အပိုင်း (၁၁၃၁)

ကြံစည်မှု

တော်ဝင်ကျဲနန်းတော် အပေါ်တွင် ရှန့်ထိုအချို့ ပြင်းထန်စွာ တိုက်ခိုက် နေကြပေသည်။ သိမ်းငှက်နက်ကလည်း ထောင်ကျန်းရှိနေရာသို့ ကျဆင်းလာခဲ့သည်။ ရှန့်ထိုမဖြစ်သည့်တိုင် သူသည် ရှန့်ထိုဖြစ်ရန် ခြေတစ်လှမ်း အလိုတွင်သာ ရှိရာ သူက အနည်းနှင့်အများ ကူညီပေးနိုင်ပေသည်။

တိုက်ခိုက်မှုများက ထိရောက်ခြင်း မရှိသလို ရှားရှင်းယွန် ရောက်လာခြင်းတို့ကြောင့် ရှီဟွာတောင်ရှန့်ထိုသည် တစ်စံတစ်ခုအား သိနားလည် လိုက်ပေသည်။

ရှားရှင်းယွန်က သူ့အား အခွင့်အရေးပေးမည် မဟုတ်ပေ။

ထိုအခိုက်တွင် သူသည် အချို့သော အကြောင်းအရာများအား မကျေမနပ် ဖြစ်လာသည်။ ရှားရှင်းယွန်ကား အင်ပါယာရှား၏ သမီးဖြစ်ကာ သူမက ဘက်ရွေးခဲ့သည် ဆိုပါက သူ့အနေဖြင့် ရီဖူရှင်းကို ကြံစည်ရန် မဖြစ်နိုင်တော့ပေ။

တော်ဝင်စစ်ပွဲ၏ ချိန်ခွင်ချာကား နဂိုတည်းက တစ်ဖက်စောင်းနင်း ဖြစ်နေပြီးဖြစ်သည်။ သည်မတိုင်ခင် တော်ဝင်စစ်ပွဲ၌ ရှုံးနိမ့်ခြင်းက သူတို့အနေဖြင့် နောက်ထပ် အခွင့်အရေးရရန် မဖြစ်နိုင်တော့ပေ။

မူလက သူသည် ပုန်းအောင်းနေရန်သာ ဆန္ဒရှိခဲ့ပေသည်။ သို့သော်လည်း တစ်ဖက်လူက သူ့အား အတင်း ဖိအားပေးလာသောအခါ သည်တိုင်း ထိုင်နေ၍ မရတော့။

“မင်းသမီး ရောက်လာမှတော့ ရာရာနဲ့ မှန်နန်းတော်သခင်မတို့ သိပ်မကြာခင် ရောက်လာလိမ့်မယ်” ရှီဟွာတောင်ရှန့်ထိုက တီးတိုးပြောကာ သူ့လူများအား ပြောသည် … “ဆုတ်မယ်”

သူက မြန်ဆန်စွာပင် ပျံသန်း ထွက်ပြေးတော့၏။ တခြားလူများကလည်း စစ်မြေပြင်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးကြသည်။ ရှန့်ထိုကျင့်နှင့် တော်ဝင်ကျဲနန်းတော်မှ လူများသည် သူတို့၏ အင်အားများကလည်း အလွန် အားကောင်းခြင်းမရှိရာ ရန်သူများအား နောက်မှ လိုက်ပါ တိုက်ခိုက်ခြင်း မပြုကြတော့။

“သွားရအောင် …” ရှီဟွာတောင် ရှန့်ထိုတို့က ထွက်သွားကြသည်။

ထိုလူများ ထွက်ခွာသွားသည်ကို ကြည့်နေသော သိမ်းငှက်နက်၏ မျက်လုံးများက အေးစက်နေသည်။

သူတို့က သည်အတိုင်း ထွက်ခွာ သွားကြတော့မည်လား။

ရှားရှင်းယွန်ကြောင့် များလား။

ကြည့်ရသည်မှာ ရှီဟွာတောင်ရှန့်ထိုသည် သူ၏လက်စားချေမှုတွင် အမှန်တကယ် ဆုံးဖြတ်ချက် ခိုင်မာခြင်း မရှိဘဲ အကြောက်တရားက ပိုများနေဟန် ရသည်။

အမှန်တကယ်အားဖြင့် ရှီဟွာတောင်ရှန့်ထိုသည် လက်စားချေရန် ဆန္ဒမရှိခဲ့ပေ။ သို့သော်လည်း သူ့အား အတင်း တွန်းအားပေးနေသူ ရှိ၏။ တစ်ဖက်လူက မည်သည့် ရည်ရွယ်ချက် ရှိသည်ကို သူနားမလည်သော်လည်း သူက မတတ်သာဘဲ ကတိပေးခဲ့ရသည်။ ရှားရှင်းယွန်က စစ်မြေပြင်သို့ ကိုယ်တိုင် ရောက်လာသောအခါ သူ့အနေဖြင့် အခြေအနေ မဟန်ကြောင်း ရိပ်မိကာ နောက်ဆုတ်ခြင်း ဖြစ်သည်။

သိမ်းငှက်နက်၏ အေးစက်သော မျက်လုံးများက စစ်မြေပြင်သို့ ကြည့်သည်။ လူအတော် များများမှာ ဒဏ်ရာများ ရရှိခဲ့ကြ၏။ သို့သော်လည်း ဒဏ်ရာများမှာ သိပ်ဆိုးဝါးခြင်း မရှိရာ သိပ်မကြာခင် ပြန်သက်သာ သွားကြပေမည်။

သိမ်းငှက်နက်သည် အတောင်ပံများကို ဖြန့်ကာ ရှားရှင်းယွန်၏ ဘေးနားသို့ ရောက်လာပြီး ပြောသည် … “မင်းသမီး … ကျုပ်ကို တစ်ခု ကူညီပေးနိုင်မလား”

“ရှင်က ရှီဟွာတောင် ရှန့်ထိုတို့ရဲ့ နေရာကို သိချင်တာမလား” ရှားရှင်းယွန်က စိတ်ဖြင့် ပြောသည်။

သိမ်းငှက်နက်က ခေါင်းညိတ်သည်။

“အဖေက ဒီကိစ္စကို ကြည့်ရှုဖို့ လူလွှတ်လိုက်တယ်။ အခု နင်က ငါ့ကို ဒီလို မေးနေတာဟာ တော်ဝင်စစ်ပွဲရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ ကျတယ်” ရှားရှင်းယွန်က ထပ်ပြောသည် … “ပြီးတော့ ရှီဟွာတောင် ရှန့်ထိုတို့က အဖေ့လက်အောက်က လူတွေ ဖြစ်နေတုန်းပဲ”

ပုံမှန်အားဖြင့် ရီဖူရှင်းက ရှားရှင်းယွန်၏ စကားကို သိပ်အလေးမထားပေ။

ရှီဟွာတောင်ရှန့််ထိုကား လက်ရှိတွင် အင်ပါယာရှားကို ကျေနပ်မည် မဟုတ်ပေ။ သူ့အနေဖြင့် အခွင့်အရေးရပါက အင်ပါယာရှားဘုံမှ ထွက်သွားမည်မှာ သေချာပေသည်။

ရှားရှင်းယွန်ကိုမူကား သူက စည်းမျဉ်းများကို ပြောနေသော မိန်းမတစ်ယောက် အဖြစ်သာ မြင်သည်။

“ကျုပ်က သတင်းတွေကိုပဲ လိုချင်တာပါ။ အရှင်မင်းကြီးနဲ့ မင်းသမီးတို့က ဘာမှ လုပ်စရာမလိုလို့ အရှင်းမင်းကြီးရဲ့ စည်းမျဉ်းတွေကိုလည်း ချိုးဖျက်ရာကျမှာ မဟုတ်ပါဘူး” သိမ်းငှက်နက်က စိတ်ဖြင့် ပြောသည်။

“နင် ပြန်လာတော့မှ ဒီကိစ္စကို ပြောကြတာပေါ့” ရှားရှင်းယွန်က သိမ်းငှက်နက်ကို ကြည့်ကာ ပြောသည်။

သိမ်းငှက်က ရှားရှင်းယွန်အား ဒေါသတကြီးကြည့်ကာ ထိုနေရာတွင်ပင် တစ်စုံတစ်ခုလုပ်လိုဆန္ဒ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

“သခင် … မလုပ်နဲ့ …” သိမ်းငှက်နက်က ရီဖူရှင်း၏စိတ်ဆန္ဒအား ခံစားမိကာ ကြီးစွာ ထိတ်လန့်သွားသည်။ တော်ဝင်ဖီးနစ်ငှက်ကား ရှားရှင်းယွန်ဘေးတွင် ရှိနေပေသည်။

အကယ်၍ ရီဖူရှင်းသာ တစ်ခုခုလုပ်ခဲ့ပါက အကျိုးဆက်ကို ခံစားရမည့်သူမှာ သိမ်းငှက်နက်သာလျှင် ဖြစ်ပေသည်။ တော်ဝင်ဖီးနစ်ငှက်အား ပြန်လက်တုံ့ပြန်ရန် ကိစ္စမှာကား နောက်ပိုင်းမှ အခွင့်အရေးကို စောင့်ရပေမည်။

“လစန္ဒာရှန့်ထိုကို သတိထားနေဖို့ လှမ်းအသိပေးပါ မင်းသမီး။ ကျွန်တော်က ဒီကိစ္စတွေကို မင်းသမီးကိုပဲ အားကိုးတော့မယ်” သိမ်းငှက်နက်က ပြောသည်။ သူက တာလီပြည်ထောင်နှင့် အဝေးသော ရောက်နေခိုက်တွင် ကိစ္စရပ် အတော်များများအား မင်းသမီးအပေါ် အားကိုးရန် ဖြစ်လာပေသည်။ သူတို့က ရှီဟွာတောင်ရှန့်ထို၏ လှုပ်ရှားမှုများကို သတိထားရန် လိုပေသည်။

သူ့အနေဖြင့်ကား ချက်ချင်း ပြန်လာရန် မလွယ်ကူပေ။ မဟုတ်လျှင် သူ၏ကြိုးစား အားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

“ကောင်းပြီ …” ရှားရှင်းယွန်က ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ သည်အကောင်က ယဉ်ကျေးမှုနည်းနည်း ရှိလာဟန်ရသည်။

တာလီနန်းမြို့တော်တွင် လေ့ကျင့်နေသော ရီဖူရှင်းသည် မျက်လုံးများအား ဖွင့်လိုက်လျှင် သူ့မျက်လုံးများမှ အေးစက်သော အလင်းတစ်ချက် ထွက်ပေါ်လာသည်။

ရှီဟွာတောင်ရှန့်ထိုက ရုတ်တရက် ထွက်ပေါ်လာမည်ဟု သူမထင်ထားပေ။ တော်ဝင်ကျဲနန်းတော်သည် လက်ရှိအချိန်အခါတွင် အလွန်တရာ အားကောင်းနေခြင်းက ကံကောင်းသည့်အချက် ဖြစ်သည်။ ရှီဟွာတောင်ရှန့်ထိုက အထက်ဘုံမှ ရှန့်ထို ဒုတိယအဆင့်ကို ငှားရမ်းနိုင်ခဲ့လျှင်ပင် သူတို့က‌ တော်ဝင်ကျဲနန်းတော်ကို လှုပ်ယမ်းအောင် လုပ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့က သတိထားခြင်းက ပိုကောင်းပေသည်။ ထို့ကြောင့် သူက ယွီကလန်မှ ရှန့်ထိုများအား တော်ဝင်ကျဲနန်းတော်၌ လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဤနည်းဖြင့် ရှီဟွာတောင်ရှန့်ထိုက နောက်တစ်ဖန် ကြိုးစားလျှင်ပင် ပြဿနာ မရှိနိုင်တော့ပေ။

ရာရာ၊ မှန်နန်းတော်သခင်မနှင့် တခြားလူများသည်လည်း အောက်ဘုံသို့ ပြန်လာခဲ့ကြရာ ရှီဟွာတောင်ရှန့်ထိုတို့က တစ်ဖန် နောက်ဆုတ်သွားခဲ့ကြပြီ ဖြစ်သည်။

ထိုကိစ္စဖြစ်ပွားပြီးနောက် လစန္ဒာရှန့်ထိုသည် တော်ဝင်ကျဲနန်းတော်သို့ အမှန်တကယ်  လာရောက် လေ့ကျင့်ခဲ့ပြီး ရာရာ၊ မှန်နန်းတော်သခင်မနှင့် တခြားလူများက အထက်ဘုံသို့ ပြန်သွားခဲ့ကြသည်။

ယေဘုယျခြုံကြည့်လျှင် ထိုကိစ္စမှာ ရှီဟွာတောင်ရှန့်ထိုက လက်စားချေရန် ကြိုးစားခြင်းသာဖြစ်ပြီး မည်သူမှ နောက်ကွယ်မှ အကြောင်းအရင်းကို မစဉ်းစားခဲ့ကြပေ။

မည်သို့ဆိုစေ ရှီဟွာတောင်ရှန့်ထိုသည် တော်ဝင်ကျဲ နန်းတော်အပေါ်တွင် ကြီးမားသော ရန်ငြိုးများ ရှိနေသည် မဟုတ်ပါလား။

လူအများက မြန်ဆန်စွာပင် တိုက်ပွဲနှင့်ပတ်သက်၍ မေ့လျော့ သွားခဲ့ကြသည်။ အထက်ဘုံတွင်ကား ထိုကိစ္စမှာ စကားထဲ ထည့်ပြောရန်ပင် အရေးမပါပေ။

ရှောင်ရှမ်းသည် သူ၏နေရာမှ တစ်ခါတစ်ရံမှ ထွက်ကာ တိတ်ဆိတ်စွာပင် လေ့ကျင့်နေခဲ့သည်။ အမှန်တကယ်အားဖြင့် သူ့ကလန်မှ လူများသည် သူနှင့်ပတ်သက်၍လည်း သိပ်အလေးမထားခဲ့ကြပေ။

နောက်ဆုံးတစ်ကြိမ် မတော်တဆမှုမှ သူသည် သူ၏ကံကြမ္မာနှင့် ပတ်သက်၍ ပိုမို လက်ခံနိုင်လာခဲ့ဟန်ရပြီး ပိုမို၍ သီးသန့်ဆန်လာခဲ့သည်။

တစ်နေ့တွင် ရှောင်ရှမ်းက တိမ်တိုက်တောင်ကြားမှ ကုန်းစွန်းနီကား စားသောက်ဆိုင် တစ်ခု၌ တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။

ကုန်းစွန်းနီသည်လည်း ဖိတ်ခေါ်မှုကို လက်ခံကာ နာမည်ကျော် စားသောက်ဆိုင်တစ်ခုသို့ ရောက်လာခဲ့သည်။ မည်သို့ဆိုစေ သူတို့နှစ်ယောက်သည် လက်ထပ်လုနီးပါး ဖြစ်ခဲ့၏။ ယခု ရှောင်ရှမ်းက ဖိတ်ခေါ်သောအခါတွင်လည်း သူမက မျက်နှာသာ ပေးသည့်အနေဖြင့် ရောက်လာခဲ့၏။

“ရှင်က ရှန့်ထိုအဆင့်သို့ တက်ဖို့ ကြိုးစားနေတယ်လို့ ကျွန်မကြားတယ်။ ရှင့်လေ့ကျင့်မှု အခြေအနေ ဘယ်လိုရှိလဲ” ကုန်းစွန်းနီက မေးသည်။ သူမ၏ညီမ ကုန်းစွန်းရွှမ်သည်လည်း သူမ၏ဘေးနားတွင်ရှိကာ ရှန့်ထိုတစ်ပါးသည်လည်း သိပ်မဝေးသော နေရာ၌ ရှိပေသည်။

“သိပ်မဆိုးပါဘူး။ ဒါပေမဲ့ ကျုပ်က စိတ်နှလုံးမတည်မငြိမ် ဖြစ်နေတဲ့ အချိန်ဆိုတော့ ရှန့်ထိုအဆင့်သို့ တက်ဖို့ ခက်ခဲနေတုန်းပဲ” ရှောင်ရှမ်းက ဆက်ပြောသည် … “မိန်းကလေးကုန်းစွန်းကရော ဘယ်လိုလဲ။ ကျုပ်တို့ အချင်းချင်း မတွေ့ဖြစ်ကြတာ ကြာပြီ။ ခုတလော ဘယ်လိုနေလဲ”

“ပုံမှန်နေ့ရက်တွေ အတိုင်းပါပဲ” ကုန်းစွန်းနီက ဆက်ပြောသည် … “သခင်လေးရှောင်က ပါရမီကောင်းတာပဲ။ ရှင်က လက်ရှိ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ရှန့်ထိုဖြစ်လာမယ်လို့ ကျွန်မယုံတယ်”

“ကျုပ်ကလည်း မျှော်လင့်ရတာပဲ” ရှောင်ရှမ်းက ပြုံးလျက်ပြောသည်။

သူတို့နှင့်သိပ်မဝေးသော နေရာတွင် လူတစ်ဦးသည် တစ်ဦးတည်း သီးသန့် သောက်စားနေခဲ့သည်။

“ရှောင်ရှမ်း …” ရှောင်ရှမ်းက ခေါင်းမော့ကာ သေရည်သောက်လိုက်သော အချိန်တွင်ပင် နားထဲသို့ အသံတစ်သံ ဝင်လာသည်။

ထိုအသံကို ကြားသော်လည်း ရှောင်ရှမ်းကား တည်ငြိမ်စွာဖြင့် ကုန်းစွန်းနီနှင့်စကားအပြန်အလှန်ပြောနေသည်။

“ခင်ဗျား ခန့်မှန်းတာ မှန်တယ်။ သူ ပေါ်မလာခဲ့ဘူး။ သူသာ နန်းတော်ထဲမှာ လေ့ကျင့်နေတာဆိုရင် သူက ရှားရှင်းယွန်နဲ့အတူ အောက်ဘုံသို့ လိုက်သွားမှာပဲ။ ဒါပေမဲ့ သူက ပေါ်မလာခဲ့ဘူး” တစ်ဖက်လူက စိတ်ဖြင့် ဆက်လက်၍ ပြောပြသည်။

“ခင်ဗျား သိထားတဲ့ သတင်းတွေ ရှိသေးလား။ ဥပမာ သူ ဘယ်ကို သွားခဲ့လဲဆိုတာ …” ရှောင်ရှမ်းက စိတ်ဖြင့် မေးသည်။ သည်နေ့ကား သူတို့ချိန်းဆိုထားသော နေ့ရက်ဖြစ်၏။ သူတို့က တစ်ကြိမ် တွေ့ဆုံပြီးတိုင်း နောက်တစ်ကြိမ် တွေ့ဆုံမည့် အချိန်နှင့်နေ့ရက်၊ နေရာတို့ကို ရွေးချယ် သတ်မှတ်ထားပေသည်။

မှန်သည် … ရှောင်ရှမ်းက အကြိမ်တိုင်းတွင် သူကိုယ်တိုင် ရောက်လာခြင်း ဖြစ်သော်လည်း တစ်ဖက်မှ ရောက်လာသူမှာ မည်သည့်အခါကမှ တူညီခြင်း မရှိပေ။

“သူသာ နန်းတော်ကနေ ထွက်သွားတာဆိုရင် နန်းတော်ထဲက တည်နေရာခုန်ကျော်ခြင်း အစီအရင်နဲ့ပဲ ဖြစ်လိမ့်မယ်။ နန်းတော်ရဲ့ အစီအရင်ကနေ ဆက်သွယ်ထားတဲ့ နေရာတွေကို ခင်ဗျား သိသင့်တယ်။ အဲဒါက တခြားနေရာ အတော်များများကို ဆက်သွယ်ထားတယ်” တစ်ဖက်လူက ဆက်ပြောသည် … “ရှောင်ရှမ်း … သူဘယ်ကို သွားတယ်လို့ ခင်ဗျား ထင်လဲ”

“ဒီတစ်ခါ ပြည်နယ်ကိုးခုမှာ သေတဲ့သူ မရှိဘူးလား” ရှောင်ရှမ်းက မေးသည်။

“ဘယ်သူမှ မသေဘူး” တစ်ဖက်လူက ပြောသည်။

“မြေရိုင်းပြည်နယ်က ရှန့််ထိုတွေ အကုန်လုံး ရှိနေလား” ရှောင်ရှမ်းက မေးသည်။

“အဲလို ပြောလို့ရတယ်” တစ်ဖက်လူက ဖြေသည်။

“ဒါဆို နောက်တစ်ခါ စမ်းကြည့်ပါ” ရှောင်ရှမ်းက ပြောသည် … “အနည်းဆုံး မြေရိုင်းပြည်နယ်က တစ်ယောက်ယောက်ကို ကြီးကြီးမားမား ထိခိုက်ဖို့လိုတယ်။ ဒါတောင်မှ ရီဖူရှင်း ပေါ်မလာခဲ့ရင် သူဟာ အင်ပါယာရှားဘုံမှာ မရှိဘူးလို့ ပြောနိုင်တယ်။ ဒီလိုဖြစ်လာရင် သူဟာ အင်ပါယာလီဘုံမှာ ဖြစ်ဖို့များတယ်”

“ဘယ်လို …” တစ်ဖက်လူက မေးသည်။

“သူက မင်းသမီးမပါဘဲ တစ်ယောက်တည်း ထွက်သွားတယ်။ သူနဲ့အတူ ရှန့်ထိုတွေလည်း မပါသွားလို့ အရမ်းကို လျှို့ဝှက်တဲ့ပုံစံနဲ့ ထွက်သွားခဲ့တာပဲ။ ဒီလိုဆိုရင် သူက အင်ပါယာလီဘုံမှာ ဖြစ်ဖို့များတယ်။ မဟုတ်ရင် သူက ပြည်နယ်ကိုးခုက ရှန့်ထိုတွေကို ခေါ်သွားလိမ့်မယ်”

“သူက အင်ပါယာလီဘုံကို သွားရဲတာလား” တစ်ဖက်လူက သိပ်မယုံပေ။

“ခင်ဗျားက သူနဲ့ပတ်သက်ပြီး လေ့လာကြည့်ရင် သူက ဒီထက် ရဲတင်းသေးတယ်ဆိုတာ သိလိမ့်မယ်။ ပြီးတော့ မင်းသမီးက သူ့စီးတော်သားရဲကို နန်းတော်ထဲမှာ ခေါ်ထားတာက သူ့တည်နေရာကို အချိန်မရွေး သိချင်လို့ပဲ။ ဒါဆိုရင် တော်တော်ကို နီးနီးစပ်စပ် စဉ်းစားလို့ရပြီ” ရှောင်ရှမ်းက ပြောသည် … “အနည်းဆုံး ကျုပ်က သူဟာ အင်ပါယာလီဘုံမှာ ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာကိုတော့ မသိသေးဘူး။ မင်းသမီးက သူ့အပေါ် စိုးရိမ်စေပြီး တစ်ချိန်လုံး သူ့သတင်းတွေကို နားစွင့်နေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ”

တစ်ဖက်လူကား အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ပြောသည် … “ကျုပ်က ခင်ဗျား ပြောခဲ့သမျှကို မှတ်သားထားတယ်”

တစ်ဖက်လူက သေရည်ခွက်ကို ချကာ စားသောက်ဆိုင်မှ ထွက်ခွာ သွားခဲ့သည်။

ရှောင်ရှမ်းက ကုန်းစွန်းနီနှင့်အတူ ဆက်လက်၍ စကားစမြည် ပြောနေခဲ့သည်။ သူ့ထံမှ မည်သည့်ဒေါသနှင့် ဝမ်းနည်းမှု အငွေ့အသက်ကိုမှ မတွေ့ရပေ။ ထိုအဖြစ်က ကုန်းစွန်းနီအား အံ့အားသင့်စေကာ သူမသည် အပြစ်ရှိသလို ခံစားရ၏။

အတန်ကြာလျှင် ရှောင်ရှမ်းသည် စားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။ ကုန်းစွမ်းနီသည်လည်း သူမ၏ကလန်သို့ ပြန်သွားခဲ့သည်။

***

ရှီဟွာတောင်ရှန့်ထိုက တော်ဝင်ကျဲ နန်းတော်အား တိုက်ခိုက်ခဲ့သည်မှာ တစ်လရှိပြီဖြစ်သည်။ လောင်လင်းအာနှင့် ဖီးနစ်တို့သည် အင်ပါယာရှားနယ်မြေ၊ အထက်ဘုံ၏ စားသောက်ဆိုင်တစ်ခု၌ အလွန်ပြင်းထန်သော အဆိပ်သင့်ခဲ့ကြကာ သူတို့၏ကလီစာများ ပျက်စီးကာ သေလုနီးပါး ဖြစ်ခဲ့ကြသည်။

ဖီးနစ်ကား ဆေးကုသခြင်း၌ အလွန်တရာ ထူးချွန်သူဖြစ်သော်လည်း သူမကိုယ်တိုင်က အဆိပ်သင့်ခဲ့သည်။ ထိုအဆိပ်က မည်မျှ ပြင်းထန်သည်ကို ခန့်မှန်းနိုင်၏။ အဆိပ်ကား ရှန့်ထိုအဆင့်ကိုပင် သေစေနိုင်ပေသည်။

ရှီဟွာတောင် ရှန့်ထို၏ရုတ်တရက် တိုက်ခိုက်မှုကြောင့် ကျေးရွာ ခေါင်းဆောင်သည် လောင်လင်းအာတို့နှင့် ရှိနေခဲ့ပေသည်။ ကျေးရွာခေါင်းဆောင်က အဆိပ်၏ အခြေအနေကို မြင်သောအခါ ကော့တေးသို့ ပြန်မည့်အစား အင်ပါယာ ရှားနန်းတော်သို့ တိုက်ရိုက် သွားရောက် အကူအညီတောင်းခဲ့၏။

ထိုသတင်းများက အင်ပါယာရှားဘုံတွင် သိပ်အရေးပါဟန် မတူသော်လည်း ရီဖူရှင်းအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်မှာ သေချာ၏။

နောက်ပိုင်း၌ ဘာတွေ ဖြစ်ပျက် လာသနည်း။

သည်တစ်ကြိမ်လည်း ရှီဟွာတောင်ရှန့်ထိုလား။

သို့သော်လည်း ရှားရှင်းယွန်၏ စကားများအရ လင်းအာတို့ အဆိပ်သင့်သော အချိန်၌ ရှီဟွာတောင်ရှန့်ထို၏ အရိပ်အယောင်များကို မတွေ့ခဲ့ရပေ။

လက်ရှိတွင် အင်ပါယာရှား နန်းတော်အတွက် အရေးအကြီးဆုံး ကိစ္စမှာ ဖီးနစ်နှင့် လင်းအာတို့အား ကယ်တင်ရန် ဖြစ်လာသည်။ ရှားရှင်းယွန်က သူတို့အား ကုသရန် အင်ပါယာရှား ကိုယ်တိုင်အား အကူအညီ တောင်းခဲ့၏။

တစ်ဖက်တွင် ကျေးရွာခေါင်းဆောင်က သူတို့သေခါနီး အခြေအနေ၌ပင် အင်ပါယာရှား နန်းတော်သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့ကာ အသက်ကယ်ရန် ပိုမိုအခွင့်အလမ်း များလာခဲ့သည်။

တစ်စုံတစ်ယောက်က ပြည်နယ်ကိုးခုအား နောက်ကွယ်မှ ကြံစည်နေသည်ဟု ရှားရှင်းယွန်က ခံစားရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset