စာစဥ် (၂၃) အပိုင်း (၃၁၇)

နေရာယူခြင်း

“မူလသူတော်စင် တောင်ထွတ်က ဇူရှောင်ယို”

ခုန်းစိန်နှင့် ယဲ့ကယ်တို့မှာ ယောင်ယောင်အား စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ နဖူးကြောများပင် တွန့်လာခဲ့သည်။ သူတို့တစ်ခါမှ သည်နာမည်ကို မကြားဖူးခဲ့ပေ။ ထိုအပြင် … သူတော်စင် တောင်ထွတ်တဲ့လား။ ထိုနေရာက အောက်ခြေမှ ရှိနေခဲ့သည့် တောင်ထွတ်နာမည်မလား။ ဘယ်အချိန်တုန်းက သည်လိုအံမခန်း လူတစ်ယောက် ထိုတောင်ထွတ်တွင် ပေါ်လာခဲ့သနည်း။

ခုန်းစိန်မှာ စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း ယဲ့ကယ်၏ မျက်လုံးအစုံမှာ တစ်ခုခုကို သိရှိသွားသည့် အကြည့်ဖြင့် ကြည့်နေခဲ့ပြီး သူ၏မျက်လုံးများမှာ တောက်ပနေခဲ့ပေသည်။

ယဲ့ကယ်က သူ့အင်္ကျီ လက်မောင်းအိုးများကို လေထဲတွင် တဖျတ်ဖျတ်ခတ်အောင် ဝှေ့ယမ်းလိုက်ပြီးမှာ ယောင်ယောင်ကိုကြည့်ကာ ဖြေးညင်းစွာ ပြောလိုက်သည် “ဒါဆို မင်းက တောင်ထိပ်သခင် ရာထူးကိုတောင် မင်းဆီလွှဲအပ်ဖို့အထိ ဆရာမျက်ခုံးဖြူ မြင့်မားစွာ မျှော်မှန်းထားတဲ့ ဇူရှောင်ယိုပေါ့”

ခုန်းစိန်၏ အနက်ရောင် ကျောက်တုံးများကဲ့သို့ မျက်လုံးများတွင်ပင် အံ့အားသင့်ဟန်များ ဖြတ်ပြေးသွားခဲ့သည်။ သူယခင်က သည်ကိစ္စနှင့် ပတ်သက်ပြီး ကြားခဲ့ရသော်လည်းပဲ များများစားစား မတွေးခဲ့ပေ။ သို့သော်လည်း ယခု ကြည့်ရသည်မှာ ထိုအရာက အမှန်ဖြစ်ပုံရသည်။

သည်မိန်းကလေးကို ကြည့်ရသည်မှာ သူမ၏ တည်ရှိမှုနှင့် အရှိန်အဝါ၊ ရုပ်ရည်သွင်ပြင်တို့က လီချင်းချန်ထက်ပင် သာလွန်ကောင်း သာလွန်နိုင်ပေသည်။ မူလမှော်စာလုံး ပါရမီတွင်လည်း တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူပင်လျင် အံ့အား သင့်ရသည်တဲ့လား။

ခုန်းစိန်မှာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာသာ အမှန်ဆိုပါက သည်နေ့တော့ ပြဿနာအနည်းငယ် ရှိပေပြီ။

အခြားကြီးမြတ်သော ရွေးချယ်ခံ တပည့်ဆယ်ယောက်မှ သူများမှာ တာဝန်ထမ်းဆောင် နေသူက တာဝန်ထမ်းဆောင် နေကြပြီး အချို့က တံခါးပိတ် ကျင့်ကြံနေကြသဖြင့် ယခုလက်ရှိ မူလကောင်းချီးခြင်ဆီ ယှဉ်ပြိုင်မှုတွင် သူတို့ သုံးယောက်သာ ကျန်ရှိခဲ့ပေသည်။ ထို့ကြောင့် လီချင်းချန်ကို တားဆီးရန် ယဲ့ကယ်နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း မျှော်လင့်မထားစွာပင် အခြားရွေးချယ်ခံများ မရှိသည့်ကြားမှပင် လီချင်းချန်က ထိုသူများနှင့် တူညီစွာ ပြဿနာပေးနိုင်သည့် ကူညီသူကို ရှာဖွေခဲ့ပေသည် …

ယဲ့ကယ် ကြာရှည်စွာ ပြင်ဆင်ထားခဲ့သည် မူလမှော်စာလုံး အစီအရင်အား ယောင်ယောင် ချိုးဖျက်လိုက်သည့်ပုံကို ကြည့်ရခြင်းအားဖြင့် သူမ၏သန်မာမှုမှာ အရွေးချယ်ခံ တပည့်များနှင့် တန်းတူတွင် ရှိပေသည်။

ခုန်းစိန်မှာ ယောင်ယောင်ကို ကြည့်နေရင်းမှ ရုတ်တရက် ရယ်မောလိုက်ပြီး သူ၏ ချောမောခန့်ညားသော မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည် “ညီမတော်ရေ၊ ဒီကိစ္စက ငါတို့နဲ့ ညီမတော် လီချင်းချန်တို့ကြားက ကိစ္စဖြစ်တဲ့အတွက် မင်းဘာမှ ဝင်စွက်ဖက်စရာ မလိုပါဘူး။ ညီမတော် လီချင်းချန် မင်းကို ကတိပေးခဲ့သမျှ အရာအားလုံးကို ငါတို့လည်း ပေးနိုင်ပါတယ်”

ခုန်းစိန်မှာ အတော်လေးကို နှစ်လိုဖွယ်ကောင်းသော လူတစ်ယောက် ဖြစ်ကြောင်း ဝန်ခံရပေမည်။ သူ့မှာ ချောမောခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ရုံသာမက စကားသံမှာလည်း ဆွဲဆောင်မှုရှိပေသည်။ ထို့ကြောင့် ကလန်ထဲတွင် သူ့အား အသည်းစွဲဖြစ်နေသော တပည့်အမျိုးသမီးများ များစွာ ရှိပေသည်။

ယောင်ယောင်၏ နေရာတွင် အခြားတစ်ယောက် ဆိုပါက သူ၏ဆွဲဆောင်မှုကို ခုခံရန် ခက်ခဲပေလိမ့်မည်။

ကံမကောင်းစွာပဲ သူနှင့် ကြုံတွေ့နေရသူက ယောင်ယောင်ဖြစ်သည်။ သူ၏ ဆွဲဆောင်နိုင်စွမ်းများက လှပသော မျက်နှာလေးကို အနည်းငယ်ပင် ပြောင်းလဲမှု မဖြစ်စေခဲ့ပေ။

ယောင်ယောင်၏ မျက်လုံးအစုံမှာ မထူးခြားနားဟန်ဖြင့် ခုန်းစိန်ကို လှမ်းကြည့်လိုက်ပြီးနောက် တည်ငြိမ်ပြီး ပြတ်သားသော အသံဖြင့် ပြောလိုက်သည် “အချိန်တွေ ဖြုန်းမနေနဲ့တော့။ နင်တို့ ပေတစ်ထောင် ရေနေသားရဲရဲ့ မူလနဂါး အဆီအနှစ် သလင်းကျောက်ကို လိုချင်ရင် နင်တို့ဘက်က စပြီး တိုက်ခိုက်လိုက်တာ အကောင်းဆုံးပဲ”

ယောင်ယောင်၏ တိုက်ရိုက်ပြောဆိုမှုက ခုန်းစိန်၏ မျက်နှာပေါ်ရှိ အပြုံးကို တင်းမာသွားစေပြီး ကသိကအောက် ခံစားလိုက်ရသည်။

လီချင်းချန်က အရှေ့သို့ တက်လှမ်းလိုက်ပြီးနောက် သူ၏ ခေါင်းထက်ရှိ စွမ်းအားပြည့်ဝသော မူလချီများမှာ နှင်းနှင့် ရေခဲမုန်တိုင်းအလား ကောင်းကင်တွင် ရစ်ဝဲနေခဲ့ပေသည်။ သူမက ခုန်းစိန်ကို အေးစက်စွာ ကြည့်လိုက်ပြီး “ခုန်းစိန် နင်ဘာလှည့်ကွက်မှ သုံးနေစရာ မလိုပါဘူး။ အခုပဲ ငါနဲ့ ရင်ဆိုင်ပြီးတော့ နင်ရဲ့ မြေအောက် နတ်ဆိုးဓားချီ ဘယ်လောက် တိုးတက်လာလဲ ဆိုတာကို ပြစမ်းပါ”

ခုန်းစိန်မှာ မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည် “လီချင်းချန် ငါတို့ တိုက်ခိုက်နေလို့ ရှိရင် ရေသားရဲက လွတ်မြောက်သွားလိမ့်မယ်”

“ဒီတစ်ခေါက် ငါ့ကိုပဲ ပေးလိုက်ဖို့ ပြောပါရစေ။ မင်းရဲ့ ကူညီမှုကို အကြွေးအဖြစ် ငါမှတ်သားထားမှာပါ”

လီချင်းချန်က အေးစက်စက် ရယ်မောလိုက်ပြီး “ငါ့ကိုလည်း နင်ပေးလိုက်လို့ မရဘူးလား။ ငါလည်းနင့်ရဲ့ ကူညီမှုကို အကြွေးအဖြစ် မှတ်သား ထားပေးပါ့မယ်”

သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်လျက် ရှိနေကြပြီး တစ်လက်မပင် အလျှော့ပေးမည့်ပုံ မပေါ်ကြချေ။ ထိုစဉ် ယောင်ယောင်က ရုတ်တရက် ပြောလိုက်သည် “စိတ်အေးအေးထားပါ။ ဒီပေတစ်ထောင် ရေသားရဲနဲ့ ရင်ဆိုင်ဖို့ တစ်ယောက် ရှိပါသေးတယ်”

ခုန်းစိန်နှင့် ယဲ့ကယ်တို့မှာ ထိတ်လန့် သွားတော့သည်။ လီချင်းချန်တို့ အုပ်စုမှ နောက်ထပ် ကူညီသူတစ်ယောက် ရှိသေးသည်လား။

လီချင်းချန်မှာ တစ်စုံတစ်ခုကို နားလည်သွားသည့် ဟန်ဖြင့် သူမှ၏ လှပသော မျက်နှာလေးမှာ ပုံမှန်မဟုတ်ဘဲ ချက်ချင်းပြောင်းလဲ သွားခဲ့သည်။

ယောင်ယောင်မှာ သူတို့အားလုံးကို လျစ်လျူရှုလိုက်ပြီး အနောက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည် “တစ်လမ်းလုံး နောက်ကွယ်မှာပဲ ရှိနေတဲ့ ယောက်ျား တစ်ယောက်လိုမျိုး ဘာလုပ်နေတာလဲ။ နင်ကို ရေသားရဲနဲ့ သွားရင်ဆိုင်ဖို့ ငါတို့ခွင့်ပြုတယ်”

ခုန်းစိန်နှင့် ယဲ့ကယ်တို့မှာ ထက်ရှသော အကြည့်များဖြင့် မည်သူဖြစ်မလဲ ဆိုသည်ကို စောင့်ကြည့် နေခဲ့ကြသည်။ ထိုသို့ စွမ်းရည်ရှိသည့် လူတစ်ယောက်က ကန်ရွမ်းကလန်တွင် မည်သူမှ သတိမထားမိဘဲ တကယ်ပင် ပေါ်လာခဲ့သည်လား။

သူတို့၏ အကြည့်များက မိန်းကလေး နှစ်ယောက်၏နောက်ရှိ မြူထုထဲကိုသာ ကြည့်နေခဲ့ကြပြီး ရေပြင်ကိုဖြတ်၍ လမ်းလျှောက်လာသည့် အသံကို ကြားလိုက်ကြရသည်။ ထို့နောက်တွင်တော့ သူတို့က ငယ်ရွယ်သည့် ပုံရိပ်လေးကို တွေ့လိုက်ကြရသည်။

သူတို့နှစ်ယောက်လုံးမှာ ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မူလချီများကို ခံစားမိလိုက်ပြီး သူတို့၏ မျက်နှာများမှာ တောင့်တင်းသွားခဲ့သည်။

“မူလစဦး ဒုတိယအဆင့်” ခုန်းစိန်နှင့် ယဲ့ကယ်တို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အခြားတစ်ဖက်အဖွဲ့၏ မျက်လုံးများကို ကြည့်လိုက်သည်။

ထိုကဲ့သို့သော သန်မာမှုမှာ အတွင်းတောင်တွင် အနိမ့်ဆုံးဖြစ်သည်။ ထိုသူအား ပေတစ်ထောင်သားရဲကို ရင်ဆိုင်ခိုင်းရဲသည့် သတ္တိမျိုးကို ယောင်ယောင်ဘယ်လို ရခဲ့သနည်း။ ထိုအကောင်ကြီးသည် ခုန်းစိန်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားသည်ဆိုလျှင် တောင်မှ မူလစဦး ဒုတိယအဆင့် တစ်ယောက် ရင်ဆိုင်နိုင်မည့် အရာမဟုတ်ပေ။

လီချင်းချန်မှာ သူမ၏ နဖူးကို လက်ဖြင့်အုပ်လိုက်ပြီး အနည်းငယ် ရှက်ရွံနေပေသည်။ သူမက ယောင်ယောင် အဘယ်ကြောင့် ဇူယွမ်ကို စေလွှတ်လိုက်လဲ မသိသော်လည်း … သူ၏ သန်မာမှုနှင့်ဆိုလျှင် တိုက်ပွဲတွင် သူ့ကိုယ်သူ ထုတ်ဖော်ရန်ပင် အရည်အချင်းမရှိပေ။ အတင်းအကျပ် လုပ်ဆောင်ခြင်းက သူတို့ကိုသာ အရှက်ရစေပေလိမ့်မည်။

ဇူယွမ်က သူ့အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည့် သုံးယောက်ကို ပခုံးတွန့်ပြလိုက်သည်။ ထိုစဉ် ထန်ထန်ကတော့ သူ၏ ပခုံးထက်တွင် ပျင်းရိစွာ လှဲလျောင်းလျက်ပင် ရှိနေပေသည်။

ယောင်ယောင်မှာလည်း ထိုလူစုကို ဆက်လက်၍ လျစ်လျူရှုထားခဲ့ပြီး ဇူယွမ်ကိုသာ ပြောလိုက်သည် “နင်တို့ နှစ်ယောက် အောက်ကကောင်ကြီးကို ရှင်းနိုင်တယ်မလား”

“ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်”

ဇူယွမ်က ခေါင်းညိတ်လိုက်သည်။ ထိုအကောင်မှာ ပေတစ်ထောင် ရေနေသားရဲကြီး ဖြစ်သော်လည်း သူတွင် ထန်ထန်ရှိပေသည်။ သိသာစွာပင် ထန်ထန်က အဓိကတိုက်ခိုက်သူ ဖြစ်ပြီး သူက ကူညီပေးရုံသာ ဖြစ်သည်။

သူတို့က ချက်ချင်းပင် ရေထဲသို့ ထိုးဆင်းသွားပြီး ရေသားရဲကြီးအား ချုပ်နှောင်ထားသော နေရာသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့သည်။

လီချင်းချန်က ယောင်ယောင်ကို ချက်ချင်းပင် လှမ်းကြည့်လိုက်ပြီးနောက် မနေနိုင်ပဲ မေးလိုက်မိသည် “နင်တကယ် သူကိုလွှတ်ဖို့ စီစဉ်နေတာလား။ အဲဒါ သူ့ကို သွားသေခိုင်းနေတာ မဟုတ်ဘူးလား”

“နင်ပဲ အစောနက သူ့ကို သတ်ချင်နေခဲ့တာမလား။ သူသေသွားရင် နင့်ရဲ့ ဆန္ဒအတိုင်း မဖြစ်သွားဖူးလား”

လီချင်းချန်မှာ တစ်ခဏမျှ တောင့်တင်း သွားပြီးနောက် အံကြိတ်ကာ ပြောလိုက်သည် “ငါသူနဲ့ ရင်ဆိုင်ဖို့ ငါ့ဘာသာငါ နည်းလမ်းရှာနိုင်တယ်။ သူ့ကို ရေသားရဲ အစာကျွေးဖို့တော့ မလိုပါဘူး”

“စိတ်မပူပါနဲ့” ယောင်ယောင်မှာ ရှင်းပြရန် ပျင်းနေပေသည်။

သူတို့နှစ်ယောက် စကားပြောနေကြစဉ် ခုန်းစိန်နှင့် ယဲ့ကယ်မှာ ရေထဲသို့ ဝင်သွားသည့် ဇူယွမ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေခဲ့ကြသည်။ ယောင်ယောင်က အဘယ်ကြောင့် ထိုကောင်လေးအား ရေနေသားရဲကြီးကို သွားစိန်ခေါ်ခိုင်းရဲမှန်း မသိကြပေ။

ဒါက သူ့ကို သွားသေခိုင်းလိုက်တာနဲ့ မခြားဘူးမလား။

ခုန်းစိန်မှာ တွေးတောနေခဲ့သည်။ ယောင်ယောင်နှင့် ဇူယွမ်ကို သူ့အနေဖြင့် ကောင်းစွာမသိပေ။ သူအတွက် ထိုအရာက ဝန်လေးနေစေပေသည်။

“သူနဲ့ ပတ်သက်ပြီး ထူးဆန်းတာတော့ ရှိရမယ်။သူ့ကို ရေနေသားရဲနား အရောက်ခံလို့ မဖြစ်ဘူး” ခုန်းစိန်မှာ ပုံမှန်အားဖြင့် သတိကြီးသူ ဖြစ်သည့်အတွက်ကြောင့် မူလစဦး ဒုတိယအဆင့်သာ ဖြစ်လင့်ကစား ဇူယွမ်အား လျစ်လျူရှုမထားရန် ဆုံးဖြတ်လိုက်သည်။ သူက ချက်ချင်းပင် လက်မောင်းအိုးအား ဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင် ဓားအလင်းတန်းက ကောင်းကင်သို့ ပျံဝဲ တက်သွားခဲ့ပြီးနောက် ပေါက်ကွဲသွားခဲ့သည်။ ဓားအော်သံများက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။

သူက လီချင်းချန်ကို လှမ်းကြည့်လိုက်ပြီးနောက် အသာအယာ ပြုံးလိုက်ပြီး … “ဓားကပ်ဘေး တောင်ထွတ်က တပည့်အချို့ကိုလည်း အနီးအနားမှာ နေရာယူခိုင်းထားတယ်။ သူတို့က မင်းနဲ့ ရင်ဆိုင်ဖို့ အသုံးမဝင်ပေမဲ့ သည်လိုကိစ္စဖြစ်လာတော့ သူတို့ကို အသင့်နေထား ခိုင်းထားလိုက်တာ ပိုကောင်းသွားတယ်”

သူစကားပြောလို့ မဆုံးသေးမီမှာပဲ အဝေးမှ မူလချီအလင်းတန်း ဒါဇင်လိုက် ပေါ်လာခဲ့ပေသည်။ သူတို့အားလုံးက ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းက သန်မာလှသည့် ခရမ်းရောင် ခါးစည်းအဆင့် အဓိကတပည့်များ ဖြစ်ကြသည်။

“အစ်ကိုတော် ခုန်းစိန်” သူတို့က အဝေးမှနေ၍ပင် နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

ခုန်းစိန်က ခေါင်းညိတ်လိုက်ပြီး ရေထဲသို့  ညွှန်ပြလိုက်သည် “ဒီကောင်လေးကို သွားဖမ်းလာခဲ့”

“နားလည်ပါပြီ” တစ်ဒါဇင် သို့မဟုတ် ထိုထက်များသော တပည့်များမှာ ဇူယွမ်အား တွေ့သွားခဲ့ကြပြီး သူတို့၏ အမူအရာများမှာ အလွန်အမင်း သက်သောင့်သက်သာ ဖြစ်နေခဲ့ပေသည်။ ဇူယွမ်မှာ မူလစဦး ဒုတိယအဆင့်သာ ရှိသေးကြောင်း သူတို့အားလုံး သိသွားခဲ့ပေသည်။ သူတို့ထဲမှာ တစ်ယောက်ပင်လျှင် ဇူယွမ်အား လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေသည်။

ဒါဇင်နှင့်ချီသည့် ပုံရိပ်များမှာ တစ်ချိန်တည်းမှာပင် ရေအောက်သို့ ထိုးဆင်းသွားခဲ့ပြီး ဇူယွမ်၏ အနီးတွင် ပိတ်ဆို့လိုက်ကြသည်။

ထိုအခါမှ ခုန်းစိန်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာမှာ ပြန်လည် တည်ငြိမ်သွားကာ လီချင်းချန်ကို လှမ်းကြည့်လိုက်သည် “မင်းက ငါ့ကို ပျက်စီးမှုတွေ ဖြစ်ပေါ်လာစေဖို့ အတင်းအကျပ် ဖိအားပေးနေတာပဲ။ ငါတို့ထဲက တစ်ယောက်ကတော့ နှစ်ယောက်လုံး အိပ်မက်မက်နေတဲ့ မူလနဂါးအဆီအနှစ် သလင်းကျောက်ကို ပိုင်ဆိုင်နိုင်မှာပါ”

အနက်ရောင် မူလချီများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲကွာ ထွက်ပေါ်လာခဲ့ပြီး နက်ရှိုင်းမှုနှင့် အန္တရာယ်ရှိသော အေးစက်မှုတို့ကို လွှင့်ထုတ်လျက်ရှိသည်။

တစ်ချိန်တည်းမှာပဲ ယဲ့ကယ်မှာလည်း ယောင်ယောင်ကို ကြည့်လိုက်ပြီး သူ၏ လက်မောင်းအိုးများကို ဝှေ့ယမ်းလျက် စိတ်ဝင်စားနေသော လေသံဖြင့် ပြောလိုက်သည် … “ညီမတော် အမှန်တိုင်းပြောရရင် ဆရာပိုင်က မင်းကိုမြင့်မားစွာ မျှော်မှန်းထားတာကို ငါနည်းနည်းလေး လက်မခံချင်ဘူး …”

“ဒီနေ့ ငါတို့ ဒီလိုတွေ့ဆုံဖြစ်မှတော့ မင်းရဲ့ မူလမှော်စာလုံးအပေါ် ကျွမ်းကျင်မှုက ဘယ်လောက် အံ့အားသင့်ဖို့ ကောင်းလဲဆိုတာ ငါ့ကို ပြသပေးနိုင်မလား”

ယောင်ယောင်၏ လှပသော မျက်နှာလေးမှာ မထုံတတ်သေးပင် ရှိနေခဲ့ပြီး အနည်းငယ်မျှ ခေါင်းညိတ်လိုက်သည်။

“သေချာပေါက် ရတာပေါ့”


Comment

Leave a Reply


Options

not work with dark mode
Reset