အဝေးမှ သားရိုင်းများ ပြေးလွှားနေကြသည်ကို ထောက်၍ သူတို့သည် အလွန်တရာ စွမ်းအားကြီးသော သားရိုင်းများ လာနေသည်ကို ခံစားမိနေကြကြောင်း သိသာစေသည်။
ထိုအခိုက်တွင် အလွန်တရာ အေးစက်သော လှိုင်းများ ပတ်ဝန်းကျင် တစ်ခုလုံးသို့ လွှမ်းခြုံလာခဲ့ကာ ရီဖူရှင်းသည် ကျောများပင် ချမ်းလာခဲ့သည်။ တောင်ကြားသည် မြူများ ဆိုင်းလာကာ အချို့မှာ အေးခဲ လာကြတော့သည်။
သို့သော်လည်း ထိုမျှဖြင့် အဆုံးမသတ်ပေ။ နောက်ထပ် ရောက်လာသည်ကား ကြောက်မက်ဖွယ် ပူပြင်းသော လှိုင်းများပင်။ အအေးမှ အပူသို့ ပြောင်းလဲသွားလျှင် တော်အုပ်၏ အစိတ်အပိုင်း တစ်ခုလုံးသည် အသက်မဲ့ကာ ခြောက်သွေ့ သွားကြတော့သည်။
အပူနှင့်အအေး စက်ဝန်းသည် တစ်လည့်ပြီးတစ်လှည့် ဖြစ်ပေါ်နေခဲ့၏။ ရီဖူရှင်းသည် ထိုနေရာမှ မြန်ဆန်စွာပင် ပျံသန်းထွက်ခွာကာ သူလာရာလမ်းကို ပြန်၏။
လီကျွမ်းတွင် မကောင်းသော အကြံများရှိ၏။ ရီဖူရှင်းအနေဖြင့် လာရာလမ်းသို့ ပြန်ခြင်းသည် တာလီပြည်ထောင်မှ တခြားလူများနှင့် နီးသောနေရာများသို့ ရောက်ရန် မျှော်လင့်သော ကြောင့်လည်း ဖြစ်၏။
အဝေးကောင်းကင်တွင် အနီရင့်ရောင် သားရိုင်းကြီး တစ်ကောင်သည် မြန်ဆန်စွာဖြင့် ပြေးလာနေကြသည်။ သူ၏အသက်ရှူသွင်း ရှူထုတ်တိုင်းတွင် အပူနှင့်အအေး စက်ဝန်းကို ဖြစ်ပေါ်စေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မြူများဖြင့် ရစ်သိုင်းလာခဲ့သလို တစ်ဖန် အလွန်အမင်း ပူပြင်း ခြောက်သွေ့မှုကိုလည်း ထပ်မံဖြစ်ပေါ်စေ၏။
ထိုသားရိုင်းကြီးကား မီတာ၁၀၀ခန့် ရှည်လျားကာ တစ်ကိုယ်လုံးတွင် အကြွေးခွံများဖြင့် ပြည့်နှက်နေ၏။ သူ၏ဦးခေါင်းသည် လူသားတို့အတိုင်းဖြစ်ကာ ဦးချိုတချို့ရှိသည်။ လူသားခေါင်းဖြင့် နဂါးကား ကျူးရင်အမည်ရှိ နဂါးနက်ကြီး ဖြစ်ပေသည်။
နဂါးနက်ကြီးသည် လီကျွမ်း၏နောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
လီကျွမ်းတို့အုပ်စုတွင် ရှန့်ထိုများပါဝင်ပြီး သူတို့ပျံသန်းနေသော အရပ်မှာ ရီဖူရှင်း သွားနေရာ လမ်းကြောင်းဖြစ်နေ၏။ ရီဖူရှင်းသည် အမြန်ဆုံးအရှိန်ဖြင့် ပြေးနေသည့်တိုင် သူတို့၏အမြန်နှုန်းကို ယှဉ်နိုင်ခြင်းမရှိပေ။
ရှန့်ထိုများသည် မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းနေကြသည်။ သူတို့၏ခန္ဓာကိုယ်များက ပတ်ဝန်းကျင်နှင့် တသားတည်းဖြစ်နေသည့်အလား။
နဂါးနက်ကြီးသည်လည်း မြင့်မားသော အမြန်နှုန်းဖြင့် ပျံသန်းနေခဲ့ကာ လီကျွမ်းတို့အုပ်စုနှင့် ထက်ကြပ်မကွာ လိုက်နေရာ သူသည် ရီဖူရှင်းနှင့်လည်း တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
“ဟူး …” နဂါးနက်ကြီးက မှုတ်ထုတ်လိုက်သည်တွင် ပတ်ဝန်းကျင်သည် အေးခဲသွား၏။ အအေးလှိုင်းများသည် ပတ်ဝန်းကျင် တစ်ခုလုံးအား လှိုင်းများသဖွယ် ရိုက်ခတ်နေခဲ့သည်။ ရီဖူရှင်း၏ အမြန်နှုန်းသည်လည်း ထိုလှိုင်းများကြားတွင် များစွာ နှေးကွေးသွားရသည်။ သူက ဓားအသိများကို ခန္ဓာကိုယ်တွင် လှည့်ပတ်စေလျက် အအေးလှိုင်းများကို ဖြတ်ကာ ကြိုးစား ပြေးနေရသည်။
“အစ်ကို သတ္တမဓား … မြန်မြန်” ထိုအခိုက်တွင် လီကျွမ်းနှင့် သူ့အဖွဲ့သားများက သိဒ္ဓိဝင်ရတနာများအား စီးနင်းပျံသန်းကာ ရီဖူရှင်းကို ကျော်ဖြတ် သွားကြသည်။ ရီဖူရှင်းက သူတို့အား အေးစက်စွာ ကြည့်သော်လည်း ဘာမှ မပြောပေ။ သူ့ကို လှည့်ပတ်နေသော ဓားအသိများ ပိုမို အားကောင်းလာခဲ့ကာ သူရွေ့လျားရာ နေရာများမှ အအေးလှိုင်းများကို ဖြတ်တောက် လမ်းရှင်းပေးစေသည်။
ရီဖူရှင်းသည် လမ်းကြောင်းပြောင်းရန် ကြိုးစားသော်လည်း နဂါးနက်ကြီးသည် သူ့နောက်သို့သာ ထူးဆန်းစွာ လိုက်ပါနေခဲ့ရာ သူ့အနေဖြင့် မတတ်သာဘဲ ရှေ့သို့ ဆက်ပြေးနေခဲ့ရသည်။
မကြာခင် နဂါးကြီးက သူ့အား မီလာခဲ့သည်။ နဂါးကြီးက မျက်လုံးကို ဖျတ်ခနဲ ပိတ်လိုက်၏။ ဤတွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် အလင်းများ စုပ်ယူခြင်း ခံရသည့်အလား မှောင်မိုက်သွား၏။
ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်သွားလျှင် ရီဖူရှင်းသည်လည်း မျက်လုံး ကွယ်သွားသည့်အလား ဘာကိုမှ မမြင်ရတော့ပေ။ သူကား စိတ်မှန်းဖြင့်သာ ရှေ့သို့ ပျံသန်းနေရသည်။ သူ့စိတ်ဝိညာဉ် စွမ်းအားမှာလည်း များစွာ ကန့်သတ်ခံရလျက် အမှောင်ထုထဲ စမ်းတဝါးဝါး ဖြစ်နေ၏။
သည်စွမ်းရည်မှာ နဂါးနက်ကြီး၏ပင်ကိုဗီဇပါရမီ ဖြစ်ကြောင်း ရီဖူရှင်း နားလည်သည်။
သူ၏သက်စောင့် ဟော်နန်းထဲမှ ကမ္ဘာသစ်ပင်သည် ပြင်းထန်စွာ လှုပ်ယမ်းလျက် ရောင်စဉ် အမျှင်တန်းများ ရီဖူရှင်းကို ဖုံးအုပ်စေခဲ့ကာ ပတ်ဝန်းကျင်အား ပိုမိုအားကောင်းစွာ ခံစားသိမြင်စေသည်။ သူ၏မျက်လုံးများသည် ထူးဆန်းသော နတ်ဘုရား အလင်းများဖြင့် တောက်ပလာခဲ့ကာ အမှောင်ထုကို မြင်နိုင်စွမ်း ရှိလာခဲ့သည်။
သူ့ထံသို့ အားကောင်းသော အန္တရာယ် အငွေ့အသက်တစ်ခု တိုးဝင်လာနေသည်။ အေးစက်သော လှိုင်းသည် သူ့အား ရစ်ပတ်လာခဲ့ကာ ကြောက်မက်ဖွယ် ဖိအားသည်လည်း နီးကပ်လာခဲ့၏။ သူကား ဧရာနနဂါးနက်ကြီး၏ရှေ့တွင် ပုရွက်ဆိတ် တစ်ကောင် အလားသာသာ ထင်မှတ်ရသည်။
နဂါးနက်ကြီးကား ရှန့်ထိုပထမအဆင့်တွင် ဖြစ်ကာ သူ သည်မတိုင်ခင် တိုက်ခိုက်ခဲ့သော သားရဲများထက် များစွာ အားကောင်းပေသည်။
ကျားယဲ့ဓား ဖွဲ့စည်းဖြစ်ပေါ်လာကာ ရီဖူရှင်းက သူ့အား ရစ်ပတ် ကာကွယ်စေလျက် နောက်သို့ လျှပ်စီးတန်းအလား ဆုတ်ကာ နဂါးကြီး၏ လက်သည်းကုပ်ချက်ကို ရှောင်လျက် ဓားသည် နဂါးဦးခေါင်းနေရာသို့ ပျံသန်းသွားသည်။
နဂါးနက်ကြီးက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ လေအေးများဖြင့် မှုတ်ထုတ်ပြန်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားခဲ့ကာ ကျားယဲ့ဓားသည်လည်း လေထဲ တန်းလန်း ရပ်တန့်အေးခဲသွား၏။
ရီဖူရှင်း၏ညာလက်တွင် မုန်တိုင်းဓားတစ်လက် ဖြစ်ပေါ်လာခဲ့သည်။ သူက နောက်လှည့်ကာ တစ်ဖက်မှ ဝင်လာသော လက်သည်းအား ဓားဖြင့် ခုခံလျှင် ရီဖူရှင်းသည် နောက်သို့ လွင့်စဉ်သွားတော့၏။
ရီဖူရှင်းကား မီတာ တစ်ထောင်ခန့် အကွာအဝေးသို့အထိ လွင့်စဉ်သွားခဲ့ပြီးမှ ရီဖူရှင်းက လေထဲတွင် ဟန်ချက်ထိန်းသည်။ နဂါးကြီးက မျက်လုံးကို ဖွင့်ကာ အမှောင်ထုကို ပယ်ဖျက်လိုက်သည်။ ပတ်ဝန်းကျင်သည် တစ်ဖန် အလင်းများ ဖြစ်ပေါ်လာ၏။
“စီနီယာက ကျုပ်နဲ့ အငြိုးအတေး မရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့် ကျုပ်နောက်ကို လိုက်တာပါလဲ” ရီဖူရှင်းက မေးသည်။
နဂါးနက်ကြီးက သူ့အား ကြည့်ကာ ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သူက ပါးစပ်ဖွင့်ကာ မှုတ်ထုတ်လိုက်လျှင် ပတ်ဝန်းကျင်သည် အေးခဲလာပြန်၏။ ရီဖူရှင်းသည်လည်း သူကိုယ်တိုင် ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။ ကမ္ဘာသစ်ပင်က လှုပ်ယမ်းကာ နေမင်းအလင်းများ ထုတ်လွှတ်ပြီးနောက် ခန္ဓာကိုယ်အတွင်းမှ အအေးလှိုင်းများအား ပြန်လည်ပယ်ဖျက်သည်။
သူ့အား ဓားအလင်း အရံအတားတစ်ခုက ရစ်ပတ်သွားသည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရှေ့သို့တက်သွား၏။ သူက ထိုသို့လုပ်လျှင် လေဟာနယ်သည် တုန်ခါသွားပြီး သူ့အရှိန်အဝါသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွား၏။
ဘုန်း …
ဓားအသိများ ရစ်ပတ်လျက်ပင် ရီဖူရှင်းကလည်း နဂါးနက်ကြီးထံသို့ လှမ်းသွားသည်။ နဂါးနက်ကြီးက မျက်လုံးကို မှိတ်လိုက်လျှင် ပတ်ဝန်းကျင်သည် တစ်ဖန် နက်မှောင်သွား၏။ သို့သော်လည်း ထိုပြောင်းလဲမှုက ရီဖူရှင်းအား သက်ရောက်နိုင်ခြင်း မရှိတော့။ ရီဖူရှင်းက နဂါးနက်ကြီးကို ရှင်းလင်းစွာ မြင်နေရသည်။ ဓားသည် လေထုကို ခွင်းကာ နဂါးနက်ကြီး၏ လက်သည်းများအား ဖြတ်လျက် ဦးခေါင်းဆီသို့ တန်းမတ်စွာ တိုးဝင်သွားခဲ့သည်။
သို့သော်လည်း ဓားသည် အပူလှိုင်းနှင့် အအေးလှိုင်းတို့ သိပ်သည်းဆ မြင့်သောနေရာသို့ ဖြတ်သန်းသွားရရာ အနီးသို့ ရောက်သောအခါမှ ဓားသည် ပြိုပျက်သွားခဲ့ပြီး ရီဖူရှင်းလည်း နောက်သို့ လွင့်စဉ်သွားခဲ့သည်။ ရီဖူရှင်း၏ပါးစပ်မှလည်း သွေးများ စီးကျလာ၏။
သည်တစ်ခေါက်တွင် ရီဖူရှင်းသည် နောက်ဆုတ်ခြင်း မပြုတော့။ သူက ဓားကို တင်းတင်းဆုပ်ကာ နဂါးနက်ကြီးအား ဒေါသတကြီး ကြည့်သည်။
လီကျွမ်းနှင့် သူ့လူများသည် ရီဖူရှင်းတို့နှင့် အဝေးသို့ ရောက်နေပြီဖြစ်သည်။ လီကျွမ်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။
ရီဖူရှင်း မည်မျှ အားကောင်းပါစေ သူ့အနေဖြင့် ရှန့်ထိုသားရဲနဂါးနက်ကို ရင်ဆိုင်ရာတွင် သေကိုသေရပေလိမ့်မည်။
တစ်ယောက်တည်း သွားသည်လား။
ရှန့်ထို ပထမအဆင့်များပင် အနောက်ဘက် တောင်ကုန်းသို့ တစ်ယောက်တည်း မသွားရဲပေ။ သူတို့က ပိုမိုအားကောင်းသော ရှန့်ထိုသားရဲများနှင့် တွေ့နိုင်ချေရှိ၏။
ရီဖူရှင်းသည် အနောက်ဘက် တောင်ကုန်း၏ အတွင်းပိုင်းသို့အထိ သွားရဲခြင်းမှာ သူ၏မြင့်မားသော တိုက်ခိုက်ရေး စွမ်းရည်ကြောင့် ဖြစ်သော်လည်း လီကျွမ်းက ထိုသို့လုပ်ခြင်းမှာ မိုက်မဲခြင်းဟု သတ်မှတ်သည်။
ရီဖူရှင်းသာ နဂါးနက်ကြီး လက်ထဲတွင် သေဆုံးခဲ့ပါက သူနှင့်ဘာမှ မဆိုင်ပေ။
“သတိထား … သားရိုင်းတွေ ချဉ်းကပ်လာတယ်” လီစုက မျက်မှောင်ကြုတ်ကာ ပြောသည်။ သူကား ရှန့်ထိုတစ်ပါးဖြစ်ရာ အာရုံခံစားမှု ပိုအားကောင်းသည်။ အဝေးမှ အလွန် အားကောင်းသော အရှိန်အဝါများ တိုးဝင်လာနေသည်။
လီကျွမ်းနှင် တခြားလူများကလည်း ရပ်လိုက်လျင် အရပ်မျက်နှာ များစွာမှ ပြေးဝင်လာနေကြသော သားရဲ အရောင်အဝါများအား ခံစားမိကြသည်။
ရှေဆုံးမှ ဦးဆောင်လာသူကား သွားကျဲသားရဲ ရှန့်ထိုဖြစ်ကာ သူ့နောက်မှ သွားကျဲသားရဲ မျိုးနွယ်များ လိုက်ပါလာကြသည်။ သို့သော်လည်း အရေအတွက်မှာ ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့သည်ထက် နည်း၏။
သွားကျဲသားရဲမိစ္ဆာ၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။
လီကျွမ်းနှင့် တခြားလူများက နောက်အရပ် တစ်ခုဆီသို့ လှမ်းကြည့်ကြသည်။ ထိုနေရာမှ လူဝံကဲ့သို့ သားရဲကြီး တစ်ကောင်သည် မီးလျှံများ တောက်လောင်လျက် ပြေးလာနေသည်။ သူ့လက်ထဲတွင် နှင်တံနီတစ်လက်ရှိပြီး သူကား ကျူးရန်သားရဲမိစ္ဆာ ဖြစ်သည်။
နောက်အရပ် တစ်ခုတွင်လည်း ရက်စက်ကြမ်းကြုတ်သော ခေါင်းကိုးလုံး မြွေကြီးတစ်ကောင် ရှိနေသည်။
ရှန့်ထိုသားရဲများအပြင် တခြားသော သားရဲများစွာလည်း အလျှိုလျှို ပေါ်လာနေကြသည်။
“နောက်ဆုတ် …” လီစုက ဆိုသည်။ သူတို့က နောက်သို့ ဆုတ်ရန် စတင် ကြိုးပမ်းကြ၏။ တစ်ဖက်ကလည်း တခြားအရပ်မှ သူတို့လူများအား ဆက်သွယ်ကာ အသိပေးသည်။ သားရဲများက သူတို့ထံသို့ ပြေးဝင်လာကာ သတ်ဖြတ်ရန် စတင် ကြိုးပမ်းကြ၏။
တစ်ခဏချင်းတွင် ထိုနေရာ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားသည်။ သို့သော်လည်း လီကျွမ်းတို့၏ အင်အားသည် အားကောင်းသည်။ သူတို့ထံတွင် ရှန့်ထိုသုံးပါး ပါဝင်ကာ သူတို့အားလုံးသည် မင်းသားကြီး အိမ်တော်မှ ဖြစ်ကြ၏။
သို့သော်လည်း သူတို့သည် နောက်သို့ တရစပ် ဆုတ်နေကြရသည်။ သူတို့က စစ်ကူများအား စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
မကြာခင် လီကျွမ်းတို့သည် ရီဖူရှင်းနှင့် နဂါးနက်တို့ တိုက်ခိုက်ရာ နေရာသို့ ဆုတ်ခွာလာခဲ့ကြသည်။
လူသားနှင့် ရှန့်ထိုတို့သည် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းသည် ဒဏ်ရာရထားကာ ဓားအသိသည် ပြင်းထန် အားကောင်းနေဆဲ ဖြစ်၏။
နဂါးနက်ကြီးက ရီဖူရှင်းအား မသတ်ရသေးသည်ကို မြင်ကာ လီကျွမ်း မျက်မှောင်ကြုတ်သည်။
သွားကျဲသားရဲမိစ္ဆာ၊ ခေါင်းကိုးလုံးနဂါးနှင့် တခြား သားရဲရှန့်ထိုများသည် ရီဖူရှင်းကို မြင်လျှင် ပိုမိုဒေါသ ထွက်လာကြသည်။ ရီဖူရှင်းက သူတို့၏ သားရဲများအား သတ်ဖြတ်ခဲ့ကာ ထွက်ပြေး သွားခဲ့ပေသည်။ အမှန်အားဖြင့် ထိုသားရဲများကို ရီဖူရှင်းက သွေးထိုးကာ လီကျွမ်းတို့အား တိုက်ခိုက်စေခြင်း ဖြစ်သည်။
သားရဲရှန့်ထိုများသည် ရီဖူရှင်းထံသို့ ပြေးဝင် လာကြသော်လည်း လီကျွမ်းနှင့် တခြားလူများက ပိုနီးရာ သူတို့ထံသို့ ပြေးဝင်လာသည်နှင့် တူနေသည်။
“အစ်ကိုလီကျွမ်း … ကျုပ်တို့ ပူးပေါင်းကြမလား” ရီဖူရှင်းက လျှပ်တစ်ပြက် လီကျွမ်း၏ဘေးနားသို့ ကပ်လာသည်။
လီကျွမ်းက ရီဖူရှင်းအား အစ်ကိုဟု ခေါ်ခဲ့ပြီးမှတော့ ရီဖူရှင်းကလည်း လက်ရှိတွင် သူ့အား ငြင်းပယ်စရာ အကြောင်းမရှိပေ။
သို့သော်လည်း လက်ရှိတွင် ရီဖူရှင်း အသတ်ချင်ဆုံးသူမှာ လီကျွမ်းဖြစ်၏။ လီကျွမ်းဘေးနားမှ ရှန့်ထိုသုံးပါးကို သူ သတိထားမိပေသည်။
ထိုအရာက ဘာကို ဆိုလိုသနည်း။
ဆိုလိုသည်က သူတို့သည် နဂါးနက်ကို ရင်ဆိုင်နိုင်သော်လည်း သူ့ထံသို့ တမင် လမ်းပြခေါ်ဆောင် လာခြင်းပင်။ သူတို့ ရည်ရွယ်ချက်ကအား ထင်ရှားနေသည်။
သားရဲရှန့်ထို သုံးပါးလုံးက ရီဖူရှင်းထံသို့ တိုးဝင်လာခြင်း ဖြစ်သော်လည်း လီကျွမ်းတို့ထံသို့ တိုးဝင်လာခြင်းလည်း ဖြစ်၏။
ရှန့်ထိုသုံးပါးက ချက်ချင်းပင် ရှန့်ထိုသားရဲ သုံးကောင်အား ရင်ဆိုင်ရသည်။ တခြားသော သားရဲများကလည်း အသီးသီး ဝင်ရောက် တိုက်ခိုက်ကြသည်။
နဂါးနက်သည်ကား တစ်ကိုယ်တည်း သီးသန့်ခွဲထွက်နေကာ ရီဖူရှင်းကိုသာ အေးစက်စွာ ကြည့်နေ၏။
ထိုအခိုက်တွင် နဂါးနက်ကြီးက ရီဖူရှင်းထံသို့ သတ်ဖြတ်ရန် ရွေ့လျား လာခဲ့သည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်ကာ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။
နဂါးနက်ကြီးသည် လီကျွမ်းတို့ကြောင့် ရီဖူရှင်းကို အာရုံစိုက်မိခြင်း ဖြစ်သည်။ သို့သော်လည်း အဘယ်ကြောင့် နဂါးနက်က မိမိကိုသာ တိုက်ခိုက်လိုနေရ သနည်း။
အကြောင်းအရင်း တစ်ခုခုတော့ ရှိရပေလိမ့်မည်။
***