အပိုင်း(၁၁၄၀)

စစ်ဆေးမေးမြန်းခြင်း

လီကျွမ်းက ရီဖူရှင်း သူ့နောက်သို့ လိုက်နေဆဲ ဖြစ်သည်ကို မြင်လျှင် မျက်မှောင်ကြုတ်ကာ ရီဖူရှင်းနှင့် သူ့အကြား အလှမ်းကွာစေရန် လုပ်ဆောင် လိုက်သည်။

သို့သော်လည်း ရီဖူရှင်းက သူ့အား အနှောင့်အယှက် ပေးလျက် ရှိဆဲ ဖြစ်သည်။ ရီဖူရှင်းသည် ရှန့်ထိုအဆင့် တန်ခိုးရှင်လောက် မမြန်သော်လည်း လီကျွမ်းထက်တော့ လျင်မြန်နေခြင်းကြောင့် သူ့အား လိုက်မီသွားမည်မှာ ပြောရန်ပင် မလိုချေ။

နဂါးနက်ကို ကြည့်ရသည်မှာ တစ်ခုခုကို စိုးရွံ့နေဟန်ဖြင့် စတင် တိုက်ခိုက်ခြင်း မပြုသေးပေ။

ရီဖူရှင်းသည်ကား ဘာစကားမှမပြော၊ ဘာအမူအရာမှ မပြသော်လည်း သူ၏စိတ်ထဲတွင် သတ်ဖြတ် လိုစိတ်များဖြင့် လောင်ကျွမ်းနေပြီ ဖြစ်၏။

အနောက်ဘက် တောင်ကုန်းဆီမှ မိစ္ဆာသားရိုင်းများသည် ဘုရင့်မိသားစု၏ ဖမ်းဆီးခံ သားရဲများ ဖြစ်သော်လည်း သူတို့၏ အသိဉာဏ်မှာ လူသားများထက် နိမ့်ကျခြင်းမရှိပေ။ ၎င်းတို့သည် ဘုရင့်မိသားစု၏ စီးတော်သားရဲအဖြစ် ပြုလုပ်ပေးခြင်းဖြင့် အသက်ရှင်ရန် အခွင့်အလမ်း ရှိကြသည်။

ရှင်သန်ရန် အခွင့်အရေးရဖို့ရာ အချို့သော ကတိထားမှုများ ပြုလုပ်ပေးရန် လိုအပ်ပေသည်။ တနည်းဆိုရလျှင် နဂါးနက်မှာ အညံ့ခံရန် ကတိပြုရမည် ဖြစ်သည်။

သို့သော်လည်း နဂါးနက်သည် တာလီနန်းတွင်း အကြံပေး၏ တပည့်ကို လူမြင်ကွင်းတွင် သတ်လိုက်လျှင် သူ့အသက်က ရှင်သန်နိုင်တော့မည် မဟုတ်သလို စီးတော်ဖြစ်လာရန် အခွင့်အရေးလည်း ရှိတော့မည် မဟုတ်ကြောင်း သူ မသိသည်လည်း ဖြစ်နိုင်၏။

အခြား တစ်ဖက်တွင်တော့ ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး အခြားသော မိစ္ဆာသားရဲများက တွေဝေခြင်းမရှိဘဲ ရီဖူရှင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင် သွားကြလေသည်။ မင်းသားကြီး အိမ်တော်မှ များစွာသော ရှန့်ထိုများသည် လှုပ်ရှားမှုများကို သတိထားမိလိုက်ကာ ထိုနေရာသို့ လှမ်းကြည့်ကြ၏။

ထိုမိစ္ဆာသားရဲများမှာ သတ္တမဓား ထံသို့သာ ရည်ရွယ်၍ ဦးတည်သွားပုံရ၏။

သတ္တမဓားက သူတို့ကို တစ်ခုခုများ လုပ်ခဲ့မိလို့လား။

လီစုသည် တွေဝေခြင်းမရှိဘဲ လီကျွမ်းထံသို့ ပြန်ဆုတ်လာခဲ့၏။ နဂါးနက်၏ တိုက်ခိုက်ခြင်းမှ ရှောင်တိမ်းရန် လီကျွမ်းအနီးသို့ တိုးကပ်လာသည့် ရီဖူရှင်းကို မြင်လျှင် သူသည် ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်စေလျက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့လက်ဝါးရိုက်ချက်က ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

“ထွက်သွားစမ်း …”

ထိုလက်ဝါး ရိုက်ချက်သည် သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်း မရှိပေ။ သူက ရီဖူရှင်းကို သတ်ဖြတ်ရန် မဟုတ်ဘဲ လီကျွမ်းအနီးမှ ထွက်သွားစေရန်သာ ရည်ရွယ်ခဲ့သည်။

ရီဖူရှင်းသည် သူ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး လက်ဝါး ရိုက်ချက်ကို ခုတ်ပိုင်းလိုက်ကာ သူ့ခန္ဓာကိုယ်ကတော့  နောက်သို့ ဆုတ်ခွာသွားခဲ့ပြီး လီစုကို အေးစက်စွာ ကြည့်လိုက်သည်။

များစွာသော ရှန့်ထိုအဆင့် တန်ခိုးရှင်များသည်လည်း နောက်သို့ ဆုတ်သွားကြသည်။ ရုတ်တရုတ် ခေါင်းကိုးလုံးနဂါး ကျောင်းချီနှင့် သားရဲကျူးရန်တို့မှာ ရီဖူရှင်းဘက်သို့ လှည့်ကာ တိုက်ခိုက်လာလေသည်။

ထို့အပြင် နဂါးနက်သည်လည်း ရီဖူရှင်းအား အေးစက်စွာ ကြည့်နေပေသည်။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက အရှေ့ကို တိုးလာခဲ့သည်။

ထိုအချိန်တွင် ရီဖူရှင်းသည် မဟာသားရဲရှန့်ထို လေးကောင်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်နေရသည်။

“တကယ့်ကောင်ပဲ…” မင်းသားကြီးအိမ်တော်မှ လူများက တိုးတိတ်စွာ ရေရွတ်လိုက်သည်။ သည်လူငယ်သည် အမှန်တကယ်ပင် ရှန့်ထိုသားရဲများနှင့် ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။ သူက မိစ္ဆာသားရဲများ၏ အမျိုးအနွယ်များကို သတ်ဖြတ် လိုက်သောကြောင့် ထိုသားရဲများမှာ ပို၍ ဒေါသတကြီး ဖြစ်လာကြဟန် ရှိသည်။

သူတို့၏ ဒေါသများကိုလည်း သတ္တမဓားအပေါ် ပုံအောလိုက်ကြဟန် ရှိသည်။

ထိုအချင်းအရာကို လီကျွမ်း မြင်သောအခါ သူ၏ မျက်လုံးများက အေးစက်လာသည်။ ကောင်းကင်ဘုံက သူ့အား မျက်နှာသာ ပေးလေပြီ။

ဤမတိုင်မီက ရီဖူရှင်းသည် သတိထားရမည့်သူ ဖြစ်ကြောင်း သူ သိရှိခဲ့သည်။ သို့ပေမဲ့ နဂါးနက်ကပင် ရီဖူရှင်းကို သတ်ဖြတ်နိုင်ခြင်း မရှိသည်ကိုတော့ ထင်မှတ်မထားခဲ့ပေ။ အကယ်၍သာ ရီဖူရှင်းကို ဒီအနောက်တောင် အမဲလိုက်မြေပြင်ကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပြုခဲ့လျှင် နောက်ပိုင်းတွင် ပြဿ‌နာများ မလွဲမသွေ တက်လာနိုင်ပေသည်။ အကောင်းဆုံးကတော့ ရီဖူရှင်းကို မိစ္ဆာသားရဲများ၏လက်ထဲတွင် သေအောင် ပစ်ထားလိုက်ခြင်းသာ ဖြစ်သည်။

ရီဖူရှင်းသည် မဟာရှန့်ထိုသားရဲ လေးကောင်၏ တိုက်ခိုက်မှုကို မြင်လိုက်ရပြီး ခဏတွင်ပင် သူ့သက်စောင့် ဟော်နန်းထဲမှ ကမ္ဘာ့သစ်ပင်၏ အရောင်အဝါများ ရုန့်ရင်းစွာ ထွက်ပေါ်လာခဲ့သည်။ ရုတ်ခြည်းပင် သူ၏ခန္ဓာကိုယ်မှ တောက်ပသည့် ရောင်စဉ်များ ထွက်ပေါ်လာပြီး ဓားဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ စကြာဝဠာရှိ များစွာသော စွမ်းအင်များက သူ့အနားတွင် ဝန်းရံလာပြီး တောက်ပလှသည့် ဓားရိပ်များ လွှမ်းခြုံထားသည့် ခန္ဓာကိုယ်က မိုးကောင်းကင်သို့ ထိုးခွင်း ပျံတက်သွားသည်။

နဂါးနက်၏ ထက်မြက်သော လက်သည်းများ၊ ကျောင်းချီ၏ ဓားပုဆိန်ရှည်၊ သားရဲကျူးရန်၏ နှင်တံနီနှင့် ခေါင်းကိုးလုံးနဂါး၏ အမြီးတို့မှာ ထွက်ပြေးရန် ကြိုးစားနေသည့် ရီဖူရှင်းထံသို့ တစ်ချိန်တည်း တိုက်ခိုက် လိုက်ကြသည်။

ဘုန်း …

ထိတ်လန့်ဖွယ် ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီး လေဟာနယ်အတွင်းမှ ဓားကွန်ချာ၏ ဓားစွမ်းအင်များ လှုပ်ခတ် သွားသည်။

ဘုန်း …

နောက်ထပ် ကျယ်လောင်သည့် အသံကို ထပ်ကြားလိုက် ရပြန်သည်။ ကြီးမားသော ဓားက ဖြိုခွဲခံလိုက်ရကာ ဓားကွန်ချာက စတင် အက်ကွဲလာသည်။

ကျူးရန်၏ ရှည်လျားသော နှင်တံက အဆုံးမဲ့မီးလျှံသည် ငရဲမီးကဲ့သို့ အော်မြည်ကာ အရာအားလုံးကို မီးလောင်တိုက် သွင်းတော့မလို ဝှေ့ယမ်းလိုက်သည့် အချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ ခေါင်းကိုးလုံး နဂါးသည်လည်း သူ၏ အမြီးဖြင့် ရီဖူရှင်းကို အမိအရ ရိုက်နှက်လျက် သူ့အား မြေပြင်နှင့် မိတ်ဆက် သွားစေသည်။ ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်တွင်းမှ ကလီစာများ ကြေမွသွားပြီဟုပင် ထင်မှတ်လိုက်မိသည်။

ကျယ်လောင်သည့် ရိုက်ခတ်သံနှင့်အတူ သူ့ခန္ဓာကိုယ်သည် မြေပြင်နှင့် ရိုက်မိကာ နက်ရှိုင်းသည့် တွင်းတစ်ခုပင် ဖြစ်ပေါ်လာသည်။

မင်းသားကြီး အိမ်တော်မှ လူများသည် ဝင်၍ မကူညီဘဲ ရပ်ကြည့်နေကြသည်။ ထိုအချိန်မှာပင် များပြားလှသည့် မိစ္ဆာသားရဲများသည် သူတို့ကို ဆန့်ကျင် တိုက်ခိုက် လာကြသည်။ မိစ္ဆာသားရဲအများစုမှာ လီကျွမ်းဆီသို့ အကြမ်းပတမ်း တိုးဝင် တိုက်ခိုက်ကြ၏။ မင်းသားကြီး အိမ်တော်မှ ရှန့်ထိုသားရဲများသည် သူတို့ကို ဆုတ်ခွာ သွားစေရန်သာ ဖိအားပေးခြင်းဖြစ်ပြီး အချို့သော သားရဲ အနည်းငယ်မှာ ရူးသွပ်သွားသကဲ့သို့ သေမည်ကိုပင် အမှုမထားဘဲ တိုက်ခိုက်လာ၏။ ထို့ကြောင့် ၎င်းတို့ကို သတ်ပစ်ရန်အပြင် အခြားမရှိတော့ပေ။

ထိုသားရဲများမှာ ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ သူက ရှန့်ထိုသားရဲများကို မထိန်းချုပ်နိုင်သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က တိုက်ပွဲများတွင် ရှန့်ထိုသားရဲများမှလွဲ၍ အချို့သော မိစ္ဆာသားရဲများကို ထိန်းချုပ်နိုင်ရန် သူကြိုးပမ်းခဲ့သည်။ သူသည် လီယောင်နှင့် ရင်ဆိုင်ရန် ထိုသို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သော်လည်း အခုချိန်တွင်တော့ မတတ်သာဘဲ အခြေအနေအရ ထုတ်သုံးရတော့သည်။

မိစ္ဆာသားရဲကောင်များသည် သူတို့၏ အမျိုးအနွယ်များ သတ်ဖြတ်ခံရသည်ကို မြင်လျှင် ရှန့်ထိုအဆင့် သားရဲတချို့မှာ မင်းသားကြီး အိမ်တော်မှ လူများဘက်သို့ လှည့်လိုက်ကြသည်။

မြေပြင်ပေါ် ရိုက်ချခံထားရသည့် ရီဖူရှင်းသည်ကား မသေသေးသော်လည်း သေလုမြောပါး ဒဏ်ရာများ ရရှိထားလေသည်။

နဂါးနက်သည် ရီဖူရှင်းကို စူးစိုက်ကြည့်နေဆဲ ဖြစ်၏။ ရီဖူရှင်းသည် မြေပြင်ပေါ်တွင် ချိုင့်ဝင်နေသော တွင်းနက်ထဲမှ တက်လာပြီး လေထဲတွင် ရပ်လိုက်ပြီး တစ်ဖန် သူ၏ အမူအရာက အေးစက်လာခဲ့၏။

သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် ရှန့်ထိုအဆင့်နီးပါး ရှိမနေခဲ့လျှင် ထိုသို့အမြင့်မှ ပြုတ်ကျပုံမျိုးဖြင့် ဆိုလျှင် ၈ကြိမ်ထက်မက သေသွားလိမ့်ဦးမည်။

သို့သော်လည်း ခန္ဓာကိုယ် သန်စွမ်းစေရန် ဆေးရည်ကန်အတွင်း စိမ်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်က အလွန်အမင်း သန်မာနေခဲ့ခြင်းကြောင့် မဟုတ်ခဲ့လျှင်် ယခုကဲ့သို့ ဘာမှမဖြစ်သလို ပြန်ထလာနိုင်မည် မဟုတ်ပေ။

ထိုမြင်ကွင်းကို လီကျွမ်းမြင်သည့်အခါ ထူးဆန်းစွာ ကြည့်သည်။ သူက အဘယ်ကြောင့် ပြန်ထလာနိုင်သနည်း။

အဆုံးအစမဲ့သော ဓားအသိများက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံလျက် ကျားယဲ့ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းလက်လှသည့် ဓားအရှိန်အဝါများကို ထုတ်လွှတ်ကာ လေဟာနယ်ရှိ နဂါးနက်အား ဦးတည်လိုက်သည်။

နဂါးနက်သည် အေးစက်လှသည့် ရေခဲနှင်းမှုန်များကို မှုတ်ထုတ်လိုက်လျှင် ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ခဲတော့မတတ် ဖြစ်သွားပုံ ပေါ်နေသည်။

ထိုစဉ် ကျားယဲ့ဓားသည် ကောင်းကင်ကို ခွင်း၍ လေဟာနယ် အတွင်း၌ ပျောက်ကွယ် သွားလေသည်။

လီကျွမ်းသည် လေဟာနယ်အတွင်းမှ တိုက်ပွဲအား စောင့်ကြည့်နေရင်း ရီဖူရှင်း၏ အဆုံးသတ်ကို စိတ်အားထက်သန်စွာ ကြည့်နေစဉ်မှာပင် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ဓားတစ်ချောင်းသည် လေဟာနယ်ကို ဖြတ်သန်း၍  လှုပ်ရှားလာခဲ့ရာ လီကျွမ်း၏မျက်နှာ ပြာနှမ်းသွား၏။ ထိုဓားသည် နဂါးနက်ကို တိုက်ခိုက်လိုက်ခြင်း မဟုတ်ဘဲ သူ့ထံသို့ ဦးတည်လာခြင်း ဖြစ်လေသည်။

ရုတ်တရက် ပြောင်းလဲသွားသည့် အပြောင်းအလဲကို ရင်ဆိုင်ရန် လီကျွမ်း အဆင်သင့် မဖြစ်ခဲပါ။ သူက ရှောင်တိမ်းလိုသော်လည်း နောက်ကျသွားချေပြီ။ ကျားယဲ့ဓားသည် လျှပ်တပြက်အတွင်း သူ့လည်ပင်းဆီသို့ ဦးတည်လာကာ အရေပြားကိုပင် ဖြတ်လုနီးပါး ဖြစ်သွားသည်။ လီကျွမ်း တစ်ကိုယ်လုံး အေးစက်မှုများဖြင့် ဖျဉ်းခနဲ ဖြစ်သွား၏။

“တကယ်လို့ ကျုပ်သေရင် သူလည်း သေရမယ်…” လီကျွမ်း၏ နားထဲသို့ အသံတစ်ခု ဝင်လာသည်။ နဂါးနက်ကြီးက ရီဖူရှင်းတို့အားကြည့်ကာ ဟိန်းဟောက် လိုက်သော်လည်း ထူးဆန်းစွာပင် သူကရပ်တန့်သွားပြီး ဆက်လက် မတိုက်ခိုက်တော့ပေ။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် လျှပ်တစ်ပြက်ပင် လီကျွမ်းအနီးသို့ ရောက်ရှိလာသည်။ ကျားယဲ့ဓားသည်လည်း ထိတ်လန့်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်လျက် လီကျွမ်းကို ဝန်းရံထားသည်။ ရီဖူရှင်းက သူ့အနားကို လျှောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။ “မင်းက အမှားတစ်ခုကို နှစ်ခါလုပ်တာပဲ။ အဲဒါကို ထပ်ခါထပ်ခါမလုပ်ဖို့ ဘာလို့ သတိမထားရတာလဲ ”

“မင်း ဘာကိုဆိုလိုတာလဲ …” လီကျွမ်း နားမလည်သည့်ဟန်ဖြင့် ပြန်မေးသည်။

“သတ္တမဓား … မင်း ကိုယ့်နေရာကိုယ် မေ့နေပြီ…” လက်ရှိတွင် ရှန့်ထိုသားရဲနှင့် တိုက်ခိုက်သော လီစွမ်းက ဒေါသတကြီး တုံ့ပြန်လိုက်သည်။ ရီဖူရှင်းက လီကျွမ်းအနီးသို့ ရောက်လာပြီး နဂါးနက်ကိုကြည့်ရင်း ပြောလိုက်သည် …  “ရှန့်ထိုသားရဲ နဂါးနက်ရဲ့ တိုက်ခိုက်မှုကို ရပ်တန့်အောင် ဘယ်လိုလုပ်ရမှာလဲ”

“ကျုပ်က ဘယ်လိုလုပ် သိမှာလဲ…” လီကျွမ်း မျက်လုံးများက အေးစက်နေသည်။ သူကား လက်ရှိတွင် ထိန်းချုပ်ခံ ရုပ်သေးရုပ်နှင့် မခြားတော့။

သူ့အား ဤသို့ နှစ်ကြိမ်တိုင်တိုင် အနိုင်ကျင့်သည့် ရီဖူရှင်းအား လီကျွမ်းသည် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ခုတ်သတ်ချင်နေပြီ ဖြစ်၏။

ထိုအချိန်တွင် လေထုအတွင်းမှ လေတိုးသံများ ထွက်ပေါ်လာပြီး လူတစ်စုက သူတို့ထံသို့ ဦးတည် လာနေလေသည်။ ထိုလူစုထဲမှ အချို့၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားပေသည်။

သူတို့ကို ကြည့်ကာ ရှန့်ထိုသားရဲ နဂါးနက်မှာ နောက်သို့ ဆုတ်ခွာ သွားသည်။ ထိုအချိန်မှာ အခြားသော ရှန့်ထိုသားရဲ သုံးကောင်သည်လည်း စတင် ဆုတ်ခွာနေပြီ ဖြစ်၏။ အသစ် ရောက်ရှိလာသောသူမှာ တာလီပြည်‌ထောင်၏ မင်းသား၈ ဖြစ်လေသည်။

သူ့မျက်လုံးများက လူစုကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးလျှင် ရီဖူရှင်းထံ၌ ရပ်သွားခဲ့သည်… “သတ္တမဓား … မင်း ဘာလုပ်နေတာလဲ”

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာပါ…”  ရီဖူရှင်း ပြောလိုက်သည်။ သို့သော် သူ့အသံမှာ အေးစက်နေ၏။ လီကျွမ်းကို ဖမ်းပြီး စိုးစဉ်းမျှမကြာသည့် အချိန်တွင် မင်းသား၈ ထွက်ပေါ်လာခြင်းမှာ မတော်တဆလား … တမင်တကာလား။

“နောက်ပြောင်နေတာကို ရပ်လိုက်တော့ … လီကျွမ်းကို လွှတ်လိုက်တော့” မင်းသားရှစ်က ပုံမှန်အတိုင်း ပြောလိုက်သော်လည်း သူ့အသံမှာ အာဏာသံဆန်နေ၏။

“ခွင့်လွှတ်ပါ အရှင့်သား … ကျုပ် သူ့ကို လွှတ်မပေးနိုင်ဘူး” ရီဖူရှင်း ပြန်ပြောလိုက်သည်။

“ကိုယ့်နေရာကိုယ် မမေ့နဲ့ …” မင်းသားကြီး အိမ်တော်မှ တန်ခိုးရှင်များက ငေါက်ငမ်းလိုက်ကာ ရီဖူရှင်းထံသို့ လျှောက်လာကြသည်။ တစ်ယောက်က အေးစက်စွာ ပြောလိုက်၏။ “မင်းက နန်းတွင်းအကြံပေးရဲ့ တပည့် ဖြစ်နေရင်တောင်မှ မင်းသားကြီး အိမ်တော်ရဲ့ရှေ့မှာ မင်းကို မောက်မာခွင့် မပေးနိုင်ဘူး”

“ဒါပေမဲ့ ကျုပ် လီကျွမ်းကို မဖမ်းခင်တုန်းက ခင်ဗျားတို့ ကျုပ်ကို လာကယ်မယ့် အရိပ်အယောင်လည်း မရှိပါ့လား…” ရီဖူရှင်း ခပ်ထေ့ထေ့ ပြောလိုက်သည်။ သူက အချိန်စောင့်နေခြင်း ဖြစ်၏။

မင်းသားကြီး အိမ်တော်က လူများသည် အချက်ပြမှု ပြုလုပ်ထားပြီးဖြစ်ရာ ဘုရင့်မိသားစုမှ တန်ခိုးရှင်များသည် အနှေးနဲ့ အမြန် ရောက်လာတော့မည် ဖြစ်သည်။

“သတ္တမဓား … တော်လောက်ပြီ” မင်းသား၈က ဆက်ပြောလိုက်သည်။

ရီဖူရှင်း သူ့ကို ကြည့်လိုက်သော်လည်း ဘာမှ ပြန်ပြောခြင်းမရှိ။ ရုတ်တရက် အခြေအနေက တင်းမာလာနေသည်။ ရီဖူရှင်းသည် မင်းသား၈ကိုပင် အလေးထားဟန် မရှိတော့။

အတန်ကြာလျှင် မင်းသမီးလီရှောင် ရောက်ရှိလာသည်။ သူမသည် ရှေ့မှမြင်ကွင်းကို မြင်လျှင် ကျောက်ရုပ်အလား တောင့်တင်းသွားပြီးမှ ရီဖူရှင်းကို မေးလိုက်သည်… “သတ္တမဓား … ဒါက ဘယ်လိုအခြေအနေ ဖြစ်နေတာလဲ”

“သတ္တမဓား … မင်းက သိပ်ကို မောက်မာလွန်းတယ်” ဘုရင့်မိသားစုမှ အကြီးအကဲများက ရေခဲတမျှအေးစက်သော အသံဖြင့် ငေါက်ငမ်းလိုက်သည်။

ဘုရင့်တော်ဝင် မိသားစုဝင်များမှာ ထိုနေရာသို့ တဖြည်းဖြည်း ထပ်မံ ရောက်လာကြ၏။ သူတို့ အကုန်လုံးသည် ရီဖူရှင်းအား ဒေါသတကြီး ကြိမ်းမောင်း ပြောဆိုကြ၏။

ရီဖူရှင်းက သူတို့အားလုံးကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးများပင် မှိတ်ထားလိုက်သေး၏။

အမြင်ရှင်းလျှင် စိတ်ရှင်း၏။

လီစွမ်းနှင့် လီယောင်အပြင် တော်ဝင်အိမ်တော်မှ လီရန်နှင့် လီယူတို့လည်း ရောက်ရှိလာသည်။

အဆုံးသတ်တွင် မင်းသား၃နှင့်လီကျယ်သည် များပြားလှသည့် နန်းတွင်း တန်ခိုးရှင်များနှင့်အတူ ရောက်ရှိ လာလေသည်။

“သတ္တမဓား ဒီမှာ ဘာတွေဖြစ်နေတာလဲ” လီယောင်က မေးလိုက်သည်။

“မင်းသားကြီး အိမ်တော်က လူတွေ ကျုပ်ကို သေစေချင်နေကြတယ်” ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“သတ္တမဓား … မင်း မလိမ်နဲ့” လီစု အေးစက်စွာ ပြောလိုက်၏။

“ငါတို့ မင်းကို ဘယ်တုန်းက ထိခဲ့လို့လဲ” လီကျွမ်းကလည်း မေးလိုက်သည်။

“ဓားကို အရင် ချထားလိုက်ပါ” မင်းသား၃က ရီဖူရှင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

ရီဖူရှင်း ရောက်လာသည့် လူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြက်ရယ်ပြုကာ ပြောသည် … “တာလီနန်းတွင်း အကြံပေးက သူ့ရဲ့ ဘဝတစ်ခုလုံး မြှုပ်နှံပြီး အားထုတ်မှုတွေ အများကြီးနဲ့ တာလီအင်အား တိုးပွားလာအောင် ကြိုးပမ်းပေးခဲ့တယ် … မရေတွက်နိုင်တဲ့ အရည်အချင်းတွေနဲ့ သူကိုယ်တိုင် ဘုရင့်အင်အား ဖြစ်စေခဲ့တယ် … ဆရာက လီမျိုးနွယ် မဟုတ်တာတောင် တော်ဝင်မိသားစုရဲ့ အမျိုးအနွယ်တွေဆီက တောင်းဆိုချက်တွေကို ဘယ်တော့မှ မငြင်းပယ်ခဲ့ဘူး။ အဲဒါတောင်မှ သူ့အပေါ် မကျေနပ်ချက်တွေ နက်ရှိုင်းနေကြပါလား”

ရီဖူရှင်း၏အသံ ထွက်ကျလာသည်နှင့် များစွာသော လူများ၏ မျက်နှာသည် ရုတ်ခြည်းပင် ပြောင်းလဲ သွားတော့သည်။ ထိုစွပ်စွဲချက်ကား ပြင်းထန်လွန်းလှ၏။

“သတ္တမဓား … တော်ဝင်အကြံပေး အမတ်က ကျုပ်တို့ နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အမာခံ ထောက်တိုင်လိုမျိုး ပုဂ္ဂိုလ်ပဲ။ ဒါက နာမည်တွေ မျိုးနွယ်တွေနဲ့ မဆိုင်ဘူး။ ဒီစွပ်စွဲချက်က မင်းရဲ့ ရူးသွပ်မှုသက်သက်ပဲ” မင်းသား၃က ပြောလိုက်သည်။

“ဟုတ်လား …” ရီဖူရှင်း မင်းသား၃ကို ကြည့်ရင်း ပြန်ပြောလိုက်သည် … “ဒါဆို တာလီနန်းတွင်း အကြံပေးအမတ်ရဲ့ တပည့်တစ်ယောက် အနေနဲ့ ကျုပ်က တော်ဝင်အမဲလိုက် တောင်ကုန်းမှာ လုပ်ကြံခံရတယ်။ အသက်တောင် ပါသွားတော့ မတတ်ပဲ။ ကျုပ်က လီကျွမ်းကို ကျုပ် အသက်လုံခြုံရေး အတွက် ဖမ်းထားရတယ်။ ဒါပေမဲ့ တစ်ယောက်ကမှ ဘာကြောင့်လဲလို့ မမေးဘဲ ကျုပ်ကို မောက်မာတယ် စည်းကျော်တယ်လို့ ဖိနှိပ်ပြောဆိုပြီး သူ့ကို လွှတ်ပေးခိုင်း နေတာလဲ။ ဘယ်သူကမှ လီကျွမ်း ဘာလုပ်ခဲ့လဲဆိုတာ ဂရုမစိုက်ကြပါလား”

ရီဖူရှင်း ပြောသည်ကို ကြားလျှင် လီစွမ်းနှင့် လီယောင်တို့ နှစ်ဦးသား မျက်မှောင်ကြုတ် လိုက်၏။

မင်းသားကြီး အိမ်တော်မှ လူများ၏ အကြည့်များမှာ မည်းမှောင်လာသည်။ သတ္တမဓားက အကွက်ကျကျ တွက်ချက်ပြီး အချိန်ကောင်းတွင် ထိုးနှက်လိုက်မည်ဟု သူတို့ လုံးဝ မထင်မထားကြပေ။

ထို့အပြင် သည်ဖြစ်ရပ်ကို အခြေခံကာ တာလီနန်းတွင်း အကြံပေးအမတ်နှင့် ဘုရင့်မိသားစုတို့၏ သဘောထား ကွဲလွဲမှုများကိုလည်း မီးမောင်းထိုးပြ လိုက်သေးသည်။

သည်ကဲ့သို့သော ပြဿနာကို လူတိုင်းက သိကြသော်လည်း ဘယ်သူကမှ အများရှေ့တွင် ထုတ်မပြောရဲကြပေ။

ဘယ်မင်းသားကမှလည်း ထိုအချက်ကို ဝန်ခံရဲမည် မဟုတ်ပေ။

“သတ္တမဓား … လီကျွမ်းက ဘာများ လုပ်ခဲ့လို့လဲ” လီစွမ်းက မေးလိုက်သည်။

“ကျုပ် အနောက်ဘက် တောင်ကုန်းက တောထဲမှာ အနားယူနေတုန်း မင်းသားကြီး အိမ်တော်ရဲ့ တန်ခိုးရှင်တွေက ရှန့်ထိုသားရဲနဂါးနက်ကို သွေးဆောင်ပြီး ကျုပ်ဆီကို လာခဲ့ကြတယ်။ နဂါးနက်ကြီးက ကျုပ်ကို တိုက်ခိုက်တဲ့ အချိန်မှာ သူတို့က ဝင်မကူဘဲ ထွက်ပြေးတယ်” ရီဖူရှင်း ပြောသည်။

“နဂါးနက်ရဲ့ အစွမ်းက အရမ်းမြင့်တယ်။ ကျုပ်တို့ မနိုင်နိုင်ဘူး” လီစုက ခုခံပြောဆိုသည်။ သူ၏ တစ်ခုတည်းသော နောင်တမှာ ထိုတုံးအလှသည့် နဂါးနက်က သတ္တမဓားအား အသေမသတ်နိုင်ခဲ့ဘဲ အသက် ဆက်ရှင်ခွင့် ပေးခဲ့ခြင်းပင် ဖြစ်သည်။ ယခု သူတို့အားလုံး ပြဿနာ တက်ချေပြီ။

“ဟုတ်လား …” ရီဖူရှင်း သရော်သည့် လေသံဖြင့် ပြောသည် …  “ကျုပ် ရှန့်ထိုသားရဲတွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်နေတဲ့ အချိန်မှာလည်း ခင်ဗျားတို့က မကူညီဘဲ ရပ်ကြည့်နေတဲ့အပြင် နဂါးနက်ကိုလည်း ကျုပ်ဆီ ရောက်လာအောင် လမ်းပြခဲ့သေးတယ်လေ။ ဒါပေမဲ့ ကျုပ် ခင်ဗျားတို့အနားကို ရောက်လာတော့ ဘာလို့ ရုတ်တရက် ခင်ဗျားတို့က ကျုပ်ကို ဝိုင်းတိုက်တာလဲ”

“ပြီးတော့ နဂါးနက်က ကျုပ်ကို သတ်တော့မယ့် အချိန်မှာ ကျုပ်က လီကျွမ်းကို ဖမ်းလိုက်တော့ သူ့တိုက်ခိုက်မှုတွေက ဘာလို့ ရပ်သွားရတာလဲ” ရီဖူရှင်း ဆက်တိုက် ဆက်ကာ မေးလိုက်သည်။

“မိစ္ဆာသားရဲတွေရဲ့ အတွေးကို ကျုပ်တို့က ဘယ်လိုလုပ် သိမှာလဲ” မင်းသားကြီး အိမ်တော်က လူတစ်ယောက်က အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့က အားလုံးကို ဘူးခံငြင်းရတာ လွယ်လိုက်တာ” ရီဖူရှင်း လှောင်ပြုံးလိုက်ရင်း ပြောသည် “လီကျွမ်း … တာလီကျောင်းတော် အပြင်ဘက်မှာ မင်း ငါ့စီနီယာအစ်ကိုကို ဘာကတိပေးခဲ့လဲ မှတ်မိသေးလား”

ထိုစကားကိုကြားလျှင် လူတိုင်းက ကြီးစွာ စိတ်လှုပ်ရှား သွားကြသည်။ ထိုအချိန်တုန်းက လီကျွမ်းသည် အသက်နှင့်ရင်းကာ ကျိန်ပြောခဲ့သည့် ကတိစကားတစ်ခွန်း ရှိလေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset