အခန်း (၁၂၁)

ဂိုဏ်းတူမောင်လေးက ဂိုဏ်းတူအစ်မလုန်ယွိကိုသဘောမကျဘူးလား

အခန်း (၁၂၁) ဂိုဏ်းတူမောင်လေးက ဂိုဏ်းတူအစ်မလုန်ယွိကိုသဘောမကျဘူးလား

ကျန်းလန် ခေါ်ဆောင်ရာသို့ အတန်ကြာလိုက်ကြည့်ပြီးနောက် အဖြစ်အပျက်များကို ရှောင်ယွိ နားလည်သွားခဲ့သည်။

အမှန်တော့ သူတို့ အလုပ်စဝင်သည့် ပထမဆုံးနေ့ကတည်းက ဤသို့ပစ္စည်းများ ကျကွဲနေခြင်း ဖြစ်သည်။

ပထမဆုံးနေ့က ပြုတ်ကျလုနီးပါး အကြမ်းပန်းကန်တစ်လုံးကို ဖမ်းဆီးပေးပါရန် ကျန်းလန် သူမကို အကူအညီတောင်းခဲ့သည်ကို ရှောင်ယွိ ပြန်လည်အမှတ်ရလိုက်သည်။

ထိုနေ့က ပန်းကန်ပြုတ်ကျသည်ကို သူမ သတိမထားမိသောကြောင့်ကျန်းလန်က သတိပေးခဲ့သည်ဟု ထင်မှတ်ခဲ့မိသည်။ အမှန်တော့ ပစ္စည်းများ ကျကွဲနေသည်ကို သူမက အာရုံမခံမိခြင်းသာ ဖြစ်သည်။

သို့သော် ကျန်းလန်ကတော့ ထိုအချက်ကို အစကတည်းက သတိပြုမိနေခဲ့ခြင်း ဖြစ်၏။

ယနေ့ ကျန်းလန်က အကြမ်းပန်းကန်တစ်လုံး ကျကွဲလိုက်စေခြင်းမှာ သူမ သတိပြုမိစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာပြုလုပ်လိုက်ခြင်း ဖြစ်ဟန်တူသည်။

ရှောင်ယွိ ချီတုံချတုံဖြစ်နေပြီးမှ မေးခွန်းထုတ်လိုက်သည်။

“နောက်ထပ်ပန်းကန်တွေလည်း ဒီလိုပဲ ကွဲနေဦးမှလား…”

“အင်း… ကွဲဦးမှာ…”

ပြောပြီးသည်နှင့် ကျန်းလန်က ကောင်တာသို့သွားကာ အကောင်းစားသေရည်မှာယူထားသူများစာရင်းကို စစ်ဆေးကြည့်လိုက်သည်။

စာရင်းထဲတွင် လုန်ရဲ့ ရှိမနေကြောင်း တွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွား၏။

သေရည်ဆိုင်တွင် ပန်းကန်များ ၊ သေရည်အိုးများ ပြုတ်ကျနေရသည့်အကြောင်းကို သူ ရှောင်ယွိကို အဘယ့်ကြောင့် ရှင်းပြလိုက်ရပါသနည်း။

သူ ရှောင်ယွိအပေါ် ခင်မင်မိသောကြောင့် ထိုအကြောင်းကို ပြောပြလိုက်ခြင်း ဖြစ်သည်။

ဤဂိုဏ်းတူအစ်မလေးက တကယ့် ကလေးငယ်တစ်ယောက်ပမာ ကလေးဆန်လွန်းလှသည် မဟုတ်ပါလား။

ကျန်းလန်က အေးဆေးစွာဖြင့်…

“အကြမ်းပန်းကန် တစ်ခွက် နှစ်ခွက်လောက်တော့ ထပ်ကွဲဦးမယ်ထင်တယ်…”

ပြီးမှ ကျန်းလန်က…

“ဂိုဏ်းတူအစ်မ… အဲဒီလို ပစ္စည်းတွေကျကွဲနေတာ ဂိုဏ်းတူအစ်မကိုယ်တိုင် အာရုံခံကြည့်လို့ရတယ်… ၊ စိတ်နည်းနည်းတည်ငြိမ်အောင် ကြိုးစားလိုက်ရင်ရပြီ…”

ကျန်းလန် ပထမဆုံးအကြိမ် သေရည်ဆိုင်မှ သေရည်အိုး ကျကွဲသည်ကို သတိပြုမိစဉ်က သူ မျက်လုံးများ မှိတ်ထားပြီး စိတ်စွမ်းအား ကျင့်ကြံနေချိန်တွင် ဖြစ်သည်။

ထိုနေ့က ဆရာဖြစ်သူ သေရည်ဝယ်ခိုင်းလိုက်သောကြောင့် ကျန်းလန် သေရည်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့ခြင်းဖြစ်ပြီး မထင်မှတ်စွာ ဂိုဏ်းတူအစ်မလုန်ယွိနှင့် တွေ့ဆုံခဲ့သည်ကိုပင် အမှတ်ရမိသည်။

လုန်ယွိအကြောင်း စဉ်းစားမိသည်နှင့် နဂါးသုတ်သင်ဓားသိုင်းအကြောင်း အလိုလို စဉ်းစားမိသွားသည်။

အကယ်၍ သူ နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်နေကြောင်း လုန်ယွိ သိရှိသွားပါက သူ့ကို အထင်လွဲသွားမည်လားဟု ကျန်းလန် စဉ်းစားလိုက်မိသည်။

ထို့အတူ နဂါးမျိုးနွယ်များသည်လည်း သူ့ကို အမြင်တစ်မျိုးဖြင့် ကြည့်လာနိုင်သည်။

ထို့ကြောင့် သူ နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်ထားသည်ကို နဂါးမျိုးနွယ်များ မသိရှိအောင် ဖုံးကွယ်ထားသည်က အကောင်းဆုံး ဖြစ်၏။ မဟုတ်ပါက နဂါးမျိုးနွယ်များက သူ့ကို ရန်သူဟု သဘောထားလာနိုင်သည်။

သူ့ဆရာ၏ စကားအရဆိုလျှင် သူက နဝမတောင်ထွတ်၏ အကြီးဆုံးတပည့်ဖြစ်သလို ဆက်ခံသူတပည့်လည်း ဖြစ်လေရာ နဝမတောင်ထွတ်၏ တောင်သခင် ဖြစ်လာမည့်သူ ဖြစ်သည်။

သို့သော် နဝမတောင်ထွတ်ဆိုသည်က အခြားတောင်ထွတ်များနှင့် မတူကွဲပြားသည့် နေရာတစ်ခု ဖြစ်၏။

အထူးသဖြင့် ခွန်လွန်တောင်မှ တပည့်အများစုက ဆက်ခံသူတပည့်များ မဟုတ်ကြပေ။ ထို့ကြောင့် နဂါးမျိုးနွယ်မင်းသမီးလေးကို လက်ထပ်ရန် စိတ်ကူးပင်ယဉ်နိုင်ကြမည် မဟုတ်ပေ။

သို့သော် ကျန်းလန်ကတော့ လုန်ယွိနှင့် လက်ဆက်ရမည့်သူ ဖြစ်သည်။

ကျန်းလန်က လုန်ယွိနှင့် ရင်းရင်းနှီးနှီး မရှိလှပေ။

ကျန်းလန် သူမအကြောင်း တစ်ခုသာလျှင် သိရှိသည်။ သူမက မည်သူ့အပေါ်မှ အကြွေးတင်ရသည်ကို သဘောမကျလေသည့် မိန်းမပျိုတစ်ယောက် ဖြစ်သည်။

ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်လျှင်တော့… လုန်ယွိကအပြစ်ဆိုစရာမရှိအောင် စင်းလုံးချောလှပသည့် အလှဧကရီလေး ဖြစ်၏။

သို့ရာတွင် သူတို့အားလုံးက ကျင့်ကြံသူများဖြစ်ကြလေရာ ရုပ်ရည်ချောမောလှပခြင်းကို အရေးစိုက်သူများ မဟုတ်ကြပေ။ ချောမောလှပသည့် မိန်းကလေးတစ်ယောက်ကြောင့် ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားမည် မဟုတ်ပေ။

ထို့ပြင် လုန်ယွိက သူ့အပေါ် မည်သို့သဘောထားသည်ကိုလည်း ကျန်းလန် ခန့်မှန်းနိုင်ခြင်း မရှိပေ။

ကျန်းလန်ပြောပြလိုက်သည်နှင့် မည်သို့ပြုလုပ်ရမည်ကို ရှောင်ယွိ နားလည်သွားသည်။ သူမ စိတ်တည်ငြိမ်လျှင် ကျကွဲမည့် ပစ္စည်းများကို အာရုံခံနိုင်မည် ဖြစ်သည်။

အကြောင်းရင်းကို သိရပြီးနောက် ကျကွဲမည့်ပစ္စည်းများကို ကျန်းလန် အာရုံခံနိုင်သည်ကို ရှောင်ယွိ မအံ့သြတော့ပေ။

ခွန်လွန်တောင်ရှိ အဆင့်တူတပည့်များထဲတွင် နဝမတောင်ထွတ်မှ ကျန်းလန်လောက် မည်သူမှ စိတ်စွမ်းအား မကောင်းကြပေ။

ဤသည်မှာ ခွန်လွန်တောင်မှ တပည့်များအားလုံး နားလည်လက်ခံထားသည့်အချက် ဖြစ်သည်။

အထူးသဖြင့် ကျန်းလန်က ကောင်းကင်လှေကားအဆုံးထိ တက်ရောက်နိုင်ပြီးသည့်နောက် ထိုအချက်ကို လူတိုင်းနားလည်သွားကြသည်။ ထို့ပြင် ကျန်းလန်ကိုလည်း တပည့်အတော်များများက အာရုံစိုက်လာကြလေသည်။

ရှောင်ယွိ မျက်လုံးများကို မှိတ်လိုက်ပြီး ပစ္စည်းများပြုတ်ကျမည်ကို အာရုံခံကြည့်လိုက်သည်။

ယနေ့ ဆိုင်သို့လာရောက်သည့်ဧည့်သည် မရှိသည့်အတွက် သူမအတွက် စိတ်စွမ်းအားကျင့်ကြံရန် အခွင့်ကောင်းပင် ဖြစ်သည်။

ထို့နောက် သူမ၏စိတ်က တဖြည်းဖြည်း တည်ငြိမ်လာပြီး သိမ်မွေ့သည့် နာမ်လောကနယ်ပယ်သို့ ဝင်ရောက်လာသည်။

သူမ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် တစ်သားတည်းကျသွားသည်။ တည်ငြိမ်နေသောစိတ်က ကန်ရေပြင်အလား ငြိမ်သက်လျှက် ရှိလေ၏။

အတန်ကြာသည့်အခါ သူမစိတ်ထဲတွင် လှိုင်းတစ်ချက် ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

သူမက မျက်လုံးဖွင့်လိုက်ပြီး လှိုင်းများရိုက်ခတ်လာသောနေရာသို့ လှမ်းကြည့်လိုက်သည်။

“ဂွမ်း…”

နောက်ထပ် အကြမ်းပန်းကန်တစ်လုံး ကျကွဲသွား၏။

ရှောင်ယွိ အကြမ်းပန်းကို ပြေးဖမ်းရန် မမီတော့ပေ။ ဒီအတိုင်းသာ ကြည့်နေလိုက်ရသည်။

သူမက မန္တန်သုံးပြီး တားဆီးရန် ကြိုးစားလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။

သို့သော် သူမ စိတ်ဓာတ်ကျခြင်း မဖြစ်မိတော့ပေ။ သူမကို ကြည့်ရသည်မှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန် ရှိသည်။

သူမက ချက်ချင်းပင် ထိုင်ခုံပုလေးပေါ်မှ ဆင်းလိုက်ပြီး ပန်းကန်ကွဲအပိုင်းအစများကို သန့်ရှင်းရေး လုပ်လိုက်သည်။

ထို့နာက် နောက်ထပ်ကျကွဲမည့် ပစ္စည်းများကို ကြိုးစားပြီး အာရုံခံကြည့်နေလေသည်။ နောက်တစ်ကြိမ်ဆိုလျှင် အကြမ်းပန်းကန် ကျမကွဲခင် ဖမ်းဆီးနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

ကျန်းလန်က သူမလုပ်နေသည့်အလုပ်များကို အနှောက်အယှက်မှ မပေးဘဲ ကြည့်နေလေသည်။

ရှောင်ယွိ စိတ်လှုပ်ရှားနေသည်ကို ကြည့်ရသည်မှာ ကစားစရာအရုပ်အသစ်တစ်ခုကိုရသည့် ကလေးငယ်တစ်ယောက် စိတ်လှုပ်ရှားနေသည့်ပမာ ဖြစ်သည်။

ကျန်းလန်ကတော့ နဂါးသုတ်သင်ဓားသိုင်းကို မည်သူဖြင့် လက်တွေ့စမ်းသပ်ရမည်ကို စဉ်းစားနေမိသည်။

ထိုဓားသိုင်းကို စမ်းသပ်ရန်အတွက် နဂါးအစစ်ကို ရှာဖွေရန် မဖြစ်နိုင်ပါက မိစ္ဆာနဂါးတစ်ကောင်ကို ရှာဖွေရမည် ဖြစ်သည်။ သို့သော် မိစ္ဆာနဂါးဆိုသည်က အလွန်ရှားပါးလှ၏။

စဉ်းစားနေရင်း နောက်ထပ် သေရည်အိုးတစ်အိုး ပြုတ်ကျတော့မည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။

ထိုသေရည်အိုးက ကောင်တာတစ်ဖက်ခြမ်းတည်ရှိသည့် သေရည်အိုး ဖြစ်၏။

ကျန်းလန် လှမ်းကြည့်လိုက်သည့်အခါ သေရည်အိုးက ပြုတ်ကျခါနီးနေပြီ ဖြစ်သည်။

ထိုစဉ် ရှောင်ယွိက နေရာမှ ခုန်ထွက်သွားသည်။

“ဝုန်း…”

“ဂွမ်း…”

ပြုတ်ကျလုဆဲဆဲ သေရည်အိုးကို ပြေးဖမ်းရင်း ရှောင်ယွိ ကြမ်းပြင်ထက် ချော်လဲသွားခြင်း ဖြစ်သည်။

သူမကိုကြည့်ရသည်မှာ အမဲရိုးကို ပြေးဖမ်းသည့် ခွေးစုတ်ဖွားလေးအလား ထင်မှတ်ရသည်။

ကျန်းလန်ကတော့ သူမကို စိတ်ထဲမထားဘဲ နဂါးသုတ်သင်ဓားအကြောင်းသာ ဆက်ပြီး စဉ်းစားနေ၏။

သူ နဂါးသုတ်သင်ဓားကို အခြားအရာများဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်စမ်းသပ်ကြည့်ခဲ့ပြီးပြီ ဖြစ်သည်။

နဂါးသုတ်သင်ဓားသိုင်းက သစ်ပင်များအပေါ်တွင် သက်ရောက်မှု မရှိပေ။

အခြားတိရိစ္ဆန်များနှင့် သတ္တဝါများအပေါ်တွင် အနည်းငယ်သက်ရောက်မှုရှိသော်လည်း သာမန်ဓားသိုင်းအသုံးပြုခြင်းလောက်ပင် အစွမ်းမထက်လှပေ။

ထို့ကြောင့် နဂါးသုတ်သင်ဓား၏ အနှစ်သာရကို အမှန်တကယ် နားလည်ရန် နဂါးအစစ်တစ်ကောင်နှင့် စမ်းသပ်တိုက်ခိုက်ကြည့်ရန် လိုအပ်သည်။

နဂါးအစစ်နှင့် တစ်ကြိမ်လောက် စမ်းသပ်လေ့ကျင့်ဖူးမှသာ တကယ်တမ်း တိုက်ပွဲဝင်သည့်အချိန်တွင် တည်ငြိမ်စွာဖြင့် ထိုဓားသိုင်းကို အသုံးပြုနိုင်မည် ဖြစ်၏။

“ဂိုဏ်းတူမောင်လေး… ဘာတွေစဉ်းစားနေတာလဲ…”

ရှောင်ယွိက ရုတ်တရက် ကျန်းလန်ကို မေးလိုက်သည်။

ကျန်းလန်က အမှတ်တမဲ့ဖြင့် ပြန်ဖြေလိုက်မိသည်။

“နဂါးသုတ်သင်ဓားသိုုင်းအကြောင်း…”

“…………………”

အကြမ်းပန်းကန်လေး ပြုတ်ကျသည်ကို ဖမ်းမိသွားသဖြင့် ပျော်ရွှင်နေသည့် ရှောင်ယွိမှာ ကျန်းလန်၏ စကားကြောင့် အံ့သြမှင်တက်သွားရလေသည်။

ရှောင်ယွိက သူမ၏ ရှည်လျားလှပသည့် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း…

“ဂိုဏ်းတူမောင်လေးက နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်နေတာလား…”

ကျန်းလန်မှာ အတွေးလွန်နေရာမှ ရှောင်ယွိရှေ့တွင် သတိလစ်ပြီး စကားမှားသွားခြင်း ဖြစ်သည်။

ကျန်းလန် မည်သို့မှ မတတ်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်တယ်… အခု အဲဒီဓားသိုင်း လေ့ကျင့်နေတာပါ…”

ရှောင်ယွိက…

“ဂိုဏ်းတူမောင်လေးက နဂါးတွေကို သတ်ချင်လို့လား…”

ခွန်လွန်တောင်တွင် နဂါးတစ်ကောင်သာ ရှိလေသည်။ ထိုနဂါးက လုန်ယွိဖြစ်ကြောင်း လူတိုင်းသိရှိကြသည်။

ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…

“မဟုတ်ပါဘူး… ၊ ကျွန်တော်က နဂါးသုတ်သင်ဓားသိုင်းကို သင်ယူထားတော့ ဓားစွမ်းဘယ်လောက်ထက်လဲဆိုတာ စမ်းသပ်ကြည့်ချင်တာပါ… ၊ ဒါပေမဲ့ ဘယ်သူနဲ့စမ်းသပ်ယှဉ်ပြိုင်ရမလဲ မသိဘူး ဖြစ်နေတာ…”

ရှောင်ယွိက အံ့အားသင့်စွာဖြင့်…

“ဂိုဏ်းတူမောင်လေးက နဂါးသုတ်သင်ဓားသိုင်းကို တတ်တောင်တတ်သွားပြီလား…”

ကျန်းလန်က သူမမေးသည့်မေးခွန်းကို မဖြေတော့ပေ။

ခွန်လွန်တောင်တွင် နဂါးသုတ်သင်ဓားကျမ်း ရှိသည်ကို သူမ ကြားဖူးခဲ့သည်။ သို့သော် ထိုဓားသိုင်းကို မည်သူမှ သင်ယူနိုင်စွမ်း မရှိခဲ့ကြပေ။

ရှောင်ယွိက အနည်းငယ် အံ့အားသင့်နေလေသည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးက ပါရမီရှင်တစ်ယောက် မဟုတ်ပေ။ သို့သော် ယခုတော့ ထိုကိစ္စက သံသယဝင်စရာပင် ဖြစ်လာခဲ့ပြီ။

ကျန်းလန်က မည်သူမှသင်ယူနိုင်ခြင်း မရှိသည့် သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ပထမဆုံး သင်ယူနိုင်ခဲ့သည်။ ယခုလည်း မည်သူမှ သင်ယူနိုင်ခြင်း မရှိသည့် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူထားခဲ့ပြန်ပြီ။

အမှန်တော့ ထိုပညာများက မည်မျှပင် ကြိုးစားပါစေ တော်ရုံဖြင့် သင်ယူနိုင်သည့် ပညာများ မဟုတ်ပေ။

ရှောင်ယွိက…

“ဂိုဏ်းတူမောင်လေး… နဂါးသုတ်သင်ဓားသိုင်းကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင် စပါးအုံးမြွေတွေနဲ့ အရင် စမ်းသပ်ကြည့်လို့ရတယ်… ၊ ကျင့်ကြံထားတဲ့ စပါးအုံးမြွေတွေကို ရှာဖွေပြီး တိုက်ခိုက်ကြည့်ရင် အဲဒီဓားသိုင်းရဲ့ စွမ်းအားကို နားလည်လာလိမ့်မယ်…”

ခဏနားပြီးမှ ရှောင်ယွိက လေသံခပ်တိုးတိုးဖြင့်…

“နဂါးအစစ်တွေနဲ့ မိစ္ဆာနဂါးတွေကတော့ ရှင့်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် တိုက်ခိုက်နိုင်မှာ မဟုတ်သေးဘူး…”

ရှောင်ယွိ အမှန်တကယ်ပင် ကျန်းလန်ကို စေတနာဖြင့် သတိပေးလိုက်ခြင်း ဖြစ်၏။

သူ အတွေးလွန်သွားသည်ကို ကျန်းလန် သဘောပေါက်လိုက်မိပြီး ရှောင်ယွိကို ကျေးဇူးတင်စကားဆိုလိုက်သည်။

“ခုလို အကြံဉာဏ်ပေးတာ ကျေးဇူးပါပဲ… ဂိုဏ်းတူအစ်မ…”

ထိုသို့ဖြင့်…

ညနေမိုးချုပ်ခါနီး အချိန်တွင်တော့ ရှောင်ယွိက ကျန်းလန်ကို မေးခွန်းတစ်ခု ကောက်ခါငင်ကာ မေးလိုက်လေသည်။

“ဂိုဏ်းတူမောင်လေး နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်နေတာ ဂိုဏ်းတူအစ်မလုန်ယွိကို သဘောမကျလို့လားဟင်…”

ထိုမေးခွန်းကို ရှောင်ယွိ အဘယ့်ကြောင့် မေးမြန်းရကြောင်း ကျန်းလန် နားမလည်ပေ။

ထို့ကြောင့် သူက ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။

ကျန်းလန်၏ စိတ်ထဲတွင် လုန်ယွိကို ချစ်သည်လည်းမရှိ ၊ မုန်းသည်လည်း မရှိသလို သဘောကျသည်လည်းမရှိ ၊ သဘောမကျဘူးလည်း မရှိပေ။

သူက လုန်ယွိနှင့် ရင်းနှီးသူတစ်ယောက် မဟုတ်သောကြောင့် သူမနှင့်ပတ်သက်ပြီး မည်သို့သဘောထားရမည်ကို မသိရှိပေ။

ကျန်းလန်ထံမှ အဖြေမရသည့်အခါ ရှောင်ယွိ မည်သည့်မေးခွန်းမှ ထပ်မမေးတော့ဘဲ ငြိမ်သက်သွား၏။

ထို့နောက် သေရည်ဆိုင်ပိုင်ရှင် ပြန်မလာသောကြောင့် သူတို့ ဆိုင်တံခါးပိတ်ပြီး တောင်ပေါ်ပြန်လာခဲ့ကြသည်။

သေရည်ဆိုင်တံခါးက တစ်ကြိမ်ပိတ်လိုက်သည်နှင့် မည်သူမှ ပြန်ဖွင့်ရန် မဖြစ်နိုင်တော့ပေ။ ကျန်းလန်နှင့် ရှောင်ယွိလည်း ပြန်မဖွင့်နိုင်သလို အခြားသူများလည်း ဖွင့်နိုင်ခြင်း မရှိပေ။

ဆိုင်တံခါးကို ဖွင့်နိုင်သူဆို၍ ဆိုရှင်အဘိုးအိုနှင့် ကလေးငယ်သာ ရှိလေသည်။

သေရည်ဆိုင်ပိတ်ပြီး ပြန်လာချိန်တွင် အတော်လေး မိုးချုပ်နေပြီ ဖြစ်သည်။

ညဘက် တောင်ပေါ်သို့ ပြန်လာရခြင်းမှာ ကျန်းလန်အတွက် ပထမဆုံး အကြိမ် ဖြစ်၏။ ညအမှောင်တွင် လမ်းလျှောက်ပြန်ခြင်းက အန္တရယ်များသောကြောင့် ကျန်းလန်က ဓားကိုစီးနှင်ကာ ပျံသန်းလာခဲ့သည်။

ရုတ်တရက် သူ့စိတ်ထဲတွင် ကြီးမားသည့် တုန်လှုပ်မှုကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

အန္တရယ်ဟု ဦးနှောက်က အချက်ပေးလိုက်သည်နှင့် ကျန်းလန် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်သည်။

သို့သော် သူက ဓားကို စီးနှင်ပျံသန်းနေခြင်း ဖြစ်ပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးမပြုမိသည့်အတွက် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ မြေကြောများကျုံ့သွားသည်ကို ကျန်းလန် ခံစားလိုက်ရသည်။

“မြေကြောကျုံ့နတ်တန်ခိုးစွမ်းအားကို အသုံးပြုလိုက်တာပဲ… ၊ ဒါပေမဲ့ ငါက ဒီတန်ခိုးစွမ်းအားရဲ့ နယ်မြေအစွန်းမှာ ကပ်သီလေး ခံသွားရတာ ၊ ဒီတော့ ငါ့ကို ပစ်မှတ်ထားတာ မဟုတ်လောက်ဘူး…”

အန္တရယ်ကျရောက်နိုင်ကြောင်း ရိပ်မိလိုက်သည်နှင့် ကျန်းလန်က ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ထို့နောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး မြေကြောကျုံ့ပညာမှ လွတ်မြောက်ရန် ကြိုးစားလိုက်၏။

သို့သော် ကျန်းလန်အတွက် အသုံးမဝင်တော့ပေ။

မြေကြောကျုံ့သွားပြီဖြစ်လေရာ မြေကြောကျုံ့သွားသည့် လမ်းကြောင်းအတိုင်း ကျန်းလန် တောင်တစ်လုံးထက်ရှိ တောအုပ်တစ်အုပ်ဆီသို့ ရောက်ရှိသွားလေသည်။

ယခု ရောက်ရှိလာသည့်တောင်ကို ကျန်းလန် မှတ်မိလေသည်။

မြောက်ရှိုးကို သတ်ဖြတ်စဉ်က ဤတောင်ပေါ်ရှိ ကျောက်ဂူတစ်ခုထဲတွင် သတ်ဖြတ်လိုက်ခြင်းပင် မဟုတ်ပါလား။

ဤသို့ဆိုလျှင် ယခု ရင်ဆိုင်ရသူတွေက နတ်လူသားမျိုးနွယ်တွေများလား…။

ဤသည်က ကျန်းလန် ပထမဆုံး ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ့ခန့်မှန်းချက် မှားယွင်းသွားကြောင်း ကျန်းလန် ချက်ချင်း သိရှိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ရပ်နေသူမှာ နတ်လူသားမျိုးနွယ်တစ်ယောက် မဟုတ်ပေ။ ထိုသူ၏ မျက်နှာထက်တွင် လျှပ်စီးပုံသဏ္ဍန်သင်္ကေတပါရှိနေသည်ကို တွေ့လိုက်ရသည်။

ထို လျှပ်စီးပုံသဏ္ဍန်သင်္ကေတကို ကျန်းလန် အရင်ကလည်း တွေ့မြင်ဖူးသည် မဟုတ်ပါလား။


Comment

Leave a Reply


Options

not work with dark mode
Reset