Switch Mode

အပိုင်း (၁၁၂၇)

နန်းတွင်းအကြံပေး၏ တပည့်များ

ရီဖူရှင်းက လုချွန်နှင့်အတူ တာလီကျောင်းတော်သို့ တစ်ဖန် ရောက်လာခဲ့သည်။ သူက တာလီ ကျောင်းတော်ထဲသို့ ဝင်သောအခါ လူအများအပြားက ဝိုင်းအုံ၍ လာကြည့်ကြ၏။ သတ္တမဓားနှင့် တိဟောက်တို့၏ တိုက်ပွဲတွင် သူသည် တာလီ၏ ရှန့်ထိုအဆင့်အောက်၌ နံပါတ်၁ ဖြစ်ကြောင်း သက်သေပြခဲ့၏။ ယခု နန်းတွင်းအကြံပေး တပည့် ဖြစ်လာခြင်းက လူအများ၏ စိတ်ဝင်စားမှုကို ရရှိပေသည်။

သူက တာလီကျောင်းတော်သို့ ဝင်လာသောအခါ လူအများအပြားက တီးတိုးပြောဆို ဆွေးနွေးကြ သော်လည်း ရီဖူရှင်းက ထိုအရာများအား အလေးမထားပေ။ လုချွန်က ရီဖူရှင်းအား ဦးဆောင်၍ ခေါ်ဆောင် လာခဲ့သည်။

သူတို့အား လူချို့က စောင့်ဆိုင်း နေခဲ့ကြသည်။ ရီဖူရှင်း ရောက်လာမည်ကို သူတို့ သိထားကြဟန် ရ၏။ နန်းတွင်းအကြံပေး၏ တပည့်အကြီးဆုံး ရန်ယွင်လည်း ထိုနေရာတွင် ရှိပေသည်။ ရန်ယွင်အပြင် တခြားလူများ အားလုံးမှာလည်း ထူးခြား ကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါများ ရှိကြ၏။

“အစ်ကိုကြီးတို့ကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက ပြောသည်။ သည်လူများမှာ တာလီနန်းတွင်း အကြံပေး၏ တပည့်များ ဖြစ်ကြောင်း ရီဖူရှင်း သိပေသည်။

“မင်းက ငါတို့အစ်ကိုကြီးကို သိမယ်လို့ ထင်တယ်။ အစ်ကိုကြီးဘေးက ကျုပ်တို့ အစ်ကို၂ ဖြစ်တဲ့ အစ်ကိုနန်ကျိုင်း၊ ဒါက အစ်ကို၃ဖြစ်တဲ့ အစ်ကိုမုချွန်းယန်၊ အစ်ကို၄ ဝမ်ကျုံး” လုချွန်က တစ်ဦးပြီးတစ်ဦး မိတ်ဆက် ပေးသည်။ လုချွန်ကား နံပါတ်၅ တပည့်ဖြစ်ကာ ယွင်ကျင်းကာ အငယ်ဆုံးဖြစ်သည်။ ယခုကား ရီဖူရှင်းသည် အငယ်ဆုံး ဖြစ်၏။

“ငါတို့ ညီလေးက တကယ်ပဲ ချောမော ခန့်ညားတာပဲ။ မိန်းကလေးတွေက မင်းကို သဘောကျကြမှာ သေချာတယ်” နန်ကျိုင်းက ပြုံးလျက် ပြောသည်။ နန်းတွင်း အကြံပေး၏ တပည့်များ အကြားတွင် ထူးဆန်းသည်ဟု ရီဖူရှင်းက ခံစားရသူမှာ နန်ကျိုင်းဖြစ်သည်။ သူကား ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဆွတ်နေကာ နန်းတွင်း အကြံပေးထက်ပင် အိုမင်းရင့်ရော်ပုံ ရနေသည်။ သူ၏မျက်လုံးများက သိပ်မကြီးမား သော်လည်း သူပြုံးလျက် ကွေးညွတ်သွားကာ အလွန်တရာ ကြည့်ကောင်း ပေသည်။

နှိုင်းယှဉ်ရလျှင် အစ်ကို၃ဖြစ်သော မုချွန်းယန်သည် ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါ ရှိပြီး သူ့နောက်ကျောတွင် ဓားကောက်တစ်ခုကို လွယ်ပိုးထားရာ သူသည် ဓားကောက် အသုံးပြုသူ ဖြစ်ကြောင်း သိသာစေသည်။

သူတို့၏ အစ်ကို၄ဖြစ်သော ဝမ်ကျုံးကား မျက်လုံးများ အလွန်စူးရှကာ ထည်ဝါသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူ၏အသက်မှာ ရီဖူရှင်းနှင့် အတူတူဟု ထင်ရသော်လည်း အမှန်တကယ်အားဖြင့် ပိုကြီးပေသည်။ ဝမ်ကျုံးကား ရှန့်ထိုအဆင့်၂တွင် ရှိသူဖြစ်၏။

အမှန်တကယ်အားဖြင့် လုချွန်သည် လမ်းတွင် ကတည်းက သူတို့အကြောင်းကို ပြောပြထားပြီး ဖြစ်သည်။ နန်းတွင်းအကြံပေး၏ တပည့်များ အားလုံးမှာ အလွန် အားကောင်း ကြပေသည်။ သူတို့၏ အစ်ကိုကြီး ရန်ယွင်နှင့် မုချွန်ယန်တို့သည် ရှန့်ထိုတတိယ အဆင့်တွင် ရှိကြကာ အစ်ကို၂ဖြစ်သော နန်ကျိုင်းသည်သာ ရှန့်ထိုဒုတိယအဆင့် ဖြစ်သည်။ သို့သော်လည်း သူက နန်းတွင်းအကြံပေး၏ တပည့် ဆောလျင်စွာ ဖြစ်ခဲ့ခြင်းက စီနီယာအဆင့်သို့ ရောက်စေခဲ့သည်။ ဝမ်ကျုံးသည်လည်း ဆိုခဲ့သည့်အတိုင်း ရှန့်ထိုအဆင့်၂ ဖြစ်သည်။ လုချွန်သည်သာ ရှန့််ထိုပထမအဆင့်၌ ရှိသည်။ သို့သော်လည်း သူသည် ရှန့်ထိုပထမအဆင့်၏ အမြင့်ဆုံးသို့ ရောက်နေကာ မည်သည့် အချိန်တွင်မဆို ဒုတိယအဆင့်သို့ တက်လှမ်း နိုင်ပေသည်။

ယွင်ကျင်း သေဆုံးသွားခဲ့ရာ နန်းတွင်း အကြံပေးတွင် တပည့်၅ယောက်သာ ကျန်ရစ်ခဲ့ပေသည်။ အားအနည်းဆုံး ဖြစ်သော လုချွန်သည်ပင် တာလီတွင် လျှမ်းလျှမ်းတောက် ကျော်ကြားပေသည်။ တာလီနန်းတွင်း အကြံပေး၏ တပည့် ဖြစ်ရခြင်းက မည်မျှ ကြီးမားသော ဂုဏ်သိက္ခာ ရှိသည်ကို ခန့်မှန်းနိုင်၏။

“စီနီယာအစ်ကို … ကျွန်‌တော်က ဓားပညာကလွဲပြီး ကျန်တာ စိတ်မဝင်စားပါဘူး” ရီဖူရှင်းက ပြန်ပြောသည်။ နန်ကျိုင်းကား သာမန် ပါရမီမျိုးသာ ရှိသော်လည်း ကောင်းမွန်သော နှလုံးသား ရင့်သန်မှု ရှိသည်ဟု ဆိုကြသည်။

“မင်းက ငါ့လို အာရုံများမနေဘဲ တစ်ခုတည်းမှာ စိတ်ဝင်စားတာ ကောင်းတယ်။ ဒါပေမဲ့ သိပ်လည်း အလျင်မလိုနဲ့။ မင်းရဲ့စီနီယာဖြစ်တဲ့ ငါအဆင့်တက်တာကို စောင့်ဖို့လည်း သတိရဦး” နန်ကျိုင်းက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက သူ၏ စကားကိုကြားလျှင် ဆွံ့အရသည်။ သည်အရာက အစ်ကိုကြီး တစ်ယောက် ပြောရမည့် စကားလား …။

“သူပြောတာတွေ နားထောင်မနေနဲ့။ တကယ်လို့ ပြဿနာ တစ်ခုခုနဲ့ကြုံရင် ဆရာကို သွားရှာပါ။ တကယ်လို့ နားမလည်တာ တစ်ခုခု ရှိရင်တော့ အစ်ကို၂ကို မေးလို့ရတယ်” မုချွန်ယန်က ပြောသည်။

“ကြည့်ရတာ ငါတို့ ညီ၃က ငါ့ကို တော်တော် ယုံကြည်တာပဲ” နန်ကျိုင်းက ပြုံးလျက် ပြောသည်။

“အစ်ကိုက ကျင့်ကြံတာမှာ ပါရမီ သိပ်မကောင်းပေမဲ့ လေတော့ တော်တော် ကောင်းတယ်” မုချွန်ယန်က ပြောသည်။

“အဟွတ် … အဟွတ် …” နန်ကျိုင်းက မုချွန်ယန်ကို ဒေါသတကြီး ကြည့်သည် … “မင်းအစ်ကိုကြီးကို မျက်နှာသာ နည်းနည်း ပေးပါဦးဟ”

“ကျွန်တော် သွားပြီ” ဝမ်ကျုံးက ပြောကာ ထွက်သွားသည်။ ရီဖူရှင်းက သူ့အား ကြည့်လျှင် နန်ကျိုင်းက ပြောသည် … “မင်းအစ်ကို၄က အဲအတိုင်းပဲ။ ခေါင်းထဲ မထည့်နဲ့”

“သတ္တမဓား …” ရန်ယွင်က ပြောသည် … “မင်းက ကျင့်ကြံတာမှာ နားမလည်တာရှိရင် မင်းအစ်ကို၂ဆီကို သွား။ တကယ်လို့ ရှန့်ထိုတစ်ပါးရဲ့ အသိကို ခံစားချင်တယ်ဆိုရင် မင်းအစ်ကို၃ဆီကို သွား၊ တကယ်လို့ အသေးအမွှား ကိစ္စရပ်တွေ ရှိတယ်ဆိုရင် လုချွန်ကို သွားရှာ။ တကယ်လို့ ဖြေရှင်းမရတဲ့ ကိစ္စဆိုရင် ငါ့ဆီကို လာခဲ့”

“နားလည်ပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ လုချွန်က မည်မျှ ကျော်ကြားသည် ဖြစ်စေ သူကား တပည့် အငယ်ဆုံးထဲမှ တစ်ယောက်ဖြစ်သည်။ ထိုအရာက ရီဖူရှင်းအား ကော့တေးကို သတိရစေသည်။ ထိုစဉ်က သူသည် မည်မျှ ပါရမီ ကောင်းမွန်သည် ဆိုသော်လည်း အစ်ကို အစ်မများအကြား အငယ်ဆုံးဖြစ်ကာ အားလုံး၏ ဂရုစိုက်ခြင်းကို ခံရသည်။ တာလီကို ရောက်ပြီး သူက ရင်းနှီးသော ခံစားချက်အား ပြန်တွေ့ရမည်ဟု မထင်မှတ်ထားခဲ့ပေ။

“လီကျွမ်းနဲ့ ကိစ္စတုန်းက ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” ရီဖူရှင်းက ပြောသည်။

“လီကျွမ်းက မင်ကို ရွေးခဲ့တာ တခြား အကြံအစည်တွေ ရှိတယ်။ အနာဂတ်မှာ သူက မင်းကို ထပ်နှောင့်ယှက်ရင် ညှာတာနေဖို့ မလိုဘူး။ သတ်တော့ မသတ်နဲ့” ယန်ယွင်က ပြောသည်။

“နားလည်ပါပြီ” ထို့နောက် ရီဖူရှင်းက တာလီကျောင်းတော်၏ စာကြည့်တိုက်သို့ ထွက်ခွာ လာခဲ့သည်။

တာလီကျောင်းတော်၏ စာကြည့်တိုက်ကား တာလီတွင် စာပေကျမ်းဂန်နှင့် ပတ်သက်၍ အကြွယ်ဝဆုံးသော နေရာတစ်ခုလည်း ဖြစ်သည်။ အမျိုးမျိုး အစားစားသော ပညာရပ်များနှင့် အသိပညာ ဗဟုသုတများကို ရှာဖွေ ဖတ်ရှုနိုင်ပေသည်။

တာလီကျောင်းတော်သည် နန်းတော်၏ အထောက်အပံ့ အပြည့်အဝကို ရရှိထားကာ ကျောင်းတော်ကို တည်ထောင်ကတည်းက နန်းတွင်း စာကြည့်တိုက်မှ လျှို့ဝှက်နက်နဲသော ပညာရပ်များစွာကို ကူးယူကာ တာလီကျောင်းတော် စာကြည့်တိုက်၌ ထားစေခဲ့သည်။ မရေမတွက်နိုင်သော စွမ်းအားမြင့် ပညာရပ်များမှာ အမှန်တကယ် နန်းတွင်းထဲမှ လက်ဆင့်ကမ်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တာလီကျောင်းတော်၏ တပည့်တိုင်းက စာကြည့်တိုက် တစ်ခုလုံးကို ဝင်ထွက်ခွင့်ရသည် မဟုတ်ပေ။ တပည့် တစ်ယောက်စီတိုင်းတွင် စာကြည့်တိုက်ဝင်ခွင့် အဆင့်သတ်မှတ်ချက် ရှိကာ လေ့လာခွင့်ရသော ကျမ်းစာများမှာလည်း အကန့်အသတ် ရှိပေသည်။ သို့သော်လည်း ရီဖူရှင်းသည်ကား နန်းတွင်းအကြံပေး၏ တပည့် ဖြစ်ကြောင်းကြောင့် စာကြည့်တိုက်၏ အဆင့်တိုင်းကို တံခါးမရှိ ဓားမရှိ ဝင်ထွက် နိုင်ပေသည်။

အကယ်၍ နန်းတွင်း အကြံပေးသည်သာ အင်ပါယာလီဘုံတွင် အင်ပါယာပြီးလျှင် အမြင့်ဆုံး အဆင့်အတန်းအား ပိုင်ဆိုင်သည် ဆိုပါက နန်းတွင်းအကြံပေး၏ တပည့်သည်လည်း မင်းသား မင်းသမီးများနှင့် သိပ်မကွာသော အဆင့်အတန်းအား ပိုင်ဆိုင်ပေသည်။ အချို့မင်းသား၊ မင်းသမီးများကား နန်းတွင်းကြံပေး၏ တပည့်များလောက်ပင် မြင့်မားသော အဆင့်အတန်း မရှိကြပေ။

ဥပမာ လီကျွမ်းသည် မင်းသားကြီး၏ မြေးဖြစ်သော်လည်း သူသည် လုချွန်လောက် အဆင့်အတန်း မမြင့်ပေ။

တာလီကျောင်းတော် စာကြည့်တိုက်ကား ၁၈လွှာ ရှိပေသည်။ ရီဖူရှင်းက စာကြည့်တိုက်သော ရောက်သောအခါ ကျောင်းတော်သား အများအပြားသည် ကိုယ်စီ စာအုပ် စာပေများအား ဖတ်ရှုလေ့လာ နေသည်ကိုမြင်၏။

“သတ္တမဓား …” အချို့က ရီဖူရှင်းအား မြန်ဆန်စွာ သတိထားမိကြသည်။ လူအများအပြားက ဖတ်လက်စ စာအုပ်များမှ မျက်လုံးများကို ခွာကာ ရီဖူရှင်းကို ကြည့်ကြသည်။ သတ္တမဓားကား လက်ရှိတွင် တာလီပြည်ထောင်၏ နံပါတ်၁ဖြစ်သည်။

“သတ္တမဓား … တိဟောက်က ဘယ်လောက် အားကောင်းလဲ” လှပသော မိန်းကလေး တစ်ယောက်က ရီဖူရှင်းအား ပြုံးလျက်မေးသည်။ ရီဖူရှင်းက သူမအား တစ်ချက်ကြည့်ကာ အရေးပင်မလုပ်ဘဲ တစ်ဖက်သို့ လှည့်သွားသည်။

ထိုနေရာကား ချက်ချင်းပင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ လူအများအပြားက တီးတိုးပြောဆိုကာ သတ္တမဓားသည် ကောလာဟလများအတိုင်း အလွန်တရာ မောက်မာသည်ကို လက်ခံကြရ၏။ သို့သော်လည်း သူတို့က ထူးဆန်းသည် ဟုတော့ မခံစားကြရပေ။ သူကား တာလီပြည်ထောင်၏ နံပါတ်၁ ဖြစ်သည်။ သူ့တွင် ထိုသို့ မောက်မာရန် အခွင့်အရေး ရှိ၏။

“တော်တော် အေးစက်တာပဲ” ထိုမိန်းကလေးက ပြုံးလျက် ပြောသည်။ သတ္တမဓားကား အလွန်တရာ ချောမော ခန့်ညားကာ သူ့မျက်လုံးများသည် ဆွဲငင်ညှို့ယူနိုင်စွမ်း ရှိသည်။ သူကား အမှန်ပင် ရှားပါးသော ပါရမီရှင်ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset