Switch Mode

အခန်း ( ၉၀ )

ပြင်းထန်သော သွေးချီ

” ဘုရားရေ … ငါ အမြင်မှားနေတာ မဟုတ်ပါဘူးနော် ”

” ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ရတာလဲဟ။ ရှေးဟောင်းသိုင်းအဆင့်က တကယ်ပဲ အာနာပါနအဆင့်ရဲ့ ဖိနှိပ်အားကို ခုခံနိုင်စွမ်း ရှိနေတာပါလား ”

” အဲဒီ သွေးချီတွေက…. ဝမ်ပေါင်လဲ့ရဲ့ သွေးချီတွေက အံ့မခန်းပါပဲလား။ သူက ကျောက်ယမုန့်နဲ့ တိုက်ခိုက်ခဲ့တဲ့ပွဲတုန်းက အစွမ်းအကုန်လုံးကို ထုတ်မသုံးခဲ့ဘူးပဲ ”

ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည့် ဆရာများအားလုံး အံ့ဩတုန်လှုပ်နေကြပြီး ကျောင်းသားများမှာ ပို၍ပင် ဆိုးနေကြတော့သည်။ သူတို့အားလုံး ပါးစပ်အဟောင်းသား ရပ်ကြည့်‌နေကြပြီး သူတို့မြင်နေရသည့် မြင်ကွင်းကြီးကြောင့် ကယောင်ချောက်ချား ဖြစ်နေကြတော့သည်။

ရှေးဟောင်းသိုင်းအဆင့်နှင့် အာနာပါနအဆင့်ကြားရှိ ခြားနားချက်မှာ ကလေးငယ်လေးတစ်ယောက်အား သန်သန်စွမ်းစွမ်းရှိသော လူကြီးတစ်ယောက်နှင့် ယှဉ်လိုက်သကဲ့သို့ပင်။ မည်သည့်နည်းလမ်းနှင့်မျှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့သော် သူတို့၏ မျက်လုံးရှေ့တွင် ဝမ်ပေါင်လဲ့၏ ခါးမှာ ပြန်လည်တည့်မတ်လာပြီး ခေါင်းမှာလည်း ပြန်မော့လာသည် မဟုတ်ပါလော။ ထို့အပြင် သူ၏အကြည့်များမှာလည်း စူးရှနေသည်ဖြစ်ရာ ကောင်းချွမ်၏ အာနာပါနအဆင့် ဖိအားမှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ပါမောက္ခကြီးပင်လျှင် ထိုအဖြစ်အပျက်များကြောင့် အံ့အားသင့်သွားရပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ကာ သူ၏ အံ့ဩတုန်လှုပ်မှုများကို မဖုံးကွယ်နိုင်ဘဲ ဖြစ်သွားရတော့သည်။

” သွေးချီတွေကို ထိပ်သီးအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် အာနာပါနအဆင့် ဝါရင့်တစ်ယောက်ရဲ့ ဖိနှိပ်အားကို ခဏလောက် ခုခံတွန်းလှန်နိုင်တယ်လို့ ရှေးလူကြီးတွေ ပြောခဲ့တဲ့စကား ရှိတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ပညာရပ်တွေနဲ့တောင် အဲဒီလိုလုပ်နိုင်တဲ့ သွေးမျိုးဆက်ကို ရှာတွေ့ဖိုဆိုတာ တော်တော်ကိုခက်ခဲတာ… ”

” မဟုတ်မှလွဲရော…. ဝမ်ပေါင်လဲ့ရဲ့ ‌သွေးမျိုးဆက်ကများ ထူးခြားနေတာလား ”

ပါမောက္ခကြီးမှာ ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့နှင့် ကောင်းချွမ်တို့၏ ကြားမှ တိုက်ပွဲကို တားဆီးရန် ကြိုးပမ်းမနေတော့ပေ။ သူသည် ဝမ်ပေါင်လဲ့ မည်မျှအထိ တောင့်ခံနိုင်မည်နည်းဟု သိချင်နေ၏။

ဝမ်ပေါင်လဲ့တွင် ရှားပါးရတနာများ ရှိနေသလောဟု သံသယဝင်နေကြမည့် စိတ်များနှင့် သူ၏ သွေးမျိုးဆက်ကို လောဘတက်နေကြမည့် စိတ်များမှာ လုပ်ပိုင်ခွင့် အာဏာရှိသော လူများ၏ အတွေးများထဲ၌ ပေါ်လာနိုင်သည်မှာ မထူးဆန်းပေ။ သူတို့မှာ အဓိက တာအိုကျောင်းကြီးလေးကျောင်းမှ ဖြစ်နေလျှင်တောင် ထိုစိတ်များကို ဖျောက်ဖျက်နိုင်ကြမည် မဟုတ်ပေ။ သို့သော် ခြုံငုံ၍ ဆိုရလျှင် ပြည်ထောင်စုထဲရှိ အဓိက တာအိုကျောင်းကြီး လေးကျောင်းမှာ ပါရမီရှိသူများကို ပြုစုပျိုးထောင်ပေးသည့် နေရာများ ဖြစ်ကြသည် မဟုတ်ပါလော။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ကျောင်းသားများ၏ တာအိုကျောင်းအပေါ်ထားရှိသော သစ္စာစောင့်သိစိတ်များကို မြှင့်တင်ပေးရန်သာ ဖြစ်ပြီး မြင်မြင်သမျှ အကျိုးကျေးဇူးများကို လောဘတက်နေရန် မဟုတ်ပေ။

အကယ်၍ တာအိုကျောင်းကြီးလေးကျောင်းမှာ အကျိုးကျေးဇူးများကိုသာ လိုချင်ခဲ့ပါက လက်ရှိအဆင့်အတန်းအထိပင် ရောက်လာခဲ့မည် မဟုတ်ပေ။ ထို့အပြင် ပြည်ထောင်စုထဲရှိ လူအများက ငမ်းငမ်းတက် တက်ရောက်ချင်ကြပါသော်လည်း စိတ်ကူးသာ ယဉ်နိုင်ကြသည့် အထက်တန်းစား ကျောင်းတော်ကြီးများလည်း ဖြစ်လာကြမည် မဟုတ်ပေ။ ထို့ကြောင့် ပါမောက္ခကြီးမှာ အဆင့်နိမ့်ကျွန်း၏ ပါမောက္ခတစ်ယောက်သာ ဖြစ်ပါသော်လည်း ကောင်းကင်တာအိုကျောင်း တစ်ကျောင်းလုံးရှိ ထိပ်သီးအဆင့် အုပ်ချုပ်ရေးပိုင်းမှ အကြီးအကဲများကဲ့သို့ပင် ထိုအချက်ကို ကောင်းကောင်းကြီး နားလည်ထားသည်။

ရှေးဦးဝိညာဉ်ခေတ် အစကတည်းက လူပေါင်းများစွာက ဘဝကြီးကို ပြောင်းလဲပေးနိုင်ခဲ့သည့် အခွင့်အရေးများနှင့် ကြုံတွေ့ခဲ့ရသည်ဖြစ်ပြီး သူကိုယ်တိုင်ပင် ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို ကြုံခဲ့ဖူးသည် မဟုတ်ပါလော။

ထို့ကြောင့် မည်သူက လျှို့ဝှက်ချက် တစ်ခုတစ်လေပင် မရှိဘဲ ဖြစ်နေပါမည်နည်း။ သူသည် တာအိုကျောင်းအပေါ် သစ္စာစောင့်သိနေရုံမျှဖြင့် လုံလောက်မှု ရှိပေသည်။

ပါမောက္ခကြီးမှာ မျှော်လင့်ချက်အပြည့်ဖြင့် ဝမ်ပေါင်လဲ့နှင့် ကောင်းချွမ်၏ တိုက်ပွဲကို ကြည့်နေတော့သည်။

ယခုတွင်မူ ကောင်းချွမ်က ပတ်ပတ်လည်ရှိ အခြားလူအားလုံးပေါင်းထက်ပင် ပို၍ အံ့အားသင့်နေရပြီဖြစ်သည်။

” မဖြစ်နိုင်ဘူး ”
ကောင်းချွမ်မှာ အော်ဟစ်မိလိုက်ပြီး အသက်ရှူသံများမှာ ပရမ်းပတာဖြစ်လာ၏။ ဝမ်ပေါင်လဲ့၏ အံ့သြဖွယ်ရာ သွေးချီများမှာ သူ၏ အာနာပါနအဆင့် ဖိအားကို အမှန်တကယ်ပင် တွန်းလှန်နိုင်ခဲ့၏။ သူသည် ထိုအခြင်းအရာမျိုးကို သူ၏ဘဝတစ်လျှောက် မမြင်ဖူးသလို ကြားပင်မကြားဖူးပေ။

” မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး ”
ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး သူ၏ အကြည့်မှာလည်း ပို၍ပင်စူးရှလာသည်။ သူသည် အလွန် စိတ်လှုပ်ရှားနေပြီး သူ့ကိုယ်သူ ယုံကြည်မှုများမှာလည်း အဆမတန် ကြီးထွားလာနေပြီဖြစ်သည်။

ထိုအခါမှသာ မမလေးမှာ သူ့ကို လိမ်ပြောခဲ့ခြင်း မဟုတ်ကြောင်း တွေးမိသွား၏။ ရွှေရောင်ခန္ဓာတစ်ခုမှာ အာနာပါနအဆင့် ဝါရင့်တစ်ယောက်ကို အမှန်တကယ်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ယုံကြည်မှု ပြင်းထန်နေသောကြောင့် အော်ဟစ်ကာ ရှေ့သို့ထိုးထွက်သွားပြီး ကောင်းချွမ်ဆီသို့ တည့်မတ်စွာ ဦးတည်လာတော့သည်။ သူ၏ အမြန်နှုန်းမှာ ထိပ်ဆုံးအဆင့်သို့ ရောက်နေသောကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးတန်းတစ်ခုကဲ့သို့ ရွေ့လျားသွားပြီး ကောင်းချွမ်၏အနီးသို့ ချက်ချင်းပင် ရောက်လာ၏။

” မင်းက အာနာပါနအဆင့်ကို ခုခံတွန်းလှန်နိုင်ရင်တောင် ရှေးဟောင်းသိုင်းအဆင့်ဆိုတာ အဆင့်မမီတဲ့ ရှေးဟောင်းသိုင်းအဆင့်မှာပဲ ရှိနေတုန်းပဲကွ ”
ကောင်းချွမ်၏ မျက်လုံးများမှာ နီမြန်းနေ၏။ ဘေးပတ်ပတ်လည်တွင် ကြည့်နေကြသည့် လူများစွာ ရှိနေသည်ဖြစ်ရာ သူသည် အလွန် အရှက်ရနေတော့သည်။ ကျောင်းသားတစ်ယောက်၏ စိန်ခေါ်ခြင်းကို ခံခဲ့ရသော ခံစားချက်ကြီးကြောင့် သူသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေရသလို တချိန်တည်းမှာပင် ရှက်ကို့ရှက်ကန်း ဖြစ်နေရတော့သည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ သူ၏ရှေ့သို့ ရောက်လာသည့်အချိန်တွင် ကောင်းချွမ်မှာ ညာလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သောအခါ သူ၏ လက်ဖဝါးပေါ်တွင် လက်ဖွဲ့အဆောင်သုံးခု ပေါ်လာ၏။

ထို လက်ဖွဲ့အဆောင်သုံးခုမှာ အကောင်အထည်ရှိနေသည့်ပုံ မပေါ်ဘဲ ပုံရိပ်ယောင်တစ်ခုနီးပါးပင် ဖြစ်နေ၏။ ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ကမ္ဗည်းစာလုံးများနှင့် လျှို့ဝှက်ဆန်းကြယ်သော အရောင်များဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်ချီများကို ထိန်းချုပ်လိုက်သဖြင့် ထိုဝိညာဉ်ချီများမှာ လက်ဖွဲ့အဆောင်များ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေကြတော့သည်။

ကောင်းချွမ်၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူသည် လေသံတိုးတိုးဖြင့် ရေရွတ်ကာ ထိုလက်ဖွဲ့အဆောင်သုံးခုကို ပစ်လွှတ်လိုက်၏။
” မီးလုံး ”

ချက်ချင်းဆိုသလိုပင် ထိုလက်ဖွဲ့အဆောင်သုံးခုမှာ အလိုအလျောက် ရွေ့လျားသွားကြပြီး မီးများလောင်းကျွမ်းလာကြ၏။ ၎င်းတို့က ထိုကဲ့သို့ လောင်ကျွမ်းနေရင်း ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်ချီများကို စုပ်ယူလိုက်ကြသဖြင့် မျက်စိတစ်မှိတ်အတွင်း လက်သီးဆုပ်အရွယ်အစားရှိသော မီးလုံးသုံးလုံးအသွင် ပြောင်းလဲသွား၏။

၎င်းမှာ သာမန်မီးတောက်တစ်ခု မဟုတ်ဘဲ အပြာရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေပြီး လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကိုသာမက သတ္တုများကိုပါ အရည်ပျော်သွားစေနိုင်လောက်သည်အထိ ပူပြင်းနေ၏။ ထိုမီးလုံးများနှင့်သာ ထိလိုက်မည်ဆိုပါက ချက်ချင်းပင် ပြာပုံဘဝသို့ ရောက်သွားမည်ဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုမီးလုံးများ ပျံထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်ကြီးမှာ အဆမတန် ထိုးတက်သွားပြီး အပူလှိုင်းတစ်ခုအသွင် ပြောင်းလဲသွား၏။ လေထုကြီးမှာ ထိုကဲ့သို့ လောင်ကျွမ်းနေစဉ် ထိုမီးလုံးကြီးသုံးလုံးမှာ ဝမ်ပေါင်လဲ့ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာနေကြပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးကျယ်သွားရ၏။ သူသည် အခြားသူများ ရိုက်ကူးမှတ်တမ်းတင်ထားခဲ့သော အာနာပါနအဆင့် ဝါရင့်ပုဂ္ဂိုလ်များ၏ တိုက်ခိုက်ပုံများကို ကြည့်ဖူးထားသည်။ သို့သော် ယခုတွင်မူ သူသည် ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံသူတစ်ယောက်၏ မန္တန်တစ်ခုကို ကိုယ်တိုင်ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

ဘေးပတ်ပတ်လည်တွင် ရပ်နေကြသော ကျောင်းသားများမှာလည်း လက်ဖွဲ့အဆောင်များကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် တုန်လှုပ်သွားကြပြီး ပင့်သက်များ ရှိုက်မည့်သွားကြ၏။

” အာနာပါနအဆင့် မန္တန်တွေပဲ ”

၎င်းမှာ အာနာပါန အစောပိုင်းအဆင့်၏ စစ်မှန်သော မန္တန်တစ်ခုဖြစ်သည်။ အပြင်ခန္ဓာကိုယ် ပြောင်းလဲမှုနှင့် အာနာပါနအဆင့် ဖိအားတို့အပြင် အာနာပါနအဆင့်နှင့် ရှေးဟောင်းသိုင်းအဆင့်ကြားရှိ နောက်ထပ် အဓိက ခြားနားချက်ကြီးတစ်ခုမှာ မန္တန်များပင် ဖြစ်သည်။

ရှေးဟောင်းသိုင်းအဆင့်သည် သွေးချီများကို အသုံးပြု၍ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးနိုင်ပါသော်လည်း ၎င်းမှာ ရှေးဟောင်းသိုင်းအဆင့်၏ သွေးချီကို အသုံးပြုနိုင်သော လျှို့ဝှက်အတတ်တစ်ခုသာ ဖြစ်သည်။ ၎င်း၏ အဖျက်စွမ်းအားမှာ သိပ်၍ မကြီးမားသောကြောင့် မိမိ၏ အပြင်ခန္ဓာကိုယ်ကိုသာ အဓိက အားထားနေရဆဲပင်။

သို့သော် အာနာပါနအဆင့် မန္တန်များမှာမူ အပြင်ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သော ပညာရပ်များ ဖြစ်ကြသည်။ ၎င်းမှာ ကျင့်ကြံသူတစ်ယောက်နှင့် သာမန်လူသားတစ်ယောက်ကြားရှိ အဓိက အကျဆုံးသော ခြားနားချက်တစ်ခုလည်း ဖြစ်သည်။

ထိုမီးလုံးသုံးလုံးမှာ လျင်မြန်စွာ ရွေ့လျားလာပြီး ၎င်းတို့၏ လမ်း‌တစ်လျှောက်ရှိ အရာအားလုံးကို မီးမြှိုက်ကာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာပြီး သူ့အား ပုန်းကွယ်ခွင့် မပေးဘဲ အဘက်ဘက်မှနေ၍ ပိတ်ဆို့ထားလိုက်ကြသည်။ ထို့နောက် အပူလှိုင်းများမှာ သူ့အား ချက်ချင်းပင် ဖုံးလွှမ်းသွားကြ၏။

ပါမောက္ခကြီးမှာ ထိုအခြင်းအရာများကို တားဆီးချင်ပါသော်လည်း ရပ်တန့်သွား၏။ သူသည် ဝမ်ပေါင်လဲ့အားကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့သည် စိတ်လိုက်မာန်ပါ ပြုမူတတ်သော လူတစ်ယောက်မဟုတ်ကြောင်း ပြန်၍ အမှတ်ရသွား၏။ သူ့ဘက်မှ စတင်တိုက်ခိုက်ခဲ့သည်ဖြစ်ရာ သူ့ထံတွင် ပြန်လည်တုံ့ပြန်နိုင်မည့် နည်းလမ်းတစ်ခုခု ရှိနေမည်မှာ အမှန်ပင်။

ဝမ်ပေါင်လဲ့က သူ့ဆီသို့ ဦးတည်လာနေသော မီးလုံများကိုကြည့်ကာ အသက်အောင့်၍ ညာလက်ကို မြှောက်လိုက်၏။ ထိုအခါ သူ၏ သိုလှောင်လက်ကောက်မှာ တလက်လက်တောက်ပသွားပြီး ဓားပျံပေါင်းများစွာ ပေါ်ထွက်လာကာ ထိုမီးလုံးများဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

အသေးစား တံဆိပ်တော်ဆယ်ခုလည်း ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေ၏။ ထိုအချိန်တွင် ခရမ်းရောင် ကျောက်စိမ်းလည်ဆွဲလေးမှာ စတင်တောက်ပလာပြီး ခရမ်းရောင် နဂါးငယ်လေးမှာလည်း ဟိန်းဟောက်ကာ သူ၏ ပတ်ပတ်လည်တွင် ပျံဝဲနေတော့သည်။

ဓားပျံများနှင့် မီးလုံးများမှာ အချင်းချင်း ဝင်တိုက်မိသွားကြသည်။ သို့သော် သာမန်အခြေအနေများတွင်ဆိုလျှင် မည်သည့် ထိခိုက်မှုမျိုးကိုမဆို တောင့်ခံနိုင်သော ဓားပျံများမှာ မီးလုံးများကို ဝင်တိုက်လိုက်ပြီးနောက် အရည်ပျော်ကျသွားတော့သည်။

ဝမ်ပေါင်လဲ့က ထိုဓားပျံများကို သန့်စင်ရာ၌ အသုံးပြုခဲ့သော ကုန်ကြမ်းပစ္စည်းများမှာ သာမန်သတ္တုများသာဖြစ်ရာ ရှေးဟောင်းသိုင်းအဆင့်တွင်သာ အသာစီးရအောင် ကူညီပေးနိုင်၏။ သို့သော် အာနာပါနအဆင့် မန္တန်များနှင့် ရင်ဆိုင်လိုက်ရသော အခါတွင်မူ ထိုကဲ့သို့ အသာစီးမရနိုင်တော့ပေ။ သူ အသုံးပြုထားသော ကုန်ကြမ်းပစ္စည်းများမှာ အဆင့်နိမ့်ပါသော်လည်း သက်တံ့ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ဝိညာဉ်အမြုတေများမှာမူ ရှားပါး၏။ ထို့ကြောင့် ဓားပျံများမှာ အရည်ပျော်ကျနေလျှင်တောင် ၎င်းတို့၏ အတွင်းထဲတွင်ရှိသော ဝိညာဉ်အမြုတေများမှာ ရိုက်ခတ်မှုဒဏ်များကြောင့် ပေါက်ကွဲပျက်စီးသွားကြပြီး မီးလုံးသုံးလုံး၏ အရှိန်ကို လျှော့ချပေးလိုက်၏။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ လေပေါ်သို့ ခုန်တက်သွားပြီး ထိုမီးလုံးသုံးလုံးအနားသို့ ချဉ်းကပ်သွားသောကြောင့် သူ့အား ဝန်းရံထားသည့် အသေးစား တံဆိပ်တော်များမှာ ပေါက်ကွဲပျက်စီးသွားကြ၏။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ပြင်းအားများမှာ ထိုမီးလုံးများကို ခေတ္တမျှ ရပ်တန့်သွားစေပြီး လမ်းကြောင်းပြောင်းပေးလိုက်၏။ ထို့ကြောင့် ၎င်းတို့၏ ကြားမှ အကွာအဝေးမှာ လူတစ်ယောက် ဖြတ်သွားနိုင်လောက်သည်အထိ ကျယ်ဝန်းသွား၏။

အဖြစ်အပျက်အားလုံးကို ရှင်းပြရသည်မှာ ခက်ခဲပါသော်လည်း အရာအားလုံးမှာ လက်ဖျောက်တစ်ချက်တီးစာ အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဓားပျံများ လွင့်ထွက်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် အမြန်ဆုံးသော အရှိန်အဟုန်ဖြင့် ကောင်းချွမ်ဆီသို့ ဦးတည်သွားလိုက်ခြင်း ဖြစ်သည်။ ဓားပျံများ၏ ပေါက်ကွဲပျက်စီးသွားမှုနှင့် အသေးစား တံဆိပ်တော်များကြောင့် မီးလုံးများမှာ အရှိန်လျော့ကျသွားရသဖြင့် ဝမ်ပေါင်လဲ့မှာ ထို မီးလုံးများကြားရှိ နေရာလွတ်ထဲမှ လွတ်ထွက်သွားတော့သည်။

သူ့အား ဝန်းရံထားသော ခရမ်းရောင် နဂါးငယ်လေးကလည်း သူ့ကို ကာကွယ်ပေးထား၏။ ထို ခရမ်းရောင် နဂါးငယ်လေးမှာ မီးလုံးများကို အပေါ်ယံမျှသာ ရှပ်ထိသွားပါသော်လည်း ဒဏ်ရာပြင်းစွာ ရသွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ မီးလုံးများကို သီသီကလေး ရှောင်တိမ်းသွားနိုင်ခဲ့ပြီး အံ့ဩဖွယ်ကောင်းသော အမြန်နှုန်းမျိုးဖြင့် ကောင်းချွမ်၏ရှေ့သို့ ရောက်ရှိလာသည်။

ကောင်းချွမ်မှာမူ အံအားသင့်သွားရ၏။ ဝမ်ပေါင်လဲ့၏ တုံ့ပြန်မှု၊ လွတ်ထွက်လာမှုနှင့် အမြန်နှုန်းတို့မှာ သူ လိုက်မမီနိုင်လောက်အောင် မြန်ဆန်လွန်းနေ၏။ ထို့ကြောင့် သူသည် အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ နောက်သို့ ခြေတစ်လှမ်းသာ ဆုတ်နိုင်လိုက်သည်။ သူ၏ အကာအကွယ်ပေးနိုင်သော လျှို့ဝှက်ဆန်းကြယ် ရတနာမှာ ဒိုင်းကာအသေးစားလေးတစ်ခုအသွင် ပြောင်းလဲသွား၏။ သို့သော် ထိုဒိုင်းကာလေးပင် သူ့ဆီသို့ ချဉ်းကပ်လာသော ဝမ်ပေါင်လဲ့၏ လက်သီးဖြင့် ထိုးနှက်ခြင်းကို ခံလိုက်ရသည်။

ထိုလက်သီးချက်မှာ ဒိုင်းကာပေါ်သို့ ကျရောက်သွားပါသော်လည်း ထွက်ပေါ်လာသော ပြင်းအားကြီးကြောင့် ထိုဒိုင်းကာလေးမှာ တုန်ခါကာ နောက်သို့ လွင့်ထွက်သွားရ၏။ ထို့နောက် ၎င်းမှာ ကောင်းချွမ်၏ ရင်ဘတ်အား ရိုက်ခတ်သွားသောကြောင့် သူ၏ အတွင်းပိုင်းကလီစာများမှာ တုန်ရီသွားရတော့သည်။ သူသည် နောက်သို့ဆုတ်သွားပါသော်လည်း ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားပြီး စိတ်ကျေနပ်မှုမရှိသေးသောကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ ရှေ့သို့ ပြေးထွက်သွားပြန်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အသက်ပင် မရှူနိုင်ကြတော့ပေ။ ပါမောက္ခကြီး၏ မျက်လုံးများမှာမူ ပို၍ပင် တောက်ပလာ၏။

နောက်သို့ဆုတ်ခွာသွားသည့် ကောင်းချွမ်မှာမူ ဝမ်ပေါင်လဲ့အား မယုံကြည်နိုင်သော မမူအရာဖြင့်သာ ကြည့်နေတော့သည်။ သူသည် ယခုလောက် အစွမ်းထက်သော ရှေးဟောင်းသိုင်းအဆင့်နှင့် လုံးဝ မကြုံခဲ့ဖူးပေ။ ကောင်းချွမ်မှာ သူ၏ရှေ့သို့ ရောက်လာသော ဝမ်ပေါင်လဲ့ကိုကြည့်ရင်း သူ၏မျက်လုံးများမှာ အရောင်လက်သွား၏။

” သူ့ အပြင်ခန္ဓာက သန်မာလွန်းတယ်။ ငါ သူ့ကို အနားကပ်ခံလို့ မဖြစ်ဘူး။ သူနဲ့ ခပ်ခွာခွာနေမှ ဖြစ်မယ်”

သူသည် ထိုသို့တွေးလိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သောအခါ သူ၏ ပတ်ပတ်လည်ရှိ လေထုထဲတွင် လက်ဖွဲ့အဆောင်လေးခု ချက်ချင်း ပေါ်လာ၏။

ထိုလက်ဖွဲ့အဆောင်လေးခုမှာ ချက်ချင်းပင် လောင်ကျွမ်းသွားကာ မီးလုံးများအဖြစ်သို့ ပြောင်းလဲမသွားဘဲ လေဓား လေးလက်အသွင် ပြောင်းလဲသွားပြီး မီးလုံးများထက်ပင် ပို၍လျင်မြန်သော အရှိန်ဖြင့် လေထုကြီးကိုထိုးခွင်းလာပြီး ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ဦးတည်လာ၏။

၎င်းတို့မှာ မြန်ဆန်လွန်းလှသောကြောင့် လေထဲတွင် တရွှီရွှီမြည်သံများပင် ထွက်ပေါ်လာကြသည်။

တချိန်တည်းမှာပင် ကောင်းချွမ်မှာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားပြီး နောက်ထပ်တစ်ကြိမ် လက်ဖျောက်တီးလိုက်သောအခါ သူ၏ သိုလှောင်အိတ်ထဲမှ ဓားပျံသုံးလက် ထွက်ပေါ်လာ၏။ ၎င်းတို့အားလုံးမှာ အလွန် စူးရှချွန်ထက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ဦးတည်လာနေကြပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset