အပိုင်း (၁၁၂၈)

လွတ်မြောက်ခြင်း

ရီဖူရှင်းသည် စာကြည့်တိုက်၏ အထက်လွှာမျာသို့ တိုက်ရိုက် သွားရောက်ကာ ဓားပညာနှင့်သက်ဆိုင်သော စာအုပ်များနှင့် တခြားသော စာအုပ်များကို ရှာဖွေဖတ်ရှုသည်။ သူ့အနေဖြင့် တခြားသော ဓားပညာများနှင့် သက်ဆိုင်သော ဗဟုသုတ ဉာဏ်အလင်းများကို ရရှိရန် လိုပေသည်။

“နတ်ဘုရားသုတ်သင်ခြင်းဓား၊ အာကာသသန့်စင်ဓားကျမ်း …” ရီဖူရှင်းက ဓားပညာရပ် အများအပြားကို တွေ့ရှိသည်။ သည်ဓားပညာများ အားလုံးမှာ အသုံးပြုသူအား တစ်ဖက်လူကို စိတ်ဝိညာဉ် တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်။ သူက နတ်ဘုရား သုတ်သင်ခြင်း ဓားကျမ်းထဲတွင် နတ်ဘုရား သုတ်သင်ခြင်း ဓားဝင်္ကပါကိုလည်း တွေ့ရ၏။

သည်ပညာမှာ ရီဖူရှင်း သည်မတိုင်ခင် တွေ့ဖူးပေသည်။ လီယောင်က တော်ဝင်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် စေလွှတ်ခဲ့သော လူကိုးယောက်သည် သည်ဝင်္ကပါအား အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

သူက တခြားသော စာအုပ်အချို့အား လှန်လှောဖတ်ရှုလျှင် ရွှမ်ယွင်ခြေသိုင်းကို ဖုံးကွယ်နိုင်သော ခြေလှမ်းသိုင်း အချို့ကိုလည်း တွေ့၏။ စာကြည့်တိုက် အထက်လွှာများ၌ တွေ့ရသော ပညာရပ်အချို့မှာ အင်ပါယာရှားနန်းတော်မှ ရွှေကြာပန်းနန်းဆောင်မှ ပညာရပ်များထက် နိမ့်ကျခြင်း မရှိပေ။

ရီဖူရှင်းသည် စာကြည့်တိုက်ထဲတွင်သာ ရက်များစွာ လေ့ကျင့်နေခဲ့၏။ သူက ဉာဏ်အလင်းတချို့ ရလာသောအခါ ထောင့်တစ်နေရာတွင်ထိုင်ကာ လေ့ကျင့်လေ့ရှိသည်။ သူက စာကြည့်တိုက်ပွဲ လှုပ်ရှားကစားနိုင်ခြင်း မရှိသော်လည်း သက်စောင့် ဟော်နန်းထဲတွင်ကား သက်ဝင်လှုပ်ရှား စေနိုင်၏။

ရက်များမကြာမီ ရီဖူရှင်းက စာကြည့်တိုက်မှ ထွက်လာခဲ့သည်။ သတ္တမဓားကား အမှန်ပင် ဓားပညာတွင် ရူးသွပ်သူဖြစ်ကြောင်း လူအများက တွေ့ရှိရကာ အံ့အားသင့်ကြသည်။

ရီဖူရှင်းသည် စာကြည့်တိုက်မှ ထွက်လာပြီးနောက် အစ်ကို၂ဖြစ်သော နန်ကျိုင်းရှိရာသို့ ထွက်လာခဲ့သည်။ သူက အဖြေမရှာနိုင်သော ကိစ္စရပ်တစ်ခုခုရှိပါက နန်ကျိုင်းကို မေးမြန်းနိုင်သည်ဟု ရန်ယွင်က ပြောသည်။ သူက နန်ကျိုင်းထံသို့ ရောက်သွားသောအခါ သူကား ငြိမ်သက် အေးဆေးစွာ ပန်းချီဆွဲနေသည်ကို တွေ့ရ၏။

“စီနီယာအစ်ကိုဟာ မှန်ကန်တဲ့ စိတ်နှလုံး ရင့်သန်မှုရှိတယ်လို့ ကျွန်တော် ကြားတယ်။ ခင်ဗျားက တကယ်ပဲ လွတ်လပ်အေးဆေးတာပဲ” ရီဖူရှင်းက နန်ကျိုင်း၏ ပန်းချီကားကို တစ်ချက်ကြည့်ကာ ပြောသည်။ သို့သော်လည်း သူက ပန်းချီကားကို မြင်သောအခါ လူမှား သွားပြီလားဟုပင် အတွေးဝင်မိသည်။ စုတ်ချက်များကား ရှုပ်ပွနေကာ မည်သည့် နည်းစနစ်မျှလည်း သူရှာမတွေ့သလို ဘာကို ရေးဆွဲထားမှန်းလည်း သူမသိပေ။

“ငါ့ပန်းချီကားကို မင်းဘယ်လို မြင်လဲ … ညီလေး” နန်ကျိုင်းက မေးသည်။

“ကောင်းတယ် …” ရီဖူရှင်းက ပြောသည်။

“ဘယ်လိုကောင်းတာလဲ” နန်ကျိုင်းက ရီဖူရှင်းအား ကြည့်ကာ ပြုံးလျက်ပြောသည်။

“ကျွန်တော်က ဘာမှ ခံစားလို့ မရလောက်အောင် ကောင်းတယ်” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

“…” ရီဖူရှင်း၏ စကားကိုကြားလျှင် နန်ကျိုင်းက ပြုံးလျက် ခေါင်းညိတ်သည် … “မင်းက အမှန်ကို ပြောတာပဲ” ထို့နောက် သူက စုတ်တံကို ချလိုက်ကာ ရီဖူရှင်းအား မေးသည် … “မင်းက စာကြည့်တိုက်မှာပဲ တစ်နေကုန် လေ့ကျင့်နေတယ်လို့ ငါကြားတယ်။ ဘာလို့ ဒီနေ့ ငါ့ဆီ ရောက်လာတာလဲ”

“စီနီယာအစ်ကို … ကျွန်တော်က လောကဓာတ် အဆင့်မြင့်အသိတွေကို နားလည် ဆင်ခြင်ပြီးပေမဲ့ ရှန့်ထိုအဆင့်သို့ တက်လှမ်းဖို့တော့ ခက်ခဲနေတုန်းပဲ။ ကျွန်တော်က အဆင့်တက်ဖို့ အရမ်း အလှမ်းဝေးနေသလို ခံစားရတယ်” ရီဖူရှင်းက ဆက်ပြောသည် … “ဒါကြောင့် အစ်ကိုဆီမှာ အကြံလာတောင်းတာ။ ရှန့်ထိုအဆင့်ဆိုတာ သံသယကင်းစင်ခြင်းလို့ ပြောတယ်။ သံသယကင်းစင်ခြင်း ဆိုတာ ဘာကို ပြောတာလဲ”

“ညီလေး …” နန်ကျိုင်းက ရီဖူရှင်းအား ကြည့်ကာ ပြုံးလျက် လေးနက်စွာ ပြောသည် … “မင်းဟာ လောကဓာတ် အဆင့်မြင့် အသိတွေကို နားလည်ပြီးပြီ။ ရှန့်ထိုအဆင့် အောက်မှာလည်း ပြိုင်ဘက်ကင်းပြီးပြီ။ ဘာလို့ ရှန့်ထိုအဆင့်သို့ တက်ဖို့ အမြန် လိုနေရတာလဲ။ မဟာလမ်းစဉ်ကို လိုက်စားတာဟာ ပင်ပန်းတဲ့ကိစ္စပဲ။ တာလီကျောင်းတော်မှာ မင်းအကြောင်းကို မရေမတွက်နိုင်တဲ့ လူတွေက ပြောဆိုနေကြတယ်။ ဒီအထဲမှာ အရမ်းလှတဲ့ မိန်းကလေးတွေ အများကြီးပဲ။ မင်းက သူတို့နဲ့ ဘဝအကြောင်းတွေ ပြောဆိုရင် ဒါက ပျော်စရာကိစ္စဖြစ်မှာပဲ။ မင်း ဘယ်လိုထင်လဲ”

“…” ရီဖူရှင်းသည် သူလူမှားသွားပြီလားဟု တွေးမိသည်။ သူက တာလီနန်းတွင်း အကြံပေး၏ ဒုတိယတပည့်ဖြစ်ကာ စစ်မှန်သော စိတ်နှလုံးရင့်သန်ခြင်းအား ပိုင်ဆိုင်သူဟု  မည်သူက ပြောသနည်း။

“ကျွန်တော် စာကြည့်တိုက်ကို သွားမှပဲ ထင်တယ်” ရီဖူရှင်းက နောက်လှည့် ထွက်သွားရန် ပြင်သည်။

“သေစမ်း … ချောမောတဲ့ ရုပ်ရည်ကတော့ အလကား ဖြစ်တော့မှာပဲ” နန်ကျိုင်းက သက်ပြင်းချကာ မေးသည် … “သံသယ ကင်းစင်ခြင်းကို မင်းဘယ်လို နားလည်သလဲ”

“တစ်စုံတစ်ယောက်က သူတို့စိတ်မှာ နောင်တ ကင်းစင်ပြီးတော့ လမ်းစဉ် တစ်ခုတည်းကိုပဲ စိတ်နှလုံး မြှုပ်နှံထားနိုင်တာကို ပြောတာလား” ရီဖူရှင်းက မေးသည်။

“ရှန့်ထိုကိုထား၊ ရန်ဟောင်တွေတောင်မှ အပြစ်မကင်းနိုင်သလို နောင်တလည်း မကင်းနိုင်ဘူး” နန်ကျိုင်းက ပြောသည် … “သံသယကင်းခြင်း ဆိုတာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကို ပြောတာ။ ဒါက နောင်တကင်းတာကို ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ အဆင့်မြင့်တဲ့ အခြေအနေ တစ်ခုကို ရောက်တာကို ပြောတာ”

“ကျွန်တော့်ကို ရှင်းပြပေးပါ အစ်ကို …” ရီဖူရှင်းက စိတ်အားထက်သန်စွာ ပြောသည်။

“လောကကြီးမှာ ပြီးပြည့်စုံတဲ့ စိတ်သဏ္ဌာန်ဆိုတာ မရှိဘူး။ ယုံကြည်မှုဖြစ်စေ၊ ထိုးထွင်း သိမြင်ခြင်းဖြစ်စေ၊ သန့်စင်ခြင်းဖြစ်စေ … အကုန်လုံးဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး” နန်ကျိုင်းက ရှင်းပြသည် … “စိတ်နှလုံးဟာ ပြီးပြည့်စုံခြင်းသို့ ရောက်တယ်ဆိုတဲ့ အယူအဆကို ငါသဘောမတူဘူး။ တစ်နည်းပြောရရင် ရှန့်ထိုတွေရဲ့ စိတ်နှလုံးဟာ ဘောင်အပြင်သို့ ထွက်ခွာသွားနိုင်ခြင်း တစ်မျိုးပဲ”

“အစ်ကို ဘာကို ဆိုလိုတာလဲ” ရီဖူရှင်းက မေးသည်။

“လူတွေရဲ့စိတ်ဟာ အကန့်အသတ် တစ်ခုထဲမှာ ရှိတာကို မင်း ကြားဖူးသလား” နန်ကျိုင်းက မေးသည်။

“ကျွန်တော် ကြားဖူးတယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။

“မင်းက ရှန့်ထိုအသိတွေ အများကြီးကို နားလည် သဘောပေါက်ပေမဲ့ မင်းရဲ့စိတ်က အကန့်အသတ် တစ်ခုထဲမှာ ရှန်နေဆဲပဲ။ ဒါကြောင့်ပဲ မင်းက ရှန့်ထိုမဖြစ်သေးတာ” နန်ကျိုင်းက ဆက်ပြောသည် … “ဒါက လူတိုင်းအတွက် အတူတူပဲ။ ရှန့်ထိုအဆင့်ဆိုတာ အားလုံးနဲ့သက်ဆိုင်တဲ့ စံနှုန်းတစ်ခုကို လိုအပ်တယ်”

“ဘောင်အပြင်သို့ ထွက်ခွာသွားနိုင်ခြင်းဆိုတာ အမျိုးမျိုးရှိတယ်။ တစ်စုံတစ်ယောက်ဟာ နက်ရှိုင်းတဲ့ ယုံကြည်မှုတစ်ခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ပြီး ဒါနဲ့ပဲ အကန့်အသတ်ကို ကျော်လွှားသွားနိုင်ပြီး မဟာလမ်းစဉ်နဲ့ ပေါင်းစည်းခြင်းပဲ”

နန်ကျိုင်း၏စကားက ရီဖူရှင်းအား တစ်စုံတစ်ယေက်ကို သတိရစေသည်။ မှန်နန်းတော် သခင်မသသည် နက်ရှိုင်းသော အမုန်းတရားဖြင့် အကန့်အသတ်ကို ကျော်လွှားကာ ရှန့်ထိုဖြစ်လာခဲ့သူ ဖြစ်သည်။

“သူတို့က ဘောင်အပြင်သို့ ရောက်သွားရင်တောင်မှ အဲဒီ စိတ်အခြေအနေဟာ သံသယတွေ ရှိနေတုန်းပဲ။ ဒါပေမဲ့ ဒါဟာပဲ တစ်နည်းနည်းနဲ့ သံသယကင်းစင်ခြင်းကို ဖြစ်စေတယ်” နန်ကျိုင်းက ဆက်ပြောသည် … “ဒီလို စိတ်အခြေအနေကို စကားလုံးအားဖြင့် ပြောဖို့ ခက်တယ်”

“နောက်တစ်နည်းအားဖြင့် မင်းက ဓားပညာကို လိုက်စားတယ်။ တစ်နေ့ မင်းက ဓားကို မသုံးတော့တဲ့နေ့ကို ရောက်လာရင်တောင် ဓားပညာကို ကျင့်ကြံနိုင်သေးရင် ဒါက လွတ်မြောက်ခြင်း တစ်မျိုးပဲ”

“နောက်တစ်နည်း … တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ခုကို လိုက်လံရှာဖွေတယ်။ တစ်နေ့ အဲဒါကို တွေ့ရှိပြီးတော့ လက်လွှတ်လိုက်ပြီးတော့ အရာအားလုံးကို ကျော်လွှားသွားနိုင်ရင် ဒါက လွတ်မြောက်ခြင်းပဲ”

“နောက်ဥပမာတစ်ခုက တစ်စုံတစ်ယောက်ဟာ လမ်းစဉ်ကို ရှာဖွေတယ်။ တစ်နေ့ သေခြင်းရှင်ခြင်း အတွေ့အကြံတစ်ခုကြောင့် အရာအားလုံးကို လက်လွှတ်နိုင်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်သွားတဲ့အခါ သူ့စိတ်ဟာ သေခြင်းရှင်ခြင်းကို မတုန်လှုပ်တော့ဘူး။ ဒါကလည်း လွတ်မြောက်ခြင်းပဲ”

“ဘောင်အပြင်သို့ ထွက်ခွာနိုင်ခြင်း သို့မဟုတ် အကန့်အသတ်က လွတ်မြောက်ခြင်းကို ပြောမယ်ဆိုရင် လူတိုင်းဟာ မတူကွဲပြားတဲ့ အတွေ့အကြုံတွေ ရှိနိုင်တယ်။ ဒါမေပဲ့ ဘယ်လိုဖြစ်ဖြစ် ဒါဟာ တူညီတဲ့ လွတ်မြောက်ခြင်း တစ်ခုပဲ။ မင်းဟာ လွတ်မြောက်ပြီးတဲ့အခါ မြင့်မားတဲ့ စိတ်နှလုံး အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ပြီးတော့ မဟာလမ်းစဉ်ဟာ ဒါကို သတိပြုမိတဲ့အခါ မင်းအပေါ်မှာ နတ်ဘုရား သန့်စင်ခြင်း စွမ်းအားကို စေလွှတ်သန့်စင်ပြီးတော့ စိတ်နဲ့ခန္ဓာကိုယ်ကို ဆေးကြောစေတယ်” နန်ကျိုင်းက ရှင်းပြသည်။

ရီဖူရှင်းသည် သူ၏စကားများကို ကြားကာ ဉာဏ်အလင်းများ ရခဲ့သည်။ နန်ကျိုင်း၏ ရှင်းလင်းချက်များနှင့်အတူ သူက လူအချို့ကို သတိရ၏။ လီဟန်ဓားနန်းတော်မှ ဝမ်ချွမ်းသည် ရီဖူရှင်းနှင့်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း သူ၏အရှုံးမှ ရရှိသော နာကျင်ခံစားမှုကို ရုန်းကန်ကာ လွတ်မြောက်ခဲ့သည်။ ထို့နောက် သူက ပိုမြင့်မားသော စိတ်နှလုံးဖြင့် မဟာလမ်းစဉ်သို့ တက်လှမ်းခဲ့၏။

သူ၏ဆရာ ထောင်ကျန်းသည် တော်ဝင်ကျဲနန်းတော် အပြင်ဘက်တွင် သေခြင်းရှင်ခြင်း တိုက်ပွဲအား ဆင်နွှဲခဲ့ပြီး ဟောင်စီသည် ရှေးနန်းတော်ရာ၌ အသက်စွန့်ကာ ရန်ဟောင်အသိကို ငှားရမ်းအသုံးပြု တိုက်ခိုက်ခဲ့သည်။ နှစ်ဦးလုံးသည် ယုံကြည်မှုအတွက် အသက်ကို စွန့်လွှတ်နိုင်ခဲ့ရာ ပိုမြင့်မားသော စိတ်နှလုံးအဆင့်သို့ တက်ရောက်ပြီး နတ်ဘုရား ပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်ခဲ့ကြသည်။

“ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … စီနီယာအစ်ကို” ရီဖူရှင်းက ဦးညွှတ်သည်။

“အင်း … ငါတို့က မိသားစုတစ်ခုတည်းပဲ။ ဘာကို အထူးတလေ လုပ်နေတာလဲ။ ဓားပညာ တစ်ခုတည်းကိုပဲ အာရုံစိုက်မနေနဲ့။ ဒါတွေ ဘေးချိတ်ပြီး မိန်းကလေးတွေနဲ့လည်း ပြောပြောဆိုဆို လုပ်ဦး။ ဒီနည်းနဲ့ မင်းက လွတ်လပ်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ပြီးတော့ ရှန့်ထိုအဆင့်သို့ တက်ရင် တက်သွားနိုင်တာပဲ” နန်ကျိုင်းက ပြုံးလျက်ပြောသည်။

“…” ရီဖူရှင်းကား လုံးဝ ဆွံ့အရသည်။ ရီဖူရှင်းက ပြောသည် … “ကျွန်တော် အစ်ကို၃ဆီသို့ သွားလိုက်ဦးမယ်” ထိုသို့ပြောကာ သူက ထွက်ခွာ လာခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset