို့ယွင်းချက်များ ရှိနေကြောင်း သိရှိခဲ့သည်။ သူက နန်းတွင်း အကြံပေးထံသို့ ရောက်ရှိလာပြီးနောက် ဤထူးခြား ဆန်းကြယ်ပြီး စွမ်းအားကြီးမားသည့် အနှီပုဂ္ဂိုလ်သည် ထူးခြား ဆန်းကြယ်သည့်အပြင် တစ်ချိန်တည်း၌ပင် ရိုးရှင်းနေပြန်၏။

သူ တွေဝေမိနေသည်။

အထူးသဖြင့် သူက ပညာရှိကျမ်းကို ကျင့်ကြံနေရင်း သူတွေ့ရှိခဲ့သည်မှာ ကျင့်စဉ်သည် ရှန့်ထိုအဆင့်ထက် ပိုမြင့်မားသော အဆင့်၌ရှိ၏။

သို့သော်လည်း သူက ဖေးရွှီကို မကူညီရသေးခင်မီ၌ပင် နန်းတွင်းအကြံပေးက သူ့အား ထိုကျမ်းကို သင်ပေးခဲ့သည်။

ထို့အပြင် ဖေးရွှီနှင့် လုချွန်ထံတို့ထံမှ တုံ့ပြန်မှုများအရ ရီဖူရှင်း သိနားလည် လာရသည်မှာ နန်းတွင်း အကြံပေးအိမ်တော်မှ လူများသည် သတ္တမဓား၏ သံသယဖြစ်ဖွယ် သရုပ်မှန်ကို အရေးမစိုက်ခြင်း ဖြစ်သည်။

နန်းတွင်းအကြံပေးသည် ရှန့်ထိုအဆင့်ထက် ကျော်လွန်သည့် ကျင့်စဉ်ကိုပင် သူ့အား စိတ်အား ထက်သန်စွာနှင့် သင်ပေးခဲ့သေးသည်။

ထိုအရာက မည်သို့သော သဘောထားကြီးခြင်းမျိုး ဖြစ်သနည်း။

ရီဖူရှင်းက နန်းတွင်းအကြံပေး၏ အရိပ်အောက်မှာပဲ နေလျှင် သူ၏အကြံအစည်ကို အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။

နန်းတွင်းအကြံပေးသည် တည်ငြိမ်အေးချမ်းသော စိတ်နှလုံးအား ပိုင်ဆိုင်ပြီးဖြစ်သည်။

သူ့အနေဖြင့် လီယောင်ကို သတ်ဖြတ်လိုက်လျှင် နန်းတွင်းအကြံပေး၏ တပည့် တစ်ယောက်ဖြစ်သော သူ့ကြောင့် သူ့ဆရာအပေါ် မည်သို့သော အကျိုးဆက် ရှိလာနိုင်မည်ကို တွေးတောလျက် ရီဖူရှင်း များစွာ တွေဝေမိသည်။ တာလီတွင် နန်းတွင်းအကြံပေး၏ အာဏာက ကြီးမားသောကြောင့် အင်ပါယာလီက သူ့ကို အပြစ်မပေးလျှင်ပင် သူတို့အကြားတွင် ပြဿနာ အစဉ်အခဲများတော့ သေချာပေါက် ရှိလာပေမည်။

ထို့အပြင် ယနေ့ ညီလာခံ၌ သူ မြင်ရသလောက်ဆိုရင် ဘုရင်ထန်တောက်သည် နန်းတွင်း အကြံပေးကို စစ်တပ်သို့ ဝင်ရောက်စေလို၏။

မင်းသားကြီး၏ သည်းခံနေမှုကလည်း နေသားမကျ ဖြစ်စေသည်။ သူ၏ မျိုးဆက်က အသတ်ခံလိုက်ရလျှင်ပင် ရန်ယွင်သည် သူ့ကို မင်းသားကြီး၏ မျက်စိရှေ့မှာတင် ပြန်လည် ခေါ်ဆောင် လာခဲ့၏။ ရန်ယွင်ကလည်း မင်းသားကြီးက ဉာဏ်များလွန်းသည်ဟု ပြောခဲ့သည်။

ဤသည်းခံမှုတွေ၏ နောက်တွင် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက် ရှိနေပုံရလေသည်။

ထပ်ပြောရလျှင် နန်းတွင်းအကြံပေးသည် နယ်ပယ်များ အကြားက စစ်ပွဲကို ကန့်ကွက်သူ ဖြစ်သည်။ အချို့လူများကတော့ သူသည် ရှန့်ထိုအဆင့်များကို ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်မြင် သုံးသပ်ကြသည်။ ဘုရင်ထန်တောက်သည်လည်း ထိုအတွေးရှိပေမဲ့ နန်းတွင်းအကြံပေးက မလုပ်လိုပေ။

အင်ပါယာလီကရော ထိုသို့ အတွေးမျိုး ရှိနေသလား။

ဘုရင်ထန်တောက်သည် အင်ပါယာလီ၏ သွေးရင်းညီအစ်ကို ဖြစ်သည်။

အကယ်၍ အင်ပါယာလီတွင် မည်သည့်အတွေးမှ မရှိခဲ့ပါက အဘယ်ကြောင့် ညီလာခံအပြီးတွင် နန်းတွင်းအကြံပေး၊ ဘုရင်ထန်တောက်နှင့် အခြားလူများကို အစည်းအဝေး အတွက် ခေါ်ဆောင် သွားသနည်း။

တာလီပြည်မှ အရှင်သခင်နှင့် မှူးကြီးမတ်ရာများကြားမှ လိုက်လျောညီထွေဖြစ်မှု ဆိုသည်မှာလည်း အထင်မှားမှု တစ်ခုသာ ဖြစ်သည်။ တာလီ၌ နန်းတွင်းအကြံပေး၏ အာဏာသည် အမှန်တကယ်အားဖြင့် အထွတ်အထိပ်တွင် ရှိနေခြင်း မဟုတ်လောက်ပေ။

နန်းတွင်းအကြံပေး၏ အဆင့်အတန်းက အမှန်တကယ် တည်ငြိမ်ပါသလား။

မတော်တဆ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းမရှိလျှင် တည်ငြိမ်သည်ဟု ပြောနိုင်သည်။

ရီဖူရှင်း၏ အတွင်းစိတ်ထဲတွင် ယောက်ယက်ခတ် နေလေ၏။

နန်းတွင်း အကြံပေးသာ တခြားလူတစ်ဦး ဖြစ်နေခဲ့မည်ဆိုလျှင် ရီဖူရှင်းက မူလ ရည်ရွယ်ချက်အတိုင်း နန်းတွင်းအကြံပေးနှင့် အင်ပါယာလီတို့ အချင်းချင်း အကြိတ်အခဲများ ဖြစ်စေရန် မတွေဝေဘဲ လုပ်ဆောင်မိမည် ဖြစ်၏။

သို့သော်လည်း သည်အချိန်ကာလကို ကျော်ဖြတ်ပြီးနောက် သူ့စိတ်တို့ ပြောင်းလဲလာခဲ့သည်။

နန်းတွင်းအကြံပေးက ဖေးရွှီမှတစ်ဆင့် သူ့ထံသို့ ပါးလိုက်သည့် စကားမှာ သူ့နှလုံးသားမှ မှန်သည်ဟု ခံစားရသည့်အတိုင်း မယိမ်းယိုင်ဘဲ လုပ်ဆောင်ရန် ဖြစ်သည်။

ဆရာဒူကလည်း သူ့ကို ဘဝတွင် ရှင်သန်နေထိုင်ရင်း သူ့နှလုံးသား အလိုဆန္ဒနောက်သို့သာ လိုက်ရန် သင်ပေးခဲ့ဖူးသည်။

လီယောင်ကို သတ်ခြင်းမှာ သူ၏ ရည်ရွယ်ချက် ဖြစ်သော်လည်း သူ တကယ် လုပ်ခဲ့လျင်ကော လိပ်ပြာ သန့်နိုင်မည်လား။

သူ၏ လက်စားချေမည့် အစီအစဉ်၌ အခြားသူများ ပါဝင် မပတ်သက်စေသင့်ပေ။

သူက ဤသို့သော အခြေအနေ ဖြစ်လာမည်ဟုလည်း မထင်မှတ်ထားခဲ့ပေ။

“ကောင်းကင်နဲ့ မြေကြီးကြားက ကိုယ့်ရဲ့ အသိတရားနောက်ကို လိုက်ရမယ်” ရီဖူရှင်းက အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ရင်း ရေရွတ်လိုက်သည်။ ရုတ်တရက် သူ့စိတ်က ရှင်းလင်းသွား၏။

ထိုအခိုက်အတန့်၌ သူ့နှလုံးသားက ပွင့်ထွက်သွားသလို ခံစားလိုက်ရပြီး သူ့စိတ်နှလုံးတို့ ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူ့ခန္ဓာက ကောင်းကင်နှင့် မြေကြီးထံသို့ ဆက်သွယ်သွားသလို ဖြစ်ကာ လောကကြီးမှ အရာရာသည် သူ့အတွက် ရှင်းလင်း ပြတ်သားလာ၏။

ထိုခံစားချက်မှာ အံ့အားသင့်စရာ ကောင်းပြီး ထူးကဲကာ စကားအားဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။ သူက ရှန့်ထိုအဆင့်သို့ ထိတွေ့မိပြီဟု ရီဖူရှင်း သိရှိခံစားမိလိုက်၏။

သူ့မျက်လုံးထဲတွင် အရာအားလုံးသည် အရောင်အသွေးတို့ စုံလင်လာ၏။

ထိုအခိုက်တွင် သူသည် ရှန့်ထိုအဆင့်သို့ လွန်စွာ နီးကပ်လာလေသည်။

ရီဖူရှင်း ခြေထောက်ကို ခွေကာ ထိုင်ချလိုက်ပြီး မျက်လုံးကို ပိတ်လိုက်သည်။ ချက်ချင်းပင် သူ့စိတ်က ရှားအင်ပါယာဘုံရှိ နန်းတော်အတွင်းမှ သိမ်းငှက်နက်အား ဆက်သွယ် လိုက်သည်။

အင်ပါယာရှားဘုံ မင်းသမီးအိမ်တော်မှ သိမ်းငှက်နက်ကလေးသည် ယခုထိ အနာရွတ် များပြားစွာ ကျန်ရှိနေပါသေးသည်။ သူက ရှားရှင်းယွန်ရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်။ သူမက သူ့ကို အေးစက်သည့် အကြည့်တစ်ချက် ပေးကာ ပြောသည်။ “ဘာကိစ္စလဲ”

“ငါပါ” ဤသည်က ရီဖူရှင်း၏အသံ ဖြစ်သည်။ ရှားရှင်းယွန် ခဏမျှ ငြိမ်သက် သွားသော်လည်း သူမက ဘာခံစားချက်မှ မရှိဟန်ဖြင့် အေးစက်စွာ ပြောသည်… “နင် အင်ပါယာလီရဲ့ သမက် ဖြစ်လာမယ်လို့ ငါကြားတယ်”

သူမက ရီဖူရှင်းသည် အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံတွင် မည်သည့်ဘက်ကို ရွေးမည်ဟူသော မေးခွန်းအား တွေးမိနေဆဲ ဖြစ်သည်။

သူက ညီလာခံတွင် လက်ခံခဲ့လျှင် ချက်ချင်းပင် အင်ပါယာ၏ သမက်တော် ဖြစ်လာပေလိမ့်မည်။

အင်ပါယာလီ၏ သမက်သည် တာလီတော်ဝင် မင်းသားနှင့် အဆင့်အတန်း တူညီလေသည်။ သို့သော် ပြောရမည်ဆိုလျှင် အင်ပါယာရှားဘုံ၌ ရီဖူရှင်း၏ အဆင့်အတန်းမှာ မင်းသမီး၏ ကိုယ်ရံတော်သာ ဖြစ်သည်။

ဤကွာခြားချက်က …

“မင်းသမီးရဲ့ စိတ်အခြေအနေ သိပ်မကောင်းဘူးလား။ ကျွန်တော် သိလို့ရမလား” ရီဖူရှင်းက တည်ငြိမ်စွာ မေးသည်။

“ငါ ဘယ်တုန်းက စိတ်အခြေအနေ မကောင်းလို့လဲ” ရှားရှင်းယွန်က အမူအရာမဲ့စွာနှင့် အေးစက်စွာ မေးသည်။ သူမက ဝန်မခံပေ။

“ဒါဆို ဘာလို့ သိမ်းငှက်လေးကို သေတော့မလို ဖြစ်အောင် ရိုက်ထားရတာလဲ” ရီဖူရှင်း ပြောစရာစကား မဲ့သွားသည်။ သည်မိန်းမက ဗြောင်လိမ် နေလေ၏။

“ဒီသတ္တဝါက ပါးစပ် သရမ်းလွန်းလိုလေ။ ငါက သူ့ကို ဘာလို့ မဆုံးမနိုင်ရမှာလဲ” ရှားရှင်းယွန်က ပြန်ဖြေလိုက်သည်။

“…”

သူမက ရှားအင်ပါယာဘုံ၏ ကြီးမြတ်သော မင်းသမီးအဖြစ် မွေးဖွားခဲ့လျှင်ပင် ဤမိန်းမသည် ကျိုးကြောင်းဆီလျော်မှု လုံးဝမရှိဟု ရီဖူရှင်း တွေးလိုက်မိသည်။

“ငါ ပြန်လာတော့မယ်” ရီဖူရှင်း ပြောသည်။

ရှားရှင်းယွန်က ခဏငြိမ်သက်သွားကာ သိမ်းငှက်နက်ကို စိုက်ကြည့်ရင်း မေးသည်… “ဘယ်တော့လဲ”

“ငါ အချိန်ကောင်း ရှာပြီး ကျင့်ကြံမှုအတွက် အင်ပါယာလီဘုံ အပြင်ဘက် ခရီးသွားရမယ်လို့ သူတို့ကို ပြောမယ်။ ပြီးရင် အင်ပါယာရှားဘုံကို ပြန်လာခဲ့မယ်” ရီဖူရှင်းက ပြောသည်။ မည်သူကမှ သူ၏ သရုပ်မှန်ကို မသိဘဲ သတ္တမဓားက ပျောက်ကွယ်သွားနိုင်ဖို့ မျှော်လင့်လေသည်။

ဂျီယူအတွက် လက်စားချေခြင်း ကတော့ နှောင့်နှေး သွားလိမ့်မည်။

“ကောင်းပြီ” ရှားရှင်းယွန်မှာ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။ ရီဖူရှင်းက သူ၏ သရုပ်ကို ပြောင်းလဲလိုက်လျှင်ပင် သူသည် တာလီနန်းမြို့တော်တွင် အင်ပါယာနှင့် တွေ့ခွင့်ရသည်အထိ ဝင်ဆံ့၏။ သူသာ ထိုနေရာ၌ ဆက်နေပါကလည်း လုံခြုံမှု သိပ်မရှိဟု သူမ ခံစားရသည်။

ထို့အပြင် အရင်တစ်ခေါက် လုပ်ကြံ သတ်ဖြတ်မှုသည်လည်း ရီဖူရှင်းကို တစ်ယောက်ယောက်က ထောင်ချောက် ဆင်ခြင်းများလားဟု သူမ တွေးမိသည်။ ထိုကဲ့သို့သာ ဖြစ်ခဲ့လျှင် ထိုသတင်းသည် အင်ပါယာလီထံသို့ ရောက်ရှိ သွားလောက်ပြီ ဖြစ်သည်။

တာလီတွင် ရီဖူရှင်း၏ သရုပ်မှာ သတ္တမဓား ဖြစ်နေပြီး လူများက သတိမပြုမိသော်လည်း အန္တရာယ်မှာ ရှိနေဆဲဖြစ်၏။

ထို့ကြောင့် အခု ရီဖူရှင်းက ပြန်လာမည်ဟု ဆုံးဖြတ် လိုက်သည်ကို သူမက အပြည့်အဝ ထောက်ခံပေသည်။

“နင့်ကို လာကြိုဖို့ တစ်ယောက်ယောက် လိုသေးလား” ရှားရှင်းယွန် မေးသည်။

“မလိုဘူး။ အဲဒါက သူတို့ကို သတိပေးသလို ဖြစ်သွားလိမ့်မယ်။ ငါက ကျင့်ကြံဖို့ဆိုတဲ့ ဆင်ခြေကို သုံးပြီး အဲဒီကနေ ထွက်လာမှာ။ နောက်မှ ငါ့ရဲ့ သရုပ်ကို ပြောင်းပြီး ပြန်လာခဲ့မယ်” ရီဖူရှင်း ပြောသည်။ ရှားရှင်းယွန်က ခေါင်းညိတ်ကာ ပြော၏။ “ကောင်းပြီလေ … ဒါဆိုလည်း ဂရုစိုက်ပါ”

“ဂရုစိုက်ပေးမှုကို ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး” ရီဖူရှင်းက ပြောသည်။

ရှားရှင်းယွန်က အေးစက်စွာ တုံ့ပြန်လိုက်သည် … “ငါက နင် တာလီမှာ သေနေမှာကို မမြင်ချင်ရုံပဲ”

ရီဖူရှင်း ဘာမှ ထပ်မပြောတော့။ ရှားရှင်းယွန်က ဆက်ပြောသည် … “နင် အထက်ဘုံကနေ ပြန်လာမှာလား … အောက်ဘုံကနေ ပြန်လာမှာလား”

“အောက်ဘုံကနေ” ရီဖူရှင်း ပြောသည်။ ထိုနည်းလမ်းက ပို၍ အန္တရာယ်ကင်း၏။

“ကောင်းတယ် … အောက်ဘုံက တော်ဝင်ကျဲနန်းတော်မှာ နင် ထိန်းကျောင်းထားတဲ့ မိစ္ဆာသားရဲတွေ ရှိတယ်မလား။ ငါ အောက်ဘုံနန်းတော်ကို လူတွေလွှတ်လိုက်ပြီး အထိန်းချုပ်ခံ မိစ္ဆာသားရဲတွေကို အင်ပါယာလီနယ်စပ်ကို ပို့လိုက်မယ်” ရှားရှင်းယွန် ဆက်ပြောသည်။ သိမ်းငှက်နက်က နန်းတော်ထဲမှာ နေရန် လိုအပ်၏။ ဤနည်းဖြင့် သူမသည် ရီဖူရှင်းနှင့် ဆက်သွယ်နိုင်ကာ နောက်ဆုံး အခြေအနေများကို သိရှိနိုင်သည်။

“အရှင်မင်းသမီး အဲဒီလိုလုပ်စရာ မလိုပါဘူး” ရီဖူရှင်းက ပြော၏။

“ဒီလိုပဲ သတ်မှတ်လိုက်ပြီ … နင် ထွက်လာမယ်ဆိုတာနဲ့ ငါ့ဆီ သတင်းပို့လိုက်” ရှားရှင်းယွန် အေးစက်စွာ ပြောသည်။

ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်လိုက်သည်။ သူ့အကြည့်က ထူးဆန်းနေ၏။

“ကောင်းပြီလေ” သူ အများကြီး မပြောတော့ပေ။ ထို့နောက် သူက သိမ်းငှက်နက်၏ စိတ်ထဲမှ ထွက်လာခဲ့သည်။

***

တာလီတွင် ရီဖူရှင်း ရက်အနည်းငယ် ကျင့်ကြံနေခဲ့သည်။ သူက အင်ပါယာလီ၏ စေ့စပ်ကြောင်းလမ်းမှုအား ငြင်းဆန်ပြီး နှစ်သစ် ပထမဆုံးရက်၌ ထွက်ခွာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ပညာရှိကျမ်း၏ အသိပညာများကို အာရုံစိုက် ကျင့်ကြံရင်း အချိန်ဖြုန်း နေလိုက်သည်။ တစ်ခါတစ်ရံ၌ သူသည် နန်းတွင်းအကြံပေးထံမှ အကြံဉာဏ်များ ရယူခဲ့ပြီး ထိုအချိန်တိုင်းတွင် နန်းတွင်းအကြံပေးက သူ့ကို စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။

သူ၏ တန်ခိုးကျင့်ကြံခြင်းသည် ရှန့်ထိုအဆင့်သို့ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ကြောင်း ရီဖူရှင်းက ခံစားနေရသည်။ သူက ရှန့်ထိုအဆင့်အား သည်နှစ်အတွင်း ဝင်ရောက်လိုနေပြီး ထိုခံစားချက်က ထူးခြား ဆန်းကြယ်လှကာ ဖော်ပြခြင်းငှာ မစွမ်းသာပေ။

တစ်နေ့တွင် ရီဖူရှင်းတစ်ယောက် နန်းတွင်းအကြံပေး နေထိုင်သည့် အိမ်တော်သို့ လာခဲ့သည်။

“ဆရာ …” ရီဖူရှင်းက အနားယူနေသည့် နန်းတွင်းအကြံပေးကို နှုတ်ဆက် လိုက်သည်။

နန်းတွင်းအကြံပေးက သူ့ကို ကြည့်ကာ မေးသည်… “မင်းမှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးစရာမေးခွန်း ရှိလို့လား”

“မဟုတ်ပါဘူး” ရီဖူရှင်းက ခေါင်းကိုယမ်းကာ ပြောသည်… “ဆရာ … ကျွန်တော်က အခု ရှန့်ထိုအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ အဲဒါကြောင့် ကျွန်တော် တွေးမိတာက လောကအနှံ့ လျှောက်သွားကြည့်ရင်း ရှန့်ထိုအဆင့်ကို ခြေချနိုင်ဖို့ အချိန်ယူကြည့်မလားလို့”

“ကောင်းတယ် … မင်းနဲ့ အတူလိုက်ပေးမယ့် အဖော်လိုသေးလား” နန်းတွင်းအကြံပေးက မေးသည်။

“မလိုပါဘူး ဆရာ။ ကျွန်တော် ဒီအချိန်မှာ တန်ခိုးကျင့်ကြံခြင်း လမ်းကြောင်းကိုပဲ အာရုံစိုက်ထား ချင်တယ်။  ဓားတစ်လက် ကိုင်ပြီးတော့ တစ်ယောက်တည်း လောကအနှံ့ ခြေဆန့်ချင်တယ်။ ရှန့်ထိုအဆင့် မရောက်မချင်း ကျွန်တော် ပြန်မလာဘူး” ရီဖူရှင်းက နန်းတွင်း အကြံပေးကို ပြောသည်။ သို့သော်လည်း နန်းတွင်းအကြံပေးက သူပြောနေသည်မှာ အမှန် မဟုတ်မှန်း သိလေသည်။

အခုချိန်ကစပြီး သတ္တမဓားဟူသည့် အမည်က တာလီတွင် တည်ရှိတော့မည် မဟုတ်ပေ။

ရီဖူရှင်းက ရှုပ်ထွေးနေသော ခံစားချက်များဖြင့် နန်းတွင်းအကြံပေးကို ကြည့်လိုက်သည်။ သူက နန်းတွင်း အကြံပေးကို နှုတ်ဆက်စကား မပြောလိုပေ။

အကယ်၍ တာလီကသာ သူ့ရန်သူ မဟုတ်ခဲ့လျှင် ရီဖူရှင်းက နန်းတွင်း အကြံပေး၏ လမ်းညွှန်မှုအောက်တွင် အချိန်အကြာကြီး ကျင့်ကြံနေလိမ့်မည်။ သူက သည်လူအိုကြီး အပေါ်၌ အတော်လေး လေးစားမိလေ၏။

“နင် ဘယ်ကို သွားမှာလဲ” ဖေးရွှီရောက်လာပြီး ရီဖူရှင်းကို မေးသည်။

ရီဖူရှင်း လိမ်ခဲ့သည်…“ဘယ်နေရာ ဖြစ်ဖြစ်ပေါ့ … အထက်ဘုံ … အောက်ဘုံ … ငါ သွားချင်တဲ့ ဆန္ဒရှိလာတဲ့ ဘယ်နေရာမဆို” ရီဖူရှင်း ပြောသည်။ သူက သူမကို ဖုံးကွယ်ထား၍ မရနိုင်မှန်း သိနေသော်လည်း ထိုကဲ့သို့ ပြောရုံအပြင် မရှိချေ။

သူက ဘုရင်ခံလီနန်းတော်သို့ သွားကာ သူ့အတွက် ဝင်္ကပါဖွင့်ရန် လီယူကို ပြောမည်။ ထို့နောက် သူက အောက်ဘုံသို့ ဝင်သွားမည်။ လီယူက သူ၏မိတ်ဆွေဖြစ်ရာ သူမက သူ့ကို ကူညီပေလိမ့်မည်။

ဖေးရွှီက ဘာမှမပြောပေ။ သူမက ရီဖူရှင်း ထွက်သွားပြီးလျှင် ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်သည်ကို ခံစားမိနေ၏။

သူမက ရီဖူရှင်းမှာ လျှို့ဝှက်ချက် ရှိသည်ကို သိသော်လည်း သူက အဘယ်ကြောင့် ပြန်မလာဘဲ နေမည်နည်း။

မည်သို့သော လျှို့ဝှက်ချက်မျိုးက သူ့ကို ထိုသို့ ဆုံးဖြတ်စေ သနည်း။

နန်းမြို့တော် အပြင်ဘက်မှာ တာလီ နန်းတွင်းအကြံပေး အိမ်တော်ထက် ကောင်းသည့်နေရာများ ရှိသလော။

“သွားကို သွားမှရမှာလား” ဖေးရွှီက ခဏ တိတ်ဆိတ်နေပြီးနောက် မေးသည်။

“အင်း” ရီဖူရှင်း ခေါင်းညိတ် လိုက်သည်။ သူက လေးနက်စွာ ခေါင်းညိတ်၏။

ဖေးရွှီ ထပ်ပြီး တိတ်ဆိတ် သွားပြန်သည်။ ထို့နောက်တွင် သူမက ပြုံးလိုက်ကာ ပြောသည်… “နင် တစ်နေ့မှာ ရှန့်ထိုအဆင့်သို့ ဝင်ရောက် နိုင်ပါစေလို့ မျှော်လင့်ပါတယ် သတ္တမဓား”

သူမက သူ့အရှေ့ကို လာပြီး သူမ၏ လက်မောင်းများကို ဖွင့်လိုက်သည်။

နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရင် သူ့မျက်နှာကို မြင်နိုင်မလား၊ မမြင်နိုင်ဘူးလား သူမ မသိပေ။

ရီဖူရှင်းက သူမ ဆိုလိုချင်သည်ကို နားလည်သည်။ သူကလည်း သူ့လက်မောင်းကို ဖွင့်ကာ သူမကို ဖက်လိုက်ပြီး ရယ်ရင်း ပြောသည်… “အခုတော့ အရှင်မင်းကြီးကို အမှန် ပြောခဲ့တယ်လို့ ပြောရတော့မယ်”

ဖေးရွှီ သက်ပြင်း ချလိုက်သည်။ သည်လူက ထပ်ပြီး နောက်ပြောင် နေပြန်သည်။

ဤသို့ ဖက်လိုက်ခြင်းက အချစ်ကြောင့်မဟုတ်ဘဲ နှုတ်ဆက်ခြင်း သက်သက်သာ ဖြစ်လေ၏။

နန်းတွင်းအကြံပေးက သူတို့ကို ကြည့်ရင်း တစ်စုံတစ်ခုကို နားလည်သွားသည်။ သို့သော်လည်း သူ မမေးပေ။ သူက ရယ်ရယ်မောမောနှင့် ပြောသည်။ “လမ်းစဉ်တွေက အဆုံးမရှိဘူး။ ကျင့်ကြံခြင်းက နေရာအနှံ့မှာ ရှိတယ်။ မင်း မကြာခင် ရှန့်ထိုအဆင့်သို့ ရောက်ရှိမယ်လို့ မျှော်လင့်ပါတယ်”

“လမ်းစဉ်တွေက အဆုံးမရှိဘူး။ ကျင့်ကြံခြင်းက နေရာအနှံ့မှာ ရှိတယ်” ရီဖူရှင်းက နန်းတွင်း အကြံပေးကို ကြည့်ကာ ပြောသည်… “ဂရုစိုက်ပါ ဆရာ”

ထို့နောက် သူက နန်းတွင်း အကြံပေးကို ဦးညွှတ်ကာ လှည့်ထွက် သွားသည်။ သူမသွားခင် ပြောခဲ့သည်။ “အစ်ကိုတွေကို နှုတ်ဆက်တယ်လို့ ပြောပေးပါဦး ဆရာ”

***


Comment

Leave a Reply


Options

not work with dark mode
Reset