Switch Mode

အပိုင်း(၁၁၄၇)

သတင်းစကားတစ်ခု

အင်ပါယာလီသည် နန်းတွင်း အကြံပေးအပေါ် များစွာ အလေးထားဟန် ရသည်။

သတ္တမဓားသည် အရည်အချင်းရှိသူ ဖြစ်သောကြောင့် အင်ပါယာက သတ္တမဓားနှင့် မင်းသမီးကို စေ့စပ်ကြောင်းလမ်း ပေးလိုခြင်းမှာ သဘာဝဖြစ်သည်။

သတ္တမဓားသည် အောက်ဘုံမှ အကောင်းဆုံး ဓားသမား ဖြစ်သည်။ ထို့အပြင် တိဟောက်ကို အနိုင်ယူကာ ရှန့်ထိုသားရဲ လက်မှလည်း အသက်ရှင်လျက် လွတ်မြောက်ခဲ့ပြီး လီကျွမ်းကိုပင် လူဘုံအလယ်၌ သတ်ပစ်ခဲ့၏။ သူ့တွင် အလွန်ထူးချွန်သော စွမ်းရည်၊ ရဲစွမ်းသတ္တိ၊ သြဇာတိက္ကမနှင့် ပြည့်စုံကာ ချောမောသည့်အပြင် အသက်အရွယ်အရလည်း သင့်တော်လေသည်။

များလှစွာသော လူများက ရှုထောင့်မျိုးစုံမှ တွေးမြင်ကြရာ ဉာဏ်ပညာရှိလှသည့် စေ့စပ်ကြောင်းလမ်းမှု ဖြစ်ကြောင်း တိတ်တခိုး ထောက်ခံကြ၏။ မင်းသမီးက အင်ပါယာ၏မျိုးဆက် ဖြစ်သော်လည်း သတ္တမဓားသည် နန်းတွင်းအကြံပေး အမတ်၏ ထူးချွန် ထက်မြက်သော တပည့်ဖြစ်သည်။ တာလီတွင် သူ့ထက်ပိုပြီး သင့်တော်သူ ရှိပါဦးမည်လော။

ဘုရင့်မိသားစုဝင်များ အားလုံးမှာ အင်ပါယာကို အထိတ်တလန့် မော့ကြည့်လိုက်ကြ၏။ သို့သော်လည်း မည်သူက အင်ပါယာလီကို မေးခွန်း ထုတ်ရဲပါမည်နည်း။

လူအုပ်ထဲမှ ရီဖူရှင်းမှာလည်း ကြက်သေသေ သွားလေသည်။

နန်းတွင်းအကြံပေးနှင့် အတူလိုက်၍  ညီလာခံတက်ကာ အင်ပါယာလီကို တွေ့ဆုံသည့် ပထမဆုံးနေ့မှာပင် အင်ပါယာလီက သူ့ကို မင်းသမီးလီရှောင်နှင့် စေ့စပ်ကြောင်းလမ်း ပေးလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပေ။

သူ လက်ထပ်ရန် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ သူ့အနေဖြင့် အင်ပါယာလီဘုံသို့ လာရောက်ရခြင်းမှာ …

သူကသာ လီရှောင်ကို လက်ထပ်လိုက်ပါက  …

မရေမတွက်နိုင်သော မျက်လုံးအစုံ များစွာတို့က နန်းတွင်းအကြံပေး အမတ်ထံသို့ ကျရောက်လာသည်။ နန်းတွင်းအကြံပေးက အရှေ့သို့ တစ်လှမ်းတိုးကာ အင်ပါယာလီအား ဦးညွှတ်လိုက်ပြီး ပြောသည်။ “အရှင်မင်းကြီးရဲ့ ချီးမြှောက်မှုက သတ္တမဓားအတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော်မျိုးက သတ္တမဓားကို တပည့်အဖြစ် လက်ခံခဲ့တယ် ဆိုတာက သူ့ရဲ့ထူးချွန်ထက်မြက်တဲ့ ပါရမီတွေကို သတိထားမိတာကြောင့်ပါ။ သို့သော် သူ့ရဲ့ ပင်ကိုစရိုက်ကတော့ နည်းနည်း အရိုင်းဆန်ပြီး ထုံးတမ်းစဉ်လာတွေကို သိပ်နားမလည်ပါဘူး။ ဒါကြောင့် သူက မင်းသမီးအတွက် စိတ်ညစ်စရာတွေ ဖြစ်လာစေမှာ စိုးရွံ့မိပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ အတွေးကို မေးကြည့်ကြရင်ရော ဘယ်လိုပါလဲ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် နောက်ပိုင်းမှာ မင်းသမီးက သဘောမကျတာများ ဖြစ်လာခဲ့ရင် ကျုပ် အပြစ် ဖြစ်လာပါလိမ့်မယ်”

“နန်းတွင်းအကြံပေး ပြောတာ နည်းလမ်းကျတယ်” အင်ပါယာလီက ခေါင်းညိတ်ရင်း ပြောသည်။ ထို့နောက် ရီဖူရှင်းထံသို့ လှည့်ကာ ပြောသည် …“သတ္တမဓား … မင်း လက်ဆက်ဖို့ ဆန္ဒရှိရဲ့လား”

ရီဖူရှင်းက ဦးညွှတ်လိုက်ပြီး ရှေ့သို့ တိုးလာသည်။ သူ့တွင် ရွေးချယ်စရာ မရှိပေ။

အင်ပါယာလီ စီစဉ်သည့် လက်ဆက်ခြင်းကို မည်သူက ငြင်းဆန်ရဲမည်နည်း။ ဤလက်ဆက်မှုမှာ အင်ပါယာလီမှ ပေးသော ကောင်းချီး ဖြစ်သောကြောင့် သူက  ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြရ၏။

သင့်တင့်လျောက်ပတ်မှု မရှိသော အဖြေသည် ပြဿနာများအား သယ်ဆောင် လာနိုင်၏။

သို့သော် ရီဖူရှင်း နားလည်သည်မှာ သူ ငြင်းဆန်လိုက်လျှင်ပင် သူသည် နန်းတွင်းအကြံပေး၏ တပည့်ဖြစ်နေသောကြောင့်  အင်ပါယာလီက သူ့ကို ဒေါသထွက်မည် မဟုတ်ပေ။

“အရှင်မင်းကြီး … အရှင့်ရဲ့ ချီးမြှောက်မှုကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က မင်းသမီးနဲ့ တစ်ခါတွေ့ဆုံဖူးပြီး သူမရဲ့ လှပမှုနဲ့ ဇဝနဉာဏ်ရွှင်မှုတို့က တုနှိုင်းမဲ့ပါပဲ။ အဲဒါကြောင့် ကျွန်တော် စိုးရိမ်မိတာက မင်းသမီးနဲ့ မထိုက်တန်မှာကိုပါ။ ပြီးတော့ နန်းတွင်းအကြံပေး အိမ်တော်မှာ ကျွန်တော့်အတွက် သံယောဇဉ် နှောင်ဖွဲ့ရမယ့်သူ ရှိနေနှင့်ပြီးပါပြီ။ အဲဒါကြောင့် မင်းသမီးရဲ့ အသရေညှိုးနွမ်းအောင် မလုပ်ဝံ့ပါဘူး” ရီဖူရှင်း ဖြည်းလေးစွာ ပြောသည်။

အမှန်တရားကို မသိသူများကတော့ သူသည် မင်းသမီးနှင့် ထိုက်တန်မှုမရှိမည်ကို အမှန်တကယ် စိုးရွံ့နေသည်ဟု ထင်ကြပေလိမ့်မည်။

သို့သော်လည်း အမဲလိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်ဝင် မိသားစုဝင်များသည် သတ္တမဓားက မင်းသမီးအား ကြမ်းရမ်းစွာ ဆက်ဆံခဲ့ပုံများအား မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် မြင်နေကြသေး၏။

ယခု သူက “သူမရဲ့ အလှအပနဲ့ ဇဝနဉာဏ်က တုနှိုင်းမမီ” ဟုချီးကျူး အမွှမ်းတင်ကာ သူနှင့်မထိုက်တန်ကြောင်း ငြင်းဆန်နေသည်။

ဝါး …

ဘဝက ဘာမှမဟုတ်ပေမဲ့ ပြဇာတ်တစ်ပုဒ်လိုပါပဲလား …

သူတို့အားလုံး သတ္တမဓား၏စကားကို ယုံကြည်ခြင်း မရှိကြသော်လည်း မည်သူမှ ထုတ်ဖော်ပြောဆိုရဲခြင်း မရှိကြပေ။ မဟုတ်လျှင် နန်းတွင်းအကြံပေးအား ဆန့်ကျင်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထို့အတူပင် လူတိုင်းက အင်ပါယာ၏ စေ့စပ်ကြောင်းလမ်းခြင်း နောက်ကွယ်မှ ရည်ရွယ်ချက်ကို ပြန်လည်စဉ်းစားရန် လိုအပ်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုး၌ အပျက်သဘောမျိုး ပြောဆိုခဲ့ပါက သူတို့၏ အသိဉာဏ်မဲ့မှုတို့အတွက် သေခြင်းတရားနှင့် ပြန်ပေးဆပ် ရပေလိမ့်မည်။

သိသိသာသာပင် အင်ပါယာလီသည် နန်းတွင်း အကြံပေးအား ကြီးစွာ အလေးထားပေသည်။

ထို့အပြင် နန်းတွင်းအကြံပေး အိမ်တော်မှာ ရှိနေနှင့်ပြီးသော သံယောဇဉ် နှောင်ဖွဲ့ရမည့် တစ်စုံတစ်ယောက်မှာ မည်သူဖြစ်သနည်း။

လူတိုင်းကတော့ နန်းတွင်း အကြံပေး၏သမီးကို ရည်ညွှန်းကြောင်း သိရှိလိုက်ကြပြီး ဖြစ်၏။

သတ္တမဓားသည် နန်းတွင်းအကြံပေး အိမ်တော်သို့ ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ယခု သူက နန်းတွင်းအကြံပေး၏ သမက်ပင် ဖြစ်လိုနေပြီလား။

သို့သော်လည်း ရီဖူရှင်းတွင် တခြား ရွေးချယ်စရာမရှိပေ။ သူသည် ဖေးရွှီအတွက် အားနာမိသော်လည်း အနည်းဆုံးတော့ ဤအကြောင်းပြချက်ကြောင့် အင်ပါယာလီက ဘာမှ ဆက်မပြောနိုင်တော့ပေ။

နန်းတွင်းအကြံပေးနှင့် ရန်ယွင်တို့ နှစ်ယောက်လုံးက ရီဖူရှင်းအား လှမ်းကြည့်ကြသည်။ ရီဖူရှင်းက ဖေးရွှီကို ဒိုင်းတစ်ခုအနေနဲ့ အသုံးချနေကြောင်း သူတို့ သိကြလေသည်။

အင်ပါယာလီက ရီဖူရှင်းကို တစ်ချက် ကြည့်လိုက်ပြီး အရေးမကြီးဟန်ဖြင့် ပြောသည်… “ကောင်းပြီလေ … နန်းတွင်းအကြံပေး… အနာဂတ်မှာ ဒီကလေးနှစ်ယောက်က ပေါင်းဖက်ဖို့ ဆန္ဒရှိခဲ့ရင် သူတို့အတွက် မင်္ဂလာပွဲကို ကျုပ် စီစဉ်ပေးနိုင်တယ်”

လီရှောင်နှင့် ပတ်သက်သည့် ပြဿနာသည် ထိုမျှနှင့် ပြီးဆုံးသွားခဲ့၏။ အင်ပါယာလီက နန်းတွင်း အကြံပေးအား အလွန်တန်ဖိုးထား၏။ သတ္တမဓားက နန်းတွင်းအကြံပေး၏ သမီးနှင့် မေတ္တာမျှနေသည် ဆိုကတည်းက သူသည် နန်းတွင်း အကြံပေးအတွက် အရှက်ရစေမည့် ခြေလှမ်းကို ထပ်လှမ်းတော့မည် မဟုတ်ပေ။

ထို့ကြောင့်ပင် သူက သတ္တမဓားနှင့် ဖေးရွှီတို့အတွက် လက်ထပ်ပွဲ စီစဉ်ပေးရန် ကတိပြုလိုက်ပြီး သူ၏ သဘောထားကြီးမားမှုကို ပြသလိုက်သည်။

အင်ပါယာလီ ကိုယ်တိုင်က ထိုကိစ္စကို ထပ်မပြောတော့ရာ အခြားသူများကလည်း ဘာမှ မပြောရဲကြတော့။

နန်းတွင်းအကြံပေး အိမ်တော်ကို မည်သူကမှ ရူးသွပ်ပြီး ဆန့်ကျင်ကြမည် မဟုတ်ပေ။

“အရှင်မင်းကြီးရဲ့ ကြီးမြတ်တဲ့ သဘောထားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကလေးတွေကြားမှာ ဝင်မစွက်ဖက်ဖြစ်ပေမဲ့ တနေ့မှာ သူတို့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ အရှင်မင်းကြီးဆီ အစီရင်ခံပါ့မယ်” နန်းတွင်းအကြံပေးက ဦးညွှတ်ရင်း ပြောသည်။ ရီဖူရှင်း ပြောသည်က အမှန်မဟုတ်မှန်း သိနေသော်လည်း အင်ပါယာလီ၏ စီစဉ်မှုကို ရီဖူရှင်းက လက်မခံလိုသည်မို့ ထိုပြဿနာကို ဖြေရှင်းရန် သူကလည်း လိုက်ပါ သရုပ်ဆောင်ပေးခဲ့သည်။

“ကောင်းပြီ” အင်ပါယာလီက ခေါင်းညိတ်ကာ ပြောသည်။ ထို့နောက် သူက အခြား လူများဘက်သို့ လှည့်ကာ မေးသည် … “ဒီနေ့အတွက် အစီရင်ခံစရာများ ရှိသလား”

“အရှင်မင်းကြီး … ကျွန်တော့်မှာ အစီရင်ခံစရာ တစ်ခုရှိပါတယ်” အရှေ့တန်းမှာ မတ်တတ်ရပ်နေသည့် ဘုရင်ထန်တောက်က ပြောသည်။

“ဘာကိစ္စများလဲ … အစ်ကိုတော်ဘုရင်” အင်ပါယာလီက မေးသည်။ ဘုရင်ထန်တောက်သည် အင်ပါယာလီ၏ အစ်ကိုအရင်းဖြစ်ကာ ဘုရင်ထန်တောက် ဟူသော ဘွဲ့ကို အပ်နှင်းခံရသူဖြစ်၏။ ယခု အင်ပါယာလီက သူ့ကို ‘အစ်ကိုတော်ဘုရင်’ ဟု ခေါ်လိုက်ခြင်းဖြင့် သူတို့ နှစ်ယောက်ကြားမှာ ရင်းနှီးမှုကို သိသာစေခဲ့၏။

ကြည့်ရသည်မှာ အင်ပါယာလီသည် နန်းတွင်းအကြံပေးနှင့် ဘုရင်ထန်တောက်ကို ထပ်တူထပ်မျှ တန်ဖိုးထားပုံ ရလေသည်။

“တာလီ တိုင်းပြည်ထောင်ရဲ့ သိုင်းပညာ ကျင့်ကြံခြင်းဟာ အဆင့်အတန်း မြင့်မားနေပါပြီ။ များပြားလှတဲ့ ထိပ်တန်း ပုဂ္ဂိုလ်တွေဟာလည်း နန်းတွင်းအကြံပေးရဲ့ တာလီကျောင်းတော်နဲ့ တောက်လီတောင်ကနေ ထွက်ပေါ်လာနေဆဲပါ။ တာလီပြည်ရဲ့ အဆင့်မြင့်တန်ခိုးရှင် အရေအတွက်ဟာလည်း တိုးလာနေပါတယ်။ နန်းတွင်း အကြံပေးကသာ စစ်တပ်ကို ကူညီပြီး ရှန့်ထိုသံမဏိစစ်သည် တည်ထောင်ခြင်းကို အတူတူ ကြိုးစားပေးမယ်ဆိုရင် ပြီးပြည့်စုံ သွားမှာပါ” ဘုရင်ထန်တောက်က တည်ငြိမ်သည့် လေသံဖြင့် ပြောသည်… “ဒါကြောင့် အရှင်မင်းကြီးကို တောင်းဆိုချင်တာက နန်းတွင်းအကြံပေးကို စစ်တပ်ထဲဝင်ပြီး တာလီပြည်အတွက် ရှန့်ထိုသံမဏိ စစ်သည်တွေ တည်ထောင်တာကို ကူညီဖို့ ခွင့်ပြုပေးစေ ချင်ပါတယ်”

“နန်းတွင်းအကြံပေးက ဒီနှစ်တွေထဲ အင်ပါယာလီမြို့တော်မှာ တန်ခိုးကျင့်ကြံရေးကို သင်ကြားပေးဖို့အတွက် အများကြီး အားထုတ်ခဲ့တာ။ ကျုပ်က တစ်ခါတလေမှာ နန်းတွင်းအကြံပေးဆီ လူတွေလွှတ်ပြီးတော့ ဝင်္ကပါနည်းလမ်းကို သင်ယူစေတယ်။ ပြီးတော့ စစ်တပ်ကို လေ့ကျင့်ပေးဖို့ ဗဟုသုတတွေကို အသုံးချတယ်။ အစ်ကိုတော်ဘုရင် … ခင်ဗျားက အရမ်းကို ပွင့်လင်းလွန်းတယ်။ ခင်ဗျားက နန်းတွင်း အကြံပေးကို စစ်တပ်ထဲသို့ ဝင်စေချင်နေတာပဲ” အင်ပါယာလီက ရယ်မောရင်း ပြောသည်။

ဘုရင်ထန်တောက်က ပြောသည် … “အရှင်မင်းကြီး ဒီနှစ်တွေမှာ သူက သူ့အလုပ်ကို တကယ် အားထုတ်ခဲ့တယ်။ တိုင်းပြည်အတွက် သူ့ရဲ့ အကူအညီတွေက အရေးပါလှတယ်။ ဒါပေမဲ့လည်း ဒီနေ့အချိန်မှာ နန်းမြို့တော်မှာ အရာရာက အဆင်ပြေ ချောမွေ့နေပါတယ်။ ပြီးတော့ တာလီကျောင်းတော်ရဲ့ အနေအထားကလည်း ခိုင်မာနေပါပြီ။ ကျွန်တော် ကြားတာတော့ အခု နန်းတွင်းအကြံပေးက တာလီကျောင်းတော်နဲ့ ပတ်သက်ပြီး တစ်ခါတလေမှသာ ဝင်ရောက် ကိုင်တွယ်တယ်တဲ့။ အခုဆို မင်းသားသုံးက သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်ကို ချိုးဖျက် ဝင်ရောက်ခဲ့ပြီးပြီ။ ကျွန်တော် အကြံပြုချင်တာကတော့ မင်းသားသုံးက နန်းတွင်းအကြံပေးကို ကူညီပြီး တာလီကျောင်းတော်မှာ အားဖြည့်ပေး နိုင်ပြီးတော့ နိုင်ငံအတွင်း အခြေအနေတွေကိုလည်း ထိန်းသိမ်းနိုင်မှာပါ။ ဒါ့အပြင် မင်းသားကြီးနဲ့ ဘုရင်ခံပိုင်ကလည်း နိုင်ငံတော်ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ကူညီထိန်းသိမ်းပေး နိုင်ပါလိမ့်မယ်”

“နန်းတွင်းအကြံပေးနဲ့ သူ့တပည့်တွေ အကုန်လုံးက စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေနဲ့ ဉာဏ်ပညာရှိကြတယ် … သူတို့သာ စစ်တပ်ကို ဝင်ပြီး ကျွန်တော်နဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေက ပြိုင်ဘက်ကင်းစစ်တပ်ကို တည်ထောင်နိုင်မှာပါ” ဘုရင်ထန်တောက်က ဆက်ပြောသည်။

ရုတ်တရက် လူတိုင်း၏ အမူအရာက လေးနက်လာသည်။ တာလီနန်းမြို့တော်၏ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံးမှာ ညီလာခံတွင် စုဝေး ရောက်ရှိနေကြသည်။ သို့သော်လည်း မည်သူတစ်ဦး တစ်ယောက်မှ အသံမထွက်ဝံ့ကြပေ။

ဘုရင်ထန်တောက်သည် နန်းတွင်းအကြံပေးနှင့် သူ့တပည့်များကို စစ်တပ်သို့ ဝင်စေလိုသည်။ ထို့အပြင် တာလီကျောင်းတော်ကို မင်းသားသုံး လက်သို့ အပ်စေချင်၏။ ထိုအဓိပ္ပာယ်မှာ နန်းတွင်းအကြံပေး နှစ်ရှည်လများ ရင်းနှီးပေးအပ်ထားရသည့် အသီးအပွင့်များကို လက်လွှဲပေးပါရန် ဆိုလိုခြင်း မဟုတ်ပါလား။

သို့သော်လည်း တာလီတိုင်းပြည်၏ အရာခပ်သိမ်းမှာ တော်ဝင်မိသားစုနှင့်သာ သက်ဆိုင်သည်။

မင်းသားသုံး လာရောက် အုပ်ချုပ်မည်ကို နန်းတွင်းအကြံပေးက မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။

“အစ်ကိုတော် ဆိုလိုချင်တာကို ကျုပ် သိပါပြီ။ အကယ်၍ နန်းတွင်းအကြံပေးနဲ့ ဘုရင်ထန်တောက်သာ ပူးပေါင်းပြီး တာလီမြေပေါ်မှာ စစ်တပ်တစ်ခုကို တည်ထောင်ခဲ့ရင် အဲဒီစစ်တပ်ဟာ ပြိုင်ဘက်ကင်းမှာ သေချာပါတယ်” အင်ပါယာလီက ပြုံး၍ ပြောသည်… “နန်းတွင်းအကြံပေးကရော ဘုရင်ထန်တောက်ရဲ့ အမြင်ကို ဘယ်လိုများ ထင်လဲ”

နန်းတွင်း အကြံပေးက ယဉ်ကျေးစွာဖြင့် လက်သီးဆုပ်လိုက်ကာ ပြောသည် … “ဒီနေ့မှာ တာလီကျောင်းတော်က ကောင်းမွန်တဲ့ အနေအထား အဖြစ် ရှေ့ဆက်နေပါတယ်။ ရန်ယွင်ကလည်း ကျောင်းတော် တာဝန်တွေ ယူထားပြီမို့ အခု ကျွန်တော့်အတွက်လည်း လုပ်စရာ သိပ်မရှိတော့ပါဘူး။ တကယ်လို့ အရှင်မင်းကြီးက မင်းသားကို ကျေားင်တော်ရဲ့ စီမံခန့်ခွဲမှု တာဝန်တွေ မျှဝေယူစေချင်ရင် ကျွန်တော်က ဒီထက်ပိုပြီး သက်သောင့်သက်သာ နေနိုင်မှာမို့ ကျေနပ်မိမှာပါပဲ”

“စစ်တပ်ထဲကို ဝင်ဖို့အတွက်ကကျတော့ ကျွန်တော်က [ဝင်္ကပါနည်းလမ်းအသစ်တွေ] လေ့လာနေဆဲမို့လို့ ရလဒ် ထွက်လာပြီဆိုတာနဲ့ စစ်တပ်မှာ အသုံးပြုဖို့ နန်းတော်ကို ဆက်သမှာပါ” နန်းတွင်းအကြံပေးက ဆက်ပြောသည်… “ဒါပေမဲ့ စစ်တပ်ကို တိုက်ရိုက်ဝင်ဖို့က ကျွန်တော်မျိုးရဲ့ နယ်ပယ်မဟုတ်တာကြောင့် ဘုရင်ထန်တောက်နဲ့အတူ အလုပ်လုပ်ဖြစ်ခဲ့ရင် စိတ်ပျက်စေမိမှာ စိုးရွံ့ပါတယ်”

“ဒီလောကကြီးမှာ နန်းတွင်းအကြံပေး မလုပ်နိုင်တာ ဘာများ ရှိသေးလို့လဲ” နန်းတွင်းအကြံပေး ပြောသည်ကို နားထောင်ပြီးနောက်၌ ဘုရင်ထန်တောက်က ပြော၏။ “ပြီးတော့ နန်းတွင်းအကြံပေး … ကျုပ်တို့ သဘောထားကွဲလွဲမှု ဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး။ ခင်ဗျားသာ စစ်တပ်ကို ဝင်ဖို့ ဆန္ဒရှိရင် ကျုပ် နန်းတွင်းအကြံပေးရဲ့ လက်ထောက်အဖြစ် လုပ်ပေးရရင်တောင် ကိစ္စမရှိဘူး”

“အရှင်က စစ်တပ်ကို အင်အားဖြည့်တင်းဖို့ ဒီလောက် အားသန်နေတော့ စစ်တိုက်ဖို့ အတွက်များ ပြင်ဆင်နေတာလား” နန်းတွင်းအကြံပေးက မေးသည်။

“တာလီပြည်က စစ်ပွဲစတင်ဖို့ အင်အား လုံလောက်နေပြီ။ ကျုပ်တို့က ဘာကြောင့် မလုပ်နိုင်ရမှာလဲ” ဘုရင်ထန်တောက်က ပြန်ဖြေလိုက်၏။

“နယ်မြေတွေကြားက စစ်ပွဲက ထိခိုက်မှုများလွန်းတယ်။ စစ်ပွဲတစ်ကြိမ်အတွက် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက် သေဆုံးမှုတွေဟာ ကြီးမားလွန်းတယ်။ တာလီက စစ်ပွဲအတွက် အဆင်သင့်ဖြစ်ဖို့ လိုနေသေးတယ်” နန်းတွင်းအကြံပေးက ပြော၏။

“သေချာတာပေါ့ … ဒါကပဲ ကျုပ်တို့ ဘာလို့ နန်းတွင်းအကြံပေးကို လိုအပ်နေရသလဲဆိုတဲ့ အကြောင်းအရင်းပဲ” ဘုရင်ထန်တောက်က ပြောသည်။

အင်ပါယာလီက ဝင်ရောက်ပြောဆိုခြင်း မပြုသောကြောင့် အငြင်းအခုံသည် နန်းတွင်းအကြံပေးနှင့် ဘုရင်ထန်တောက်တို့ အကြားတွင်သာ ဆက်ဖြစ်နေသည်။

မင်းသားကြီးကလည်း ဘေးတွင်သာ တိတ်တဆိတ် ရပ်နေပြီး ဘာမှ ဝင်မပြောပေ။ ထိုကိစ္စများက သူနှင့် မသက်ဆိုင်သည့်အလား။

“နှစ်ယောက်လုံး အငြင်းမပွားပါနဲ့တော့” အင်ပါယာလီက ရယ်မောရင်း ပြောသည်။ “နန်းတွင်းအကြံပေး ပြောတာ မှန်တယ်။ စစ်ပွဲကို တစ်ခါ စတင်လိုက်ပြီဆိုရင် ပေးဆပ်ရမယ့် တန်ဖိုးက ကျုပ်တို့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာကနေ လွတ်ထွက် သွားနိုင်တယ်။ ဒီအရေးဟာ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီး လုပ်ဖို့လိုတယ်။ ဘုရင်ထန်တောက်နဲ့ နန်းတွင်း အကြံပေးက ညီလာခံပြီးမှ ဆက်ပြောရင် ဘယ်လိုလဲ”

“သင့်မြတ်ပါတယ် … အရှင်မင်းကြီး” ဘုရင်ထန်တောက်နှင့် နန်းတွင်း အကြံပေးက ခေါင်းညိတ်ကာ အငြင်းပွားမှုကို အဆုံးသတ် လိုက်ကြသည်။

“တခြားသူတွေရော အစီရင်ခံစရာများ ရှိသေးလား” အင်ပါယာလီက အခြားလူများဘက်သို့ လှည့်ကာ မေးသည်။ အချို့က အရေးမကြီးသည့် ကိစ္စအချို့ အစီရင်ခံကြသည်။

သို့သော်လည်း ရီဖူရှင်းကတော့ အနည်းငယ် စိတ်လှုပ်ရှား နေသည်။ ဘုရင်ထန်တောက်က စစ်ပွဲ စတင်ဖို့ ကြိုးစားနေသည်လား။

သူ့ရဲ့ ရည်ရွယ်ချက်က အင်ပါယာရှားဘုံကိုလား။

ထိုကဲ့သို့ တွေးမိသည်နှင့် သူက သိမ်းငှက်နက်မှ တစ်ဆင့် ရှားရှင်းယွန်ထံသို့ လှမ်းအကြောင်း ကြားလိုက်သည်။

သို့သော် မကြာခင် သိမ်းငှက်နက်ထံမှ အကြောင်းပြန်စာက သူ့စိတ်ထဲသို့ ရောက်လာခဲ့ပြီး ရီဖူရှင်းအား အံ့အားသင့်စေခဲ့၏။

ရီဖူရှင်းက အင်ပါယာလီ၏ သမီးတော်နှင့် လက်ဆက်လုနီးပါး ဖြစ်ခဲ့သည်ကို ရှားရှင်းယွန် သိသည့်အခါ သူမစိတ်ထဲတွင် တခြား မတွေးနိုင်တော့ပေ။ ရီဖူရှင်းက အင်ပါယာလီဘုံသို့ လက်စားချေရန် သွားရောက်ခဲ့သော်လည်း ယခု သူက အင်ပါယာလီဘုံနှင့် တစ်ဖက်တည်းသား ဖြစ်သွားခဲ့ပြီလား။

ရှားရှင်းယွန်နှင့် ဇာမဏီငှက်ပြာတို့က သိမ်းငှက်နက်ကို ရိုက်နှက်နေသည့် အကြမ်းဖက် မြင်ကွင်းကို ရီဖူရှင်း မြင်တွေ့လိုက်ရသောအခါ ဆွံ့အရသည်။

မိုင်ပေါင်းများစွာ အဝေးမှာပင် ရီဖူရှင်းသည် သိမ်းငှက်နက်၏ အော်ဟစ် ညည်းတွားသံများကို ကြားရ၏။

သည်တစ်ကြိမ်တော့ ရှားရှင်းယွန် သည်မိန်းမက တော်တော်လေး တရားလွန်သွားခဲ့ပြီ။

တာလီနန်းတော်တွင် အင်ပါယာလီက ညီလာခံပြီးဆုံးကြောင်း ကြေညာပြီးသည့်အခါ လူစုကွဲသွားကြသည်။ လီယောင်က ရီဖူရှင်းကို ကြည့်ကာ သနား ကရုဏာသက်မိသည်။ ရီဖူရှင်းသာ အင်ပါယာ၏ သမက်ဖြစ်လာရန် သဘောတူခဲ့ပါက တာလီတွင် သူ့သြဇာအာဏာများ အထွတ်အထိပ်သို့ အထိပင် ရရှိနိုင်၏။

သို့သော်လည်း သူက အခွင့်အရေးကို ငြင်းပယ်ခဲ့သည်။ သူက မိုက်မဲခြင်းလား ဉာဏ်ကောင်းခြင်းလား သူမပြောတတ်တော့ပေ။

လီယောင်သည်  ရီဖူရှင်းထံသို့ မသွားတော့ဘဲ ဘုရင်ခံပိုင်နှင့် ဘုရင်ထန်တောက်ထံသို့သာ လျှောက်သွားခဲ့သည်။

မကြာသေးမီက သူသည် သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။ ထို့အတွက် သူက ဘုရင်ခံပိုင်နှင့် ဘုရင်ထန်တောက်တို့၏ ထောက်ပံ့မှုကို လိုအပ်နေ၏။ တစ်နည်းဆိုရလျှင် သူ့မှာ ရှိနေသည့် လူအင်အားက အစီအစဉ်ချရန် လုံလောက်မှု မရှိပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset