အင်ပါယာလီက ဘုရင်ထန်တောက်၊ မင်းသားကြီး၊ ဘုရင်ခံပိုင်တို့ကို အစည်းအဝေး လုပ်ရန် ခေါ်ဆောင်သွားပြီး အခြားသူများကတော့ လူစုကွဲသွားကြပြီ ဖြစ်၏။
လီယောင်က ရန်ယွင်နှင့် ရီဖူရှင်းတို့အနီးသို့ ရောက်လာကာ ရယ်မောရင်း ပြောသည် … “သတ္တမဓား … ခုနက မင်းသာ သဘောတူလိုက်ရင် ငါ့ကို ယောက်ဖတော်လို့ ခေါ်ရတော့မှာပဲ”
“အရှင်မင်းသား စိတ်အနှောင့်အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ်” ရီဖူရှင်း ပြောသည်။
လီယောင်က ခေါင်းကို ယမ်းလိုက်ပြီး ပြောသည် … “မဖြစ်ပါဘူး … မင်းက ဆရာ့သမီးနဲ့ မေတ္တာ မျှနေတာပဲလေ။ မင်း လက်ခံလိုက်ရင်တောင် ငါ့ ညီမ လီရှောင် သောင်းကျန်းတတ်ပုံမျိုးနဲ့ဆို ပြဿနာဖြစ်မှာ ကျိန်းသေတယ်”
သတ္တမဓားမှာ မာနကြီး၍ မောက်မာတတ်၏။ သူသည် လီရှောင်နဲ့ ပထမဆုံး စတွေ့သော အချိန်မှာပင် သူတို့နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ပြီးသွားပြီ ဖြစ်သည်။ အကယ်၍ သူမနှင့်သတ္တမဓားတို့ လက်ထပ်ဖြစ်ခဲ့လျှင် ထိုမြင်ကွင်းသည် အလွန်တရာ ကြောက်စရာ ကောင်းနေပေလိမ့်မည်။ သူတို့သည် နေ့တိုင်း ရန်ဖြစ်တိုက်ခိုက်နေမည်ကို လီယောင် ခန့်မှန်းနိုင်၏။
ရီဖူရှင်း သိပ်အများကြီး မပြောပေ။ ဘေးမှာ ရပ်နေသည့် ရန်ယွင်က စကားဖြတ်ပြောသည် … “အရှင်မင်းကြီးနဲ့ နန်းတွင်းအကြံပေးတို့ ဆွေးနွေးတဲ့ အကြောင်းအရာက အချိန်ကြာဦးမယ် ထင်တယ်။ သတ္တမဓားနဲ့ ကျွန်တော် ရှေ့က ပြန်နှင့်တော့မယ် အရှင်မင်းသား”
“ကျွန်တော် လိုက်ပို့ပါ့မယ် စီနီယာအစ်ကို” လီယောင်က ပြောသည်။
“လိုက်မပို့ပါနဲ့တော့ အရှင်မင်းသား” ရန်ယွင်က လေးစားမှု အပြည့်ဖြင့် ပြောသည်။ ထို့နောက်တွင် သူတို့ ပြန်သွားကြသည်။
လီယောင်က ရီဖူရှင်း ပြန်သွားသည်ကို စောင့်ကြည့်ရင်း သူ့စိတ်ထဲမှာ တွေးနေမိသည်။ နတ္ထိဘုံတိုက်ပွဲတွင် အင်ပါယာရှားဘုံမှ ရီဖူရှင်းသည် ပြိုင်ဘက်ကင်းကာ စစ်မြေပြင်တွင် သူ့ကို တိုက်ခိုက်ရဲသူ မရှိပေ။ ယနေ့တွင် သတ္တမဓားသည် အင်ပါယာလီဘုံ၌ တုနှိုင်းမဲ့ ဖြစ်လာသည်။ နှစ်ယောက်သား စစ်မြေပြင်တွင် ထိပ်တိုက်တွေ့ကြလျှင် မည်သူက အနိုင်ရနိုင်မည်နည်း။
သူသည် လတ်တလော၌ ရီဖူရှင်းနှင့် ပတ်သက်သော သတင်းအချို့ကိုလည်း ရရှိထား၏။
လီယောင်သည် သူနှိုင်းယှဉ်နေသည့် နှစ်ယောက်မှာ တစ်ယောက်တည်း ဖြစ်နေမှန်း မသိခဲ့ပေ။
သူတို့ နှစ်ယောက်ကလည်း မတူညီသည့် လူနှစ်ဦးကဲ့သို့ပင် ဖြစ်၏။ ရီဖူရှင်းသည် (လှံရှည်) အသုံးပြုခြင်း၌ တော်၍ သတ္တမဓားကတော့ ဓားရှည်ကို ကျွမ်းကျင်သည်။ လီယောင်က ရီဖူရှင်းနှင့် အကြိမ်များစွာ နီးကပ်စွာ တွေ့ဖူးသဖြင့် သူတို့နှစ်ယောက်၏ အငွေ့အသက်မှာ ကွဲပြားသည်ဟု ခံစားရသည်။ လီယောင်သည် ဉာဏ်ကောင်းသူ ဖြစ်သော်လည်း ရီဖူရှင်းနှင့် သတ္တမဓားတို့က တစ်ယောက်တည်းဟု သူ မတွေးမိပေ။
မည်သို့ဖြစ်ဖြစ် မတူကွဲပြားသည့် လူနှစ်ယောက်တို့က တစ်ယောက်တည်း ဖြစ်သည်ကို မည်သူတို့က စဉ်းစားမိမည်နည်း။
ရီဖူရှင်းနှင့် အခြားလူများ တော်ဝင်နန်းတော်မှ ထွက်ခွာ သွားပြီးသည့်အခါ လီရှောင် သူမ၏ နန်းဆောင် အတွင်းတွင် ဒေါသ အလိပ်လိုက်ထွက်လျက် သူမအား အရှက်ရအောင် လုပ်ခဲ့သည့် သတ္တမဓားကို သတ်ရန် ကြုံးဝါးနေခဲ့၏။ အင်ပါယာ၏ စေ့စပ်ကြောင်းလမ်းမှုကို သူက ဘယ်လိုများ လူအများရှေ့မှာ ငြင်းပယ်နိုင်ရသနည်း။ ယခု ရီဖူရှင်းက သူမကို သူနဲ့ မထိုက်တန်ဟုများ ထင်နေသည်လား။ နန်းတွင်းအကြံပေး၏ သမီးမှာ ပြင်းထန်သော ရောဂါ ခံစားနေရပြီး အမြင်အာရုံ ချို့ယွင်းကာ အချိန်ပြည့် အိပ်စက်နေရသည်ဟု သူမ ကြားဖူးသည်။
ထို့အပြင် သူနှလုံးသားအား သူမကို ပေးအပ်ထားသည်တဲ့လား။ မင်းသမီးတစ်ပါးက မသန်မစွန်း လူမမာကိုပင် မယှဉ်နိုင်သလား။ သူမအတွက် အမှန်တကယ် ကသိကအောက် ဖြစ်စရာ ကောင်းလွန်းပေသည်။
မင်းသမီးအိမ်တော်မှ လူများမှာ ထိတ်လန့် စိုးရွံ့နေကြသည်။ သို့သော် နန်းတော်တွင်းမှ လူများအတွက် ထိုကိစ္စက သဘောကျစရာ ဟာသ ပြဇာတ်တစ်ခုကဲ့သို့ပင် ဖြစ်၏။ အတန်ကြာလျှင် လီရှောင်သည် စိတ်လျှော့လိုက်ကာ ထိုအကြောင်းအရာကို မေ့ထား လိုက်တော့သည်။ သတ္တမဓားက သူမကို လက်ထပ်မည်ဟု ကတိခံခဲ့လျင်ပင် သူမက လက်ခံရန် မလွယ်ကူပေ။
ရီဖူရှင်းသည်ကား ထိုပြဿနာကို အလေးမထားသလို လီရှောင်၏ အတွေးကိုလည်း ဂရုမစိုက်ခဲ့ပေ။
***
တောင်အနောက်ဘက် ကော့တေး တည်ရှိရာ စံအိမ်တွင် ဓားသခင်သည် တောင်ကမ်းပါးစွန်း၌ တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏ အနက်ရောင် ဝတ်ရုံစများမှာ လေအလျင်နှင့်အတူ တဖျတ်ဖျတ် လွင့်မျောနေ၏။
သူ့အနောက်မှာတော့ လူတစ်ယောက် ရောက်လာပြီး မေးသည်။ “အဲဒီအကြောင်း ဘယ်လိုထင်လဲ အစ်ကို”
သူသည်ကား ကော့တေးမှ တတိယတပည့် ဂူတုံးလျို ဖြစ်သည်။
“ဆယ့်ကိုးနှစ်တောင် ရှိသွားပြီ” ဓားသခင်က ရုတ်တရက် ပြောသည်။
သို့သော်လည်း သူဆိုလိုသည်ကို ဂူတုံးလျို နားလည်သည်။ သူက ဓားသခင်၏ ဘေးသို့ လျှောက်သွားကာ ခေါင်းညိတ်ရင်း ပြောသည်… “ဟုတ်တယ် … ဆယ့်ကိုးနှစ်ရှိပြီ”
ကောင်းကင်ပြက္ခဒိန် ၁၀၀၀၄ ခုနှစ်တွင် အရှေ့မြေရိုင်း ဒေသတွင် မင်းသမီး ဒွန်ဟောင်သည် စာအုပ်တောင်သို့ ရောက်လာခဲ့ပြီး ကော့တေးမှ ဆရာဒူကို ခေါ်ဆောင်သွားခဲ့သည်။
ယနေ့ ကောင်းကင်ပြက္ခဒိန် ၁၀၀၂၃ ခုနှစ်သို့ ရောက်သွားပြီ ဖြစ်သဖြင့် အချိန်ကာလအားဖြင့် ဆယ့်ကိုးနှစ် ကြာမြင့်ခဲ့လေပြီ။
အခြားလူများက ဓားသခင်ပြောသည့် ဆိုလိုရင်းကို နားလည်လိမ့်မည် မဟုတ်သော်လည်း ဂူတုံးလျိုကတော့ နားလည်ပေသည်။
သည်ဆယ့်ကိုးနှစ် အတွင်းတွင် များပြားလှသည့် ကိစ္စများ ဖြစ်ပွားခဲ့သည်။ သူတို့ ယခင်က အိပ်မက်ပင် မမက်ဖူးခဲ့သည့် အမြင့်သို့ ရောက်ရှိလာခဲ့ကြ၏။ မရေတွက်နိုင်သည့် ခက်ခဲမှုများ ကြုံတွေ့ခဲ့ရသည်။ သူတို့သည် အချိန်တိုင်းလိုလို သေခြင်းတရားနှင့် လက်တစ်ကမ်းအလို အနေအထားများဖြင့် ရင်ဆိုင်ခဲ့ရ၏။
ထိုသို့ဆိုလျှင်ပင် သူတို့သည် ရှေ့ဆက်လျှောက်ရမည့် လမ်းခရီးမှာ ရှည်လျား ထွေပြားနေဆဲဖြစ်သည်။
ဓားသခင်က ကောင်းကင်ကို မော့ကြည့်လိုက်ရင်း မေးသည်… “တုံးလျို … ကောင်းကင်က ဘယ်လောက်မြင့်မယ်လို့ မင်းထင်လဲ”
အောက်ဘုံမှ လူများစွာတို့က မော့ကြည့်သည့်အခါ သူတို့သည် ကောင်းကင်ကို မြင်ရ၏။ အထက်ဘုံက လူများက မော့ကြည့်ပြန်သည့် အခါတွင်လည်း သူတို့ကို ကောင်းကင်ကို ထိုနေရာတွင် မြင်နေရဆဲ ဖြစ်၏။
ကောင်းကင်က ဘယ်ရွေ့ဘယ်မျှ မြင့်မားသနည်း။
“အနှိုင်းအဆမဲ့ပေါ့” ဂူတုံးလျိုက ပြောသည်။
“ငါတို့ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲ” ဓားသခင်က ထပ်မေးသည်။
“နှလုံးသားနဲ့တော့ အနန္တ အကွာအဝေးထိ ရောက်နိုင်လိမ့်မယ်” ဂူတုံးလျိုက ပြောသည်။
ဓားသခင်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ ကောင်းကင်က အတိုင်းအဆမရှိ မြင့်မားသကဲ့သို့ နှလုံးသားနှင့် ကျင့်ကြံမှု လမ်းစဉ်သည်လည်း အနှိုင်းအဆမဲ့ မြင့်မားပေသည်။
တစ်ချိန်တုန်းက သူ့အား ဒဏ္ဍာရီဆန်စွာဖြင့် လူအများက ပါရမီရှင်ဟု သမုကြကာ သူ၏ စိတ်အခြေအနေသည် ထူးခြားသည်ဟု ဆိုကြ၏။
သူက ထိုအရာများကို ဂရုမစိုက်ပေ။ သူတစ်ခုတည်းသော ဆန္ဒမှာ သူ့ဆရာကို တွေ့နိုင်ရန်ဖြစ်၏။
သို့သော် အရာအားလုံးက အလှမ်း ကွာဝေးလွန်းသည်။ သူတွေးလေလေ ထိုသဘောတရားအား ဖမ်းဆုပ်ရန် ခက်ခဲလေ ဖြစ်သည်။
“တုံးလျို … ငါ ရှန့်ထိုအဆင့်သို့ ဝင်ရောက်တော့မယ်” ဓားသခင်က ပြောသည်။
ဂူတုံးလျှို ခေတ္တမျှ ငြိမ်သက် သွားပြီးနောက် ရယ်ကာ ပြောသည်… “ကောင်းတယ်”
သူ့အစ်ကိုက နောက်ဆုံးတော့ နောက်တစ်ဆင့်သို့ ချိုးဖျက် ဝင်ရောက်တော့မည်။
သူက ရှန့်ထိုအဆင့်သို့ တက်မည်ဟု ပြောလျှင် အမှန်တကယ် တက်ရောက်တော့မည် ဖြစ်ကြောင်း သူသိသည်။ သူ့အစ်ကိုက ရှန့်ထိုအဆင့်သို့ ရောက်မည် မရောက်မည်ကို ဂူတုံးလျို သံသယ မရှိပေ။
ဓားသခင်ကလည်း ရယ်မောလိုက်သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ မိစ္ဆာစွမ်းအင်များ ပတ်ဝန်းကျင်တွင် ပျံ့နှံလာပြီး မိစ္ဆာစွမ်းအင်လှိုင်းများ ကြားတွင် မိစ္ဆာဓားတစ်ချောင်း ဖြစ်တည်လာသည်။ စွမ်းအင်များက သူ့ခန္ဓာကိုယ်တွင် စုစည်းလာပြီး ကောင်းကင်နှင့် မြေကြီးထံသို့ ဟိန်းဟောက်သံများပေး၏။
“အနန္တအကွာအဝေး ဆိုရင်တောင်မှ ငါကတော့ သွားရလိမ့်မယ်” ဓားသခင်က ရှေ့သို့ ခြေလှမ်းလိုက်ကာ မိစ္ဆာဓားကို လေထဲသို့ မတင်လိုက်သည်။ သန်မာလှသည့် မိစ္ဆာလှိုင်းများသည် အော်မြည်သံပေး၍ ဓားထံသို့ လျင်မြန်စွာ ပေါင်းစပ်နေသည်။ မိစ္ဆာဓားက ကြောက်မက်ဖွယ် ရောင်စဉ်များကို အငမ်းမရ ဝါးမျိုနေပြီး စွမ်းအား အရှိန်အဝါများက တောင်ကုန်း တစ်ခုလုံးအား ဝန်းရံထားသည်။
တောင်ကုန်းအတွင်းမှ လူများကလည်း ကောင်းကင်သို့ မော့ကြည့် လိုက်ကြသည်။ ရာရာ၊ မှန်နန်းတော် သခင်မနှင့် ကျေးရွာ ခေါင်းဆောင်တို့ အားလုံးက လေထဲမှာ ပျံသန်းနေပြီး ကောင်းကင် နယ်နိမိတ်ကို ထိစပ်ရန် ကြိုးစားနေသည့် ဓားသခင်ကို ကြည့်ကြသည်။
“အစ်ကိုကြီး” ကျူးကော့မင်းယွီ၊ လျှိုဖန်း၊ ယိရှောင်ရှီနှင့် ပေ့ထင်ရှင်းအာ တို့သည်လည်း ဓားသခင်ထံသို့သာ လှမ်းကြည့်နေကြ၏။
ဓားသခင်သည် လေထဲပိုမြင့်လေလေ မိစ္ဆာစွမ်းရည်များကလည်း ပိုပြီး အားကောင်းလေလေ ဖြစ်သည်။
နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အလင်းသည် အထက်ကောင်းကင် တစ်ခုလုံးတွင် ထိန်လင်းနေသည်။ ကမ္ဘာကြီးက အဆုံးသတ်သွားတော့မလို မိုးကြိုး မုန်တိုင်းများကြောင့် တိမ်တိုက်များက မှောင်မိုက်လာသည်။ ကောင်းကင်က အရောင်များ ပြောင်းလဲသွားသည်။
“သူ့ရဲ့ နတ်ဘုရားအပြစ်ဒဏ် ” တောင်ကုန်းမှ လူများအားလုံး အံ့အားသင့်ကြရသည်။
“အစ်ကိုကြီးက နတ်ဘုရား ဆေးကြော သန့်စင်ခြင်း ရှန့်ထိုအဆင့်ကို တက်သွားပြီပဲ”
ကျူးကော့မင်းယွီက သူမ၏ လက်သွယ်လေး တစ်ဖက်နှင့် ဆံပင်ကို သပ်ကာ နားနောက်သို့ ညှပ်လိုက်သည်။ သူမသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး ရွှန်းစိုနေသည့် မျက်ဝန်းများဖြင့် ကောင်းကင်သို့ ကြည့်နေသည်။
ရှန့်ထို …
ကော့တေးမှ တပည့် တစ်ယောက်သည် ရှန့်ထိုတစ်ပါး ဖြစ်လာလေပြီ။
ယခုချိန်မှစ၍ သူတို့၏ စီနီယာအစ်ကိုကြီးသည် အစစ်အမှန် ဓားသခင်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဆရာသာ သည်လိုနေ့မျိုး ရောက်လာသည်ကို မြင်နိုင်မည်ဆိုပါလျှင် သူသည် ကျိန်းသေ ပျော်ရွှင်ပေလိမ့်မည်။
စီနီယာအစ်ကိုကြီးအပြင် ဂူတုံးလျှိုနှင့် ရီဖူရှင်းသည်လည်း ရှီအဆင့် နောက်ဆုံးအဆင့်၌ ဖြစ်ကာ တစ်နေ့တွင် သူတို့သည်လည်း ရှန့်ထိုအဆင့်သို့ ဖြတ်ကျော် နိုင်လိမ့်မည်။ အထူးသဖြင့် ရီဖူရှင်းဖြစ်၏။ သူက တန်ခိုးကျင့်ကြံခြင်းတွင် လူတိုင်းကို ကျော်တက် သွားနိုင်သည်။ တစ်နေ့တွင် သူသည် ဆရာ့၏ မျှော်လင့်ချက်အတိုင်း ဖြစ်လာပေလိမ့်မည်။
“ဒီနေ့က ကောင်းတဲ့ နေ့လေးတစ်နေ့ပဲ အစ်မ” ပေ့ထင်ရှင်းအာက ကျူးကော့မင်းယွီထံ လျှောက်သွားပြီး ပြောသည်။
ကောင်းကင်ပြက္ခဒိန်အရ ၁၀၀၂၃ ခုနှစ်၏ ပထမနေ့တွင် စီနီယာအစ်ကိုကြီးသည် ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခဲ့သည်။
ရီဖူရှင်းသာ သည်မှာ ရှိနေလျှင်လည်း သူသည် သူ၏စီနီယာအစ်ကိုကြီး အတွက် သေချာပေါက် ပျော်ရွှင်ပေလိမ့်မည်။
အနက်ရောင် တိမ်တိုက်ကြီးများက အထက်ကောင်းကင်တွင် ကြောက်မက်ဖွယ် အုံ့ဆိုင်းနေပြီး မိစ္ဆာကပ်ဘေးအလား ဖြစ်ပေါ်လာသည်။ လူတိုင်း၏ နတ်ဘုရားပြစ်ဒဏ်သည် သူတို့၏ ကျင့်ကြံခြင်းပုံစံကို မူတည်၍ ကွဲပြားကြ၏။
ဓားသခင်၏ နတ်ဘုရား ပြစ်ဒဏ်ပြင်းထန်မှုက ထောင်ကျန်း၏ နတ်ဘုရား ပြစ်ဒဏ်ထက် ပိုမြင့်မားသည်။
ထိုအင်အားက ဓားသခင်ကို အပိုင်းပိုင်းအစစ ခြေမွှတော့မလိုပင် ဖြစ်လာသည်။
သို့သော်လည်း ကော့တေး၏ တပည့်များအတွက် ပြဿနာမရှိပေ။ ဓားသခင်သည်လည်း သူ၏ နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ ကော့တေးတွင် ကျင့်ကြံမှု ပြုလုပ်နေစဉ်အတွင်း သူတို့၏ဆရာက ပြောခဲ့သည်မှာ စီနီယာအစ်ကိုကြီး၏ ပါရမီသည် သူတို့ညီအစ်ကို မောင်နှမများကြားတွင် သာမန်သာ ဖြစ်သော်လည်း သူ၏ မယိမ်းယိုင်သော စိတ်ဓာတ်ကြောင့် မြင့်မားသော အဆင့်သို့ တက်ရောက် ပေလိမ့်မည်။
သူက ရှန့်ထိုအဆင့် နတ်ဘုရားပြစ်ဒဏ်ကို တွေ့ကြုံရန် လိုအပ်သည့် အဆင့်များက အလိုလို ပြီးပြည့်စုံ သွားလိမ့်မည်။
ထိုသည်က အလိုအလျောက် ရရှိလာသည့် ရလဒ်ဖြစ်သည်။ ရှန့်ထိုအဆင့် နတ်ဘုရား အပြစ်ဒဏ်က ပြင်းထန် ခက်ခဲသော်ငြား သူတို့၏ စီနီယာ အစ်ကိုကြီးသည် ကျော်ဖြတ် နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။
နတ်ဘုရားပြစ်ဒဏ်သို့ ပြေးဝင်ရန် ကြိုးစားရင်း ဓားသခင်သည် ကောင်းကင်ပေါ်သို့ ဆက်လက် ပျံသန်းနေသည်။ သူ့လက်ထဲမှာတော့ ဓားကို ကျစ်ကျစ် ဆုပ်ကိုင်ထားသည်။ နတ်ဘုရား ဆေးကြော သန့်စင်ခြင်း အလင်း၏ အဆုံးမဲ့ရောင်ပြန်က ကောင်းကင်မှ ကျဆင်းလာသည်။ ထိတ်လန့် တုန်လှုပ်ဖွယ် နတ်ဘုရားပြစ်ဒဏ် မိုးကြိုးမုန်တိုင်းက သူ့ထံသို့ ပြေးဝင်လာ၏။
ဓားသခင်က သူ၏ ဓားကို မြှောက်လိုက်ကာ နတ်ဘုရား ပြစ်ဒဏ်ထံသို့ ပြင်းထန်သည့် ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားပြစ်ဒဏ်က ဓားချက်နှင့် အခုတ်ပိုင်း ခံလိုက်ရကာ ကောင်းကင်ပင် စုတ်ပြဲသွားသယောင် ထင်မှတ်လိုက်ရ၏။
ထိုမြင်ကွင်းက လူတိုင်း၏ နှလုံးသားကို တုန်လှုပ် သွားစေသည်။
မကြာခင်မှာ နတ်ဘုရားပြစ်ဒဏ်က တစ်ဖန် ဖြစ်ပေါ်လာသည်။ ဓားသခင်က သူ၏ လက်ကို ချလိုက်လျှင် ဓားသည် ပျောက်ကွယ်သွား၏။ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အလင်းက သူ့ထံသို့ ကျဆင်းလာသောအခါ သူ့ကိုယ်ကို ဖြတ်သန်းသွား၍ ဆေးကြော သန့်စင်ခဲ့သည်။
နတ်ဘုရားပြစ်ဒဏ်သည် အန္တရာယ်များသော်လည်း ရှန့်ထိုဖြစ်လာရန်အတွက် ထိုအဆင့်ကို ဖြတ်သန်းရန် လိုအပ်ပေသည်။ သန့်ရှင်း စင်ကြယ်ခြင်း ပြဋ္ဌာန်းချက်ကို လက်ခံခြင်းကသာ ရှန့်ထိုအဆင့်သို့ တက်ရောက် စေနိုင်ပေသည်။
ထိုဓားချက်က နတ်ဘုရားပြစ်ဒဏ်ကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ ဤသည်ကပင် ဓားသခင်၏ အကြောက်အရွံ့ ကင်းမဲ့သော နှလုံးသား၏ ပြယုဂ်သာ ဖြစ်လေသည်။
ကောင်းကင်က အဆုံးမဲ့ မြင့်မားပြီး ကျင့်ကြံခြင်း လမ်းစဉ်က အနန္တဝေးကွာလျှင်ပင် သူက ကိုယ်တိုင်သွား၍ သူ့မျက်လုံးများဖြင့် မြင်နိုင်ရန် ကြိုးစားမည် ဖြစ်သည်။
အကန့်အသတ်မဲ့ နတ်ဘုရားပြစ်ဒဏ်ကို ဖော်ကျူးနေသည့် ကောင်းကင်အောက်တွင် ဓားသခင်သည် လေထဲ၌ နတ်ဘုရား တစ်ပါးသဖွယ် ခန့်ညားစွာ ရပ်နေသည်။ ကော့တေးနှင့် အဝေးမှ လူများကပင်လျှင် ထိုနေရာသို့ ထိတ်လန့် တုန်လှုပ်မှု အပြည့်ဖြင့် လှမ်းကြည့် နေကြပေသည်။
***
အင်ပါယာလီဘုံ နန်းတွင်းအကြံပေး၏ အိမ်တော်တွင် သူ၏ စီနီယာအစ်ကိုကြီး ရှန့်ထိုအဆင့်သို့ တက်သွားပြီဖြစ်ကြောင်း သိမ်းငှက်နက်ထံမှ ရီဖူရှင်း ကြားသိခဲ့သည်။ သူက တန်ခိုးကျင့်နေရာမှ နိုးထလာပြီး သူ့မျက်နှာတွင် အပြုံး တစ်ခု ပေါ်ပေါက်လာသည်။
သူက မတ်တတ် ရပ်လိုက်ပြီး မိုးကောင်းကင်ထံသို့ ကြည့်လိုက်၏။
နောက်ဆုံးတော့ ကော့တေးမှ တပည့် တစ်ယောက်သည် ရှန့်ထိုအဆင့်သို့ ခြေချနိုင်ခဲ့ပြီ ဖြစ်၏။
နှမြောစရာတစ်ခုက ရီဖူရှင်းသည် ကော့တေး၏ သမိုင်းဝင် အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရခြင်း ဖြစ်၏။
ယခု အစ်ကိုကြီးက ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်ရာ တစ်နေ့တွင် ရီဖူရှင်းသည်လည်း ထိုအဆင့်သို့ ရောက်ရပေမည်။ ထို့နောက်တွင် အစ်ကို၃သည်လည်း တက်လှမ်း လာပေလိမ့်မည်။
သူတို့အကုန်လုံးက ပိုပြီး မြင့်သည့် နေရာသို့ ရောက်ရှိ ကြလိမ့်မည်။
“ဘာတွေပျော်နေတာလဲ” တစ်ယောက်ယောက်က ညင်သာသော လေသံဖြင့် ပြောသည်။ ရီဖူရှင်း လှည့်ကြည့်လိုက်လျှင် သူနှင့် မျက်နှာချင်းဆိုင်တွင် ဖေးရွှီအား မြင်လိုက်ရ၏။ သူမက ပြောသည်… “ငါ အဝေးကြီးကတည်းက နင် ဘယ်လောက် စိတ်လှုပ်ရှားနေလည်း ခံစားလို့ရတယ်”
“ပျော်စရာကိစ္စပဲ ဆိုပါတော့” ရီဖူရှင်း ပြောရင်း ရယ်လိုက်သည်။
“ဟုတ်လား … ဒီနေ့ ညီလာခံတုန်းက အရှင်မင်းကြီးက နင့်ကို မင်းသမီးနဲ့ လက်ဆက် စေချင်တယ်လို့ ကြားတယ်။ အဲဒါကို ပျော်နေတာဆိုရင် နင် မငြင်းလိုက်သင့်ဘူး” ဖေးရွှီက ပြုံးရင်းနှင့် ပြော၏။ “ပြီးတော့ နင် ဘယ်တုန်းကများ ငါနဲ့ မေတ္တာမျှ သွားရတာလဲ”
“အာ … …” ရီဖူရှင်း အတော်လေး ရှက်သွားခဲ့သည်။
ဖေးရွှီက ဂရုမစိုက်သလို ပြုံးလိုက်၏။ သူမက ခံစားချက်များကို အာရုံခံနိုင်ရာ ရီဖူရှင်းက သူမကို ဘယ်တုန်းကမှ ချစ်နှစ်သက်ခြင်း မရှိသည်ကို သူမ သိ၏။
သူမ ရှေ့၌ သူ၏ ခံစားချက်များကို မည်သည့်နည်းနှင့်မှ ဖုံးကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
“အရှင်မင်းကြီးရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဘာလို့ ငြင်းလိုက်တာလဲ။ နင့်မှာ တကယ် ချစ်ရမယ့်လူ ရှိနေတာလို့တော့ မပြောနဲ့နော်” ဖေးရွှီက ပြုံးစိစိနှင့် ပြောသည်။ သူမက ရုတ်တရက်ကြီး ရီဖူရှင်း၏ အတွေးများကို သိလိုမိသည်။
ရီဖူရှင်းက ဖေးရွှီ၏ မေးခွန်းကို ကြားလိုက်ရလျှင် သူ့နှလုံးသားကို ရေခဲအပ်လေးများနှင့် ထိုးနှက်သကဲ့သို့ ခံစားလိုက်ရ၏။ နှစ်ပေါင်းများစွာ ကြာသွားပြီဆိုသော်ငြား ဘယ်အချိန်ဖြစ်ဖြစ် သူ့အတွေးထဲကို သူမ ဝင်လာတိုင်း အခုထိ သူ ကြေကွဲနေရတုန်းပင် ဖြစ်၏။
ဖေးရွှီ၏ အပြုံးတို့က တောင့်တင်း သွားသည်။ သူမ၏ စပ်စုလိုစိတ်က မှားယွင်းသွားကြောင်း သူမ သိရှိနားလည်လိုက်၏။ သူမက ခေါင်းငုံ့ကာ ညင်သာစွာ ပြောသည်… “တောင်းပန်ပါတယ်”
သူမက မှားယွင်းစွာ မေးလိုက်မိမှန်း သိသည်။
“ကိစ္စမရှိဘူး … မင်းနဲ့မဆိုင်ပါဘူး” ရီဖူရှင်းက ပြောသည်။ ဖေးရွှီ တမင် ရည်ရွယ်ခြင်း မဟုတ်မှန်း သူ သိ၏။
“ငါ အခု သွားသင့်ပြီ။ အဲဒါကို မေ့ပစ်ပြီးတော့ ပျော်စရာ ကိစ္စတွေကိုပဲ ဆက်တွေးလိုက်ပါ” ဖေးရွှီက တည်ငြိမ်စွာ ပြောပြီး လှည့်ထွက်သွားသည်။ ရီဖူရှင်း၏ ခံစားချက်မှာ အနှုတ်သဘော ဆောင်သော သက်ရောက်မှုများ ရှိနေမည်ကို သူမ စိုးရိမ်၏။
သူမ ထွက်ခွာသွားသည်ကို ကြည့်၍ ရီဖူရှင်း ခါးသက်စွာ ပြုံးလိုက်ပြီး ခေါင်းယမ်း လိုက်မိသည်။ သူ့စိတ်ထဲဝင်လာပြီး ဖြစ်သည့် အကြောင်းအရာကို သူက မည်သို့ လွယ်လွယ် မေ့ပစ်နိုင်မည်နည်း။
သို့သော်လည်း ဓားသခင်က ရှန့်ထိုအဆင့်ကို ဝင်ရောက်သွားပြီဟူသည့် သတင်း အတွက်တော့ သူ့အတွက် အမှန်ပျော်စရာကိစ္စ ဖြစ်ပေသည်။
***