Switch Mode

အခန်း ( ၉၂ )

ဝိညာဥ်အမြစ်ရွာ

ပါမောက္ခကြီး၏ ထိုကိစ္စအား အတိုးအလျှော့လုပ်၍ ဖြေရှင်းပုံကို ဘေးပတ်ပတ်လည်မှ ကျောင်းသားများနှင့် ဆရာများမှာ စိတ်ထဲ၌ပင် မေးခွန်းထုတ်မနေကြပေ။ သူတို့သည် ပါမောက္ခကြီးကို အပြည့်အဝ ယုံကြည်ထားကြ၏။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ဝမ်ပေါင်လဲ့ ကောင်းကင်တာအိုကျောင်းသို့ ရောက်လာခဲ့သည့်အချိန်မှစ၍ ယခုအချိန်အထိ သူသည် အံ့သြဖွယ်ရာလုပ်ရပ်များကို တစ်ခုပြီးတစ်ခု လုပ်ပြနိုင်ခဲ့သည်သာ ဖြစ်သည်။

ပုံရိပ်ယောင်နယ်‌မြေ စာမေးပွဲ၌ ဖြစ်စေ၊ သုံးထပ်ကွမ်းကျောင်းသားခေါင်းဆောင်ဖြစ်လာခဲ့စဥ်က ဖြစ်စေ၊ ဓမ္မလက်နက်ဌာန၏ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ကို ပြန်လည်ဖွဲ့စည်းခဲ့စဉ်တုန်းကပင် ဖြစ်စေ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များအားလုံးကြောင့် ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းများမှာ လူတိုင်း အာရုံစိုက်ခဲ့ရသော အရာများ ဖြစ်ခဲ့ရသည်။

ထို့အပြင် လင်းတျန်ဟောက်နှင့် အခြားသူများကို ကျောင်းမှထုတ်ပယ်ခဲ့ခြင်း၊ ရုပ်သေးရုပ်အမြောက်အမြားကို ဖန်တီးကာ တာအိုအလင်းဆောင်ဌာနအား နှိမ်နင်းခဲ့ခြင်းတို့အပြင် တာအိုကျောင်း စာမေးပွဲထဲ၌ လူအများကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေခဲ့သည့် ကျောက်ယမုန့်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲကြီးလည်း ရှိသေးသည်။

၎င်းတို့အားလုံးမှာ သူ၏ ကျောင်းသားဘဝ အောင်မြင်မှုများသာ ဖြစ်သည်။ ယခုလေးတင်ဖြစ်သွားခဲ့သည့် တိုက်ပွဲကြီးထဲတွင်မူ သူသည် ရှေးဟောင်းသိုင်းအဆင့်သာ ရှိသေးပါသော်လည်း အာနာပါနအဆင့်ရှိ ဒုပါမောက္ခကို ရိုက်နှက်ကန်ကျောက်ခဲ့သည်ဖြစ်ရာ လူတိုင်း အံ့ဩတုန်လှုပ်နေကြရပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့အပေါ်ထားရှိသော သူတို့၏ ရိုသေလေးစားမှုများမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အဆမတန် တိုးပွားလာရပြန်သည်။

ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာနကျောင်းသားဆိုသည့် အားသာချက်ကို အသုံးပြုကာ နည်းပရိယာယ်အချို့ကို ထုတ်သုံးခဲ့ခြင်း ဖြစ်ပါသော်လည်း သူက ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင် ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ သူ၏ တိုက်ခိုက်မှုစွမ်းရည်များထဲမှ တစ်ခုသာဖြစ်သည်။ အကယ်၍ သူသာ ထိုအတတ်များကို အသုံးမပြုခဲ့ပါက သူသာ စာသင်နှစ် တစ်နှစ်လုံးကို ဖြုန်းတီးလိုက်သကဲ့သို့ ဖြစ်သွားမည်သာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ တိုက်ပွဲကြီးမှာ အနိုင်ရရှိသူ ပေါ်ထွက်မလာခင် ရပ်တန့်ခံလိုက်ရပါသော်လည်း ဝမ်ပေါင်လဲ့၏ ရဲစွမ်းသတ္တိများကို လူတိုင်းက အထင်ကြီးလေးစားသွားရပြီသာ ဖြစ်သည်။

” ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို တခြား ဘယ်သူ့ကိုမှ ပြန်ပြောပြခွင့်မရှိဘူး။ ဒီစည်းကမ်းကို ချိုးဖောက်တဲ့လူတိုင်း ကျောင်းကနေ ထုတ်ပယ်ခံရမယ် ”
ပါမောက္ခကြီးမှာ ချက်ချင်းပင် အမိန့်တစ်ခုထုတ်ကာ နှုတ်ပိတ်လိုက်၏။ ဝမ်ပေါင်လဲ့နှင့် ဒုပါမောက္ခတို့ စတင်မတိုက်ခိုက်ရသေးခင်ကပင် ပါမောက္ခကြီးမှာ ထိုနေရာတစ်ဝိုက်ရှိ ဝိညာဉ်ကွန်ရက်ကို ဖြတ်တောက်ကာ သူတို့အားလုံးကို ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်၍မရအောင် တားမြစ်ထားခဲ့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် ဒုပါမောက္ခတို့၏ တိုက်ပွဲကြီးမှာ အတိုင်းအတာတစ်ခုအထိ ပါမောက္ခတောင်ထိပ်ပေါ်၌သာ ကျန်ရစ်ခဲ့မည်သာ ဖြစ်သည်။ ထိုသတင်းများမှာ ပျံ့နှံ့သွားခြင်း မရှိသေးသလို သူတို့ကိုလည်း ရေငုံနှုတ်ပိတ်နေရန် အမိန့်ပေးထားသည်ဖြစ်ရာ သူတို့အားလုံး အ‌ခြေအနေကို ရိပ်စားမိသွားကြသဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ အပြင်ဘက်မှလူများမှာ ဆူညံသံတချို့ကို ကြားခဲ့လျှင်တောင် ထိုဖြစ်ရပ်ကြီးတစ်ခုလုံးကို သိနိုင်မည် မဟုတ်ပေ။

ပါမောက္ခကြီးမှာ ပြတ်ပြတ်သားသား အမိန့်ချမှတ်ခဲ့သောကြောင့် ကောင်းချွမ်ပင် သူ့အား မဖီဆန်ရဲတော့ပေ။ ထိုအမိန့်မှာ ဝမ်ပေါင်လဲ့ကို ကာကွယ်ပေးသည့် သဘော ပိုရောက်ပါသော်လည်း ကောင်းချွမ်မှာလည်း ထိုအကြောင်းများ ပျံ့နှံ့သွားမည်ကို မလိုလားသောကြောင့် ကန့်ကွက်နေခြင်း မရှိတော့ပေ။

ထိုသို့ဖြင့် အခြားတာအိုကျောင်းသုံးကျောင်းသာ သိရှိသွားမည်ဆိုပါက ၎င်းတို့အကုန်လုံး အော်သောင်းနင်း ဖြစ်သွားနိုင်သည့် ကိစ္စရပ်ကြီးကို ပါမောက္ခကြီးက လူမသိအောင် ဖုံးဖိနိုင်လိုက်၏။

ထို့နောက် ပါမောက္ခကြီးမှာ အခြားလူများ အားလုံးကို ပြန်ခိုင်းလိုက်ပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်၏။

” ငါ့ နောက်လိုက်ခဲ့ ”

ပါမောက္ခကြီးမှာ ထိုသို့ဆိုကာ နောက်သို့လှည့်၍ လက်နှစ်ဖက်ကို နောက်ပစ်ရင်း ခန်းမကြီးဆီသို့ လျှောက်လှမ်းသွားသည်။ ဝမ်ပေါင်လဲ့မှာမူ နှာခေါင်းကိုပွတ်ကာ လေသံတိုးတိုးဖြင့် ‘ ဟုတ်ကဲ့ ‘ ဟု တရိုတသေဆိုလိုက်ပြီး ဦးညွတ်၍ ရိုကျိုးမှုအပြည့်ရှိသော အမူအရာဖြင့် ပါမောက္ခကြီးနောက်မှ လိုက်သွားတော့သည်။ ပါမောက္ခကြီး၏ လက်ထဲတွင် အထုပ်အပိုးများရှိနေပါက သူသည် ချက်ချင်းပင် ကူ၍ သယ်ပေးလိုက်မည့်ပုံပင်။

ဝမ်ပေါင်လဲ့ ထိုသို့ပြုမူနေသည်ကို မြင်လိုက်ရသောအခါ ဘေးပတ်ပတ်လည်မှ လူများ၏ အမူအရာများမှာ ပြောင်းလဲသွားရတော့သည်။ ကောင်းချွမ်မှာ အံကြိတ်ကာ လက်ပါးစေ တစ်ယောက်ကဲ့သို့ ပြုမူနေသော ဝမ်ပေါင်လဲ့အား စိတ်ထဲမှနေ၍ ကျိန်ဆဲနေတော့သည်။ သူသည် စိတ်ဓာတ်များ ကျနေရသည့်အပြင် စိုးရိမ်စိတ်များလည်း ကြီးထွားလာတော့သည်။ မည်သူကမှ ယခုလိုဖြစ်သွားလိမ့်မည်ဟု ခန့်မှန်းနိုင်ခဲ့မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ ရဲစွမ်းသတ္တိများမှာ သူ ထင်ထားသည်ထက်ပင် ပို၍ သာလွန်နေသည်။

” သူ့ကို ဒီနေရာကနေ ရှင်းထုတ်ပစ်ဖို့ ပိုတောင် လိုလာပြီ။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ ကောင်ကတော့ကွာ… တောက်။ သူ ငါ့ကို ရိုက်နှက်ကန်ကျောက်ရဲလောက်တဲ့အထိ စိတ်ဆတ်နေမှန်းသိရင် ငါ သူ့ကို ရန်သွားမစပါဘူး ”

ကောင်းချွမ်မှာ ရှုံ့မဲ့နေသော မျက်နှာနှင့် ထွက်ခွာသွားစဉ် ပါမောက္ခတောင်ထိပ်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ငြိမ်သက်သွား၏။ သိပ်မကြာခင် ပါမောက္ခကြီးမှာ ခန်းမထဲသို့ ပြန်ရောက်လာပြီးနောက် နောက်သို့လှည့်ကာ သူ၏နောက်မှလိုက်လာသော ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။

ပါမောက္ခကြီးမှာ သူ့ကို စိုက်ကြည့်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ဟန်ဆောင်နိုင်စွမ်းများမှာ တဖြည်းဖြည်းနှင့် ယုတ်လျော့လာပြီး သူ၏ရင်ခုန်သံများ မြန်ဆန်လာတော့သည်။ သူ၏ အမူအရာမှာလည်း ပို၍ပင် ရိုကျိုးလာပြီး သူသည် ခေါင်းကိုငုံ့ကာ တောင်းပန်လိုက်၏။

” ပါမောက္ခကြီး။ ကျနော် အမှားလုပ်မိခဲ့တယ်ဆိုတာ တကယ်နားလည်…. ”

” ဝမ်ပေါင်လဲ့ … မင်းမှာ မင်းရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေနဲ့ ကံကောင်းခြင်းတွေ ရှိနေမယ်ဆိုတာ ငါသိပါတယ်။ အဲဒီလိုမှမဟုတ်ရင် ရှေးဟောင်းသိုင်းအဆင့်က လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ အာနာပါနအဆင့် ဝါရင့်တစ်ယောက်ကို အနိုင်ယူနိုင်မှာလဲ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ အမူအရာမှာ သာမန်အတိုင်းသာ ရှိနေသေးပါသော်လည်း သူသည် မျက်လွှာချလိုက်၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ပါမောက္ခကြီးက သူ၏လက်ကိုမြှောက်ကာ တားလိုက်၏။

” ငါ့ကို လိမ်ပြောဖို့အတွက် ဇာတ်လမ်းတွေ ဆင်နေစရာမလိုပါဘူး။ မင်းရဲ့ ကံကောင်းမှုက မင်းအပိုင်ပါပဲ။ ငါ စိတ်မဝင်စားသလို တာအိုကျောင်းကလည်း စိတ်မဝင်စားပါဘူး။ ‌ဒါက တာအိုကျောင်းကြီး လေးကျောင်းရဲ့ အခြေခံအကျဆုံး စည်းမျဉ်းတွေထဲက တစ်ခုပဲ။ ဒီအချက်ကြောင့်ပဲ ငါတို့က တခြားအဖွဲ့စည်းတွေနဲ့ မတူညီပဲ ကွဲပြားနေတာ ”

” ငါ့မှာ မင်းကို တောင်းဆိုစရာ တစ်ခုပဲရှိတယ်…. ”
ပါမောက္ခကြီးမှာ စူးရှတောက်ပနေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အားကြည့်ကာ ဆိုလိုက်သည်။

” ဒီ မှော်ဝင်နယ်မြေ စစ်ဆေးပွဲမှာ မင်းတို့က ခုနစ်လက်မအထိရှိတဲ့ ဝိညာဉ်အမြစ်တွေကို စုဆောင်းပြီးတော့ ရှစ်လက်မရှိတဲ့ ဝိညာဉ်အမြစ်တွေအတွက် တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ကြရမှာ။ နောက်ဆုံးရောက်မှ အဲဒီ ရှစ်လက်မဝိညာဉ်အမြစ်ကို အသုံးပြုပြီးတော့ အာနာပါနအဆင့်ကို ရောက်အောင်လုပ်ပြီး အဆင့်မြင့်ကျွန်းကို တက်လှမ်းရမှာ ”

ပါမောက္ခကြီးမှာ အလွန်တည်ကြည်နေသော အမူအရာဖြင့် နောက်ဆုံးစာကြောင်းကို ပြောလိုက်ခြင်းဖြစ်သလို သူ၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက် အရိပ်အယောင်များကို အတိုင်းသားမြင်နေရ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တုန်ရီသွားရသည်။ သူသည် အသက်ငယ်သေးပါသော်လည်း အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများစာအုပ်များကို ထဲထဲဝင်ဝင် ဖတ်ရှုလေ့လာထားသည်ဖြစ်ရာ မည်သို့သော အမူအရာများမှာ အပြစ်တင်သော အမူအရာများ ဖြစ်ကြောင်းကို သိရှိနားလည်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ဝါးမျိုခြင်းသစ်စေ့ကိုပင် ထုတ်မသုံးခဲ့ခြင်းဖြစ်သည်။ အမှန်တွင် သူသည် ဒုပါမောက္ခကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည့် အချိန်ကတည်းက သူ၏ လုပ်ရပ်ကို ရှင်းပြနိုင်မည့် နည်းလမ်းများကို ကြိုတွေးထားပြီးသား ဖြစ်သည်။

သို့သော် ပါမောက္ခကြီး ပုံစံမှာ ယခုလောက်အထိ အေးဆေးတည်ငြိမ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ပါမောက္ခကြီး၏ စကားများမှာ ဟန်ဆောင်စကားများ မဟုတ်သည်ကို သူ နားလည်ထားသလို ဤဖြစ်ရပ်ကြီးမှာ သူ၏ တာအိုကျောင်းအပေါ်ထားရှိသော သဘောထားနှင့်လည်း ကိုက်ညီနေကြောင်း ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည် စိတ်နှလုံး လှုပ်ရှားသွားရသည့်‌အပြင် ပါမောက္ခကြီး၏ သူ့အပေါ်ထားရှိသော မျှော်လင့်ချက်များကို နားလည်သွား၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ ပြတ်သားမှုအပြည့် ဖုံးလွှမ်းနေသော မျက်ဝန်းများဖြင့် ကတိပေးလိုက်၏။

” ပါမောက္ခကြီး … ကျနော် တကယ်ကြိုးစား‌ပါ့မယ် ”

ဝမ်ပေါင်လဲ့၏ ကတိစကားကို ကြားလိုက်ရသောအခါ ပါမောက္ခကြီးမှာ ကျေနပ်သွား၏။ ထို့နောက် သူသည် ဘေးဘက်တွင်ထိုင်လိုက်ပြီး ဝမ်ပေါင်လဲ့အား ထပ်၍ ကြည့်လိုက်ပြန်သည်။

” ပေါင်လဲ့ … မင်း ငါပေးထားတဲ့ ကျောက်စိမ်းပေလွှာထဲက အချက်အလက်တွေကို လေ့လာပြီးသွားပြီလား။ ငါ့ကို ပြောပြစမ်း။ ဝိညာဉ်အမြစ်ဆိုတာ ဘာလဲ ”

ဝမ်ပေါင်လဲ့ကလည်း စဉ်းစား‌တွေးတောနေချင်ယောင်ပင် မဆောင်ဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

” ပါမောက္ခကြီး … ဝိညာဉ်အမြစ်တွေဆိုတာ အာနပါနအဆင့်ကို ရည်ညွှန်းတာပါပဲ။ အဲဒီဝိညာဥ်အမြစ်တွေက ခန္ဓာကိုယ်ထဲ ကျန်ရှိနေတဲ့အခါ သွေးကြောတွေနဲ့ ဆင်တူတဲ့ ဝိညာဉ်အမြစ်တွေအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်နဲ့ တစ်သားတည်း ပေါင်းစည်းသွားပါတယ်။ ဒါပေမဲ့ ဝိညာဉ်အမြစ်ရဲ့ အရှည်အပေါ် မူတည်ပြီးတော့ အာနာပါနအဆင့်မှာကို ကွဲပြားခြားနားချက်တွေ ရှိပါသေးတယ်။ အာနာပါနအဆင့်ရောက်ရင် ကျင့်ကြံခြင်းအပိုင်းမှာပဲဖြစ်စေ၊ မန္တန်တွေအသုံးပြုတဲ့ အပိုင်းမှာပဲဖြစ်စေ ဝိညာဉ်အမြစ် ပို‌ရှည်လေ ပိုပြီးတော့ အစွမ်းထက်လေပါပဲ ”

” လက်ရှိအထိဆိုရင် လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုက အမြင့်ဆုံး ရှစ်လက်မရှိတဲ့ ဝိညာဉ်အမြစ်ကို စုပ်ယူနိုင်စွမ်း ရှိပါတယ် ”

ဝမ်ပေါင်လဲ့မှာ အလျင်အမြန်ပင် ဖြေဆိုလိုက်ပြီး သူ၏ တွေးတောပုံမှာလည်း ရှင်းလင်းပြတ်သားမှု ရှိသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လေ့လာထားပြီးသားဖြစ်ကြောင်း ပါမောက္ခကြီးက လက်ခံသွားပြီး ခေါင်းညိတ်လိုက်၏။ သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ထပ်၍ ရှင်းပြလိုက်၏။

” ပေါင်လဲ့ … ဝိညာဉ်အမြစ်တွေရဲ့ မူလဇာတ်မြစ်က ရှေးဟောင်းဓားကြီးကနေ လာတယ်ဆိုတာ မင်းလည်း သိလောက်ပြီးပါပြီ။ အဲဒီအမြစ်တွေက ဓားကြီးကနေ ကွဲထွက်လာတဲ့ အပိုင်းအစ အကျိုးအပဲ့တွေထဲမှာ ကိန်းအောင်းနေတာ။ မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ တာအိုကျောင်းကြီးလေးကျောင်းထဲမှာ ကောင်းကင်တာအိုကျောင်း ပါနေရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ သုံးဆယ့်ရှစ်နှစ်တုန်းက အဲဒီ အပိုင်းအစတစ်ခုကို ရရှိဖို့အတွက် အကြီးမားဆုံး ပေးဆပ်မှုကြီးတစ်ခုကို လုပ်ခဲ့လို့ပဲကွ ”

” အဲဒီအပိုင်းအစတွေထဲမှာ ကျင့်ကြံခြင်းပညာရပ်တွေ၊ သတင်းအချက်အလက်တွေနဲ့ အကြောင်းကြားစာတွေ ပါတယ်။ အဲဒါတွေက ငါတို့ကောင်းကင်တာအိုကျောင်းရဲ့ အခြေခံတွေပဲ။ ပြီးတော့ အဲဒီအပိုင်းအစထဲမှာပါတဲ့ ဝိညာဉ်အမြစ်က ကောင်းကင်တာအိုကျောင်းရဲ့ ကိုယ်ပိုင်မှော်ဝင်နယ်မြေထဲက အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်နေတာပေါ့ကွာ ”

” ဒါပေမဲ့ ငါတို့ ကောင်းကင်တာအိုကျောင်းရဲ့ မှော်ဝင်နယ်မြေက သာမန်ကျောင်းသားတွေအတွက်ပဲ။ ဘာလို့လဲဆိုတော့ အဲဒီ အပိုင်းအစတွေက သေးလွန်းတော့ ခြောက်လက်မထက် ပိုရှည်တဲ့ ဝိညာဉ်အမြစ်တွေကို ရှာတွေ့ဖို့က ရှားလို့ပဲ ”

ပါမောက္ခကြီးမှာ ထိုကဲ့သို့ရှင်းပြရင်း ဝမ်ပေါင်လဲ့အားကြည့်ကာ မေးလိုက်၏။
” ပေါင်လဲ့။ အကြီးဆုံး အပိုင်းအစကြီးကို ဘယ်နေရာမှာ ရှာတွေ့နိုင်သလဲဆိုတာ မင်းသိလား ”

ပါမောက္ခကြီးမှာ သူ့အား လျှို့ဝှက်ချက်တစ်ခု ပြောပြတော့မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင် ရပ်မိလိုက်၏။ ထို့ကြောင့် သူ၏ အမူအရာမှာ သေသေချာချာ နားထောင်နေသည့်ပုံစံ ပေါက်သွား၏။

” အကြီးမားဆုံး အပိုင်းအစကြီးတစ်ခုလုံးကို အဖွဲ့ဝင်တွေ အကုန်လုံးပေါင်းပြီးတော့ ဝိညာဉ်အမြစ်ရွာလို့ နာမည်ပေးထားကြတယ်ကွ ”

” အဲဒီရွာက ပြည်ထောင်စုရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကန္တာရကြီးထဲမှာ ရှိတာ။ အဲဒီရွာရဲ့ အရွယ်အစားကတော့ ကောင်းကင်မြို့တော်ရဲ့ တစ်ဝက်လောက်ကို ရှိတယ် ”

ပါမောက္ခကြီး၏ အသံမှာ ပဲ့တင်ထပ်သွားပြီး သူ၏မျက်လုံးများမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလောက်အောင် တောက်ပသွား၏။

” တော်တော်ကိုကြီးတာပဲ ”
ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများပြူးသွားပြီး ပင့်သက်ရှိုက်မိလိုက်၏။

” အရင်တုန်းက အဲဒီ အပိုင်းအစကြီးအတွက် ဂိုဏ်းတွေ အများကြီးက အသေအကြေ တိုက်ခိုက်ခဲ့ကြတာ။ ရင်းမြစ်ပစ္စည်း အတောင့်တင်းဆုံးဖြစ်တဲ့ လသုံးစင်းမဟာမိတ်ဖြစ်ဖြစ် အဓိက ဂိုဏ်းကြီးနှစ်ဂိုဏ်းဖြစ်တဲ့ ဆည်းဆာကြယ်စင်စုဂိုဏ်းနဲ့ ယွီဟွားရှန်ထျန်းဂိုဏ်းတွေပဲ ဖြစ်ဖြစ်၊ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားတဲ့ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု ဖြစ်ဖြစ်၊ ပြည်ထောင်စုကြီးရဲ့ လွှတ်တော်အမတ်တွေပဲဖြစ်ဖြစ် သူတို့အကုန်လုံးက တာအိုကျောင်းကြီးလေးကျောင်းနဲ့ အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြတာ ”

” နောက်ဆုံးမှာတော့ တာအိုကျောင်းကြီးလေးကျောင်း အနိုင်ရသွားခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီ အပိုင်းအစကြီးက ကြီးလွန်းနေတဲ့အပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ သံလိုက်စက်ကွင်းတွေလည်းရှိနေတော့ ငါတို့တွေ အဲဒီ အပိုင်းအစကြီးကို ယူမလာနိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ အဲဒီအချိန်ကနေစပြီးတော့ တာအိုကျောင်းကြီးလေးကျောင်းက အဲဒီ အပိုင်းအစကြီးကို ထိန်းချုပ်ထားလို့ တခြားဘယ်သူကမှ ယူသွားခွင့် မရှိတော့ဘူး ”

” မင်းတို့တွေအကုန်လုံး သွားရမယ့်နေရာက …. ဝိညာဉ်အမြစ်ရွာပဲ ”
ပါမောက္ခကြီး၏ အမူအရာထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများကို ခပ်ရေးရေးခန့်ပင် မြင်နိုင်၏။

ဝမ်ပေါင်လဲ့မှာမူ စိတ်နှလုံး လှုပ်ရှားသွားသည်။ ယခင်က ပါမောက္ခကြီး သူ့အား ပေးပို့ခဲ့သည့် သတင်းအချက်အလက်များထဲတွင် ထိုအကြောင်းများ မပါသောကြောင့် သူသည် ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် ထိုအကြောင်းများကို ကြားသိလိုက်ရခြင်း ဖြစ်သည်။ တာအိုကျောင်းမှာ အင်အားကြီးမားသည်ကို သူကသိထားပါသော်လည်း ယခုမှသာ ၎င်း၏ အင်အားကြီးမားပုံကို သေသေချာချာ နားလည်သွားခြင်းဖြစ်သည်။

” ဝိညာဉ်အမြစ်ရွာထဲမှာ ဝိညာဉ်အမြစ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီနေရာမှာရှိတဲ့ သံလိုက်စက်ကွင်းက အရမ်းထူးဆန်းတော့ အဲဒီ ဝိညာဉ်အမြစ်တွေက အပြင်ကို ပြန့်ထွက်လာနိုင်စွမ်း မရှိဘူး ဖြစ်နေတာ။ ပြီးတော့ အပြင်လူတွေကလည်း အထဲကို အလွယ်တကူနဲ့ ဝင်လို့မရတော့ဘူးပေါ့။ နှစ်အနည်းငယ်ကြာမှ အဲဒီသံလိုက်စက်ကွင်း အလိုလို အားပျော့သွားတဲ့အချိန် တစ်ကြိမ်လောက်နဲ့ ကြုံရတာ ”

ပါမောက္ခကြီးမှာ ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူ၏ စကားများကို ဝမ်ပေါင်လဲ့ တွေးတောသုံးသပ်ပြီးသွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ ဆက်၍ပြောလိုက်၏။
” အဲဒီအချိန်ရောက်မှပဲ အထဲကို ဝင်လို့ရတာ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အဲဒီလို အားလျော့နေတဲ့ အချိန်မှာတောင် အာနာပါနအဆင့် ရောက်ပြီးသားလူတွေကို ဖိနှိပ်ထားတဲ့ တွန်းကန်အားတစ်မျိုး ရှိနေတုန်းပဲ။ ဒီတော့ ဘယ် အာနာပါနအဆင့် ဝါရင့်လူေတွမှ အထဲကို ဝင်လို့မရဘူး။ အထဲမှာ အာနာပါနအဆင့်ကို ရရှိသွားရင်လည်း အပြင်ကို တွန်းထုတ်ခံရမှာ။ ဒါပေမဲ့ မတူညီတဲ့ ဝိညာဉ်အမြစ်အပေါ် မူတည်ပြီးတော့ အများဆုံး ငါးမိနစ်အထိ အထဲမှာ ဆက်နေခွင့်ရှိတယ် ”

” အဲဒီ အကြောင်းရင်းကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက တိုက်ပွဲကြီးက အပြင်ဘက်မှာပဲ ဖြစ်ပျက်ခဲ့တာဖြစ်လို့ အတွင်းဘက်က အကောင်းအတိုင်း ရှိနေတုန်းပဲ ”

” ဒါကြောင့် မှော်ဝင်နယ်မြေ ပွင့်လာတဲ့အချိန်တိုင်း တာအိုကျောင်းကြီးလေးကျောင်းက စူးစမ်းလေ့လာရေးခရီးတစ်ခုကို စတင်ကြတာပဲ။ အဲဒီထဲကို ဝင်သွားရမဲ့ ကျောင်းသားတွေက ဝိညာဉ်အမြစ်တွေကို ရှာဖို့လည်းလိုသလို ကျင့်ကြံခြင်းပညာရပ်တွေ၊ ဓမ္မရတနာတွေ၊ ကုန်ကြမ်းပစ္စည်းတွေနဲ့ တခြား သတင်းအချက်အလက်တွေကို တတ်နိုင်သလောက် စုဆောင်းပြီးတော့ တာအိုကျောင်းတွေကို ပြန်ပြီးတော့ ကူညီပေးဖို့လည်း တာဝန်ရှိတယ် ”
ပါမောက္ခကြီးမှာ ဝမ်ပေါင်လဲ့အား မျှော်လင့်ချက်များ ဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် လေးလေးနက်နက် စိုက်ကြည့်လိုက်၏။

” မင်း ရှစ်လက်မရှိတဲ့ ဝိညာဉ်အမြစ်ကို ယူပြီးသွားပြီဆိုရင် ငါးမိနစ်တိတိ ဆက်နေလို့ ရတယ်။ အဲဒီအချိန်မှာ မင်း တာအိုကျောင်းကို ကူညီနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပြီးတော့ အဖိုးတန်ရတနာ‌တွေကို ရှာဖွေပေးရမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ အသက်ပြင်းပြင်း ရှူလိုက်၏။ သူသည် အလွန်အမင်း အံ့ဩနေခြင်းတော့ မရှိပေ။ တာအိုကျောင်းမှာ ထိုကဲ့သို့သော မှော်ဝင်နယ်မြေမျိုးကို ဖွင့်သည့်အချိန်တွင် သူတို့ကလည်း တာအိုကျောင်းအတွက် အပြန်အလှန် တာဝန်ထမ်းဆောင်ပေးရန် လိုအပ်သည်ကို သူက နားလည်ထားသည်။ ထို့ကြောင့် သူသည် ခေါင်းညိတ်လိုက်၏။

သို့သော် သူ နားမလည်နိုင်သေးသည့် မေးခွန်းတစ်ခု ရှိနေသေးသည်။ ထို့ကြောင့် သူသည် ပါမောက္ခအားကြည့်ကာ မေးလိုက်၏။

” ပါမောက္ခကြီး။ လူတစ်ယောက်ရဲ့ ဝိညာဉ်အမြစ်က အာနပါနအဆင့်နဲ့ အတူတူပဲဆိုရင်၊ ပြီးတော့ ဝိညာဥ်အမြစ်တွေက ဓားကြီးရဲ့ အပိုင်းအစတွေကနေ ထွက်ပေါ်လာတာဆိုရင် အဲဒီ ဝိညာဥ်အမြစ်တွေရဲ့ မူလအစက ဘယ်ကလဲ။ ပြီးတော့ ဘာလို့ အဲဒီဝိညာဥ်အမြစ်တွေကို ရယူနိုင်ရင် သာမန်လူတွေက ကျင့်ကြံသူတွေအဖြစ်ကို ရောက်သွားရတာလဲ ”

ပါမောက္ခကြီးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဆိတ်ငြိမ်သွား၏။ ဝမ်ပေါင်လဲ့ကလည်း အတင်းအကြပ် မေးမြန်းမနေဘဲ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေလိုက်၏။ အချိန်အတော်အတန် ကြာပြီးသွားမှသာ ပါမောက္ခကြီးမှာ ခေါင်းမော့လာပြီး ခန်းမကြီးခေါင်မိုးကို ဖောက်ထွင်းမြင်နိုင်နေသည့် အမူအရာဖြင့် ဓားနေမင်းကြီးရှိရာသို့ မော့ကြည့်လိုက်၏။ ထို့နောက် သူသည် ကွဲအက်နေသော ‌လေသံဖြင့် ဆိုလိုက်၏။

” ဒီမေးခွန်းကို မေးဖူးတာ မင်းတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ငယ်ငယ်လေးတုန်းက ငါ့မှာလည်း သံသယတွေ ရှိခဲ့ဖူးတယ်။ ကျင့်ကြံသူတွေတိုင်းကလည်း အဲဒီလိုမျိုး တွေးဖူးကြမှာပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကောင်းကင်တာအိုကျောင်းရဲ့ တစ်ဦးတည်းသော မဟာထိပ်သီးအကြီးအကဲကြီးဖြစ်တဲ့ ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီးက ဓားနေမင်းကြီးကိုကြည့်ရင်း ခန့်မှန်းပြီးတော့ တာအိုဉာဏ် အလင်းပွင့်ခဲ့ဖူးတယ် ”

” သူ့ရဲ့စကားက ခန့်မှန်းချက်က မှန်၊မမှန်ကိုတော့ ဘယ်သူမှမသိဘူး။ ငါ နားလည်လွယ်အောင်ပဲ ရှင်းပြလိုက်မယ်။ မင်း နားထောင်ကြည့်ပေါ့ ”

ပါမောက္ခကြီးမှာ ဖြည်းဖြည်းချင်း ဆိုလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တည်ကြည်မှု အပြည့်ရှိသော အမူအရာဖြင့် သေသေချာချာ နားထောင်လိုက်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset