အပိုင်း(၁၁၄၁)

ငါ သူ့ကို သွားခေါ်မယ်

လီကျွမ်း မျက်နှာကို ကြည့်ရသည်မှာ ကြောက်စရာပင် ကောင်းလာ၏။ အရင်တစ်ခေါက်က အဖြစ်အပျက်ကို သူ မမေ့သေးပေ။

ထိုနေ့က ယနေ့ကဲ့သို့ပင် ရှန့်ထိုတန်ခိုးရှင်တစ်ပါး ရှိလျက်ဖြင့်ပင် သတ္တမဓား၏ ဖမ်းဆီးခြင်း ခံလိုက်ရကာ အသက်တစ်ချောင်းနှင့် အသက်တစ်ချောင်းကို အလဲအလှယ် ပြုလုပ်ခဲ့ရ၏။

လီကျွမ်းသည် ကိုယ့်အသက်ကိုကိုယ် ကယ်တင်ရန် ရီဖူရှင်းကို ဘယ်တော့မှ ထပ်မထိတော့ပါဟု သူ့အသက်နှင့်ရင်း၍ ရန်ယွင်ကို ကတိပေးခဲ့ရသည်။

“သတ္တမဓား မင်းက ဒီလိုအခိုင်အမာ ပြောနေမှတော့ ကျုပ် ဒီကိစ္စကို စုံစမ်းမှာပါ။ ဒါပေမဲ့ အရင်ဆုံး သူ့ကို လွှတ်ပေးလိုက်ပါ” မင်းသား၃က ရီဖူရှင်းကို ပြောလိုက်သည်။

ရီဖူရှင်း လှောင်ရယ်ရယ်သည်။ မင်းသား၃က ဘုရင့်မိသားစုဝင် ဖြစ်ကာ လီကျွမ်းသည်လည်း မင်းသားကြီး၏ မြေးတော်ဖြစ်၏။

“အရှင့်သား  … သက်သေတွေက ခိုင်လုံနေပြီပဲ။ ဘာကို ထပ်ပြီး စစ်ဆေးစရာ လိုနေသေးလို့လဲ။ တကယ်လို့ ကျုပ်သာ လီကျွမ်းကို မဖမ်းဆီးခဲ့ရင် ကျုပ်ကို အဆုံးသတ်မယ့် သူတို့ရဲ့ အစီအစဉ်ကြောင့် ကျုပ် သေပြီးနေလောက်ပြီ။ အခု အကုန်လုံးက လီကျွမ်းကို လွှတ်ပေးဖို့ပဲ ပြောကြတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ စီနီယာ အစ်ကိုတွေက ဒီမှာ ရှိမနေဘူး။ ဒါကြောင့်ပဲ ဘုရင့်မျိုးနွယ်ရဲ့ မျိုးဆက်တွေက ကျုပ်ကို ဝိုင်းပြီး အနိုင်ကျင့်ကြတာ များလား” ရီဖူရှင်း၏ ရန်လိုမှုပါသော အသံက လူအများကို မျက်မှောင်ကြုတ် သွားစေသည်။ ဒီအကောင်က ပြဿနာကို အေးအေးဆေးဆေး ပြီးမသွားဖို့ ဆုံးဖြတ်ထားပြီပဲ။

ဘုရင့်မိသားစု၏ မျိုးဆက်သစ်များက နန်းတွင်း အကြံပေး၏တပည့်ကို အသက်အန္တရာယ် ထိခိုက်စေရန် လုပ်ဆောင်ခဲ့သည် ဆိုပါက တာလီပြည်သူတွေက မည်သို့ တွေးမည်နည်း။

အင်ပါယာလီ ကိုယ်တိုင်ပင်လျှင် သူတို့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

မင်းသားကြီး အိမ်တော်မှ လူများသည် အမှန်တကယ် အသုံးမကျသူများ ဖြစ်ကြ၏။ သူတို့တွင် ရှန့်ထိုတန်ခိုးရှင်များစွာ ရှိသော်လည်း သတ္တမဓား တစ်ယောက်ကိုပင် ရင်မဆိုင်နိုင်သည့်အပြင် မှားယွင်းသည့် စီမံမှုများကို ပြုလုပ်ကြသေးသည်။ ပိုဆိုးဝါးသည်ကား လီကျွမ်းကို နောက်တစ်ခေါက် ဓားစာခံပင် ဖြစ်စေလိုက်သေး၏။

“ဘာကို ဖုံးကွယ်ထားတဲ့ သက်သေလဲ။  မိစ္ဆာသားရဲရဲ့ အပြုအမူလေး တစ်ခုကို မင်းက မင်းသားကြီး အိမ်တော်ရဲ့စနက်လို့ ဆုံးဖြတ်လိုက် မလို့လား” လီစွမ်းက အေးစက်စွာ ပြောလိုက်သည်။ ထိုအချက်ကို သူတို့ ဘယ်တော့မှ ဝန်မခံနိုင်ပေ။

သူက ခြေလှမ်း အနည်းငယ် ရှေ့သို့ တိုးလာပြီး ရီဖူရှင်းကို ဖိအားပေးလိုက်သည်။

ရှလပ် …

ဓားစွမ်းအင်များက လီကျွမ်း၏ လည်မျိုသို့ ဖြတ်ရှကာ သွေးများ တစ်စက်စက် ကျလာသည်။ လီစွမ်း၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ့မျက်နှာမှာလည်း အကျည်းတန် သွား၏။

“လီကျွမ်း အရင်တုန်းက ကတိပေးထားခဲ့တယ်။ အဲဒါကြောင့် သူလုပ်ခဲ့တဲ့ အရာအတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်သင့်တယ်” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။

သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူ့ထံမှ ထွက်ပေါ်လာသည်။ ဓားအသိများက လီကျွမ်း၏ လည်မျိုတွင် ဖြည်းဖြည်းချင်း ရွေ့လျား လာနေသည်။

လီကျွမ်းက တံတွေးမျိုချလိုက်ရာ သူ့လည်ပင်းက လှုပ်ရှားသွားသည်။ သူ၏မျက်လုံးနှစ်လုံးက ရီဖူရှင်းကို စိုက်ကြည့်နေ၏။ သူ ရူးနေပြီလား။ ဒီအကောင်က သူ့ကို တကယ် သတ်ရဲတယ်လား။

“သတ္တမဓား…” မင်းသားများက မည်သို့မျှ မတတ်နိုင်ဘဲ အော်ခေါ် လိုက်ကြသည်။

“မင်း လုပ်ရဲလား …” လီကျွမ်း၏ အေးစက်သည့် အသံက အက်ကွဲသံပါနေကာ သတ္တိအပြည့် ရှိသည့်ပုံစံဖြစ်သည်။

“လီကျွမ်း သေပြီးသွားရင် မင်းသားကြီး အိမ်တော်ကလူတွေဟာ ဒီကြံစည်မှုကို မလုပ်ခဲ့ဘူးလို့ သတ်မှတ်ရင် ကျုပ်ဆရာနဲ့ စီနီယာအစ်ကိုတွေကို လွတ်လပ်စွာ စုံစမ်းဖို့ကို ခွင့်ပြုပေးရမယ်။ ‌နဂါးနက်က အနောက်တောင်ကုန်းမှာ အခုထိ ရှိနေသေးတယ်။ သက်သေပျက်စီးမသွားရအောင် ခင်ဗျားတို့ တစ်ယောက်မှ သူ့ကို သွားမထိဘဲနေမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ကျုပ်က မင်းသားကြီး အိမ်တော်ကလူကို မှားယွင်းသတ်ခဲ့တယ်ဆိုရင် ကျုပ် သတ္တမဓားက အသက်တစ်ချောင်းကို အသက်တစ်ချောင်းနဲ့ အလဲအလှယ်ပြုမယ်” ရီဖူရှင်းက ထိုသို့ပြောလိုက်ပြီးနောက် ဓားကို မြှောက်ကာ ဓားသွားအား တိုက်ရိုက်ပင် လီကျွမ်း၏ လည်မျိုသို့ ထိုးဖောက် လိုက်တော့သည်။

လီကျွမ်းက ညည်းညူသံတစ်ချက် ထွက်လာသော်လည်း သူ၏အသံမှာ မကြားရသလောက်နီးပါး ဖြစ်၏။ သူ့ပါးစပ်က ပွင့်ဟလာပြီး ကြောက်ရွံ့ တုန်လှုပ်မှုအပြည့်နှင့် ရီဖူရှင်းကို ကြည့်လိုက်သည်။ ဒီအကောင် ငါ့ကို တကယ် သတ်ရဲတယ်။

တုန်ယင်နေသည့် လက်နှစ်ဖက်က သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်ရာ စေးကပ်သည့် သွေးများ စီးဆင်း ကျလာသည်ကို ခံစားရ၏။ သူက အသံထွက်လိုသော်လည်း မည်သည့်အသံမှ ထွက်မလာ။ သူ၏ အသက်က တဖြည်းဖြည်း လွင့်ပါးလာနေပြီး ခန္ဓာသည် ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။

လူတိုင်း ကျောက်ရုပ်အလား တောင့်တင်း သွားကြသည်။  သူတို့ အားလုံးသည် ရှေ့မှမြင်ကွင်းကိုသာ မလှုပ်မယှက် ကြည့်နေကြ၏။

သတ္တမဓားက လီကျွမ်းကို အမှန်တကယ် သတ်ပစ်လိုက်၏။

ဒီအရူးကောင်က … ။

လီစွမ်း ကမန်းကတန်းပင် ရှေ့သို့ တက်လာကာ ပြုတ်ကျလာသည့် လီကျွမ်း၏ ခန္ဓာကိုယ်ကို ဆီးဖမ်းလိုက်သည်။

“လီကျွမ်း …” လီစွမ်း၏ မျက်လုံးများက နီရဲနေပြီး သူ၏ သတ်ဖြတ်လိုစိတ်များသည် မိုးထိုးအောင် မြင့်တက်လာသည်။ လီကျွမ်း၏ လက်များသည် တဆတ်ဆတ် တုန်ယင်နေပြီး သူ့မျက်လုံးများထဲတွင်ကား ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေ၏။

တာလီမင်းဆက်တွင် နန်းတွင်းအကြံပေး အမတ်၏ အာဏာကြီးမားမှုသည် ဘုရင့်မိသားစုကိုပင် ဖိနှိပ်နိုင်၏။ သူ,လီကျွမ်းသည် ဘုရင့်မျိုးဆက်တစ်ယောက် အနေနှင့် တာလီကျောင်းတော်တွင် တန်ခိုးကျင့်ရန် မလိုလားသော်လည်း အတင်းဖိအားပေးကာ သွားရောက် လေ့ကျင့်ခဲ့ရရာ အမြဲတမ်းအားဖြင့် အရှက်ရစရာအဖြစ် ခံစားနေခဲ့ရသည်။

သူတို့သည် မင်းသားကြီး အိမ်တော်မှ မျိုးဆက်များ ဖြစ်ကြသော်လည်း နန်းတွင်းအကြံပေး အမတ်အပေါ် ကျေးဇူးတင်ကြရ၏။

သူ၏အဘိုးတော် မင်းသားကြီးမှာ သိုသိပ်စွာနေကာ ပြင်ပလောက၏ အရှုပ်အထွေးများနှင့် ပတ်သက်ခြင်းမှ ရှောင်ကြဉ်သည်။ သို့ပေမဲ့ သူက ပြဿနာရှာခဲ့လျှင် သူ့အဘိုးတော်သည် မိသားစု၏ သိက္ခာကို ကာကွယ်ရန် ရှေ့ထွက်၍ ဖြေရှင်းခြင်းဖြင့် အနည်းဆုံးတော့ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူပေးနိုင်လိမ့်မည်။

ဘုရင့်မိသားစုဝင် တစ်ယောက် အနေဖြင့် သူတို့သည် နန်းတွင်း အကြံပေး အမတ်၏ တပည့်ရှေ့တွင် လေးစားမှုကို ပြရန် ဦးညွှတ် အရိုအသေပေးရ၏။ တစ်ဖက်တွင် နန်းတွင်း အကြံပေး အမတ်၏ တပည့်များသည် ထိုကိစ္စကို ဖြစ်သင့်သော သာမန်ကိစ္စရပ်ကဲ့သို့ မှတ်ယူပြုမူကြ၏။ သူတို့သည် မင်းသားများကိုတော့ ပြန်လည် လေးစား ဦးညွှတ်ကြသော်လည်း ပင်မမျိုးနွယ် မဟုတ်သည့် တော်ဝင်မိသားစုများ ကိုတော့ ရှိသည်ဟုပင် မထင်ကြ။ သူတို့ တစ်ယောက်ချင်းစီသည် အလွန်အမင်း မာနကြီး မောက်မာကြသည်။

ထို့ကြောင့်ပင် သူက ရီဖူရှင်းကို ရန်စပြီး ပြဿနာများ ဖြစ်ပွားစေလိုခြင်း ဖြစ်၏။

ရယ်စရာကား နန်းတွင်းအကြံပေး အမတ်၏ တပည့်များသည် မောက်မာရုံမက အငယ်ဆုံး တပည့်အသစ် ဖြစ်သော သတ္တမဓားသည်ပင် သူ့ကို သတ်ဖြတ်ရဲခဲ့၏။

သူကလက်ကို ဆန့်ထုတ်လိုက်ကာ တုန်ယင်စွာနှင့် ရီဖူရှင်းကို လက်ညှိုးဖြင့် ထိုးသည်။ သူ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ အပြင် ပြင်းထန်သည့် မုန်းတီးခြင်းနှင့် သတ်ဖြတ်လိုစိတ်များ ရှိနေသည်။ သူ့လက်များက အသက်မဲ့စွာ ပြုတ်ကျမသွားမီ အချိန်ထိ သူ့မျက်လုံးများသည် ရီဖူရှင်းကို ကြည့်နေခဲ့ပြီးမှ အပူမီးများ တောက်လောင်စွာဖြင့် သေဆုံး သွားတော့သည်။

လီကျွမ်း၏ သေဆုံးမှုကို မျက်ဝါးထင်ထင် မြင်လိုက်ကြရသော မင်းသားကြီး အိမ်တော်မှ လူများသည် လီစွမ်း၏အနီးသို့ ရောက်လာခဲ့လျှင် သူက လီကျွမ်း၏ အလောင်းကို ကမ်းပေးလိုက်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်သော မျက်လုံးများဖြင့် ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။

သူက ကြောက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ရီဖူရှန်းဆီသို့ ရိပ်ခနဲ ပျံသန်းသွားသည်။

ရီဖူရှင်းက ထူးမခြားနားစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်  … “တကယ်လို့ ကျုပ်သေသွားရင် အဲဒါက လီကျွမ်း တစ်ယောက်တည်းရဲ့ တာဝန် မဟုတ်တော့ဘူး”

“လီစွမ်း  … တော်တော့” မင်းသား၃က အော်လိုက်သည်။

လီစွမ်းက ရပ်တန့်ခြင်းမရှိဘဲ လက်ဝါးရိုက်ချက်အား ထုတ်လွှတ် လိုက်သည်။ ဓားစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည် ဆိုသော်ငြား ထိုရိုက်ချက်ကြောင့်ပင် ရီဖူရှင်းသည် နောက်သို့ လွင့်စဉ် သွား၏။ ရီဖူရှင်းက တစ်ချက် ညည်းညူလိုက်ပြီး ပါးစပ်ထဲပြည့်လာသော သွေးများအား ထွေးထုတ်လိုက် ရသည်။ သူက ခုခံခြင်းပင် မပြုပေ။

သူ၏စူးရှသော မျက်လုံးများက ဒေါသထွက်နေသည့် လီစွမ်းအား ထူးမခြားနားစွာ ကြည့်လိုက်သည်။

လီကျွမ်းကို သူသတ်လိုက်သော်လည်း ရီဖူရှင်းက မည်သူ့တပည့်လဲဟူသည့် ပြဿနာက ရှိနေသေး၏။ မင်းသားကြီး အိမ်တော်မှ လူများက သူ့ကို လူမြင်ကွင်းတွင် သတ်ဖြတ်လျင် နန်းတွင်းအကြံပေး အမတ်အား သူတို့က တရားဝင် စစ်ကြေညာခြင်း ဖြစ်သွားလိမ့်မည်။

မင်းသားကြီး အိမ်တော်က ရီဖူရှင်းကို သတ်ရဲသည်ဆိုလျှင်ပင် မင်းသားများက ပြဿနာ အကြီးအကျယ်ဖြစ်မည့် ကိစ္စကို သည်အတိုင်း ထိုင်ကြည့်နေ၍ မရပေ။

မူလက သည်ကိစ္စသည် မင်းသားများနှင့် သက်ဆိုင်ခြင်း မရှိချေ။ နန်းတွင်းအကြံပေး အမတ်၏တပည့် တစ်ခုခုဖြစ်သွာခြင်းအား မင်းသားကြီးစံအိမ်မှ လူများကြောင့်ဟု ငြင်းဆန်နိုင်ပေသည်။ သို့သော် ယနေ့ သူသေသွားခဲ့လျှင် မင်းသားကြီးစံအိမ်မှ လူများသည် ဘုရင်မျိုးနွယ်များ အမဲလိုက်ပွဲကို အကြောင်းပြု၍ ရီဖူရှင်းအား သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံသကဲ့သို့ ဖြစ်သွားပေမည်။ ဤတွင် မင်းသားများလည်း အပြစ်လွတ်မည် မဟုတ်တော့။

မင်းသားများသည် အမြော်အမြင်ရှိပြီး ဉာဏ်ကောင်းသူများ ဖြစ်သည်။ သူတို့က နန်းတွင်းအကြံပေး အမတ်အပေါ်တွင် အမြင်မကြည်ခြင်းများ ရှိနေလျှင်ပင် ထိုသို့သော ကိစ္စမျိုးကို မလုပ်ရဲကြပေ။

အင်ပါယာလီက နန်းတွင်းအကြံပေး အမတ်ကို တန်ဖိုးထားသည် ဟူသော အချက်အပြင် နန်းတွင်းအကြံပေး အမတ်အပေါ် အင်ပါယာ ကိုယ်တိုင်က တစ်စုံတစ်ခု စီရင်လိုပါက သူ့အနေဖြင့် တာလီပြည်ထောင်တွင် နန်းတွင်းအကြံပေး အမတ်၏ လွှမ်းမိုးမှု အဆင့်အတန်းကို ထည့်သွင်းစဉ်းစားရန် လိုပေသေးသည်။ အကယ်၍ ဘုရင့်မိသားစုက ထိုသို့သောအပြုအမူကို လုပ်ခဲ့သည်ဆိုပါက မည်သူတို့က တာလီမင်းဆက်ကို အလုပ်အကျွေး ပြုရဲတော့မည်နည်း။

“တော်လောက်ပြီ” မင်းသား၃က အေးစက်စွာ ပြောလိုက်သည်။

“အရှင့်သား  … သတ္တမဓားက လီကျွမ်းကို လူမြင်ကွင်းမှာ သတ်ပစ် လိုက်တယ်လေ။ ဒီတိုင်း ထားလိုက်တော့မှာလား” လီစွမ်းနှင့် မင်းသားကြီးအိမ်တော်မှ လူများမှာ ဒေါသများမှာ ဒေါသအလွန်အကျွံ ထွက်နေကြ၏။

“ဒီကိစ္စကို နန်းတွင်း အကြံပေးအမတ် အိမ်တော်နဲ့ မင်းသားကြီး အိမ်တော်က စုံစမ်း စစ်ဆေးလိမ့်မယ်။ သတ္တမဓားက ဒီကိစ္စကို သူ့အသက်နဲ့ ရင်းပြီး အာမခံပြီးပြီဆိုတော့ သူသာ လီကျွမ်းကို အကြောင်းမရှိဘဲ သတ်ပစ်ခဲ့တယ်ဆိုရင် မင်းသားကြီး အိမ်တော်က သူ့ကို စီရင်လိမ့်မယ်”

“ကောင်းပြီ … နန်းမြို့တော်ကို အရင်ပြန်ကြမယ်” လီယောင်က ဝင်ပြောလိုက်သည် ဆိုသော်လည်း စိတ်ထဲတွင် တုန်လှုပ်နေ၏။

သတ္တမဓားက အလွန် ရဲတင်းလွန်းသည်ဟု သူထင်သည်။ တာလီဘုရင့်မိသားစု တန်ခိုးရှင်များ၏ရှေ့တွင်ပင် လီကျွန်း၏ အသက်ကို အဆုံးသတ် ပစ်လိုက်၏။

လီယောင်က ရီဖူရှင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည် ဆိုသော်လည်း တစ်ခုတည်းသော အကြောင်းရင်းမှာ ရီဖူရှင်းသည် နန်းတွင်းအကြံပေး အမတ်၏ တပည့်တစ်ဦး ဖြစ်ကာ ရှန့်ထိုအဆင့် အောက်တွင် ရီဖူရှင်းသည် ပြိုင်ဘက်ကင်းသောကြောင့် ဖြစ်၏။

သူက သတ္တမဓားကို ကောင်းကောင်း နားမလည်သော်လည်း ယခုအဖြစ်က သတ္တမဓားက  မည်သို့သောလူမျိုး ဖြစ်ကြောင်း နားလည်စေသည်။

သူ၏ ဓားမှာ ကြောက်ရွံ့မှု ကင်းမဲ့၏။

သည်အရာက ဓားသမား တစ်ယောက်၏ ဂုဏ်သိက္ခာလား။

လီယူ၏နှလုံးက အရိုင်းဆန်စွာ ခုန်ပေါက်နေသည်။ သူမ အောက်ဘုံတွင် ရှိစဉ်က ရီဖူရှင်း၏ မောက်မာမှုအား တွေ့ခဲ့ရသည်။ ယခု ဘုရင့်မိသားစု ရှေ့တွင်ပင် သူသည် ပြောင်းလဲခြင်း မရှိခဲ့။

“အရှင်မင်းသား … သူ့ကို မင်းသားကြီး အိမ်တော်သို့ ခေါ်သွားဖို့ လိုအပ်ပါတယ်”

“ကောင်းပြီ…” မင်းသား၃က ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်းအား ကြည့်လိုက်သည် … “သတ္တမဓား  …  လီကျွမ်းက မင်းကို သတ်ဖို့ ကြံစည်တယ်လို့ ပြောပြီးတော့ အဲဒါကြောင့်ပဲ မင်းက သူ့ကို ပြန်သတ်လိုက်တယ်။ အခု မင်းကို မင်းသားကြီး အိမ်တော်ကို ပို့ရလိမ့်မယ်။ ကန့်ကွက်စရာရှိလား”

“ကန့်ကွက်ရင် ဘာလုပ်မလို့လဲ” ရီဖူရှင်း ပြန်ပြောလိုက်သည်။

လူတိုင်းက ရီဖူရှင်းကို ကြည့်လိုက်ကာ ပြောစရာစကား မဲ့သွားကြသည်။ သူက သူ့ခံစားချက်ကို ဖုံးကွယ်ရန်ပင် အားထုတ်ခြင်း မရှိတော့ချေ။

မင်းသား၃က သူ့ကို ပုံမှန်အတိုင်း လှမ်းကြည့်လိုက်ပြီး ဘာမှမပြောပေ။ သူက ဤအခြေအနေကို ကိုင်တွယ်ရန် မသင့်လျော်ပေ။ သည်ခေါင်းကိုက်စရာ ကိစ္စအား မင်းသားကြီးအိမ်တော်နှင့် အကြံပေးအမတ် အိမ်တော်သို့ လွှဲပေးခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။

သူက ဘုရင့်ပင်မအနွယ်ဝင်ပင် ဖြစ်သော်ငြား နန်းတွင်းအကြံပေး အမတ်သည် နန်းတွင်းအကြံပေး အမတ်ပင် ဖြစ်တော့၏။

“နန်းမြို့တော်ကို ပြန်ကြမယ်” မင်းသား၃က ပြောလိုက်သည်။ သည်ကိစ္စကြောင့်ပင် အနောက်တောင်ကုန်းမှ အမဲလိုက်ပွဲမှာ ပြီးဆုံးခြင်းကို ရောက်၏။

မင်းသားကြီးအိမ်တော်မှ တန်ခိုးရှင်များသည် ရီဖူရှင်းအနီးသို့ ကပ်လာကြ၏။ ဘုရင့်မိသားစုမှ တန်ခိုးရှင်များနှင့် ပေါင်းစည်းပြီးသည့်နောက် သူတို့အုပ်စုသည် ပို၍ အင်အားတောင့်တင်း လာသည်။ ရှန့်ထိုတန်ခိုးရှင်အချို့က ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်ကြပြီးနောက် သူ့ကို ခေါ်သွားကြတော့သည်။

“လီစွမ်း …” လီယောင်က အရှေ့သို့တက်လာကာ လီစွမ်းကို ပြောလိုက်သည်  … “သတ္တမဓားကို စစ်ဆေးဖို့ မင်းသားကြီး အိမ်တော်ဆီ ပြန်ခေါ်သွားလိုက်။ အခြေအနေ မရှင်းလင်းခင် အချိန်အထိ ဘာမှ အလွန်အကျူး မလုပ်နဲ့။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းသိတယ်”

ဤအခြေအနေတွင် မည်သူမျှ တုံးအမနေချေ။ သည်ကိစ္စကို မင်းသားကြီး အိမ်တော်က လုပ်ခဲ့သလား မလုပ်ခဲ့ဘူးလား ဆိုတာ လူတိုင်း သိသင့်ပေသည်။

လီကျွမ်းကို လူအများရှေ့တွင် သတ်ဖြတ်ခဲ့သည့်အတွက် မင်းသားကြီး အိမ်တော်က သတ္တမဓားကို လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည်တော့ မဟုတ်ပေ။

“ကျုပ် သိပြီ” လီစွမ်း၏မျက်နှာက မှောင်မည်းနေပြီး မင်းသား၃၏ ဂုဏ်ပုဒ်ကိုပင် ထည့်သွင်းပြောဆိုခြင်း မရှိတော့။ သူ၏ မကျေနပ်မှုက အတော်ပင် ကြီးမားနေပြီ ဖြစ်၏။

ယခင်က သူ၏အဘိုးတော် မင်းသားကြီးသည် ကြောက်စရာကောင်းသည့် ခွန်အားကို ပိုင်ဆိုင်သော်လည်း အရှုပ်အရှင်းများနှင့် ကင်းကင်းနေခဲ့ပြီး ဘုရင့်မိသားစု အပေါ်တွင် လေးစားမှုရှိခဲ့သည်။ ယခု လီကျွမ်းကို အပြင်လူ သတ်သွားသည့် အခါတွင် မင်းသားများသည် သူတို့ဘက်မှ မရပ်တည်ခဲ့ပေ။

လီယောင်က ရီဖူရှင်းကို ကြည့်လိုက်လျှင် ရီဖူရှင်းက ပြန်ပြောသည် … “အရှင့်သားက စိတ်အေးအေး နေပါ။ ကျုပ် ပြောပြီးသားပဲ။ မင်းသားကြီး အိမ်တော်က လူတွေက ကျုပ်ကို ကြံစည်မှုမရှိခဲ့ဘူးဆိုရင် ကျုပ်အသက်ကို ပြန်ပေးမယ်”

သည်ကိစ္စတွင် ဟာကွက်များ အများအပြားရှိပြီး သဲလွန်စများလည်း များသည်။ ဤကိစ္စကို စစ်ဆေးရန်အတွက် တော်ဝင်အကြံပေး အမတ်အိမ်တော်အတွက် လွယ်ကူလှသည်။

သူက ဂရုမစိုက်ပေ။သူက လီကျွမ်းအား သတ်ရဲခြင်းမှာ မင်းသားကြီး အိမ်တော်က သူ့အား မည်သို့မှ မလုပ်ရဲသည်မှာ သေချာ၍ဖြစ်၏။

***

အနောက်ဘက် တောင်ကုန်းမှ ထွက်လာပြီး နောက်တွင် လူတိုင်း တာလီနန်းမြို့တော်သို့ ပြန်လာကြသည်။

ရီဖူရှင်းကိုတော့ မင်းသားကြီး အိမ်တော်သို့ အဆောတလျင် ခေါ်သွားခြင်း ခံရသည်။ သတင်းများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး နန်းမြို့တော်မှာ ကြီးစွာ လှုပ်ခတ်သွားခဲ့ကာ မကောင်းသော အကျိုးအပြစ်များစွာ ဖြစ်လာခဲ့သည်။

မင်းသားကြီး အိမ်တော်က အခု နန်းတွင်းအကြံပေး အမတ်၏ တပည့်နှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သတ္တမဓားသည် တာလီမြို့တော်တွင် ရှန့်ထိုအဆင့်အောက်၌ ပြိုင်ဘက်ကင်းကာ လတ်တလောတွင် လျှမ်းလျှမ်းတောက် ကျော်ကြားလာခဲ့သူ ဖြစ်၏။

ဘုရင့်မိသားစု၏ အနောက်ဘက် တောင်ကုန်းတွင် အမဲလိုက်ခြင်း ကိစ္စတွင် ထိုသို့သော ကိစ္စရပ်မျိုး ဖြစ်ပွားခဲ့ကာ သတ္တမဓားက လီကျွန်းကို အများရှေ့၌ သတ်ဖြတ်ခဲ့သည်။ မင်းသားကြီး အိမ်တော်လည်း သည်ကိစ္စအား ကျေအေးပေးမည့်ပုံ မပေါ်ပေ။

တာလီကျောင်းတော် သည်လည်း သတင်းများကို ချက်ချင်းပင် လက်ခံ ရရှိခဲ့သည်။

များစွာသော လူများသည် အကြီးအကျယ် ထိတ်လန့်ကြရ၏။

ထိုအချိန်တွင် တာလီ ကျောင်းတော်တွင် ရန်ယွင် ထိုင်နေရာသို့ လီယောင် ရောက်လာခဲ့ကာ ဖြစ်ပျက်ခဲ့သမျှ အလုံးစုံအား ပြောပြနေလေသည်။

ရန်ယွင်ကို ကြည့်ရသည်မှာ တည်ငြိမ်လှသည်။ လီယောင် ပြောသမျှကို နားထောင် ပြီးသောအခါ သူ ခေါင်းညိတ်ကာ ပြောလိုက်သည် … “အရှင်မင်းသားကို ဒုက္ခများစေမိတာ စိတ်မကောင်းပါဘူး”

“ရပါတယ် … သတ္တမဓားကိုသာ …”

“ကျုပ် မင်းသားကြီး အိမ်တော်ကို သွားပြီး သူ့ကို သွားခေါ်မယ်” ရန်ယွင်က ပြောလိုက်သည်။ သူ ထရပ်လိုက်ပြီးနောက် ထပ်၍ ပြောလိုက်သည်  … “နန်ကျိုင်း  … ချွန်းယန်  … မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့”

“ဟုတ်ကဲ့…” နန်ကျိုင်းနှင့် ချွန်းယန်တို့ နှစ်ယောက်လုံး ခေါင်းညိတ် လိုက်ပြီးနောက် သုံးယောက်သား လေပေါ်သို့တက်ကာ ပျံသန်း သွားကြတော့သည်။

တာလီကျောင်းတော်မှ လူများသည် လေထဲမှ ပုံရိပ်များကို ကြည့်ပြီး သူတို့၏ နှလုံးသားများ အနည်းငယ် လှုပ်ခါသွားကြသည်။ စီနီယာအစ်ကိုကြီးက မင်းသားကြီး အိမ်တော်ကို သွားသည်များလား။

***


Comment

Leave a Reply


Options

not work with dark mode
Reset