Switch Mode

အပိုင်း (၁၁၃၈)

အနောက်ဘက် တောင်ကုန်း၏ အတွင်းပိုင်းဆီသို့

ရီဖူရှင်း ရှိနေရာသို့ သတ်ဖြတ်ခြင်း ဖိအားများ လွှမ်းခြုံလာသည်။ မရေမတွက်နိုင်သော လှံပုဆိန်များသည် ရီဖူရှင်း ဆုတ်သားမရအောင် အဆတ်မပြတ် တိုက်ခိုက် လာနေကြသည်။

သူ၏သက်စောင့် ဟော်နန်းထဲမှ ကမ္ဘာသစ်ပင် လှုပ်ယမ်းသွားကာ ဓားဝိညာဉ် ပေါ်ထွက်လာ၏။ မဟာလမ်းစဉ်၏ အသိစွမ်းအား အပြားပြားတို့သည် သူ့ထံမှ ဖြာထွက်လာခဲ့၏။ အလွန်လင်းလက်သော ဓားအရံအတားသည် သူ့အား လေဟာနယ်နှင့် သူ့အား သီးခြားဖြစ်စေကာ ခန္ဓာကိုယ်ကို ရစ်ပတ် ကာကွယ်သည်။

သူ၏ဓားဝိညာဉ်သည် အရွယ်အစား အဆမတန် ကြီးမားလာခဲ့ကာ မီတာ၁၀၀ခန့် အမြင့်သို့ ရောက်လာခဲ့၏။ ဓားက ရုတ်တရက် ရှေ့သို့ တိုးဝင်သွားသည်။ ဓားအရံအတား ဓားဝိညာဉ်ကို ဗဟိုပြု၍ ပတ်ဝန်းကျင်တစ်ခုလုံးအား ဖုံးအုပ်လာခဲ့သည်။

ဝုန်း …

နောက်ထပ် ကျယ်လောင်သော အသံတစ်ခုအား ကြားကြရသည်။ တဝုန်းဝုန်း အသံများနှင့်အတူ ရီဖူရှင်း၏နောက်မှ ဧရာမတောင်ကြီး တစ်လုံးသည် မျက်လုံးတစ်မှိတ် အတွင်း၌ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော အလင်းသည် သူတို့၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ ပတ်ဝန်းကျင်သို့ လှိုင်းများအသွင်ဖြင့် ရိုက်ခတ်သွားကာ သစ်ပင်ချုံနွယ်များမှာ အပိုင်းပိုင်း ပြတ်တောက် သွားကြရ၏။

ပုဆိန်ရှည်သည် ဓားဝိညာဉ်နှင့် ရင်ဆိုင်မိကာ ရီဖူရှင်းသည်လည်း နောက်သို့ လွင့်စဉ်သွားခဲ့၏။ မရေမတွက်နိုင်သော ပုဆိန်ရှည်များသည် သူ့လမ်းကြောင်းအတိုင်း ဝင်လာကာ အလင်း အရံအတားအား ပြင်းထန်စွာ တိုက်ခိုက်ကြ၏။

သွားကျဲမိစ္ဆာထံမှလည်း ပြင်းထန်စွာ တိုက်ခိုက်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ကျားယဲ့ဓားသည် ကောင်းကင်ဘုံ၏ စွမ်းအားကို သယ်ဆောင်၍ သူ၏ကြီးမားသော ခန္ဓာကိုယ်အား ပိုင်းဖြတ်နိုင်ခဲ့သော်လည်း ဒဏ်ရာငါးချက်ထက်မပိုခဲ့ပေ။ သူ၏သားရိုင်း အကာအကွယ်များသည် အလွန်မာကျောကာ သာမန်ဓားတို့ဖြင့် ထွင်းဖောက်၍ပင် မရပေ။

အပြင်ပန်းဒဏ်ရာ အချို့မျှသာ ဖြစ်သော်လည်း သွားကျဲမိစ္ဆာသည် ဒေါသတကြီး အော်ဟစ်၏။ လူသားရှီတန်ခိုးရှင် တစ်ဦးက သူ့အား ဒဏ်ရာရစေခဲ့သည်မှာ ယုံနိုင်ဖွယ်ပင် မရှိပေ။ ထို့အပြင် တိုက်ပွဲသည် အချိန်ကြာမြင့်လာခဲ့ကာ သူ့အနေဖြင့် သည်လူသားအား သတ်ဖြတ်ရန် ခက်ခဲနေခဲ့၏။

ထိုအချက်က လက်ခံနိုင်စရာ မဟုတ်ပေ။

သူက ရှေ့သို့ တက်လာခဲ့လျှင် လေထုသည် ကြီးစွာ တုန်ခါသွား၏။ ပုဆိန်ရှည်သည် ဓားဝိညာဉ်နှင့် ဆက်လက်တိုက်ခိုက်ကာ သူ့အား ဖျက်ဆီးရန် ကြိုးပမ်းသည်။

ဝုန်း …

တစ်ဖက်လူ ရှေ့သို့ တက်လာချိန်တွင် ရီဖူရှင်းက နောက်သို့ ဆုတ်၏။ သူ့ထံမှ အရှိန်အဝါများသည် အားနည်းသွားခြင်း မရှိဘဲ ပိုမို၍ပင် အားကောင်း လာခဲ့သည်။

သို့သော်လည်း ရီဖူရှင်းသည် သေးငယ်ကာ အရေးမပါတော့ဟန် ရနေဆဲဖြစ်သည်။

ဘုန်း …

သူက နောက်တစ်လှမ်း တက်လိုက်လျှင် သူ၏နောက်မှ တောင်ကြီးသည် ပြင်းထန်စွာ တုန်ခါပြီး အနီးနားမှ တောင်ကြီး တစ်လုံးမှာ ဖိအားဒဏ်ကြောင့် အက်ကွဲသွားသည်။ သို့သော်လည်း ရီဖူရှင်းနှင့် သွားကျဲမိစ္ဆာတို့သည် ထိုတောင်ကုန်းကိုပင် ကြေပျက်စေလျက် မြန်ဆန်စွာ ဖြတ်သန်း သွားခဲ့သည်။

တစ်ဖက်လူက ဆက်လှမ်းလာခဲ့လျှင် သူတို့နှစ်ဦးသည် တောင်အတော် များများကို ပြိုပျက်စေခဲ့ပြီး သွားကျဲမိစ္ဆာ၏ အမြန်နှုန်းလည်း ကျဆင်းလာခဲ့သည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ အရှိန်အဝါသည် အမြင့်ဆုံးသို့ ရောက်လာကာ သွားကျဲမိစ္ဆာ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိလာခဲ့သည်။

ထို့အပြင် ကျားယဲ့ဓားသည်လည်း သွားကျဲမိစ္ဆာ၏ခေါင်းကို ပတ်ပတ်လည်မှ လှည့်ပတ် ချိန်ရွယ်ကာ အခွင့်အခါကောင်းအား စောင့်မျှော်နေသည်။

သွားကျဲမိစ္ဆာက သူ၏လက်ကို လှုပ်ယမ်းကာ ပုဆိန်ရှည်ကို မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်အား တစ်ပတ်လှည့်လျက် ဘယ်လက်မှ ဒိုင်းကာအား ကျားယဲ့ဓားသို့ တန်ပြန် တွန်းလိုက်သည်။ ညာလက်မှ ပုဆိန်ရှည်မှ အားလှိုင်းများ လွင့်သွားလျှင် နတ်ဘုရားတို့၏ လက်နက်အလား မြေပြင်အနှံ့ကို ပျက်စီးစေခဲ့သည်။

ဝုန်း …

ရီဖူရှင်းက ရှေ့သို့ တစ်လှမ်း တက်လိုက်လျှင် ရွှမ်ယွင်ခြေလှမ်းမှာ အမြန်ဆုံးသို့ အခြေအနေသို့ ရောက်လာသည်။ သူ့ခန္ဓာကိုယ်သည် လေထုကို ဖြတ်သန်းသွားခဲ့ပြီး ဓားဝိညာဉ်သည် ပြိုးပြိုးပြက်ပြက် လင်းလက်လာခဲ့၏။ တဖန် ဓားပုံရိပ်အလွှာများ ပေါ်ပေါက်လာခဲ့ကာ ပုဆိန်ရှည်နှင့် ထိပ်တိုက် ရင်ဆိုင်ပြန်သည်။

စက္ကန့်ပိုင်းအတွင်း သူတို့အနီးတစ်ဝိုက်ရှိ အရာအားလုံးမှာ ပျက်စီးပျောက်ကွယ် သွားကြရသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်သည်လည်း အဝေးသို့ လွင့်သွားပြီး သွားကျဲမိစ္ဆာသည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။

ကျားယဲ့ဓားသည် အခွင့်ကောင်းကို စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဓားသည် ရိပ်ခနဲဖြင့် မူလနေရာမှ ပျောက်ကွယ်သွားလျှင် သွားကျဲမိစ္ဆာ၏ လည်ပင်း၌ ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားခဲ့၏။ သို့သော်လည်း ဓားသွားသည် ခန္ဓာကိုယ်အတွင်းသို့ ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိပေ။ ရှန့်ထိုသားရိုင်း တစ်ကောင်အား သတ်ဖြတ်ရန်မှာ ထင်သလောက် မလွယ်ကူပါ။

သွားကျဲမိစ္ဆာက သူ၏ပုဆိန်ရှည်ကို နောက်သို့ ပြန်ဆွဲယူလိုက်ကာ ကျားယဲ့ဓား အချို့အား ဖျက်ဆီးလိုက်သည်။ ရီဖူရှင်းက ထိုအခွင့်အရေးကို ယူကာ လေထုကို ခွင်းနိုင်သော မုန်တိုင်းဓားဖြင့် မြန်ဆန်စွာ ပျံသန်းသွားခဲ့သည်။

တစ်ဖက်တွင် ပိုမိုများပြားသော ကျားယဲ့ဓားများသည် သွားကျဲမိစ္ဆာထံသို့ ကျဆင်းလာခဲ့၏။

တခဏချင်းတွင် ရီဖူရှင်းသည် သွားကျဲမိစ္ဆာ၏ရှေ့၌ ပေါ်လာပြီး ဓားကို မိုး၍ ခုတ်သည်။ သွားကျဲမိစ္ဆာက ကျားယဲ့ဓားကို ကာကွယ်ထားသလို ရီဖူရှင်းအားလည်း ရှည်လျားသော သွားများဖြင့် လှမ်းဟသည်။

ဓားများသည် လက်မှ လွတ်ထွက် ပျံသန်းသွားကြပြီး သူ၏ခန္ဓာကိုယ်က ရှည်လျားထက်ရှသော သွားများအား ရှောင်တိမ်းသွား၏။ ဓားအလင်း တစ်ချက်သည် သူ၏ပါးစပ်ထောင့်ကို ဖောက်ထွက်သွားခဲ့ကာ ဓားသည်လည်း ကျိုးပျက်သွားခဲ့သည်။

သွားကျဲမိစ္ဆာသည် အလွန်အမင်း ဒေါသထွက်စွာဖြင့် ရီဖူရှင်းအား ကြည့်သည်။

ဝုန်း …

ရီဖူရှင်းက မြန်ဆန်စွာပင် ရှေ့သို့ ပျံသန်းသွားပြီး သွားကျဲမိစ္ဆာအား သတ်ဖြတ်နည်းလမ်းကို စဉ်းစား၏။

ကျားယဲ့ဓားများကမူ တစ်ဖက်သားရိုင်းထံသို့ ဦးတည်သွားခဲ့ကာ တားဆီးသည်။ သွားကျဲမိစ္ဆာက တစ်စံတစ်ခုကို ရိပ်မိလိုက်သည့်အလား ဓားလာရာ လမ်းအတိုင်းလိုက်သည်။ သို့သော်လည်း ကျားယဲ့ဓားများသည် နေရာတိုင်းတွင် ရှိနေကာ သူ၏အမြန်နှုန်းကို နှောင့်နှေးစေခဲ့သည်။

ရီဖူရှင်းသည် မယုံနိုင်ဖွယ်အမြန်ဖြင့် လေထုကို ဖြတ်သန်းသွားခဲ့သည်။ သူက တိုက်ပွဲဖြစ်စနေရာသို့ ပြန်ရောက်လာခဲ့ကာ မြေပြင်မှ သွားကျဲသားရိုင်းအုပ်စုကို မိစ္ဆာမျက်လုံးများဖြင့် ကြည့်ပြီး လျှပ်စီးတန်းအလား ဆင်းသက် လာခဲ့သည်။

သားရိုင်းများထံသို့ သူက မြန်ဆန်စွာပင် ရောက်ရှိလာခဲ့ကာ မကြာခင် သားရိုင်းနှစ်ကောင် မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျပြီး ရီဖူရှင်းသည် ထိုနေရာမှ မြန်ဆန်စွာ ထွက်ခွာ သွားခဲ့သည်။

သွားကျဲသားရိုင်း ရှန့်ထိုသည် သူတို့ တိုက်ပွဲဖြစ်စနေရာသို့ ပြန်ရောက်လာခဲ့ကာ မြေပြင်ပေါ်တွင် လဲနေသော သားရိုင်းနှစ်ကောင်အား မြင်၏။ သူက ဒေါသတကြီး မာန်သွင်း အော်ဟစ်သော်လည်း ရီဖူရှင်းနောက်သို့ကား မလိုက်ပေ။ သူ့အနေဖြင့် ထိုလူသားကို သတ်ဖြန်ရန် မလွယ်ကူပေ။

သားရိုင်းများကလည်း ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ကြသည်။ သားရိုင်းအချို့က ဆိုသည် … “အရှင် … ဒီလူသားတွေက ကျုပ်တို့ကို သွေးအေးအေးနဲ့ လိုက်သတ်နေတယ်။ ကျုပ်တို့က သူတို့ကို ဘာလို့ ပြန်ပြီး မသတ်နိုင်ရမလဲ”

“မှန်တယ် … တခြားသားရိုင်း အုပ်စုတွေနဲ့ပေါင်းပြီး ဒီလူသားတွေကို ပြန်အမဲလိုက်ရမယ်”

သွားကျဲသားရိုင်း၏ မျက်လုံးများက အေးစက်နေခဲ့ကာ သူက ပြောသည် … “ငါတို့ ဒီနေရာက အရင် ထွက်သွားကြမယ်”

လူသားတို့ကား သည်နေရာသို့ လာတိုင်း တစ်ယောက်တည်း မလှုပ်ရှားပေ။ ခုနက တိုက်ပွဲသည် တခြားလူသားတို့အား ဆွဲဆောင်မှုဖြစ်သွားမည်ကို သူစိုးရိမ်၏။

သိပ်မကြာခင်ပင် ထိုနေရာသို့ လူတစ်စု ရောက်လာခဲ့သည်။ ခေါင်းဆောင်လုပ်သူကား လီရှောင်ဖြစ်သည်။ သူက အသေကောင်များအား ကြည့်ကာ တီးတိုးပြောသည် … “သူက တကယ်ပဲ သားရိုင်းရှန့်ထိုနဲ့ တိုက်ခိုက်ခဲ့တာလား”

“ဒီလိုပဲ ထင်ရပါတယ် … မင်းသမီး” သူမ၏ကာကွယ်သူ တစ်ယောက်က ကျန်ရစ်ခဲ့သော စွမ်းအား အပိုင်းအစအချို့ကို ခြေရာခံကာ ပြောသည်။

လီရှောင်၏အမူအရာက အနည်းငယ် ထူးဆန်းနေသည်။ မိစ္ဆာသားရိုင်းများက ထိုမောက်မာသော အကောင်အား သတ်ဖြတ်နိုင်မည်ဟု သူမ ထင်ခဲ့သော်လည်း သူကား အမှန်တကယ် ရှန့်ထိုသားရိုင်းနှင့် တိုက်ခိုက် နိုင်နေသည်။

ထို့အပြင် သူက သားရိုင်းနှစ်ကောင်ကိုလည်း သတ်ဖြတ်ခဲ့သေး၏။

ရီဖူရှင်းသည် တစ်ယောက်တည်း သွားလာနေခဲ့၏။ သည်တိုက်ပွဲက သူ၏ကိုယ်ပိုင်စွမ်းရည် အချို့ကို ပြန်လည် ခြုံငုံသုံးသပ်စေခဲ့သည်။ ထို့အပြင် သူသည် ဓားပညာ သက်သက်အား သုံးခဲ့ခြင်းဖြစ်၏။

သည်နေရာကား တာလီပြည်ထောင်ဖြစ်ရာ သူ့အနေဖြင့် သံသယဖြစ်နိုင်ဖွယ်များ အားလုံးကို ရှောင်ဖယ်ရန်လို၏။

သူသည် တာလီတွင် အချုပ်အနှောင်ကင်းကာ မောက်မာသော်လည်း တစ်ဖက်တွင် အလွန် သတိကြီးပေသည်။

ရီဖူရှင်းသည် လမ်းတစ်လျှောက်တွင် များစွာသော သားရိုင်းများနှင့် တိုက်ခိုက်ခဲ့ပြီး အချို့မှာ ရှန့်ထိုသားရဲများ ဖြစ်သည်။ ထိုအထဲတွင် တစ်ကောင်မှာ ခေါင်းကိုးလုံး မြေရိုင်းရှန့်ထိုဖြစ်ပြီး အလွန်ခက်ခဲစွာ ရင်ဆိုင်ခဲ့ရသည်။

ထို့အတူ အလွန် ရုန့်ရင်းကြမ်းတမ်းကာ တိုက်ခိုက်ရေး စွမ်းအင်မြင့်မားသော ကျူးရင်သားရိုင်းနှင့်လည်း တွေ့၏။ သူသည် ထိုသားရိုင်းထံတွင်ပင် ဒဏ်ရာအချို့ရကာ ထွက်ပြေး လာခဲ့ရသေးသည်။

ရက်ပိုင်းအတွင်း ရီဖူရှင်းသည် တောင်တန်း၏ အတွင်းပိုင်းသို့ ရောက်လာခဲ့ကာ များစွာသော တိုက်ပွဲများအား ဆင်နွှဲခဲ့ရသည်။ ဒဏ်ရာအများအပြား ရခဲ့သော်လည်း သူသည် ဘေးကင်းနေဆဲပင်။

သို့သော်လည်း သူသည် တိုက်ပွဲတိုင်း၌ ရှန့်ထိုစွမ်းအားများနှင့် ပတ်သက်၍ ပိုမိုနားလည် လာခဲ့သည်။ သားရိုင်းရှန့်ထိုများသည်လည်း သူတို့၏ကျင့်ကြံခြင်း သဘောသဘာဝမှာ လူသားတို့နှင့် သိပ်မခြားနားပေ။

သို့သော်လည်း ရီဖူရှင်းအနေဖြင့် ရှန့်ထိုပထမအဆင့်များဖြင့် တိုက်ခိုက်ကာ အမြဲ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပေသည်။

တစ်ခါတစ်ရံ သူက ထိုရှန့်ထိုသားရိုင်းများကို ဒဏ်ရာ အချို့ရအောင်ပင် စွမ်းဆောင်နိုင်ခဲ့သေး၏။ သို့သော်လည်း သူတို့အား သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။ သူသာ သတိမရှိပါက မိမိအသက်ပင် သေဆုံး သွားနိုင်ပေသည်။

လီယောင်နှင့် အခြားလူများမှာ အနောက်တောင်ကုန်း၏ တစ်နေရာ၌ သားရိုင်းများနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ တစ်ခဏအကြာ၌ သားရိုင်းအလောင်း များစွာအား မြေပြင်ပေါ်တွင် ပြန့်ကျဲလျက် တွေ့မြင်ရ၏။

ရှန့်ထိုများ ဝန်းရံလျက်ရှိသော လီယောင်ကမူ မျက်နှာတစ်လုံး မည်းမှောင်နေခဲ့သည်။

များစွာသော တော်ဝင်မျိုးနွယ်များမှာ အမဲလိုက်ပွဲ၌ သေဆုံးရသည့်တိုင် မင်းသားတစ်ပါး သေဆုံးခြင်းမျိုးက သမိုင်းမရှိခဲ့ချေ။ အမဲလိုက်ပွဲတွင် မင်းသားများ၏ လုံခြုံမှုက အရေးကြီးဆုံး ဖြစ်သည်။

“ရွံစရာ ကောင်းလိုက်တဲ့ သားရိုင်းတွေ…”

လီယောင်က မြေပြင်ပေါ်၌ ပြန့်ကျဲနေသည့် အသေကောင်များအား ကြည့်ရင်း စက်ဆုတ်စွာ ပြောသည်။ ထိုသားရိုင်းများကား သူ့အား ဝန်းရံတိုက်ခိုက်နေသည်က ရက်အနည်းငယ်ပင် ကြာမြင့်နေပြီ ဖြစ်သည်။ ထိုသတ္တဝါများက ရှင်သန်ရသည်ကို ငြီးငွေ့နေပုံရသည်။

“ဒီနေရာကထွက်ပြီး အခြားလူတွေကို ရှာကြရအောင်။ အခု ဒီသားရိုင်းတွေက ကျုပ်တို့ကို ပြန်ပြီး အမဲလိုက်နေတာမျိုး ဖြစ်နေပြီ။ ကျုပ်တို့ထဲက တစ်ယောက်ယောက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်မိတယ်။ သတ္တမဓားလည်း ဘာတွေလုပ်နေတယ် မသိဘူး…” လီယောင်က ပြောသည်။

သတ္တမဓားကား တစ်ကိုယ်တော် အစွမ်းပြလိုဟန်ရသည်။ အနောက်တောင်ကုန်း၏ အတွင်းပိုင်းသို့ ဝင်သွားချိန်မှ စ၍ သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

ထိုအချိန်၌ ရီဖူရှင်းသည် စမ်းချောင်းနံဘေးတစ်ခု၌ ထိုင်ရင်း လေ့ကျင့်နေခဲ့သည်။ ထိုနေရာ၌ ထူထပ်သော တောအုပ်များမှလွဲ၍ အလုံးစုံ ဆိတ်ငြိမ်နေ၏။ သူ၏ မျက်လုံးများက ပိတ်ထားကာ အရောင်အဝါက တည်ငြိမ်နေသည်။

သူက မျက်လုံးအား ဖွင့်ကာ ရှေ့၌ စီးဆင်းနေသော ရေပြင်အား စူးစိုက်ကြည့်သည်။ သူ၏ အမြင်အာရုံ၌ သားရိုင်းများက လီယောင်အား တိုက်ခိုက်နေသည့် မြင်ကွင်း ပေါ်လာသည်။

သူ၏ ရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။ သားရိုင်းများ တာလီပြည်ထောင်၏ မင်းသားအား သတ်ဖြတ်နိုင်ခြင်း မရှိခဲ့။

သူ့အနေဖြင့်လည်း ပထမဆုံး ကြိုးစားမှုက အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ချေ။ သူက ဖြစ်နိုင်သည်ကို ကြိုးစားကြည့်ရုံသာ ဖြစ်သည်။

လီယောင်သည် အလွန် သတိကြီးသည့်အပြင် သူ၏အဆင့်ကလည်း ရှန့်ထိုအဆင့်အောက် အမြင့်ဆုံးသို့ မရောက်သေးရာ ရီဖူချင်းကဲ့သို့ တစ်ကိုယ်တော် သွားရန် မဖြစ်နိုင်ပေ။

ရုတ်တရက် သူ့ထံသို့ ဦးတည်လာနေသည့် အားကောင်းသော စိတ်စွမ်းအားများအား ရီဖူရှင်း ခံစားလိုက်ရသည်။ ခဏအတွင်းမှာပင် လူတစ်စုရောက်ရှိလာပြီး တစ်ယောက်က ရီဖူရှင်းအား ကြည့်ရင်း မေးသည်။

“ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ… အစ်ကိုသတ္တမဓား”

ရီဖူရှင်းက သူ့အား မေးခွန်းထုတ်သူကို ကြည့်သည်။ သူကား မင်းသားကြီး၏ မြေး လီကျွမ်း ပင်။ သူ့နောက်တွင် မင်းသားကြီး အိမ်တော်မှလူများက လိုက်ပါလာကြသည်။

ရီဖူရှင်းက လီကျွမ်း၏ မျက်နှာမှ အပြုံးအား မြင်သည်နှင့် ထိုနေရာမှ ထွက်ခွာရန် ပြင်သည်။

သူနှင့် လီကျွမ်းတွင် ခင်မင်ရင်းနှီးသော ဆက်ဆံရေး မရှိချေ။ ရန်သူများဟုပင် ဆိုနိုင်သေးသည်။

“အစ်ကို သတ္တမဓား ဟုတ်လား။ သူနဲ့ အဝေးမှာ နေတာ ပိုကောင်းလိမ့်မယ်” ရီဖူရှင်းက တွေးလိုက်သည်။

“ဒီနေရာက အနောက်ဘက် တောင်ကုန်းရဲ့ အတွင်းပိုင်းကို ရောက်နေပြီ။ အင်အားကြီးတဲ့ သားရိုင်းတွေက နေရာတိုင်းမှာ ရှိနေတယ်။ တကယ်လို့ အစ်ကို သတ္တမဓား တစ်ယောက်တည်း သွားရင် အန္တရာယ်များတယ်။ ကျုပ်တို့ အတူ သွားကြမလား”

လီကျွမ်းနှင့် အခြားလူများက ရီဖူရှင်းအား ဖမ်းဆီးကာ စည်းရုံး သိမ်းသွင်းလိုဟန် ရသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။

ထိုစဉ်မှာပင် တောအုပ်ထဲမှ ဆူညံသော အသံများ ထွက်ပေါ်လာသည်။ များစွာသော အားနည်းသည့် သားရိုင်းများက အတောင်များအား ခတ်ရင်း နေရာမှ ထွက်ခွာ နေကြသည်။ ထိုနေရာ၌ များစွာသော သားရဲများ ထွက်ပြေးနေသည့် အရိပ်အယောင်များအား ရီဖူရှင်းတို့ တွေ့မြင်ရသည်။

စွမ်းအားကြီးသော သားရိုင်းအရှိန်အဝါက စတင် ဖြစ်ပေါ်လာကာ ထိုနေရာ တစ်ခုလုံးအား ပိတ်ဖုံးလာသည်။

ရီဖူရှင်းက လီယောင်အား ကြည့်သည်။ သူ၏မျက်လုံးများက ထိုအခိုက်တွင် အလွန်တရာ အေးစက်လာခဲ့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset