Switch Mode

အပိုင်း (၁၁၃၂)

နောက်ကွယ်မှ

အင်ပါယာရှား နန်းတော်အတွင်း မင်းသမီးအဆောင်မှ လူများ၏မျက်နှာများ မသာမယာ ဖြစ်နေကြသည်။ ရှားရှင်းယွန်သည်လည်း အလွန်တရာ စိတ်ဆိုးနေ၏။

ရီဖူရှင်းသည် မင်းသမီး၏ ကိုယ်ရံတော်ဖြစ်သည်ကို အင်ပါယာရှားဘုံ တစ်ခုလုံး သိကြပေသည်။ သူ၏နာမည်ကား နတ္ထိဘုံတိုက်ပွဲအပြီးတွင် လျှမ်းလျှမ်းတောက် ကျော်ကြား လာခဲ့ကာ သူ့အား မသိသူ မရှိပေ။

ရှီဟွာတောင်ရှန့်ထိုက မြေရိုင်းပြည်နယ်အား ကြံစည်သည်ဆိုပါက ထိုအခြင်းအရာမှာ သူ့အနေဖြင့် အကြောက်တရားတို့၏ ကြီးစိုးခြင်းကြောင့် ကြံရာမရဘဲ ပြုလုပ်မိခြင်းသာ ဖြစ်ရပေမည်။

လက်ရှိတွင် ဖီးနစ်နှင့် လောင်လင်းအာအား အမှန်တကယ် ကြံစည်ရဲသူ ရှိနေသည်။ သူမ၏စိတ်ထဲ မည်သို့ ဖြစ်နေမည်ကို ခန့်မှန်းနိုင်ပေသည်။

သို့သော်လည်း သူမအနေဖြင့် နားမလည်သော အကြောင်းအရာ တစ်ခုလည်း ရှိသေးပေသည်။ မတော်တဆ ဖြစ်ရပ်နှစ်ခုသည် တိုက်ဆိုင်မှုလား။ မဟုတ်လျှင် ထိုကိစ္စရပ်များအား နောက်ကွယ်မှ ကြံစည်နေသူမှာ မည်သူဖြစ်သနည်း။

သူမအနေဖြင့် နားမလည်သော အကြောင်းအရာ အများအပြား ရှိနေပေသည်။

ဓားသခင်၊ ဂူတုံးလျိုနှင့် တခြားလူများသည် မင်းသမီး နန်းဆောင်သို့ ရောက်လာကာ သတင်းများကို စောင့်ဆိုင်း နေကြသည်။

လက်ရှိတွင် လောင်လင်းအာနှင့် ဖီးနစ်တို့၏ အခြေအနေကို သူတို့ မသိကြသေးပေ။

အင်ပါယာရှားက အံ့အားသင့်ဖွယ်ရာများကို ယူဆောင် လာနိုင်ရန်လည်း သူတို့အားလုံး မျှော်လင့်နေကြသည်။ အဆိပ်သင့်သော မိန်းကလေး နှစ်ယောက်၏ အခြေအနေကား အလွန်ဆိုးဝါး၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ရှားရှင်းယွန်၏ ဘေးနားသို့ ရောက်လာကာ သတင်းအချို့ ပေးသည်။

သိမ်းငှက်နက်၏ မျက်လုံးများက အလွန်တရာ အေးစက်နေသည်။ သိမ်းငှက်နက်က ရှေ့သို့ တက်သွားကာ မင်းသမီး ရှားရှင်းယွန်အား ကြည့်၏။

ရှားရှင်းယွန်က သိမ်းငှက်နက်၏ မျက်လုံးများမှတစ်ဆင့် ရီဖူရှင်းကို ကြည့်ကာ ပြောသည် … “အင်ပါယ ာရှားမြို့တော်မှာ မုမိသားစုကလန် တစ်ခုရှိတယ်။ သူတို့ကလန်က လူငယ်မျိုးဆက် တစ်ယောက်ဟာ လောင်လင်းအာကို သဘောကျ ချစ်ခင်မိတဲ့အတွက် သူမသွားရာနောက်ကို လိုက်နေခဲ့တယ်။ လောင်လင်းအာက ဆိုးပေပြီးတော့ ကောင်လေးကို အစေခံသဘောမျိုး ဆက်ဆံနေခဲ့တယ်။ တစ်နေ့ ကောင်လေးက လောင်လင်းအာကို ချစ်ရေးဆိုတဲ့အခါ လောင်လင်းအာက ငြင်းခဲ့တယ်။ ဒါနဲ့ပဲ ကောင်လေးက သူမနဲ့အတူ သေမယ် ဆိုပြီတော့ သူကိုယ်တိုင်ရော လောင်လင်းအာကိုရော အဆိပ်ခတ်ခဲ့တယ်”

“သူ ဘာဖြစ်သွားလဲ” သိမ်းငှက်နက်က မေးသည်။

“အဆိပ်သင့်ပြီးတော့ သေသွားပြီ” ရှားရှင်းယွန်က ပြောသည်။

သိမ်းငှက်နက်က တော်ဝင်ကျဲနန်းတော်မှ လူများကို ကြည့်လျှင် ကျူးကော့မင်းယွီကက ပြောသည် … “မုရန်က လင်းအာကို ကြိုက်နှစ်သက်လို့ သူမကို မကြာခဏ စနောက်လေ့ရှိတယ်။ ပြီးတော့ မုရန်က ပျော်ပျော် နေတတ်တဲ့သူဖြစ်လို့ တစ်ချိန်လုံး လင်းအာနောက်ကို လိုက်ပြီး သူမ သဘောကျ နေထိုင်ခဲ့တယ်။ သူက ကော့တေးကိုတောင် ရောက်လာခဲ့ပြီးတော့ ငါတို့ အားလုံးကလည်း သူ့ကို မြင်ဖူးကြတယ်။ ဒါကြောင့် ငါတို့က သူ့ကို အန္တရာယ် ရှိတယ်လို့ မတွေးမိခဲ့ကြဘူး။ ပြီးတော့ မုရန်ရဲ့စိတ်နေ သဘောထားအရလည်း အဲလို လုပ်မယ်လို့ မထင်ထားခဲ့ကြဘူး”

“ငါတို့က စားသောက်ဆိုင်က လူတွေနဲ့ မုကလန်ကို မေးမြန်းပြီးပြီ။ မုကလန်က လူတွေဟာ မုရန် ဒီလိုလုပ်မယ်လို့ မယုံကြည်ခဲ့ကြဘူး။ ဒါပေမဲ့ စားသောက်ဆိုင်မှာ အဲဖြစ်ရပ်ကို မြင်ခဲ့တဲ့သူတွေ အများကြီးပဲ။”

“ဒါက တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါက လင်းအာကိုယ်တိုင်က မိတ်ဆွေ ပေါင်းသင်းရာမှာ ဂရုမထားမိလို့ ဒီလို ဖြစ်လာတာပဲ” သိမ်းငှက်နက်က ပြောသည်။ ရီဖူရှင်းသည် လင်းအာ၏ စရိုက်နှင့်ပတ်သက်၍ ကောင်းကောင်း သိပေသည်။ သူမက အနည်းငယ် ဆိုးသည်ဆိုသော်လည်း သူမ၏စိတ်နှလုံးကား အမှန်တကယ် သန့်စင်ပေသည်။ တစ်ဖက်တွင် မုရန်သည်လည်း မကောင်းသော အကြံအစည်များ လုပ်မည့်ပုံစံ ရှိသည်မဟုတ်ပေ။ သူ၏အစ်မ၂နှင့် တခြားလူများကလည်း သူ့အား မြင်ဖူးကြပေသည်။

သို့သော်လည်း အမှန်တရားကား သူတို့၏ရှေ့တွင် ရှိနေပေသည်။

သည်အရာများ အားလုံးကလည်း ရှီဟွာတောင်ရှန့်ထို လုပ်ဆောင်သည်နှင့် မတူပေ။

သည်မတိုင်ခင် ရှီဟွာတောင်ရှန့်ထို၏ တိုက်ခိုက်မှုကို ရီဖူရှင်းက သိပ်မတွေးခဲ့သော်လည်း ယခု လင်းအာ၏ကိစ္စ ဖြစ်လာသောအခါ သူသည် အလေးထားရန် ဖြစ်လာ၏။

“နင်က တစ်ခုခုကို သံသယဖြစ်နေတာ ငါသိတယ်။ ငါလည်း အတူတူပဲ။ ဒါပေမဲ့ အခြေအနေတွေကို ယေဘုယျကြည့်ရင် သဲလွန်စတွေက တစ်နေရာတည်းကိုပဲ ဦးတည်နေတယ်။ မုရန်ကို အရမ်း စွမ်းအားကြီးတဲ့ တန်ခိုးရှင် တစ်ယောက်က ထိန်းချုပ်ခဲ့တာပဲ” ရှားရှင်းယွန်က ဆက်ပြောသည် … “မုရန်က စွမ်းအားကြီး တန်ခိုးရှင်တွေနဲ့ အဆက်အစပ် မရှိဘူးလို့ မုကလန်က ဆိုတယ်။ ငါတို့ ကိုယ်တိုင်ကလည်း မုရန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့တာ မရှိဘူး။ ပြီးတော့ မုရန်ကိုယ်တိုင်က ဒီအဆိပ်သင့််မှုမှာ သေဆုံးသွားခဲ့တယ်။ ငါတို့အတွက် တခြား ကောက်ချက်ချစရာ သဲလွန်စ မရှိဘူး”

“အစ်မ၂ … လင်းအာမှာ ရန်ငြိုးရန်စတွေ ရှိသလား။ ဒါမှမဟုတ် သူနဲ့မတည့်တဲ့ တစ်ယောက်ယောက် ရှိလား” သိမ်းငှက်နက်က မေးသည်။

“မသိဘူး။ အားလုံးက လေ့ကျင့်တာမှာပဲ အာရုံစိုက် နေခဲ့ကြတာ။ ဒါပေမဲ့ သူမက အပြင်မှာ ပြဿနာ ရှာရင်တောင်မှ ဒီလိုကိစ္စကြီးမျိုးကို ကြံစည်ရဲမှာ မဟုတ်ဘူး” ကျူးကော့မင်းယွီက ဆိုသည်။

သိမ်းငှက်နက်က ခေါင်းညိတ်သည်။ အင်ပါယာရှားဘုံတွင် သူ၏ လက်ရှိ အဆင့်အတန်းဖြင့် ရှန့်ထိုများပင် ထိုသို့ ကြံစည်ရဲမည် မဟုတ်ပေ။ မည်သူကမှ အင်ပါယာ၏ အမျက်ရှမည်ကို မကြောက်မရွံ့ ထိုသို့ လုပ်ရဲမည်မဟုတ်ပေ။

“ဒါက အရင်တုန်းက ရန်သူအချို့လည်း ဖြစ်နိုင်တာပဲ” သိမ်းငှက်နက်က ဆိုသည်။ အောက်ဘုံမှ တော်ဝင်အလင်း နန်းတော်သခင် ရှန့်ထိုကျိကား အကျယ်ချုပ် ခံထားရသည်။ ရှီဟွာတောင်ရှန့်ထိုတို့ အုပ်စုသည် ဇာတ်မြှုပ် ပုန်းကွယ်နေကြ၏။ ထိုနှစ်ဖွဲ့လုံးက သည်ကိစ္စကို လုပ်ဆောင်ခဲ့ဟန် မတူ။ အထက်ဘုံတွင် ရီဖူရှင်းတို့နှင့် ဦးစွာ ပြဿနာ ဖြစ်ခဲ့သည့် အင်အားစုမှာ လီဟန်ဓားနန်းတော် ဖြစ်သည်။

တစ်ဖန် လီဟန်ဓားသမားသည် နတ္ထိဘုံတွင် ရီဝူချင်းအား သူ၏ဓားကို ငှားရမ်းကာ ကူညီပေးခဲ့၏။ ဝမ်ချွမ်းကား ရင့်သန်သော စိတ်နှလုံးကို ပိုင်ဆိုင်ကာ ရှန့်ထိုဖြစ်ခဲ့၏။ လီဟန်ဓားနန်းတော် အနေဖြင့် ထိုသို့သော နောက်ကွယ်မှ လှည့်ကွက် သုံးသည့်ပုံစံမျိုး လုပ်စရာ အကြောင်း မရှိပေ။

တိမ်တိုက် တောင်ကြားမှ ကုန်းစွန်းကျောင်းကား အမြဲတမ်း ပွင့်လင်းစွာ ရင်ဆိုင် ပြုမူလေ့ရှိကာ သူ့စိတ်မကျေမနပ်ချက်များအား စစ်မြေပြင်သာ ပုံအောခဲ့သူ ဖြစ်သည်။

ကုန်းစွန်းကျောင်းနှင့် နှိုင်းယှဉ်လျှင် ရှောင်ရှမ်းသည်သာ သူ့အား နတ္ထိဘုံတွင် နောက်ကွယ်မှ ချောက်ချခဲ့သူ ဖြစ်သည်။

ထိုစဉ်က ရှောင်ရှမ်း လုပ်ခဲ့သည်ကား ကျိုးကြောင်းဆီလျော်မှု ရှိခဲ့၏။ သူက ရီဖူရှင်း၏ဘေးမှ မင်းသမီး၏လူများကို ပြန်ခေါ်ခဲ့ခြင်းမှာ မင်းသမီး အန္တရာယ် ကျရောက်နေ၍ ဖြစ်ကြောင်း ပြောခဲ့ပြီး ထို့ကြောင့်ပင် ရီဖူရှင်းသည် သေလုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ရှောင်ရှမ်းသည် လီယောင်၏ ဖော်ကောင်လုပ်မှုကြောင့်ပင် သူ၏မကောင်းသော အကြံအစည်များ ပေါ်ပေါက်လာခဲ့၏။

ရှောင်ကလန်မှ ရှောင်ချိန်ဟေးသည် သူ၏သားကို ခေါ်ဆောင်ကာ နန်းတော်သို့ ဝင်လျှင် ဧကရီရှောင်ထံတွင် အသနားခံခဲ့သည်။

ဧကရီရှောင်က ရီဖူရှင်းအား ကိုယ်တိုင်ဆင့်ခေါ်ကာ ဆုလာဘ်များ ပေးသနား၍ ရှောင်ရှမ်းကိုမူ အပြစ်တချို့ ပေးခဲ့သည်။

လင်းအာကိစ္စသည်သာ သူလုပ်ဆောင်ခြင်း ဖြစ်ပါက သူသည် နတ္ထိဘုံတွင်ထက် ပိုမိုကျွမ်းကျင်စွာ အကြံအစည်များအား အကောင်အထည် ဖော်လာနိုင်သည်ဟု ပြောရပေမည်။

“မင်းသမီးက ရှောင်ရှမ်းကို စုံစမ်းပေးလို့ ရမလား” ရီဖူရှင်းက မေးသည်။

“နင်တွေးသလို ငါလည်း တွေးမိတယ်” ရှားရှင်းယွန်က ဆက်ပြောသည် … “ရှောင်ရှမ်းနဲ့ ပတ်သက်တဲ့ သတင်းတချို့ကို ငါရသလောက် သူက ကလန်မှာ အချိန်များစု လေ့ကျင့်ရင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်။ သူက အပြင်ကို ထွက်ရင်တောင်မှ ရှောင်ကလန် နယ်နိမိတ် အကျော်ကို မသွာခဲ့ဘူး။ ပြီးတော့ ရှောင်ကလန်မှာ ရှောင်ရှမ်းရဲ့ အဆင့်အတန်းက အရင်လို မဟုတ်တော့ဘူး။ သူ့အဆင့်အတန်းက အကန့်အသတ် ရှိလာခဲ့သလို သူက တစ်စုံတစ်ခု လုပ်ချင်ရင်တောင်မှ သူ့မှာ သုံးစွဲနိုင်တဲ့ အထောက်အပံ့တွေ မရှိဘူး။ သူကအပြင်ကို ထွက်ခဲ့တယ် ဆိုပေမဲ့ ဒါက ကုန်းစွန်းနီနဲ့ တွေ့ခဲ့တာပဲ ရှိတယ်”

“အရင်တုန်းက ရှောင်ရှမ်းရဲ့ အဆင့်အတန်းနဲ့ဆို သူအသုံးပြုနိုင်တဲ့ လူတစ်ယောက်ယောက် ရှိနေခဲ့တယ်ဆိုရင်ရော …” သိမ်းငှက်နက်က မေးသည်။

“လူနည်းနည်းတော့ ရှိတယ်။ ဒါပေမဲ့ အဘိုးရဲ့ တင်းကျပ်မှုနဲ့ဆို သူ့အနေနဲ့ ရှန့်ထိုတွေကို အသုံးပြုဖို့တော့ ခက်ခဲလိမ့်မယ်” ရှားရှင်းယွန်က ပြောသည်။ လောင်လင်းအာတို့အား အဆိပ်ခပ်ခဲ့သူမှာ သေချာပေါက် ရှန့်ထိုဖြစ်သည်။

“ကလန်ထဲမှာ သူ့အတွက် လုပ်ပေးချင်တဲ့သူ တစ်ယောက်ယောက် ရှိနေခဲ့ရင်ရော …” သိမ်းငှက်နက်က ထပ်မေးသည်။ ရီဖူရှင်းက ရှောင်ကလန်ကို သံသယ ဖြစ်နေသည်မှာ သေချာသည်။

“ဦးလေးက ရှောင်ရှမ်းကို အမေ့ဆီသို့ ခေါ်လာတုန်းက သူ ကတိပေးခဲ့တယ်။ ဒါကြောင့်ပဲ အမေက သူတို့ကို ကူညီခဲ့တာပဲ။ ရှောင်ရှမ်းက နင့်အပေါ်မှာ မကျေနပ်ဘူး ဆိုပေမဲ့ ဦးလေးက ရှောင်ကလန်ရဲ့ ဆက်ခံသူဖြစ်ပြီးတော့ အမေ့ရဲ့အစ်ကိုပဲ။ သူ့အနေနဲ့ ဒီလိုလုပ်တာ ဘာအကျိုးရှိမှာလဲ။ သူက သူ့သားအတွက် လက်စားချေတာဆိုရင် အမေက နောက်တစ်ခါ သူ့ကို ခွင့်လွှတ်တော့မှာ မဟုတ်တာ သေချာတယ်။ ပြောရရင် သူက ဒါတွေ လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး”

ရှားရှင်းယွန်က ရှင်းလင်းပြလျင် သူမပြောသည်မှာလည်း သဘာဝကျကြောင်း ရီဖူရှင်းက ဝန်ခံရပေသည်။

ရှောင်ချိန်ဟေးကား အာဏာကို မက်မောသူဖြစ်ရာ သူ့အနေဖြင့် သည်ကဲ့သို့ စွန့်စားစရာ အကြောင်းမရှိပေ။

ရှောင်ချိန်ဟေးကား ဧကရီရှောင်၏ အစ်ကိုဖြစ်ကာ အင်ပါဘာရှား၏ ယောက်ဖလည်း ဖြစ်၏။ သူ၏ အဆင့်အတန်းသည် ပြောရလျှင် အလွန် မြင့်မားပေသည်။

“ဒါက ရှောင်ရှမ်းနဲ့ မဆိုင်ဘူးပေါ့” သိမ်းငှက်နက်က တီးတိုး ရေရွတ်သည်။

“နောက်တစ်ခုက ရှောင်ရှမ်းပဲဖြစ်ဖြစ်၊ တခြားလူပဲဖြစ်ဖြစ် … သူက နင့်အပေါ် တစ်ခုခု လုပ်ချင်တယ်ဆိုရင် ဒီလို့ ဟိုဟိုဒီဒီ လျှောက်ကြံနေမှာ မဟုတ်ဘူး။ ဖီးနစ်နဲ့ လောင်လင်းအာတို့ကို ဒီလောက် အရေးတယူ လုပ်ကြံနေစရာ မလိုဘူး ထင်တယ်” ရှားရှင်းယွန်က ဆက်ပြောသည် … “ဒါပေမဲ့လည်း သေချာအောင် ရှောင်ရှမ်းကို လတ်တလော သေသေချာချာ စောင့်ကြည့် လိုက်မယ်”

“ဟုတ်ကဲ့” သိမ်းငှက်နက်က ခေါင်းညိတ်သည်။ သူက ရှောင်ရှမ်းအား သံသယ ဝင်သော်လည်း သက်သေ တစ်စုံတစ်ရာမရှိဘဲ သူက ဘာမှ မလုပ်နိုင်ပေ။

ရီဖူရှင်းသည် ရှားရှင်းယွန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း ရှောင်ရှမ်းကား ရှားရှမ်းယွန်၏ ဝမ်းကွဲအစ်ကို ဖြစ်ပေသည်။

***

ရှောင်ကလန်၏ ခန်းမထဲတွင် အရေးပါသော မိသားစုဝင်များ အားလုံး ရှိနေကြသည်။ ရှောင်အဘိုးအိုသည်လည်း ရှိနေ၏။

သူတို့ရှေ့တွင် တစ်ဦးတည်း ရပ်နေသောသူကား ရှောင်ရှမ်း ဖြစ်ပေသည်။

နန်းတော်မှ လူအချို့ ရောက်လာကာ ရှောင်ရှမ်း၏ သွားလာခဲ့သော နေရာများနှင့် ပတ်သက်၍ စုံစမ်းသွားခဲ့ကြ၏။

တစ်စုံတစ်ယောက်က ရီဖူရှင်း၏လူများအား အဆိပ်ခတ်ရန် ကြိုးစားခဲ့သည်ကို သူတို့အားလုံး သိကြပေသည်။

“ဒူးထောက် …” ရှောင်အဘိုးအိုက အေးစက်စွာ ပြောသည်။ ရှောင်ရှမ်းကလည်း ဒူးထောက်လိုက်ကာ သူနှင့် ရင်းနှီးသော်လည်း သူစိမ်းများကဲ့သို့ ဖြစ်နေသော ထိုလူများအား ကြည့်သည်။ သူ၏မျက်လုံးများက တည်ငြိမ်နေသော်လည်း လက်ရှိ အခြေအနေမှာ သူ့အတွက် အဓိပ္ပာယ် ကင်းမဲ့လွန်းသည်ဟု ခံစားနေရသည်။

မည်သို့ဆိုစေ သူကား ကလန်၏ ဆက်ခံသူအဖြစ် ပျိုးထောင်ပေးခြင်း ခံခဲ့ရသူ မဟုတ်ပါလား။

“အဘိုး … ကျွန်တော် နားမလည်ဘူး” ရှောင်ရှမ်းက ပြောသည်။

“တကယ်ပဲ မင်း ဘာမှ မလုပ်ခဲ့ဘူးလား” ရှောင်အဘိုးအိုက မေးသည်။

“ကျွန်တော် နားမလည်ဘူး” ရှောင်ရှမ်းက မမြင်ရသော ဖိအားတစ်ခုကို ခံစားရသည်။

“တစ်စုံတစ်ယောက်က မြေရိုင်းပြည်နယ်က လူတွေကို အဆိပ်ခတ်ခဲ့တယ်။ မင်းက ဒါနဲ့ မပတ်သက်ဘူးလား” ရှောင်အဘိုးအိုက ရှောင်ရှမ်းအား အေးစက်စွာ ကြည့်ကာ ပြောသည်။

“မြေရိုင်းပြည်နယ်က လူတွေ လုပ်ကြံခံရတာနဲ့ ကျွန်တော်က အပြစ် ရှိသွားရောလား …” ရှောင်ရှမ်းက ငေါ့တော့တော့ ပြောသည် … “ရှင်းယွန်က ဒီအတွက် ကျွန်တော့်ကို သံသယဝင်မယ်လို့ မထင်ထားဘူး။ မိန်းကလေးတွေက ယောက်ျားတစ်ယောက် အတွက်နဲ့ သူ့ဦးလေးမျက်နှာကိုမှ မထောက်တော့ဘူးပေါ့”

“ခွေးကောင် …” ရှောင်အဘိုးအိုက အေးစက်စွာ ပြောသည် … “ဒါကို အပြင်မှာ ပြောရင် မင်းကို ကလန်စည်းကမ်းအရ အပြစ်ပေးရလိမ့်မယ်”

ရှောင်ရှမ်းက ဟက်ခနဲ တစ်ချက် ရယ်လိုက်ကာ ဆက်ပြောသည် … “အဘိုး … ဒီရက်တွေမှာ ကျွန်တော် လုပ်နေတာတွေကို လိုက်ကြည့်ပါ။ သံသယ ဖြစ်စရာတစ်ခုခု တွေ့သလား။ တကယ်လို့ ကျွန်တော် လုပ်တယ် ထင်ရင်လည်း ရီဖူရှင်းဆီကို ဒီအတိုင်း ပို့လိုက်လည်း ရတယ်”

ရှောင်အဘိုးအိုက ရှောင်ရှမ်းအား အေးစက်စွာ ပြောသည် … “မင်း မကျေနပ်တာတွေ ငါသိတယ်။ ဒါပေမဲ့ ဒါက မင်းလုပ်တဲ့ အကျိုးဆက်တွေပဲ မလား။ ဒီနေ့ကစပြီး မင်းက အိမ်တော် အပြင်ဘက်ကို ထွက်ခွင့်မရှိဘူး။ ငါ့အမိန့်မရဘဲ အပြင်ကလူတွေနဲ့ အဆက်မသွယ် မလုပ်ရဘူး”

“ကောင်းပါပြီ” ရှောင်ချိန်ဟေးက ခေါင်းညိတ်သည်။ သူက သူ၏သားကို စိုက်ကြည့်ကာ မကောင်းသော ခံစားချက်များ ရနေသည်။

“တခြား ပြောစရာ မရှိတော့ရင် ကျွန်တော် သွားလိုက်ပါဦးမယ်” ရှောင်ရှမ်းက ထရပ်ကာ ထွက်သွားသည်။

သူ ထွက်သွားသည်ကို ကြည့်ကာ သူ့ကလန်မှ လူများအားလုံးက အေးစက်စွာ ကြည့်ကြသည်။

ရှောင်ရှမ်းက ထိုနေရာသို့ ထွက်လာပြီးနောက် ကောင်းကင်ကို ကြည့်ကာ မဲ့ပြုံးပြုံးသည်။ သူ့အား စုံစမ်းမည်လား။ မဖြစ်နိုင်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset