စာစဥ် (၂၃) အပိုင်း (၃၁၈)

မိန်းမပျိုလေးနှစ်ယောက်နှင့် အရွေးချယ်ခံနှစ်ယောက်တို့ကြားက တိုက်ပွဲ

တစ်ဖိတ်ဖိတ် တောက်ပနေသော ရေကန်၏ မျက်နှာပင်ပေါ်တွင် ပုံရိပ်လေးခုက တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်လျက် အနေအထားဖြင့် ရှိနေခဲ့သည်။

ခုန်းစိန်က ရေအောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဒါဇင်နှင့်ချီသည့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များက ထိုမူလစဦး ဒုတိယအဆင့် ကျင့်ကြံသူအား သူ့ကိုယ်သူ သိနားလည်သွားရန် သင်ပေးပေလိမ့်မည်။

သူက လီချင်းချန်ထံသို့ လှမ်းကြည့်လိုက်ပြီးနောက် သူ၏အမူအရာမှာ တဖြည်းဖြည်း တည်ကြည်လာခဲ့ပြီးနောက် အေးစက်စက် အလင်းတန်းက သူမျက်လုံးအစုံတွင် လင်းလက်သွားခဲ့သည်။

လီချင်းချန်၏ လုပ်ရပ်က သူ့အား မရေရာမသေချာမှုကို ထပ်မံဖြစ်ပေါ်စေသဖြင့် ခုန်းစိန်ကဲ့သို့ စိတ်အား ထက်သန်နေသော သူအား စတင်ပြီး ဒေါသတကြီး ဖြစ်လာစေခဲ့ပေသည်။

ခုန်းစိန်၏ လက်များကို ဖြည်းညင်းစွာ စုစည်းလိုက်လျှင် သူ၏ လက်ဖဝါး၌ အနက်ရောင်ချီများ စတင် စုစည်းလာခဲ့ပြီးနောက် ရှည်လားသော အနက်ရောင် ဓားတစ်ချောင်းအသွင် ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ရာ မြင်ကွင်းဖြစ်သော်လည်း တော်တော်လေးကို စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။ ထိုဓားကို အနက်ရောင် အရိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မသဲကွဲသော်လည်း အသည်းခိုက်လောက်သော အော်မြည်သံများက ထိုအရာ၏ ကိုယ်ထည်မှ ထွက်ပေါ်လျက်ရှိပြီး လူတစ်ယောက်၏ မူလချီများကို စိမ့်တက်သွားစေသည်။

ထိုဓားကို သားရဲနက်ဓားဟု လူအများသိကြပြီး အဆင့်နိမ့်ကောင်းကင်အဆင့် မူလလက်နက်တစ်ခု ဖြစ်သည်။ ထိုဓားကို အဆင်ခြောက် သားရဲနက် မိချောင်း၏ အရိုးများနှင့် ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပြီး တိုင်းဆမရသော စွမ်းအားကို ထုတ်လွတ်လျက်ရှိသည်။

ခုန်းစိန်ကိုယ်တိုင်ကပင် မူလစဦး နဝမအဆင့်သို့ တက်ရောက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော ကောင်းကင်အဆင့် မူလလက်နက်နှင့် ဆိုပါက သူ၏ ထုတ်လွှတ်လိုက်သော အော်ရာ အရှိန်အဝါကြောင့် မူလက တည်ငြိမ်နေသော ရေပြင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်လာပြီးနောက် မြင့်မားသော လှိုင်းလုံးကြီးများ လိမ့်တက်လာခဲ့သည်။

ဓားတစ်စင်းနှင့်တူသော အနက်ရောင်မူလချီများက ကောင်းကင်ယံသို့ ဖြောင့်တန်းသော အလင်းတန်း အသွင်ဖြင့် ထိုးတက်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ပေးစွမ်းလျက်ရှိသည်။

“လွန်ခဲ့သော အချိန်တွေတုန်းကပဲ ငါ့မှာ ညီမတော် လီချင်းချန်နဲ့ တိုက်ခိုက်ခဲ့ရတယ်။ အခု မင်းရဲ့ ဆန်းကြယ်သော ကြာပဒုမ္မာချီက ဘယ်လောက်ထိ တိုးတက်တာမလဲဆိုတာ ငါတကယ် စိတ်ဝင်စားနေမိပြီ”

ခုန်းစိန်မှာ ဒေါသထွက်နေခဲ့ပြီး သူ၏ စွမ်းအား အစစ်အမှန်ကို ထုတ်သုံးတော့မည်ကို လီချင်းချန်သိပေသည်။ သို့သော်လည်း သူမမှာ ကြောက်ရွံခြင်း အလျဉ်းမရှိပေ။ သူမ၏ လက်နှစ်ဖက်မှာ အတူတကွ စုစည်းသွားခဲ့ပြီးနောက် နှင်းဖြူရောင် မူလချီများမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး သူမ၏ ခြေထောက်အောက်တွင် ရေခဲကျောက်စိမ်းကြာပုလ္လင် အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုရေခဲကျောက်စိမ်း ကြာပုလ္လင်ကို ဆန်းကြယ်သော ကျောက်စိမ်းကြာပုလ္လင်ဟု ခေါ်ဆိုပြီး ထိုအရာမှာလည်း အဆင့်နိမ့်ကောင်းကင်အဆင့် လက်နက်တစ်ခု ဖြစ်ပေသည်။

လီချင်းချန်က ကြာပုလ္လင်ကို သူမ၏ ခြေဖျားလေးဖြင့် အသာအယာ ထိခတ်လိုက်သည်။ ဆန်းကြယ်သော ကျောက်စိမ်းကြာပုလ္လင်မှာ စတင်တုန်ခါလာခဲ့ပြီးနောက် လီချင်းချန်၏ ပတ်ဝန်းကျင်တွင် ရေခဲဓားသွားများ ပေါ်လာခဲ့သည်။

ထိုဓားသွားများ လှုပ်ရှားသွားချိန်တွင် ထိုဓားသွားများ၏ အရိပ်ကိုပင် မည်သူမှ လှမ်းမြင်နိုင်စွမ်း မရှိတော့ပဲ ထိုဓားသွားများ သွားရာလမ်းတစ်လျှောက်တွင် စုတ်ဖြဲခံရကာ ကျန်ရစ်ခဲ့သော လေဟာနယ် ကွဲကြောင်းများကိုသာ မြင်တွေ့နိုင်ပေသည်။

အရွေးချယ်ခံများ၏ တိုက်ပွဲဖြစ်သည့်အလျှောက် မည်သူ တစ်ဦးတစ်ယောက်မှ မပေါ့ဆရဲကြပေ။

သူတို့နှစ်ယောက် အကြည့်ချင်းဆုံတိုင်းတွင် အေးစက်မှုများက လျှံထွက်လျက်ရှိသည်။ စက္ကန့်အချို့ ကြာပြီးနောက်တွင် ပုံရိပ်နှစ်ခုလုံးက အရှေ့သို့ ထိုးတက်လာကြပြီးနောက် ရေပြင်မှာ နက်ရှိုင်းပြီး ပေတစ်သောင်း အချင်းရှိသည့် တွင်းနက်ကြီးတစ်ခုအဖြစ် ဆုတ်ဖြဲခံလိုက်ရသည်။

***

ကမ္ဘာကိုပင် တုန်ခါစေနေသည့် ခုန်းစိန်နှင့် လီချင်းချန်တို့၏ တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ယောင်ယောင်နှင့် ယဲ့ကယ်တို့၏ တိုက်ပွဲမှာ တော်တော်လေးကို အေးအေးဆေးဆေး ရှိလှသည်ဟု ဆိုရမည် ဖြစ်သည်။ နှစ်ဖက်စလုံးတွင် မည်သူမှ မူလချီများကို အသုံးပြုခြင်းမရှိကြပေ။ သို့သော်လည်း သူတို့နှစ်ဖက်လုံး၏ မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်များမှာ တသိမ့်သိမ့် တုန်ခါနေခဲ့ပြီး သူတို့၏ အဓိက ကျွမ်းကျင်မှုဖြစ်သော စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာကာ တစ်ဖက်နှင့်တစ်ဖက် ပစ်လွှတ်လျက် ရှိသည်။

ယဲ့ကယ်၏ မူလမှော်စာလုံး စုတ်တံမှာ အနက်နှင့်အဖြူရောင် ဖြစ်သည်။ သူက ယောင်ယောင်ကို စိုက်ကြည့်နေရင်းမှ တည်ကြည်ခန့်ညားသော မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ သူ၏ လက်ကောက်ဝတ်က ရုတ်တရက် လှုပ်ရှားသွားလျှင် သူ၏ စုတ်တံထိပ်ဖျားမှာလည်း လေထဲတွင် အလင်းတန်းများ တောက်ပလျက် လျင်မြန်စွာ ကခုန်သွားသည်။

“အဆင့်လေး မူလမှော်စာလုံး၊ မီးလျှံနဂါး စက်ဝန်း”

ရှုပ်ထွေးသော မူလမှော်စာလုံးတစ်ခုက သူ့စုတ်တံ ကျဆင်းသွားသည့် အချိန်တွင် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ မူလချီများကို စုပ်ယူသွားခဲ့သည်။ တစ်ဒါဇင်ပေခန့် အကျယ်ရှိသည့် မီးစက်ဝန်းကြီးသည် ပတ်ဝန်းကျင်၏ အပူချိန်ကို မြင့်တက်စေလျက် မှော်စာလုံး၏ အလယ်ဗဟိုမှ ဖြစ်တည်လာခဲ့သည်။

စက်ဝန်း၏ ထိပ်ဖျားတွင် မီးတောင်နဂါး တစ်ကောင်က တိုးညင်းစွာ ဟစ်ကြွေးလိုက်သည်။

သူတို့ ခြေထောက်အောက်ရှိ ရေပြင်မှာ ပလုံစီလာပြီး စတင်ဆူပွက်လာခဲ့သည်။

“သွား…”

ယဲ့ကယ်က ယုံကြည်မှုရှိစွာဖြင့် သူ၏ လက်မောင်းအိုးကို လှုပ်ယမ်းလိုက်သည်နှင့် မီးတောက်နဂါးကြီးသည် အရှေ့သို့ ပျံသန်းသွားခဲ့ပြီးနောက် ယောင်ယောင်ဆီသို့ ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရေမျက်နှာပြင်ကို ဆုတ်ဖြဲကာ တိုးဝင်သွားတော့သည်။

ယခုတိုက်ခိုက်နေစဉ် အတွင်း ယဲ့ကယ်သည် သူ၏ အံ့အားသင့်စရာ ကောင်းသော မူလမှော်စာလုံး စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ပြီး အဆင့်လေး မူလမှော်စာလုံးတစ်ခုကို အသက်ရှိုက်စာ တစ်ဒါဇင်ခန့်အတွင်း ရေးဆွဲပြီးခဲ့သည်။ သူက သူတော်စင်မှော်စာလုံး တောင်ထွတ်၏ ထိုက်တန်သော အရွေးချယ်ခံဖြစ်သည်။

ဘုန်း…

သို့သော်လည်း မီးတောက်နဂါးကြီးက ယောင်ယောင်၏ အနီးပေဒါဇင် အချို့အကွာသို့ ရောက်ချိန်တွင် ယောင်ယောင်၏ အရှေ့ရှိ ရေမျက်နှာပြင်မှာ အက်ကွဲကာ ပွင့်အာသွားခဲ့ပြီး အလွန်ကြီးမားသော ရေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ဟိန်းဟောက်သံ တစ်ချက်နှင့် အတူ ရေနဂါးကြီးက မီးတောက်စက်ဝန်းကို တစ်လုတ်တည်းနှင့် ဝါးမျိုလိုက်လေသည်။

“အဆင့်လေး မူလမှော်စာလုံး ဝါးမျိုခြင်းရေနဂါး…” ယောင်ယောင်၏ ခံစားချက်မရှိသော အသံသည် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ပြီးနောက် သူမ၏ ကျောက်စိမ်း မူလမှော်စာလုံးစုတ်တံမှ အလင်းတန်းများက လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

ဗွမ်း …

ယဲ့ကယ်၏ ပတ်ဝန်းကျင်ရှိ ရေပြင်မှာလည်း ရုတ်တရက် ပြိုကွဲသွားခဲ့ပြီး ထိုအခိုက်တွင် ဟိန်းဟောက်နေသည့် ရေနဂါးကြီးလေးကောင် ဖြစ်ပေါ်လာခဲ့သည်။ ထိုနဂါးလေးကောင်လုံးမှာ မတူညီသော အရပ်မျက်နှာလေးခုမှ တစ်ဆင့် သူ့ထဲသို့ ဆင်းသက်လာခဲ့ပြီး သူတို့၏ ပါးစပ်ကြီးများကို ကျယ်လောင်စွာ ဖွင့်ဟကာ သူ့အား ကြမ်းကြုတ်စွာ ဝါးမျိုရန် ကြိုးပမ်းလိုက်ကြသည်။

“တစ်ခဏတည်းနဲ့ မူလမှော်စာလုံးလေးခုကို ရေးဆွဲလိုက်တယ် …”

ယဲ့ကယ်၏ မျက်ဝန်းအိမ်များမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။ မူလအစောပိုင်းက ဝါးမျိုခြင်းရေနဂါး မူလမှော်စာလုံးသည် ရေနဂါးတစ်ကောင်ကိုသာ ဖန်တီးနိုင်မည် ဖြစ်သည်။ သို့သော်လည်း တစ်ချိန်ထဲမှာပင် နဂါးလေးကောင် ပေါ်ပေါက်လာခဲ့သည်။ ထိုအဓိပ္ပာယ်မှာ အစောပိုင်းက တစ်ခဏအတွင်းမှာပင် အဆင့်လေး မူလမှော်စာလုံးလေးခုကို ရေထဲတွင် ရေးဆွဲလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စွမ်းဆောင်နိုင်ရန်အတွက် စိတ်ဝိညာဉ်ကို မည်မှထိန်းချုပ်နိုင်စွမ်း ရှိရမည်နည်း …

“ဇူရှောင်ယိုက တကယ့်ကို ထူးချွန်တာပဲ”

ယဲ့ကယ်၏ မျက်နှာပေါ်တွင် စိုးရိမ်ဟန် ပေါ်လာခဲ့ပြီးနောက် ခဏအကြာတွင် သူ၏ တာအိုဝတ်စုံမှာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး နက်နဲရှုပ်ထွေးသော မှော်စာလုံးများက တစ်ခုပြီးတစ်ခု ဖြည်းညင်းစွာ ပေါ်လာခဲ့ကာ သူ့အား ရွှေခေါင်းလောင်း တစ်လုံးအသွင်ဖြင့် လွှမ်းခြုံသွားခဲ့သည်။

ဒေါင် …

ရေနဂါးကြီးများက တစ်ချိန်တည်းမှာပင် ခေါင်းလောင်းနှင့် ရိုက်ခတ်မိသွားခဲ့ပြီး ကျယ်လောင်သော ‘ဒေါင်’ ဆိုသည့် အသံထွက်ပေါ်လာခဲ့ကာ ထိုစွမ်းအား ပြည့်ဝသော အသံလှိုင်းက သူပတ်ဝန်းကျင်တွင် ပေတစ်သောင်းခန့် မြင့်မားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

***

ကမ္ဘာကိုပင် တုန်ခါစေသော စစ်ပွဲများက ရေမျက်နှာပြင်ပေါ်တွင် ဖြစ်ပွားနေစဉ်အတွင်း ထိုနေရာနှင့် နှိုင်းယှဉ်ပါက မူလရေကန်၏ အနက်ရှိုင်းဆုံးသော နေရာမှာ တော်တော်လေးကို တည်ငြိမ်နေသည်ဟု ဆိုရပေမည်။

ဇူယွမ်မှာ ရေသို့ လျင်မြန်စွာ ကူးခပ်သွားနေခဲ့ပြီး ပေတစ်ထောင်ရှိသည့် ရေနေသားရဲကြီးအား ထောင်ချောက် ဆင်ထားသော ရေထု၏ အနက်ရှိုင်းဆုံးသော နေရာသို့ ဦးတည်နေခဲ့သည်။

သို့သော်လည်း အသက်ရှိုက်စာ ခြောက်ကြိမ်လောက် အပြီးတွင် သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ရေမျက်နှာပင်မှာ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီးနောက် တစ်ဒါဇင်ခန့်ရှိသည့် ပုံရိပ်များသည် သူတို့၏ နက်ရှိုင်းလှသော ဓားချီများကို ထုတ်ဖော်ကာ အောက်သို့ ထိုးဆင်းလာနေကြသည်။

သူတို့အားလုံးမှာ ခုန်းစိန် ဆင့်ခေါ်ခဲ့သည့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ ဖြစ်ကြသည်။

သူတို့ထဲက အများစုမှာ အလွန်အမင်း စွမ်းအားပြည့်ဝသော ခရမ်းရောင် ခါးစည်းတပည့်များ ဖြစ်ကြပြီး ဇူထိုက်နှင့် ကျန့်ယန်တို့အောက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိကြပေ။ ထို့ကြောင့် သူ့တို့အားလုံးက ဇူယွမ်အား ကြွက်တစ်ကောင်ကို ဆော့ကစားတော့မည့် ကြောင်များ၏ မျက်လုံးများဖြင့် ဇူယွမ်ကို ကြည့်နေခဲ့ကြသည်။

“ကောင်လေး၊ မင်းက တကယ်ကို လိမ္မာပါးနပ်မှု မရှိတာပဲ။ မင်းလို မူလစဦး ဒုတိယအဆင့်လေးက အစ်ကိုတော် ခုန်းစိန်ရဲ့ ကိစ္စတွေကို စွတ်ဖက်ဖို့ ဘယ်လို အရည်အချင်းရှိမှာလဲကွ”

“အခုထွက်သွားရင်သွား မဟုတ်ရင် ဒုက္ခတွေပဲ ခံစားရလိမ့်မယ်”

အခြားသော ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ဇူယွမ်က ပြုံးဖြဲဖြဲနှင့် သူ၏ပခုံးတွင် လှဲလျောင်းနေသော ထန်ထန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည် “ငါမင်းကို မှီခိုအားထား ရတော့မှာပဲ”

အခြားသော အုပ်စုမှာ လူအရေအတွက် သာလွန်းသည့်အပြင် တော်တော်လေးကို စွမ်းအား ကြီးမားကြပေသည်။ သူကသာ တစ်ယောက်တည်းဖြစ်နေပြီး ထိုအရာကို ဖြတ်ကျော်ဖို့ဆိုသည်မှာ သူ့အတွက် မဖြစ်နိုင်ပေ။

ထန်ထန်က သည်အချိန်သည် အရေးကြီးသော အချိန်ဖြစ်ကြောင်း နားလည်ပေသည်။ သူက ချက်ချင်းပင် အလင်းတန်းအဖြစ် အရှေ့သို့ ခုန်ထွက်သွားခဲ့ပြီးနောက် စတင်ပြီး ကြီးထွားလာခဲ့ကာ တိုက်ပွဲဝင် ပုံစံအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ဝရုန်း …

ရုန့်ရမ်းသော မူလချီများက မုန်တိုင်းအလား ထွက်ပေါ်လာခဲ့သည်။

ဓားကပ်ဘေး တောင်ထွတ်မှာ တပည့်များမှာ စိုးရိမ်နေသည့် အမူအရာသို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး သူတို့၏ မျက်ဝန်းများတွင် ကြောက်လန့်မှုများ ပေါ်လာခဲ့ကာ အော်ဟစ်လိုက်ကြသည် “ဒီသားရဲက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ အတူတူတိုက်ကြစို့ …”

သူတို့အားလုံးမှာ ထန်ထန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားကို ခံစားမိပြီးနောက်တွင် ထန်ထန်မှာ သာမန်သားရဲတစ်ကောင် မဟုတ်ကြောင်းကို သေချာပေါက် ပြောဆိုနိုင်သွားခဲ့ပေသည်။

ဝှစ် … ဝှီး …

နက်ရှိုင်းသော ဓားချီများက တပည့်များ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ ထွက်လာခဲ့ပြီးနောက် ဧရိယာတစ်ခုလုံးကို ဖုံးလွမ်းသွားခဲ့ကာ ထန်ထန်ထံသို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့သည်။

ခလပ် … ခလပ် … ခလပ် …

သို့သော်လည်း ဓားချီများ အားလုံးမှာ ထန်ထန်၏ ခန္ဓာကိုယ်ပေါ်ရှိ နက်ရွှေရောင် ကြေးခွံများနှင့် တွေ့ဆုံသည်နှင့် လွယ်ကူစွာ ချေဖျက်ခံလိုက်ရသည်။ ဟိန်းသံတစ်ချက်နှင့်အတူ ထန်ထန်မှာ ထိုတပည့်အုပ် အတွင်းသို့ ခုန်ဝင်သွားခဲ့ပြီးနောက် ပရမ်းပတာ ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပျက်သွားခဲ့သည်။

မူလက မြင့်မားသော စွမ်းအားများနှင့် ရှိနေခဲ့သော ဓားကပ်ဘေး တောင်ထွတ်မှာ တပည့်များမှာ ယခုအချိန်တွင် အရပ်မျက်နှာပေါင်းစုံသို့ ဦးတည်ရာမဲ့ ထွက်ပြေးနေကြသည်။

ဇူယွမ်က ထိုပရမ်းပတာ အခြေအနေကို ကြည့်ကာ ညင်သာစွာ ရယ်မောလိုက်သည်။ ထို့နောက် တုံ့ဆိုင်းနေခြင်း မရှိတော့ပဲ သူ၏ပုံရိပ်က ရွေ့လျားသွားခဲ့ပြီး ရေကန်၏ ပိုနက်ရှိုင်းသော နေရာသို့ တိုးဝင်သွားခဲ့သည်။ နောက်ဆုံးတွင် သူက ပေတစ်ထောင်သားရဲအား ထောင်ချောက်ဆင် ဖမ်းထားခဲ့သော နေရာသို့ ရောက်ရှိသွားခဲ့သည်။

“ဒါဆို ဒီကောင်ကြီးက ပေတစ်ထောင်ရှိတဲ့ ရေနေသားရဲကြီးပေါ့” ဇူယွမ်က မူလမှော်စာလုံး အစီအရင်ထဲတွင် ထောက်ချောက်မိနေခဲ့သည့် ကြီးမားလှသော သတ္တဝါကြီးကို ကြည့်ရင်း ကူကယ်ရာမဲ့စွာပဲ နှုတ်ခမ်းခြောက်လာခဲ့သည်။ ထိုအကောင်ကြီးသည် ဒဏ်ရာပြင်းထန်စွာ ရနေခဲ့သော်လည်းပဲ ယခုချိန်ထိ ထုတ်လွတ်နေသော ဖိအားမှာ ပြင်းထန်လွန်းလှပေသည်။

သည်အကောင်ကြီးသည် အစောပိုင်း ဇူယွမ်ရင်ဆိုင်ခဲ့သော ရေနေသားရဲများနှင့် လုံးဝတူညီခြင်း မရှိပေ။

“သည်ကောင်ကြီးရဲ့ မူလနဂါးအဆီအနှစ် သလင်းကျောက်ကိုသာ ငါရလိုက်လို့ကတော့ သည်တစ်ခေါက် မူလရေကန် ခရီးက ပြည့်စုံသွားပြီ” ဇူယွမ်က နှုတ်ခမ်း သပ်လိုက်ပြီးနောက် သူ၏ မျက်ဝန်းတွင် လိုချင်တပ်မက်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

သို့သော်လည်း မကြာမီပင် သူက တစ်စုံတစ်ခုကို စဉ်းစားမိခဲ့ပြီး ကသိကအောက် ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။

ပေတစ်ထောင်ရှည်သည့် ရေနေသားရဲကြီးမှာ သူ၏ မျက်စိရှေ့မှောက်တွင် ရှိနေပြီဖြစ်သည် …

သို့သော်လည်း ထန်ထန်မှာလည်း ယခုအချိန်တွင် အလုပ်ရှုပ်နေပေသည်။ ထိုပေတစ်ထောင်ကျော်သည့် ရေနေသားရဲကြီးကို သူကိုယ်တိုင် မည်သို့ သတ်ရမည်နည်း။


Comment

Leave a Reply


Options

not work with dark mode
Reset