အခန်း (၁၂၃) နတ်မိစ္ဆာတွေကိုသတ်ပစ်မယ်
ခြင်္သေ့ကြီးက ကျယ်လောင်သည့် ဟိန်းသံကြီးတစ်သံကို ပြုလုပ်လိုက်သည်။
ခြင်င်္သေ့ဟိန်းသံကြီးက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေပြီး ခန္ဓာကိုယ်အသွေးအသားများကို ကိုက်ဖြတ်စားသောက်နေသည့်အလားခံစားရစေသည်။
“ဝေါင်း…”
ကျယ်လောင်သည့် ခြင်္သေ့ဟိန်းသံကြီးက မြေပြင်တစ်ခုလုံးတုန်လှုပ်သွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ သစ်ပင်များ အပိုင်းပိုင်းကျိုးပျက်ကုန်ကြသည်။
ထိုဟိန်းသံကြီးကို ကြားရသူတိုင်း ချက်ချင်းပင် သတိလစ်မေ့မျောသွားနိုင်ပေ၏။ သို့သော် ကျန်းလန်ကိုတော့ မည်သည့်သက်ရောက်မှုမှ မရှိပေ။
ကျယ်လောင်သည့် ခြင်္သေ့ဟိန်းသံကြီးက အချိန်အတန်ကြာအောင် ထွက်ပေါ်လျှက် ရှိသည်။
သူ၏ တိုက်ခိုက်မှုကို ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ောယက်က မည်သည့်နည်းနှင့်မှ ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း ဆံပင်ရှည်နှင့်ခြင်္သေ့မိစ္ဆာက ယုံကြည်ထားသည်။
ကောင်းကင်ထက်မှ ငှက်မိစ္ဆာကလည်း တိုက်ပွဲကို တည်ငြိမ်စွာဖြင့် ကြည့်နေသည်။ သူက ကျန်းလန်ထွက်ပြေးရန်ကြိုးစားလျှင် ပိတ်ဆို့တိုက်ခိုက်ရန် ကြိုတင်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သို့သော် မြေပြင်ထက်မှ ခြင်္သေ့မိစ္ဆာရော ၊ ကောင်းကင်ထက်မှ ငှက်မိစ္ဆာပါ ကျန်းလန်က သူတို့ကို ပြန်လည်တိုက်ခိုက်လာမည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ကျန်းလန်က ငြိမ်သက်စွာပင် မတ်တတ်ရပ်လျှက် ရှိသည်။
ကျန်းလန် ငြိမ်သက်နေလွန်းသောကြောင့် အကြောက်လွန်ကာ သေဆုံးသွားပြီလားဟု ခြင်္သေ့မိစ္ဆာက တွေးလိုက်သည်။
ရန်သူသေဆုံးသွားပြီလားဟု စစ်ဆေးကြည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့မျက်စိရှေ့တွင် မှုံဝါးဝါး အရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုသူသည်ကား သူနှင့် တိုက်ခိုက်နေသည့် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူမှလွဲပြီး အခြားသူ မဟုတ်ပေ။
ကျန်းလန်က အေးစက်သည့်လေသံဖြင့်…
“မင်း အော်လို့ ပြီးပြီလား… ၊ အော်လို့ပြီးရင် ကျုပ် မေးစရာရှိလို့…”
သူမေးသည့်မေးခွန်းကို မဖြေလျှင် ဆံပင်ရှည်နှင့်လူကို သတ်ပစ်တော့မည့်အလား ကျန်းလန်၏ လေသံက အေးစက်လျှက် ရှိသည်။
ခြေင်္သေ့ဟိန်းသံတန်ခိုးစွမ်းအားက ကျန်းလန်ကို မည်သို့မှ မသက်ရောက်ကြောင်း သိလိုက်ရသည့်အခါ ဆံပင်ရှည်နှင့်လူ အံ့သြထိတ်လန့်သွားပြီး ရှက်လည်းရှက်သွားမိသည်။
သူက ချက်ချင်းပင် ဒေါသတကြီးဖြင့် ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
သူ့အနေဖြင့် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။
“မင်းက အပြောကြီးလွန်းတယ်…”
ပြောပြီးသည်နှင့် ဆံပင်ရှည်နှင့်လူ၏ လက်များက ခြင်္သေ့လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ကျန်းလန်ကို ရိုက်ချလိုက်၏။
ကျန်းလန်က တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်းမပြုဘဲ ခြင်္သေ့လက်သည်းများကို ဖမ်းချုပ်ထားလိုက်သည်။ ထို့နောက် ခြင်္သေ့လက်ကြီးကို လိမ်ချိုးပစ်လိုက်၏။
“ဘန်း…”
“ဂျွတ်… ဂျွတ်…”
ဆံပင်ရှည်နှင့်လူ၏ ခြင်္သေ့လက်ကြီးမှာ လိမ်ချိုးခံလိုက်ရပြီး တစ်စစီကြေမွသွားသည်။
“အား…”
သွေးများပန်းထွက်လာပြီး နာကျင်စွာအော်ဟစ်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လည်ဆံမွှေးရှည်ခြင်္သေ့မိစ္ဆာက ကျန်းလန်ကိုကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။
သူက ခြင်္သေ့မိစ္ဆာဖြစ်သောကြောင့် သာမန် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ခွန်အားကြီးသူ ဖြစ်သည်။
သို့သော် ကျန်းလန်၏ လက်ထဲတွင်တော့ အုတ်ကြွပ်ပြားတစ်ချပ်ပမာ ချေမွခံလိုက်ရသည်။ ရန်သူ၏ တိုက်ခိုက်မှုကို သူ တစ်ချက်ပင် ခုခံနိုင်ခဲ့ခြင်း မရှိပေ။
သေခြင်းရှင်ခြင်းတိုက်ပွဲကို ရင်ဆိုင်ရပြီဟု သိလိုက်သည်နှင့် ခြင်္သေ့မိစ္ဆာ၏ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ထို့နောက် သူက ခြင်္သေ့ဟိန်းသံတန်ခိုးစွမ်းအားကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်သည်။
ယခုတစ်ကြိမ် အသုံးပြုလိုက်သည့် ခြင်္သေ့ဟိန်းသံတန်ခိုးစွမ်းအားက စောစောက အသုံးပြုလိုက်သည့်စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။
“ဝေါင်း…”
သို့သော် ခြင်္သေ့ဟိန်းသံတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ချိန်မှာပင် သူ့ထံသို့ ဝင်ရောက်လာသည့်လက်တစ်ဖက်ကို ခြင်္သေ့ကြီး အံ့အားသင့်စွာဖြင့် တွေ့မြင်လိုက်ရသည်။
ကျန်းလန်၏လက်က ခြင်္သေ့မိစ္ဆာ၏ ပါးစပ်ကို လာရောက်ဆုပ်ကိုင်လိုက်၏။ ချက်ချင်းပင် ခြင်္သေ့ဟိန်းသံတန်ခိုးစွမ်းအားများ ရပ်တန့်သွားသည်။
ကျန်းလန်က…
“နားငြီးလိုက်တာ… ကြည့်ရတာ မင်းက ကျုပ်မေးတဲ့မေးခွန်းကို မဖြေချင်ဘူးထင်တယ်…”
ပြောပြီးသည်နှင့် ကျန်းလန်က ခြင်္သေ့မိစ္ဆာကို လက်သီးဖြင့် ထိုးချလိုက်၏။
“ဘန်း…”
သွေးမှုံများ နေရာအနှံ့ပျံ့နှံ့သွားသည်။
လည်ဆံမွှေးရှည်ခြင်္သေ့ကြီး၏ ခန္ဓာကိုယ် တစ်စစီကြေမွသွားလေတော့သည်။
ခြေင်္သ့မိစ္ဆာကို သတ်ဖြတ်ပြီးသည်နှင့် ကျန်းလန်က ကောင်းကင်ထက်မှ ငှက်မိစ္ဆာကို မော့ကြည့်လိုက်သည်။
လေထဲတွင် ရပ်နေသည့် ငှက်မိစ္ဆာမှာ တိုက်ပွဲမြင်ကွင်းကြောင့် အနည်းငယ် အံ့သြမှင်တက်သွား၏။ သို့သော် သူက ချက်ချင်းပင် တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ စတင်တိုက်ခိုက်လိုက်သည်။
ဆံပင်တိုနှင့်လူ၏ နောက်ကျောမှ အတောင်ပံကြီးက တဖြည်းဖြည်းကြီးမားလာလေသည်။ ထို့နောက် ငှက်မိစ္ဆာက အတောင်ပံတစ်ချက်ခတ်လိုက်သည်။
ထိုအခါ ပြင်းထန်သည့် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကျန်းလန်၏ ပတ်ပတ်လည်ကို ပိတ်ဆို့ထားလိုက်သည်။
ကျန်းလန်ကတော့ ငှက်မိစ္ဆာ ထွက်ပြေးလွတ်မြောက်သွားမည်ကို စိတ်ပူနေမိသည်။
ထို့နောက် ငှက်မိစ္ဆာထံမှ တန်ခိုးစွမ်းအားတစ်ခုက ပင့်ကူအိမ်ကွန်ယက်များအလား ထွက်ပေါ်လာသည်။
“ငှက်မွှေးတစ်ထောင်တန်ခိုးစွမ်းအား…”
ငှက်မိစ္ဆာက ကြုံးဝါးသံတစ်ချက် ပြုလိုက်၏။
“ဖလပ်… ဖလပ်…”
မရေမတွက်နိုင်သည့် ငှက်မွှေးများ ကောင်းကင်ထက်မှကျဆင်းလာပြီး ကျန်းလန်၏ မြင်ကွင်းတစ်ခုလုံး ငှက်မွှေးများဖြင့် ပိတ်ဆို့ဖုံးလွှမ်းသွားသည်။
ငှက်မွှေးတိုင်းတွင် မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် တန်ခိုးစွမ်းအားများ ပါဝင်သည်။
“ဝှစ်… ဝှစ်…”
ငှက်မွှေးများက မိုးရွာချသည့်အလား ကျန်းလန်ရှိရာသို့ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လာကြသည်။
မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူများ အတူတကွ ပူးပေါင်းတိုက်ခိုက်သည့်အလား ထင်မှတ်ရသည်။
ဤသို့သောတိုက်ခိုက်မှုမျိုးက မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း အသက်ပျောက်သွားစေနိုင်သည်။
မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူပင်လျှင် ဤသို့သော တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူပင် အသက်ပျောက်နိုင်မည်ဆိုလျှင် ရွှေပြဒါးအမြုတေအဆင့်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
“မင်းလွတ်လမ်း မရှိပါဘူး…”
ဆံပင်တိုနှင့်လူက ရက်စက်ကြမ်းကြုတ်သည့် မျက်နှာအမူအရာဖြင့် ကျန်းလန်ကိုငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။
ငှက်မိစ္ဆာက ကျန်းလန် သေချာပေါက် သူ့လက်မှ လွတ်မြောက်နိုင်မည်မဟုတ်ဟု ယုံကြည်ထားသည်။ သူနှင့် တိုက်ခိုက်ခဲ့သည့် ရန်သူမှန်သမျှ ငှက်မွှေးတစ်ထောင်တန်ခိုးစွမ်းအားကို ရင်မဆိုင်နိုင်ဘဲ အသက်ပျောက်ခဲ့ရသည်ချည်းပင် ဖြစ်၏။
“ကျုပ်ကလည်း ထွက်ပြေးဖို့ အစီအစဉ် မရှိဘူး…”
ထိုအသံက ဆံပင်တိုနှင့်လူ၏ အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရုတ်တရက် ပြောင်းလဲသွားသည့် တိုက်ပွဲအခြေအနေကြောင့် ဆံပင်တိုနှင့်လူ မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်သည်။
ဤသူက သူ၏ ငှက်မွှေးတစ်ထောင်တိုက်ခိုက်မှုကို မည်သို့ ရှောင်တိမ်းပြီး သူ့နောက်သို့ ရောက်ရှိလာရပါသနည်း။
ရန်သူနှင့် နီးကပ်နေခြင်းက အန္တရယ်များသည် ဖြစ်လေရာ ငှက်မိစ္ဆာက ချက်ချင်းပင် ကျန်းလန်နှင့်ဝေးရာသို့ ပျံသန်းထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သူ့တွင် ကြီးမားသည့် အတောင်ပံများကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားနိုင်စွမ်း ရှိလေသည်။
သာမန်လူတစ်ယောက်က မည်သည့်နည်းနှင့်မှ သူ့ကို အမီလိုက်နိုင်မည် မဟုတ်ပေ။
သို့သော် သူ အတောင်ပံခတ်ရန်ကြိုးစားလိုက်သည်နှင့် အတောင်တစ်ဖက် လှုပ်ရှား၍ မရတော့ကြောင်း သတိပြုလိုက်မိသည်။
လက်တစ်ဖက်က သူ၏ အတောင်ပံကြီးတစ်ဖက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသောကြေင့် ဖြစ်၏။
“ဗျိ…”
“ဂျွတ်…”
ကျန်းလန်က ငှက်မိစ္ဆာကောင်၏ အတောင်တစ်ဖက်ကို ဆွဲဖြဲပစ်လိုက်သည်။
“အား…”
အော်သံနက်ကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကြီးမားသည့် ဧရာမတောင်ပံကြီးတစ်ဖက်ကို ကျန်းလန် ဆွဲဖြဲပစ်လိုက်ပြီ ဖြစ်သည်။
ဆံပင်တိုနှင့်လူ ထွက်ပြေးနိုင်စွမ်း မရှိတော့ဘဲ ထိတ်လန့်တုန်လှုပ်လျှက် ရှိလေသည်။
“ဗျိ… ဗျိ… ဂျွတ်…”
ကျန်ရှိနေသေးသည့် နောက်ထပ်အတောင်ပံတစ်ဖက်ကိုလည်း ကျန်းလန်က စုတ်ဖြဲပစ်လိုက်သည်။
ငှက်မိစ္ဆာမှာ မြေပြင်ထက်သို့ ပုံပျက်ပန်းပျက် ပြုတ်ကျသွားတော့၏။
သူ၏ ကျောရိုးမှာ ကျောက်တုံးများဖြင့် စောင့်မိပြီး မခံမရပ်နိုင်အောင် နကျင်မှုကို ခံစားလိုက်ရသည်။ သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။
ထို့နောက် ငှက်မိစ္ဆာက အားတင်းကာ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ထက်မှ ဖြည်းညင်းစွာဆင်းလာသည့် ကျန်းလန်ကို ငရဲမှလာသည့် တမာန်တော်ကို ကြည့်သည့်အလား တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိသည်။
“ကျုပ် မင်းကို မေးခွန်းနည်းနည်းလောက်မေးချင်တယ်…”
ကျန်းလန်က ဆံပင်တိုနှင့်လူကိုကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။
ရန်သူ၏ အတောင်ပံများက အန္တရယ်အများဆုံး အစိတ်အပိုင်းများ ဖြစ်သည်။ ထို့ကြောင့် ကျန်းလန်က အတောင်ပံများကို အရင်ဆုံး ဆွဲဖြဲလိုက်ခြင်း ဖြစ်၏။
ဆံပင်တိုနှင့်လူက ကျန်းလန်ကို စူးစူးဝါးဝါးကြည့်လိုက်ရင်း…
“မင်းမေးတာကိုဖြေရင် ကျုပ်ကို လွှတ်ပေးမှာလား…”
ကျန်းလန်က တည်ငြိမ်သည့်လေသံဖြင့်…
“သေရလွယ်အောင် လုပ်ပေးမယ်…”
ကျန်းလန်၏ တည်ငြိမ်မှုက ငှက်မိစ္ဆာကို ပိုမိုကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ရန်သူက သူ့ကို အချိန်မရွေးသတ်ဖြတ်ပစ်တော့မည် မဟုတ်ပါလား။
ငှက်မိစ္ဆာက…
“ဒါဖြင့် ကျုပ်က မင်းမေးတဲ့မေးခွန်းတွေကို ဘာလို့ ဖြေရမှာလဲ…”
ကျန်းလန်က ချက်ချင်းပင် ဆံပင်တိုနှင့်လူအနားသို့ ရောက်ရှိလာသည်။
ကျန်းလန်က ရုတ်တရက် သူ့ရှေ့ရောက်လာသောကြောင့် ဆံပင်တိုနှင့်လူမှာ ထိတ်လန့်သွားပြီး နောက်သို့ဆုတ်လိုက်မိသည်။
သို့သော် သူ့ခေါင်းတစ်ခုလုံး မူးဝေသွားပြီး အသက်ရှူသံများ မတည်မငြိမ်ဖြစ်ကာ မြေပြင်ထက် လဲကျသွား၏။ သူ့ပုံစံက သနားစရာပင်ကောင်းလွန်းတော့သည်။
စိတ်မကောင်းစရာမှာ ကျန်းလန်က ရန်သူကို မသနားတတ်ခြင်းပင်။
သူက ဆံပင်တိုနှင့်လူကို ငုံ့ကြည့်လိုက်ရင်း…
“အခု ခွန်လွန်တောင်ကိုလာတာ မင်းတို့ နတ်မိစ္ဆာတွေ ဘယ်နှစ်ယောက်ရှိလဲ… ၊ ဒါမှမဟုတ် ဘယ်နှစ်ဖွဲ့ရှိလဲ… ၊ တစ်ဖွဲ့မှာ လူဘယ်နှစ်ယောက်လဲ… ၊ မင်းတို့တွေရဲ့စွမ်းအား ဘယ်လောက်မြင့်မားကြသလဲ…”
ဆံပင်တိုနှင့်လူက ကြောက်ရွံ့စွာဖြင့်…
“ကျုပ်… ကျုပ်တို့ ဒီကိုလာတာ အဖွဲ့တစ်ဖွဲ့တည်းပါ… ၊ အဖွဲ့ထဲမှာ လူ (၁၀)ယောက်ရှိတယ် ၊ တပ်မှူးက မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူပါ ၊ တခြားသူတွေက မူလဝိညာဉ်အဆင့် ကျင့်ကြံသူတွေပါ ၊ ဗိုလ်မှူးကတော့ ဒီကိုရောက်နေပေမယ့် ကျုပ်တို့နဲ့ မဆုံတွေ့ရသေးပါဘူး…”
ကျန်းလန်က…
“ဒါဖြင့် မြေကြောကျုံ့တန်ခိုးစွမ်းအားကို အသုံးပြုလိုက်တဲ့သူက ဘယ်သူလဲ…”
ငှက်မိစ္ဆာက…
“အဲဒါက… အဲဒါက… ဗိုလ်မှူး အသုံးပြုတာပါ…”
ကျန်းလန်က…
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ…”
ငှက်မိစ္ဆာက…
“လူ… လူသားနတ်ဘုရား အဆင့်ပါ…”
ကျန်းလန်က…
“မင်းတို့လူတွေ အခု ဘယ်နေရာမှာ စခန်းချသလဲ…”
ငှက်မိစ္ဆာက…
“တိမ်ပြိုကမ်းပါးမှာပါ… ၊ အဲဒီနေရာက ခွန်လွန်တောင်နဲ့ အရမ်းဝေးပါတယ်…”
ကျန်းလန် မေးခွန်းများ ဆက်မမေးတော့ဘဲ ခဏမျှ တိတ်ဆိတ်နေသည်။
ပြီးမှ…
“မင်းပြောတဲ့စကားတွေမှာ မှန်တဲ့အချက် ဘယ်နှစ်ခုပါသလဲ…”
ကျန်းလန်၏ စကားကိုကြားသည်နှင့် ဆံပင်တိုနှင့်လူက ကျန်းလန်ကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။
သူက ကျန်းလန်ကို တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်…
“ဘုန်း…”
ပြင်းထန်လှသည့် လက်သီးချက်တစ်ချက်က သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး သူ့ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားလေတော့၏။
ကျန်းလန် အားလုံးကို ကျောခိုင်းကာ ရှေ့ဆက်လျှောက်လာခဲ့သည်။
သူ၏ နောက်ကျောဘက်တွင် လေထုတစ်ခုလုံး သွေးမှုံများနှင့်ပြည့်နက်လျှက် ကျန်ရစ်ခဲ့သည်။
နတ်မိစ္ဆာများတွင် မည်သည့်အကြံအစည်များ ရှိနေသည်ကို ကျန်းလန် သိချင်နေမိသည်။
ယနေ့ည ခြင်္သေ့မိစ္ဆာနှင့် ငှက်မိစ္ဆာ အသတ်ခံလိုက်ရသည့်သတင်းကို နောက်တစ်နေ့တွင် ရန်သူများ ချက်ချင်း သိရှိသွားကြပေလိမ့်မည်။
ထိုသို့ဆိုလျှင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားပေမည်။
ထို့ကြောင့် အခြားနတ်မိစ္ဆာများကို ရှင်းပစ်ရန် ယနေ့ည ချက်ချင်းလှုပ်ရှားသည်က အကောင်းဆုံးဖြစ်၏။
သူ့ကိုလုပ်ကြံရန်စီစဉ်နေသည့် နတ်မိစ္ဆာများကို ရှင်းပစ်ပြီးမှသာ ကျန်းလန် သေရည်ဆိုင်တွင် စိတ်အေးလက်အေး အလုပ်လုပ်နိုင်မည် ဖြစ်သည်။
သေရည်ဆိုင်မှ အလုပ်တာဝန်များပြီးဆုံးလျှင်တော့ နဝမတောင်ထွတ်တွင် တံခါးပိတ်ကျင့်ကြံရပေမည်။
ထိုအချိန်ရောက်လျှင်တော့ ယနေ့ နတ်မိစ္ဆာများနှင့် ရင်ဆိုင်တိုက်ပွဲက သူနှင့်ပတ်သက်လာစရာ အကြောင်းမရှိတော့ပေ။
………….
ခွန်လွန်တောင်…
ရှောင်ယွိ ဓားကို စီးနှင်ပြီး ခွန်လွန်တောင်ရှိရာ တန်းတန်းမတ်မတ် ပျံသန်းလျှက် ရှိသည်။
သို့သော် သူမ၏ ဦးတည်ရာက တတိယတောင်ထွတ်ဆီသို့ မဟုတ်ပေ။ သူမက တတိယတောင်ထွတ်မှ တပည့်ဖြစ်သော်လည်း တတိယတောင်ထွတ်သို့ ပြန်ရန် မလိုအပ်သည့် အနေအထား ဖြစ်သည်။
ခဏအတွင်း သူမ နဝမတောင်ထွတ်ကို ဖြတ်ကျော်သွားပြီး တောင်အနောက်ဘက်သို့ ရောက်ရှိလာသည်။
နဝမတောင်ထွတ်၏ အနောက်ဘက်တွင် တောင်ထွတ်ကြီးတစ်ခု ရှိလေသည်။ ထိုတောင်ထွတ်က ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်ကြီး ဖြစ်၏။
မကြာမီ သူမ ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်ကြီးအနားသို့ ရောက်ရှိလာသည်။
သူမ ရှေ့ဆက်သွားမည်ဆိုလျှင် တောင်ထွတ်ပေါ်တွင်တည်ရှိသည့် ကျောက်စိမ်းရေကန်ရှိရာသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။
ကျောက်စိမ်းရေကန်ဆိုသည်က အစီအရင်အရံအတားများဖြင့် ပြည့်နက်နေပြီး မည်သည့်တပည့်မှ အနားမကပ်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။
သို့သော် ရှောင်ယွိကတော့ အရေးမစိုက်ဘဲ ရှေ့ဆက်၍သာ ပျံသန်းလျှက်ရှိသည်။
သူမ၏မျက်နှာကလည်း ကြောက်စရာကောင်းလောက်အောင် အေးစက်ခက်ထန်လျှက် ရှိ၏။
အတားအဆီးများအားလုံးကို ဖြတ်ကျော်ပျံသန်းပြီးသည့်နောက် ရှောင်ယွိက ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်ထက်တွင် ဆင်းသက်လိုက်သည်။
မြေပြင်ထက်ခြေချမိသည်နှင့်သူမ၏ ပုံစံက တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။
သူမပုံစံက အသက် (၁၄)နှစ် ၊ (၁၅)နှစ်အရွယ် ကလေးမလေးတစ်ယောက် မဟုတ်တော့ပေ။
အလွန်တရာချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။ သူမခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသည့်အဝတ်အစားများမှာလည်း သူမ၏ ခန္ဓာကိုယ်အရွယ်အစားအတိုင်း လိုက်လံ ပြောင်းလဲသွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရှောင်ယွိသည် သွယ်လျသည့်ခန္ဓာကိုယ် ၊ ခါးထိအောင်ရှည်လျားသည့် ဆံနွယ်များနှင့် အလွန်တရာချောမောလှပသော မိန်းမပျိုလေးအသွင် ပြောင်းလဲသွားလေတော့၏။
သူမ၏ အလှတရားက လောကတစ်ခွင် ပြိုင်ဘက်ကင်းသည့် အလှတရား ဖြစ်သည်။
မိန်းမပျိုသည် ကျောက်စိမ်းရေကန်နံဘေးတွင် အတန်ကြာမတ်တတ်ရပ်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။ သူမ၏မျက်နှာကတော့ အေးစက်ခက်ထန်နေပြီး ခံစားချက်ကင်းမဲ့လျှက် ရှိ၏။
ထို့နောက်… သူမ၏ နှုတ်ခမ်းဖျားမှ စကားလုံးအချို့ကို ရေရွတ်လိုက်သည်။
“နဂါးသုတ်သင်ဓားသိုင်း…”
ထို့နောက်…
သူမ ကျောက်စိမ်းရေကန်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
သူမသည်ကားအခြားသူမဟုတ်ပေ။ ကျောက်စိမ်းရေကန်နတ်ဘုရားမ နဂါးမင်းသမီးလေး လုန်ယွိသာလျှင် ဖြစ်ပေတော့၏။