လေဓားများ ထွက်ပေါ်လာပြီးနောက် ဓားပျံများပါ ထွက်ပေါ်လာပြီဖြစ်သည်။
ကောင်းချွမ်၏ တိုက်ကွက်များထဲတွင် အာနာပါနအဆင့်စွမ်းအား အကုန်လုံး ပါဝင်နေ၏။ ထို့အပြင် ဝမ်ပေါင်လဲ့က သူ၏အာနာပါနအဆင့် ဖိအားများကို ဖယ်ရှားလိုက်ပြီးသောအခါမှ သူက ထိုတိုက်ကွက်များကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူ၏ အာနာပါနအဆင့် ဖိနှိပ်အားများနှင့် ရင်ဆိုင်နေရချိန်တွင် မည်သည့် ရှေးဟောင်းသိုင်းအဆင့် ကျွမ်းကျင်သူကမှ သူ့ကို ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
၎င်းမှာ အာနာပါနအဆင့်၏ စွမ်းအားကြီးမားသော သဘောသဘာဝပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ပို၍ လင်းလက်တောက်ပလာ၏။ သူသည် ပြီးပြည့်စုံအောင် ပြင်ဆင်ခဲ့ပြီးမှ ထိုနေရာသို့ ရောက်လာခဲ့သည်ဖြစ်ရာ တစ်စက္ကန့်လေးပင် ရပ်တန့်မသွားခဲ့ပေ။ ထိုလေဓားများနှင့် ဓားပျံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူသည် ညာလက်ကိုမြှောက်လိုက်သောအခါ လက်အိတ်တစ်ဖက် ထွက်ပေါ်လာ၏။
ထိုလက်အိတ်တစ်ခုလုံးမှာ ခရမ်းရောင်ဖြစ်နေ၏။ ၎င်းဆီမှ ထူးဆန်းသော ခပ်မှိန်မှိန် အလင်းရောင်တစ်ခု ထွက်ပေါ်နေပြီး ၎င်း၏ အတွင်းပိုင်းထဲတွင် ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ကိန်းအောင်းနေသည့်ပုံ ပေါက်နေသည်။ ထို့ကြောင့် ထိုလက်အိတ်မှာ တမူထူးခြားသော ပစ္စည်းတစ်ခု ဖြစ်နေမည်မှာ အမှန်ပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့ မိုးသစ်တောထဲရှိ ဝတ်ရုံနက် လူများကို သတ်ဖြတ်ပြီးနောက် ယူဆောင်လာခဲ့သော ပစ္စည်းတစ်ခု ဖြစ်သည်။ နောင်ပိုင်းတွင် သူသည် ၎င်းအား ပြုပြင်မွမ်းမံ၍ အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထို ရတနာကြီးမှာ ယခင်ကထက်ပင် ပို၍ အစွမ်းထက်နေပြီဖြစ်သည်။
၎င်းမှာ မုန်တိုင်းများကို ဖန်တီးနိုင်ရုံသာမက လူတစ်ယောက်၏ စွမ်းအားကိုပါ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ ထိုပစ္စည်းမှာ ဝမ်ပေါင်လဲ့ လက်ဝယ်ရှိ ပစ္စည်းများထဲမှ အကြီးမားဆုံး အတိုက်အခိုက်စွမ်းအားကို ပိုင်ဆိုင်ထားသော ပစ္စည်းလည်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုလက်အိတ်ကို စွပ်လိုက်ပြီးနောက် ၎င်းအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီများအားလုံး မြစ်တစ်စင်းကဲ့သို့ ထိုလက်အိတ်ထဲသို့ ဒလဟော စီးဝင်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် သွေးရောင်မုန်တိုင်းတစ်ခု စတင် ထွက်ပေါ်လာပြီး ရှေ့သို့ တိုက်ခတ်လာ၏။ ၎င်းမှာ လေဓားများနှင့် ထိပ်တိုက် ဆုံတွေ့သွားသည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ညာလက်ကိုမြှောက်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
ယခု အကြိမ်တွင်မူ မုန်တိုင်းများသာမက ဓားပျံဆယ်လက်ပါ ရွှီခနဲ ပေါ်ထွက်လာကြသည်။ ၎င်းတို့မှာ ကောင်းချွမ်ဆီသို့ ဦးတည်မသွားဘဲ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် လည်ပတ်ကာ အကာအကွယ်တစ်ခု ဖန်တီးပေးလိုက်၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားဘောလုံးတစ်လုံးနှင့်ပင် တူသွားပြီး ထိုလေဓားများကို ထိုးဖောက်သွားတော့မည့် အလားပင်။
ထိုအခါ ပတ်ပတ်လည်ရှိ ဓားပျံများဆီမှ တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာ၏။ ထို ဓားပျံများမှာ ဝမ်ပေါင်လဲ့၏ မုန်တိုင်းများနှင့်အတူ တစ်လက်ပြီးတစ်လက် တစ်စစီ ကြေမွပျက်စီးသွားကြသည်။ သို့ရာတွင် သူသည် လေဓားများကို ဖောက်ထွက်သွားနိုင်ဆဲပင်။ သူ ပြန်ပေါ်လာသောအခါ ကောင်းချွမ်မှာ သူ၏ ဓားပျံသုံးလက်ကို သူ့ဆီသို့ ပစ်လွှတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာမူ အော်ဟစ်ကာ နောက်ထပ် ဓမ္မအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
၎င်းတို့မှာ ရွှေခေါင်းလောင်းဒိုင်းကာများကို ဖန်တီးပေးနိုင်သည့် ပုတီးစေ့များ ဖြစ်သည်။ သူသည် ယခင်ကတည်းက ပုတီးစေ့ အနည်းငယ်ခန့် သန့်စင်ထားခဲ့သည်ဖြစ်ရာ ယခုတွင် ၎င်းတို့ကို အမြောက်အမြား ထုတ်ယူလိုက်၏။ သူသည် ၎င်းတို့ကို သူ့အား ရစ်ပတ်လွှမ်းခြုံသွားအောင် မလုပ်ဘဲ ဓားပျံသုံးလက်ကိုသာ ဝန်းရံသွားအောင် စေလွှတ်လိုက်၏။ ထို့ကြောင့် ထိုဓားပျံသုံးလက်မှာ ရွှေခေါင်းလောင်းဒိုင်းကာ၏ အလွှာများထဲ ပိတ်မိတော့သည်။
ထိုအခါ ကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သော အသံတစ်သံ ထွက်ပေါ်လာကာ ထိုဓားပျံသုံးလက်၏ ရိုက်ခတ်မှုဒဏ်ကြောင့် ရွှေခေါင်းလောင်းဒိုင်းကာ၏ တစ်ဝက်တိတိ ပျက်စီးသွားရ၏။ ဝမ်ပေါင်လဲ့မှာမူ ထိုဓားပျံများ ပိတ်မိနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ၏ အရှိန်ကိုမြှင့်တင်လိုက်ပြီး ကောင်းချွမ်၏ ရှေ့တည့်တည့်တွင်ပေါ်လာတော့သည်။
” ကောင်းချွမ်။ ခင်ဗျားကို ကျုပ် ဒီနေ့ ဘယ်လို အနိုင်ယူပြမလဲဆိုတာကို သေချာကြည့်ထား ”
ကောင်းချွမ်မှာမူ သိသိသာသာပင် အမူအရာပြောင်းလဲသွားပြီး နောက်သို့ဆက်၍ ဆုတ်ခွာသွားသည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့လောက် မြန်ဆန်မှု ရှိမနေကြောင်း ရုတ်တရက် သိလိုက်ရ၏။
ဝမ်ပေါင်လဲ့မှာမူ ပြတ်သားမှု အရိပ်အယောင်များ တောက်ပနေသော မျက်ဝန်းများဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်လာ၏။ ထို့နောက် သူသည် ဘယ်လက်ကို မြှောက်ကာ ကောင်းချွမ်အား လှမ်း၍ ထိုးနှက်လိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ မင်း သေချင်နေတာလား ”
ကောင်းချွမ်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် နောက်သို့ဆုတ်ခွာရင်း သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ ဒိုင်းကာငယ်လေးကို ထိန်းချုပ်ကာ ၎င်းအား အသုံးပြု၍ ခုခံကာကွယ်လိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကိုမြှောက်ကာ သူ၏ အစွမ်းများကို ထုတ်သုံးရန် ပြင်လိုက်သည်။ ထိုဒိုင်းကာငယ်လေးမှာ ဝမ်ပေါင်လဲ့အား တားဆီးနိုင်နေသရွေ့ သူသည် ဓမ္မမန္တန်များကို နောက်ထပ်တစ်ကြိမ်ထပ်၍ အသုံးပြုခွင့် ရသွားမည်သာ ဖြစ်သည်။
သို့သော် ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ ဘယ်လက်ကိုမြှောက်ကာ လျင်မြန်သွက်လက်စွာ လှုပ်ရှားလိုက်ပြီး ထိုဒိုင်းကာငယ်လေးကို ဆုပ်ကိုင်လိုက်သည်။ သူ ထို ဒိုင်းကာငယ်လေးကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အသေးစား တုန်ခါမှုတစ်ခု ဝမ်ပေါင်လဲ့၏ လက်မှနေ၍ ခန္ဓာကိုယ်တခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ ထိုဒိုင်းကာငယ်လေး၏ ရုန်းကန်မှုကြောင့် ထိုတုန်ခါမှုမှာ အဆမတန် ကြီးထွားလာသဖြင့် ဝမ်ပေါင်လဲ့၏ ဘယ်ဖက်လက်မှာ တစ်စစီ ကျိုးကြေသွားတော့မည့်အလား ဖြစ်သွား၏။ သူသည် ထိုနာကျည်းမှုများကို မျိုသိပ်ကာ ရက်စက်ကြမ်းကြုတ်မှု အပြည့်ရှိသော အမူအရာဖြင့် ညာလက်ကို မြှောက်ကာ ကောင်းချွမ် မန္တန်လက်ကွက်များကို ထုတ်ဖော်ရာ၌ အသုံးပြုသော လက်ချောင်းကို လှမ်း၍ ဖမ်းဆုပ်လိုက်၏။
ထို့ကြောင့် ကောင်းချွမ်မှာ အထိတ်တလန့်ဖြစ်ကာ ကြောက်ရွံ့တုန်လှုပ်သွားရချိန်တွင် ဝမ်ပေါင်လဲ့မှာမူ အော်ဟစ်ရယ်မောလိုက်၏။
” ခင်ဗျားရဲ့ အဲဒီလက်ချောင်းကို လှန်ချိုးချင်နေခဲ့တာ တော်တော်ကြာပြီ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီး ထိုလက်ချောင်းအား အားပါပါနှင့် လှန်ချိုးလိုက်တော့သည်။
ထိုအခါ ကောင်းချွမ်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူ၏ လက်ချောင်းထဲတွင် သူ တစ်ခါမှ မခံစားဖူးသော နာကျင်မှုကြီးတစ်မျိုးဖြင့် ပြည့်နှက်သွားပြီး သူ၏ မန္တန်လက်ကွက်မှာလည်း ပျက်သွားရတော့သည်။ သို့သော် သူသည် အာနာပါနအဆင့် ဝါရင့်တစ်ယောက် ဖြစ်နေဆဲ မဟုတ်ပါလော။ ထိုနာကျင်မှုကြီးမှာ အလွန် ဆိုးရွားနေပြီး သူ၏ ခန္ဓာကိုယ်မှာ ဝမ်ပေါင်လဲ့လောက် မသန်မာလျှင်တောင် သူသည် ဖွံ့ထွားသွေးကြောအဆင့်ကို ရောက်ရှိထားဖူးသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုနာကျင်မှုကို လျစ်လျူရှုကာ နဖူးပေါ်တွင် သွေးကြောကြီးများ ထောင်မတ်လာပြီး အခြားလက်တစ်ဖက်ဖြင့် ဝမ်ပေါက်လဲ့အား တိုက်ခိုက်လိုက်၏။
သို့သော် သူသည် အလွန် နှေးကွေးလွန်းနေသည်။ ဝမ်ပေါင်လဲ့မှာမူ လှောင်ပြုံးပြုံးလိုက်ပြီး ညာခြေထောက်ကို ဝှစ်ခနဲ မြှောက်လိုက်၏။ ထို့နောက် ကောင်းချွမ်၏ ပေါင်ကြားကို အားပြင်းပြင်းနှင့် ချက်ချင်း ကန်ကျောက်လိုက်တော့သည်။
” ကောင်းချွမ်။ ခင်ဗျားက ကျုပ်ကို ကျောင်းထုတ်ချင်တယ်ပေါ့ ဟုတ်လား ”
ထိုကန်ချက်မှာ အားပြင်းလှပြီး ဝမ်ပေါင်လဲ့မှာ အားကုန်ထုတ်၍ ကန်ကျောက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းချွမ်မှာ ထိုနာကျင်မှုကို မျိုသိပ်နိုင်စွမ်း မရှိတော့ဘဲ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျော့ခွေသွား၏။ ဖော်ပြ၍မရနိုင်သော နာကျင်မှုတစ်မျိုးက လှိုင်းလုံးကြီးတစ်လုံးကဲ့သို့ သူ၏ ခန္ဓာကိုယ်ခုလုံးအား ဖုံးလွှမ်းသွားပြီး သူ၏မျက်နှာတစ်ခုလုံးမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ သူသည် ထိုကဲ့သို့ အော်ဟစ်မြည်တမ်းနေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏အနားသို့ ဖျတ်ခနဲ ရောက်ရှိလာ၏။ သူသည် ကောင်းချွမ်အား ရိုက်နှက်ကန်ကျောက်ပစ်ချင်စိတ်များကို တစ်လတိတိ ချုပ်တည်းထားခဲ့ရသည်ဖြစ်ရာ ထိုအခိုက်အတန့်တွင် သူ၏ နာကျည်းမှုဝေဒနာအားလုံး ပေါက်ကွဲထွက်လာတော့သည်။
” ကောင်းချွမ်။ ခင်ဗျားက ကျုပ်ကို အသရေဖျက်ချင်တယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ကြိမ်းဝါးကာ ကောင်းချွမ်၏ ရင်ဘတ်အား လက်သီးဖြင့် ထိုးနှက်လိုက်၏။
ထိုအခါ ကောင်းချွမ်၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာပြီး သူသည် နောက်သို့ လဲကျသွား၏။ ဖော်ပြ၍မရနိုင်သော နာကျင်မှုများ သူ၏ ပေါင်ကြားမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ သို့သော် သူသည် အာနာပါနအဆင့်တွင် ရှိနေသည်ဖြစ်ရာ ယခုကဲ့သို့ နာကျင်မှုများကို ခံစားနေရပြီး ဒေါသအမျက်ချောင်းချောင်း ထွက်နေသည့်တိုင်အောင် သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေဆဲပင်။ ထို့နောက် လျှပ်တစ်ပြက်အတွင်း သူ၏ မျက်နှာပေါ်တွင်သာမက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင်ပါ အပြာရောင်သွေးကြောကြီးများ ပေါ်လာတော့သည်။
” မျိုးမစစ်ကောင်။ သေစမ်းကွာ ”
ကောင်းချွမ်မှာ အော်ဟစ်ကြိမ်းဝါးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ အပြာရောင် အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ယံထဲတွင် ပြည့်နှက်သွား၏။ ထို့နောက် အပြာရောင် လူရိပ်တစ်ခု သူ၏ ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာ၏။
ထိုလူရိပ်မှာ ဝိညာဉ်တစ်ခု မဟုတ်သလို အနှစ်သာရ ဝိညာဉ်တစ်ခုလည်း မဟုတ်ပေ။ ၎င်းမှာ အာနာပါနအဆင့်၏ တားမြစ်မန္တန်တစ်ခု ဖြစ်၏။ ထိုမန္တန်မှာ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အမြစ်ကို အသုံးပြု၍ ရန်သူများကို အသက်သေဆုံးသည့်အထိ ဝါးမျိုစုပ်ယူခြင်းပင် ဖြစ်သည်။
သာမန်ဆိုလျှင် လူတစ်ယောက်မှာ သေရေးရှင်ရေး အခြေအနေမျိုးနှင့် ကြုံရသည့် အချိန်တွင်သာ ထိုကဲ့သို့ ဖြစ်လာရမည် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ ကောင်းချွမ်မှာ အစွမ်းကုန်ထုတ်၍ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ မျက်ဝန်းအိမ်များပင် ကျဉ်းမြောင်းသွား၏။ သူသည် အသက်အန္တရာယ်ဖြင့် ကြုံနေရပြီဖြစ်ရာ သူ၏ မျက်ဝန်းများထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ လက်သွား၏။
” မင်းက သေချင်နေတာပဲကွ ”
သူ၏ နှလုံးသားမှာ ရေခဲတမျှ အေးစက်သွား၏။ ထို့နောက် သူသည် ညာလက်ကိုမြှောက်ကာ လက်အိတ်ကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး ၎င်းအား ပေါက်ကွဲသွားအောင် လုပ်လိုက်၏။
ကောင်းချွမ်၏ တားမြစ်မန္တန်ကြီး စတင်အသက်ဝင်လာပြီး ဝမ်ပေါင်လဲ့၏ လက်အိတ်ကြီးမှာလည်း ပေါက်ကွဲခါနီး အခြေအနေသို့ ရောက်သွားသည့်အချိန်တွင် ပါမောက္ခတောင်ထိပ်တစ်ခုလုံး ရုတ်တရက် တုန်ရီသွား၏။ ထို့နောက် ဖိနှိပ်အားပြင်းသော မန္တန်အစီအရင်ကြီးတစ်ခု တောင်ထိပ်ပေါ်တွင် အသက်ဝင်လာပြီး ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းသော တွန်းကန်အားတစ်ခုကို ဖန်တီးလိုက်၏။ ထိုအားမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့နှင့် ကောင်းချွမ်တို့၏ကြားသို့ ကျရောက်လာပြီး အကာအကွယ်ဒိုင်းကာကို ချိုးဖျက်ကာ သူတို့နှစ်ယောက်အား အဝေးသို့ တွန်းထုတ်လိုက်၏။
ကောင်းချွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တုန်ရီသွားပြီး သူ၏ ပျံ့နှံစပြုနေသော တားမြစ်မန္တန်ကြီးမှာလည်း ပျက်ပြားသွားရ၏။ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးများစီးကျလာပြီးနောက် သူသည် နောက်သို့ ဆုတ်ခွာသွားလိုက်ရသည်။
ဝမ်ပေါင်လဲ့၏ လက်အိတ်ကြီးမှာလည်း မပေါက်ကွဲနိုင်တော့ပေ။ ထိုတွန်းကန်အားကြောင့် သူသည်လည်း နောက်သို့ ယိမ်းထိုးသွား၏။
တချိန်တည်းမှာပင် ပါမောက္ခကြီး၏ လက်ထဲ၌ နောက်ထပ် အမိန့်ေပးတံဆိပ်ပြားတစ်ခု ထပ်၍ ပေါ်လာ၏။ ထိုတံဆိပ်ပြားကြီးမှာ ဝင်းလက်တောက်ပစွာ လင်းလက်သွားပြီး တောင်ထိပ်ကြီးမှ ထုတ်လွှတ်လိုက်သော ဖိအားကြီးနှင့်အတူ ပူးပေါင်းသွား၏။ အသက်တမျှ အရေးကြီးနေသောအချိန်တွင် ပါမောက္ခကြီးမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မန္တန်အစီအရင်ကို အသုံးပြုကာ ထိုအသေအကြေ တိုက်ခိုက်ကြတော့မည့် တိုက်ပွဲကြီးကို ဖျန်ဖြေပေးလိုက်ခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွား၏။ သူသည် ကောင်းချွမ်၏ တိုက်ကွက်ကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ရသလို နောင်တလည်း ရသွားခဲ့၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ ညာဘက်သီးပေါ် ဘယ်လက်ဝါးတင်၍ ပါမောက္ခကြီးအား အရိုအသေပေးလိုက်၏။
” ကျေးဇူးတင်ပါတယ် ပါမောက္ခကြီး ”
ကောင်းချွမ်၏ အမူအရာမှာမူ အလွန် အရုပ်ဆိုးနေ၏။ သူသည် ဝမ်ပေါင်လဲ့အား မကြည့်ဘဲ ပါမောက္ခကြီးအား စိုက်ကြည့်ကာ အော်ပြောလိုက်သည်။
” ပါမောက္ခကြီး။ ဒီကလေးက သူ့ရဲ့ အထက်လူကြီးတွေကို စော်ကားပြီးတော့ ကျနော့်ကိုလည်း မရိုမသေ ဆက်ဆံခဲ့တာလေ။ ဒီတော့ ကျနော် သူ့ကို အပြစ်ပေးတာ မမှားဘူးလို့ ထင်တယ်။ ဘာလို့ ကျနော့်ကို တားရတာလဲ ”
ဘေးပတ်ပတ်လည်မှ လူများမှာမူ ဆိတ်ငြိမ်နေကြ၏။ တစ်ဖက်တွင် သူတို့မှာ ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကြောင့် အံ့ဩတုန်လှုပ်နေရသလို အခြားတစ်ဖက်တွင်လည်း ပါမောက္ခကြီးမှာ ဝမ်ပေါင်လဲ့ဘက်မှ မျက်နှာလိုက်နေခြင်းဖြစ်သည်ဟု ခံစားနေရ၏။
” ဘာလို့ မင်းကို တားရတာလဲ ဟုတ်လား ” ပါမောက္ခကြီး၏ အမူအရာမှာ ချက်ချင်းပင် ရှုံ့မဲ့သွား၏။
” ကောင်းချွမ် … မင်းက အသိစိတ်ပါ ပျောက်သွားပြီပဲ။ ငါ ဒီတိုက်ပွဲကို ရပ်လိုက်တာက ဝမ်ပေါင်လဲ့အတွက်လို့ မင်းက တကယ်ကြီး ထင်နေတာလား ”
ထိုအခါ ကောင်းချွမ်မှာ ကြက်သေသေသွားပြီး ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီးနောက် သူ၏လက်အိတ်ကြီးကို အကဲခတ်လိုက်၏။ ထိုအခါမှသာ သူသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်ပုံ ပေါက်သွားတော့သည်။ သူ၏ နဖူးပေါ်တွင် ချွေးများပြန်လာပြီး သူ၏အသက်ရှူနှုန်းများမှာလည်း မြန်ဆန်လာ၏။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ပါမောက္ခကြီးမှာမူ လှောင်ပြုံးသာပြုံး၍ ကောင်းချွမ်အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား လှမ်း၍ အကဲခတ်လိုက်ပြ သူ၏ လက်အိတ်ကြီးအား တစ်ခဏမျှ စိုက်ကြည့်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ပါမောက္ခကြီးမှာ သူ၏အကြံအစည်ကို အနည်းဆုံး တစ်စိတ်တစ်ပိုင်းခန့် ရိပ်မိသွားခဲ့သည် ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ သူသည် ထို လက်အိတ်ကြီးအား ပြုပြင်မွမ်းမံခဲ့စဉ်က ၎င်း၏အတွင်းထဲတွင် ဟုန်ကူပိုင်ယင်မြွေများမှ ထုတ်ယူထားသော အဆိပ်ပမာဏ မြောက်မြားစွာကို ထည့်သွင်းထားခဲ့သည်။ ထိုကဲ့သို့ အဆိပ်များစွာ ရှိနေသည်ဖြစ်ရာ ထိုလက်အိတ်ကြီး ပေါက်ကွဲသွားသည်နှင့်တစ်ပြိုင်နက် ကောင်းချွမ်မှာ သူ၏ မန္တန်များကို အသုံးပြုချိန်ပင် ရလိုက်မည်မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်မှာ အနီရောင်အရိုးများအဖြစ်သို့ အရည်ပျော်ကျသွားမည်သာ ဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့၏ ဝှက်ဖဲဖြစ်သည်။
အကယ်၍ ပါမောက္ခကြီးသာ သူတို့ကို တားဆီးခြင်းမရှိခဲ့ပါက ကောင်းချွမ်က အရင်ဆုံး တိုက်ခိုက်ခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏လုပ်ရပ်အားလုံးသည် မိမိကိုယ်ကိုမိမိ ကာကွယ်နိုင်ရန်အတွက်သာ ဖြစ်သည်ဟု ရှင်းပြလိုက်မည်သာဖြစ်သည်။
ပါမောက္ခကြီးမှာ သူ၏ အကြံအစည်ကို ရိပ်မိသွားပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ သူ့ဘက်က မှားယွင်းနေသည်ဟု မခံစားရပေ။ သို့သော် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအထုပ္ပတ္ထိများထဲတွင် ရေးထားသည့် ” တချို့သောအခြေအနေများတွင် ခေါင်းဆောင်များကို သူတို့ကိုယ်သူတို့ အရေးပါအရာရောက်သည့် နေရာတွင် ရှိနေသည်ဟု ခံစားရအောင် ပြုမူနေထိုင်သင့်သည် ” ဆိုသော အကြံပေးချက်ကို ပြန်၍ အမှတ်ရသွားသဖြင့် သူ၏ လက်အိတ်ကို ရိုသေကျိုးနွံစွာ ပြန်ချွတ်လိုက်ပြီး သိုလှောင်လက်ကောက်ထဲသို့ ပြန်၍ ထည့်လိုက်၏။ ထို့နောက် သူသည် ဦးညွတ်၍ နောင်တရနေသည့် အမူအရာဖြင့် ဆိုလိုက်၏။
” ပါမောက္ခကြီး။ ဒုပါမောက္ခကို ရိုက်နှက်ကန်ကျောက်မိခဲ့တာ ကျနော့်အမှားပါ။ ကျနော် စိတ်လိုက်မာန်ပါ လုပ်မိသွားတာပါ… ”
ဝမ်ပေါင်လဲ့၏ နောင်တရနေသော အမူအရာကို မြင်လိုက်ရသောအခါ ပါမောက္ခကြီး၏ ဒေါသစိတ်များမှာ အတန်ငယ် ပြေပျောက်သွား၏။ သို့သော် ယခုကိစ္စကို ဘာမှမလုပ်ဘဲ ခွင့်လွှတ်ပေးလိုက်မည်ဆိုပါက မသင့်တော်သဖြင့် သူသည် ဝမ်ပေါင်လဲ့ကို ပြစ်ဒဏ်ပေးရန် လိုအပ်ပေသည်။ သို့ရာတွင် ထိုအချိန်၌ ဝမ်ပေါင်လဲ့မှာ ပါမောက္ခကြီး၏ စိတ်ကူးကို နားလည်သဘောပေါက်သွားသည့်ဟန်ဖြင့် စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ရိုသေမှုအပြည့်ဖြင့် နားထောင်နေလိုက်ပြီး အချိန်မရွေး ခေါင်းညိတ်ကာ ပါမောက္ခကြီး၏ စကားများကို လိုက်နာမှတ်သားနိုင်ရန် အဆင်သင့်ပြင်လိုက်၏။
ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်မှ လူများမှာ ဆွံ့အသွားကြတော့သည်။ ဒေါသအမျက်ချောင်းချောင်းထွက်ကာ ကြောက်ရွံ့ထိတ်လန့်နေရပါသော ကောင်းချွမ်ပင် ဝမ်ပေါင်လဲ့အား စိုက်ကြည့်၍ ကြက်သေသေနေရတော့သည်။
ပါမောက္ခကြီး ကိုယ်တိုင်ပင်လျှင် ရယ်ရအခက် ငိုရအခက် ဖြစ်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့ ကျောင်းသို့ စတင်ဝင်ရောက်ခဲ့စဉ်က သင်္ဘောပျံကြီးပေါ်တွင် ဖြစ်ပျက်ခဲ့သော ပုံရိပ်များကို ပြန်၍ အမှတ်ရသွားသောအခါ သူ၏ ဒေါသများမှာ ထပ်၍ ပြေပျောက်သွားရပြန်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ သတိသာ ပေးလိုက်၏။
” ထားတော့။ ဒီကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်။ မင်း နာကျင်ခံစားခဲ့ရတာကိုလည်း ငါသိတယ်။ ဒါပေမဲ့ ဒီလိုမျိုး နောက်ထပ် ထပ်မဖြစ်စေနဲ့ “
👍👍