Switch Mode

အပိုင်း (၁၁၃၇)

သွားကျဲသားရဲမိစ္ဆာ

အနောက်ဘက် တောင်တန်း၌ ရီဖူရှင်း တစ်ယောက်တည်း သွားနေခဲ့၏။ သူက တိမ်များကို ကျော်ဖြတ်ကာ တိမ်များအကြား ရွေ့လျားနေခဲ့သည်။ လမ်းတစ်လျှောက်တွင် သားရိုင်း အများအပြား သူတွေ့ရသော်လည်း ရီဖူရှင်းက အရေးမလုပ်ပေ။

တောင်ကြားများ၊ တော်အုပ်များနှင့် ချုံနွယ်တောများလည်း ဟိုဟိုဒီဒီ ရှိနေကြ၏။ သည်ဒေသတစ်ခုလုံးအား ဖုံးအုပ်နိုင်သော ဝင်္ကပါအစီအရင်မှာ မည်သို့သော အမျိုးအစား ဖြစ်မည်ကို ရီဖူရှင်းက တွေးတောနေမိသည်။

အနောက်ဘက် တောင်ကုန်းကား ယခင်ကတည်းက သားရဲများ စုဝေးကျက်စားရာ နေရာဖြစ်သည်။ သည်နေရာကား ကျယ်ပြောလွန်းရကား မြို့ကြီးတစ်မြို့နှင့် နှိုင်းယှဉ်နိုင်၏။

သည်နေရာကို ဖုံးအုပ်နိုင်သော ဝင်္ကပါအစီအရင်အား ခန့်မှန်းကြည့်နိုင်ပေသည်။

ရီဖူရှင်းက တောင်တန်းတစ်နေရာကို လှမ်းကြည့်လျှင် စမ်းချောင်းလေး တစ်ခုအား မြင်သည်။ စမ်းချောင်းအနီးတွင် အနက်ရောင် သားရိုင်းတစ်စု ရှိနေ၏။ သူတို့တွင် ဦးချိုတစ်ချောင်းတည်းရှိပြီး ကြမ်းတမ်းခက်ရော်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူတို့၏ အပြင်ကာများမှာ ချပ်ဝတ်များနှင့် သဏ္ဌာန်ရ၏။

သူတို့အားလုံးက ကောင်းကင်ထက်ကို လှမ်းကြည့်လျှင် ရီဖူရှင်း တစ်ယောက်တည်းသာ ဖြစ်ကြောင်း သတိထားမိကြသည်။ သားရဲများက ချက်ချင်းပင် အရှိန်အဝါများကို ထုတ်လွှတ်ကာ လေထဲသို့ ခုန်တက်လာခဲ့ကြ၏။

“သွားစမ်း …” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သို့သော်လည်း သားရဲများက ကြောက်ရွံ့ဟန် မရပေ။ သူတို့ကား ရှီအဆင့် အမြင့်ဆုံးတွင် ရှိကြသည်။

ဝုန်း … ဝုန်း … ဝရော …

ရီဖူရှင်း၏စကားကို ကြားလျှင် သားရိုင်းများက စတင် ပြေးလွှားကြသည်။ ကြီးမားသော အရှိန်အဝါများ ထိုနေရာကို လွှမ်းခြုံလာခဲ့ကာ လေထုသည် ပြင်းစွာ တုန်ခါ၏။ ရီဖူရှင်းသည် သူ့အတွင်းကလီစာများ တုန်ခါလာပြီး သွေးများ ဆူပွက်လာသလို ခံစားရသည်။ သားရိုင်းများ ပြေးလွှားသောကြောင့် ထိုနေရာတစ်ခုလုံး သိမ့်သိမ့်တုန် နေသည်။

ရီဖူရှင်းက လက်ကို မြှောက်လိုက်ကာ လေထဲ ဝှေ့ယမ်းလိုက်သည်။ ဓားအသိများ သူ့ကို ရစ်ပတ်လာခဲ့ကာ ပြင်းထန်သော မုန်တိုင်းအသွင်သို့ ဆောင်လာ၏။

“သွား …”

သူက လက်ညှိုးကို ရှေ့သို့ ထိုးလိုက်သည်တွင် ဓားမုန်တိုင်းသည် လေထုကို ဖြတ်သန်းလျက် ရှေ့သို့ တိုးဝင်သွားခဲ့သည်။ အလင်းတန်းသည် ပြင်းထန်သော စွမ်းအားကို သယ်ဆောင်လျက် ကျဆင်း လာခဲ့သည်။

ဆူညံသံအချို့ ကြားရကား သားရိုင်း အတော်များများ တဖုန်းဖုန်းမြည်လျက် နောက်ဆုတ်ကြ၏။ သို့သော်လည်း တခြားသော ရှီအဆင့်အမြင့်ဆုံး သားရိုင်းများ ရီဖူရှင်းထံသို့ ဦးတည် လာကြသည်။ သူတို့၏ခန္ဓာကိုယ်မှ အကြေးခွံများသည် အလွန်တရာ မာကျောဟန်ရပြီး ရီဖူရှင်း၏တိုက်ခိုက်မှုများအား အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည်ရှိဟန် ရသည်။

ရီဖူရှင်းက သားရိုင်းများကို တစ်ချက်ကြည့်ကာ အားကို စုစည်းလိုက်ပြီး ရှေ့သို့ တက်သွားလိုက်သည်။

ဝုန်း …

ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုသည် ရီဖူရှင်းအား ဗဟိုထားလျက် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားခဲ့သည်။ ဧရာမဓားကြီး တစ်လက် ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ကာ သူ့ထံသို့ ပြေးဝင်လာသော သားရိုင်းများထံသို့ ကျဆင်းလာခဲ့သည်။

သားရိုင်းများသည် ဖိအားကို ခံစားမိကာ ရုန့်ရမ်းစွာ မာန်သွင်း အော်ဟစ်ကြ၏။

ဝုန်း …

ရီဖူရှင်းက ဧရာမဓားကြီးနှင့်အတူ အောက်သို့ ကျဆင်းလာခဲ့၏။ ဦးချိုတစ်ချောင်း သားရိုင်းသည် ဓားနှင့် ထိပ်တိုက်ရင်ဆိုင်သည်။ ထိုသားရိုင်းသည် ချက်ချင်းပင် ကိုယ်တွင်းကလီစာများ ကြေပျက်သွားတော့မလို ခံစားလိုက်ရကာ နောက်သို့ လွင့်စဉ်သွား၏။ သွေးများ သူ့ထံမှ မြင်မကောင်းအောင် ယိုစိမ့်ထွက်လာသည်။ တခြား သားရိုင်းများ အားလုံးက ရီဖူရှင်းအား ထိတ်လန့်တကြား ကြည့်ကာ နောက်သို့ ဆုတ်ကြသည်။

ရီဖူရှင်းက သူတို့အား တစ်ချက်ကြည့်ကာ အဝေးသို့ ထွက်သွားသည်။

သူက တခြားသော သားရိုင်းများကိုလည်း တွေ့ရကာ သိပ်အရေးမလုပ်ခဲ့။ အချို့ရှားပါး မြွေများသည် အတောင်ပံများကို ပိုင်ဆိုင်ကာ နဂါးခေါင်းနှင့် ကျားခန္ဓာရှိသော သတ္တဝါဆန်းများလည်း ရှိပေသည်။ အချို့သော သားရိုင်းများမှာ သူတစ်ခါမှ မမြင်ဖူးပေ။ သည်အနောက်ဘက် တောင်တန်းကား အမှန်ပင် ရှေးသားရိုင်းတို့ ကျက်စားရာနေရာ ဖြစ်ပေသည်။

ဒီမွန်းသားရဲဘုံသည် မည်သို့သော ပုံစံဖြစ်မည်ကို ရီဖူရှင်းက တွေးမိသည်။ ထိုနေရာတွင် ပိုမို ထူးထွေများပြားသော သားရဲများအား သူမြင်တွေ့ရနိုင်၏။

ရီဖူရှင်းသည် ဆွတ်ဆွတ်ဖြူနေသော ရှေးဟောင်း တောင်ကြီး တစ်လုံးထံသို့ ရောက်လာသည်။

တောင်ထိပ်တွင်ကား လူတစ်ယောက် ငြိမ်သက်စွာ ထိုင်နေ၏။ သူ၏ဆံပင်များမှာ ဆွတ်ဆွတ်ဖြူနေကာ အသက်အရွယ် ကြီးရင့်ဟန်ရှိ၏။

သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေရင်းက ရီဖူရှင်း ရောက်လာသည်ကို သိလိုက်ဟန်တူကာ စိတ်ဖြင့် လှမ်းပြောသည် … “မင်းငါ့ကို မြင်တယ်။ ဒါတောင်မှ တစ်ယောက်တည်း လာရဲလား”

သည်လူမှာ လူသားမဟုတ်ဘဲ သားရဲတစ်ကောင် ဖြစ်သည်ကို ရီဖူရှင်း သိလိုက်၏။ ရှန့်ထိုသားရိုင်းများကား လူသားအသွင်သို့ ပြောင်းနိုင်ကြပေသည်။

“စီနီယာက ဘယ်လိုသားရဲ အမျိုးအစားပါလဲ” ရီဖူရှင်းက မေးသည်။ သူကား သံသယဖြစ်စရာ မလိုအောင်ပင် အလွန် စွမ်းအားကြီးသူ ဖြစ်ပေသည်။

လူကြီးက ထရပ်လျှင် သူ့ခန္ဓာကိုယ်သည် အရွယ်အစား အဆမတန် ကြီးမားလာခဲ့ပြီး ဘီလူးတစ်ကောင် အသွင်သို့ ပြောင်းသွား၏။ သူ၏ပုံပန်းသွင်ပြင်သည် အလွန်ကြမ်းတမ်းကာ ကြောက်စရာ ကောင်း၏။ သူ့ပါးစပ်မှ သွားများ ကျိုးတိုးကျဲတဲ ချွန်ထက်စွာဖြင့် အပြင်သို့ ငေါထွက်လာခဲ့ကြကာ ထိုသွားများသည် အလွန်မာကျော ထက်ရှဟန်ရှိသည်။ သူ၏ညာလက်တွင် ဓားပုဆိန်ရှည်တစ်လက် ပေါ်လာသည်။

ကမ်းပါးမှ တခြားသော သားရိုင်းများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြကာ သူတို့အားလုံးမှာ မျိုးနွယ်တစ်ခုတည်း ဖြစ်ဟန်ရ၏။

“သွားကျဲသားရဲမိစ္ဆာ …” ရီဖူရှင်းက ရေရွတ်သည်။

“မင်းက သိသားပဲ” သွားကျဲမိစ္ဆာက ဆိုသည်။ သူ၏ဘီလူးအလား ဦးခေါင်းက အလွန်ကြမ်းတမ်း ခက်ရော်ကာ သူ့မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ် နေတော့သည်။

ဆံပင်ဖြူလူကြီးကား သွားကျဲသားရဲမျိုးနွယ်မှ ဖြစ်ပေသည်။ သူတို့ကား သတ်ဖြတ်ခြင်းကို အလွန်တရာ ခုံမင်ကြ၏။

ရီဖူရှင်းအား ပြင်းထန်သော ဓားအသိများ ရစ်ပတ်လာခဲ့၏။ သူ၏အမူအရာမှာလည်း အလွန်တရာ လေးနက်လာခဲ့သည်။

သည်တစ်ကြိမ် စစ်မှန်သော ရှန့်ထိုတစ်ပါးနှင့် အမှန်အကန် တိုက်ခိုက်ရခြင်း ဖြစ်သည်။ သူ၏ စိတ်စွမ်းအားနှင့် ရုပ်စွမ်းအားတို့သည် တာလီတွင် လေ့ကျင့်စဉ် ကတည်းက အမြင့်ဆုံးသို့ ရောက်ခဲ့ပြီးဖြစ်၏။ သူသည် မဟာလမ်းစဉ်၏ အသိများစွာကို နားလည်နိုင်ခဲ့ကာ ရှန့်ထိုသားရဲများနှင့် တိုက်ခိုက်လိုခဲ့သည်။

ဘုန်း …

သွားကျဲမိစ္ဆာသည် ရှေ့သို့ တက်လာခဲ့၏။ တောင်တစ်ခုလုံးသည် တုန်ခါသွားခဲ့ကာ အက်ကွဲကြောင်းများသည် မြေပြင်ပေါ်တွင် ပင့်ကူအိမ်အလား ဖြစ်လာခဲ့သည်။ သားရိုင်းရှန့်ထိုက သူ၏ပုဆိန်ကို ဝှေ့ယမ်းကာ ရီဖူရှင်းထံသို့ တိုက်ရိုက် ဦးတည်လာခဲ့၏။ ရီဖူရှင်း ရှိနေသောနေရာသည် အေးခဲသွားခဲ့ကာ တင်းကျပ်သော စွမ်းအားများ ကျဆင်း လာခဲ့သည်။

ဓားပုဆိန်ရှည်သည် အလင်းတန်း အသွင်ဖြင့် လေထုကိုခွဲကာ တန်းတန်းမတ်မတ် ဝင်လာခဲ့၏။

ရီဖူရှင်းက လက်ဆန့်တန်းလိုက်လျှင် တစ်ဖက်လူ၏ ပုဆိန်ရှည်နှင့် အရွယ်အစားတူသော ဧရာမဓားတစ်လက် ဖြစ်ပေါ်လာ၏။ ပြင်းထန်သော ဓားအသိများသည် ဓားကို ရစ်ပတ်ထားကာ အလွန် စွမ်းအားကြီးမားစေ၏။

ရီဖူရှင်းက ရှေ့သို့ လှမ်းသွားလိုက်လျှင် ခြေလှမ်းတိုင်း၌ ကြီးမားသော စွမ်းအားများ ဆတိုးဖြစ်ပေါ်လာခဲ့ကာ ဧရာမဓားကြီးသည် တစ်ဖက်ရန်သူ၏ လက်နက်နှင့် ရင်ဆိုင် တိုက်ခိုက်သည်။

ဘုန်း …

ကျယ်လောင်သော အသံတစ်ခုအား ကြားရကာ ပြင်းထန်သော အားလှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားခဲ့သည်။ သူတို့၏အောက်မှ ရှေးဟောင်း တောင်ကြီးသည် အစိတ်စိတ် ပြိုကွဲသွားပြီး တခြားသော သွားကျဲသားရိုင်းများ အားလုံး ထိတ်လန့်တကြား နောက်ဆုတ်ကြသည်။

ဧရာမ ဓားကြီးသည်လည်း တစ်စတစ်စ ပြိုပျက် သွားခဲ့သော်လည်း တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုကိုမူ တားဆီးနိုင်ခဲ့၏။ သွားကျဲမိစ္ဆာ၏ လက်များမှာလည်း ကြီးစွာ တုန်ယင်သွားခဲ့သည်။

သူက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ ရှန့်ထိုမဟုတ်သေးသော လူသားတစ်ဦးက သူ့အား ရင်ဆိုင်နိုင်သည်မှာ သူ့အတွက် ထူးဆန်းဖွယ်ရာ ဖြစ်၏။

သူ၏မျက်လုံးများမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမိုပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ သူက ရှေ့သို့ တစ်လှမ်းတက်လာကာ ပုဆိန်ရှည်အား သယ်လျက် ရီဖူရှင်းထံသို့ ခုန်ဝင်လာခဲ့၏။

ရီဖူရှင်းထံမှ မဟာလမ်းစဉ်၏ လေဟာနယ်ဓာတ်များ ဖြာထွက်လာခဲ့၏။ သူက လေထုကို ဖြတ်သန်းသွားကာ ရှေ့မှ တင်းကျပ်သော ဖိအားကို ဖြန်တောက်၏။ သို့သော်လည်း ကြီးမားသော စွမ်းအားသည် သူ့အား လှုပ်ရှားမရအောင် ချုပ်ကိုင်ထားသည်။

ရီဖူရှင်းအား ကြီးမားသော ဓားအသိများ ရစ်ပတ်လာခဲ့သည်။ ကျားယဲ့ဓားသည် သူ့ရှေ့တွင် ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့၏။ ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် ဓားသည် လေထုကို ဖြတ်သန်း သွားခဲ့သည်။

သွားကျဲသားရဲသည် သူ့ထံသို့ လာသောဓားအား မြင်သည့်တိုင် ရှေ့သို့ တက်လာခဲ့၏။ ဤတွင် ကျားယဲ့ဓားကို ထိန်းချုပ်ရန် ရီဖူရှင်းအသုံးပြုရသော စိတ်စွမ်းအားသည် မမြင်ရသော စွမ်းအားတစ်ခုကြောင့် ကန့်သတ်ခံရဟန် ရှိသည်။

ကျားယဲ့ဓားပညာကို လေ့ကျင့်သည့်ဖြစ်စဉ်မှာ ထူးခြားပေသည်။ ဓားများကို ဓားအသိနှင့် စိတ်စွမ်းအားတို့ ပေါင်းစပ်ကာ ထိန်းချုပ်ပြီး ကြောက်မက်ဖွယ် စွမ်းအားကို ဖြစ်ပေါ်စေခြင်းပင်။

ထိုအခိုက်တွင် ရီဖူရှင်း၏ စိတ်စွမ်းအားသည် အမြင့်ဆုံးသို့ ရောက်လာခဲ့ပြီး ကျားယဲ့ဓားကို အတားအဆီးများ အားလုံးအား ကျော်ဖြတ်စေလျက် သွားကျဲမိစ္ဆာထံသို့ ဦးတည်စေသည်။

သွားကျဲမိစ္ဆာ၏ဘယ်လက်တွင် ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာကာ ဓားများအား ကာကွယ်သည်။ သူက ဒိုင်းကာအား ကိုင်စွဲကာ ရှေ့သို့ တက်လာလျှင် ပတ်ဝန်းကျင်သည် တုန်ခါပြီး တောင်ကုန်းသည် ပေါက်ကွဲ၏။ တစ်ဖက်မှ ပုဆိန်သည် ရီဖူရှင်းထံသို့ ကြီးမားသော အရှိန်အဟုန်ဖြင့် ကျဆင်းလာ၏။

ကျားယဲ့ဓားသည် ဒိုင်းကာကို ထိမိသည်တွင် စူးရှသော အသံအချို့ ထွက်လာသည်။ ဓားများသည် ဒိုင်းကာကို ကျော်ဖြတ်နိုင်စွမ်း မရှိပေ။ ထိုအခိုက်တွင် ဓားသည် ဒိုင်းကာအနီးတွင် လှည့်ပတ်ကာ မရေမတွက်နိုင်သော ပုံရိပ်ယောင်ဓားများအား ဖြစ်ပေါ်စေလျက် ထိုနေရာမှ ပျောက်ကွယ် သွားခဲ့သည်။

ထိုအကွက်သည် အာကာသ ဓားပညာကျမ်းနှင့် ကျားယဲ့ဓားပညာတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ဓားချက်ဖြစ်သည်။

ရီဖူရှင်းက မြန်ဆန်စွာပင် နောက်ဆုတ်သော်လည်း သားရိုင်းကြီးက သူနှင့်ထက်ကြပ်မကွာ လိုက်ပါလာခဲ့ကာ ပုဆိန်ကြီးအား ဝှေ့ယမ်းလျက် ရီဖူရှင်းကို လိုက်ခုတ်၏။

ရီဖူရှင်း၏ အမြန်နှုန်းကား ခန့်မှန်းမရအောင် မြန်ပေသည်။ သူက လေဟာနယ်ဓားဖြင့် လေထုကိုခွင်းကာ ရွေ့လျားနေခဲ့ပြီး တစ်ဖက်လူကလည်း သူ့အား ဆက်တိုက် ပိတ်ဆို့ တိုက်ခိုက်၏။ သူတို့ဖြတ်သန်း သွားသည့်နေရာတိုင်း၌ တောင်များ ပြိုပျက်သွားကာ သားရဲများသည် ကြောက်လန့်တကြား တကွဲတပြား ထွက်ပြေးကြရသည်။

ရီဖူရှင်းသည် ပြေးလွှားနေရင်းဖြင့်ပင် ကျားယဲ့ဓားအား ရန်သူကို ဆက်လက် လှည့်ပတ်စေ၏။ ဓားများသည် ဓားဝင်္ကပါအဖြစ် ပြောင်းလဲကာ ပြစ်မှတ်အား လှည့်ပတ်ကြသည်။ ဓားအသိများ တဖြည်းဖြည်း ပိုအားကောင်းလာခဲ့လျှင် သွားကျဲမိစ္ဆာသည် သူတိုက်ခိုက် ခံနေရပြီဖြစ်ကြောင်း သတိထားမိသည်။

ထောင်ပေါင်းများစွာသော ဓားပုံရိပ်များသည် သူဦးတည်ရာ အရာများဆီသို့ ကျဆင်း လာခဲ့သည်။

ဂါး …

သွားကျဲမိစ္ဆာက မာန်သွင်းအော်ဟစ်လိုက် ပတ်ဝန်းကျင်သည် တုန်ခါ၏။ သူ၏လက်မှ ဒိုင်းကာသည် ပြင်းထန်စွာ လည်ပတ်ပြီး စွမ်းအားလှိုင်းများအား ဖြစ်ပေါ်စေကာ ပုဆိန်ကို ဝှေ့ယမ်းလျက် ရီဖူရှင်းအား ခုတ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset