အပိုင်း (၁၁၂၆)

နန်းတွင်းအကြံပေး အိမ်တော်သို့ ဝင်ခြင်း ၂

ရီဖူရှင်းက သူ့အား ကြည့်ကာ စဉ်းစားသည်။ သူကား လက်ရှိတွင် ရှန့်ထိုတစ်ဝက်သို့ ရောက်နေပြီဖြစ်ကာ လောကဓာတ်များနှင့် ပတ်သက်၍ ပိုမို သိမြင်နားလည်ရန် လိုပေသေးသည်။ ထို့အပြင် မှန်ကန်သော စိတ်နှလုံးသားကိုလည်း တွေ့ရှိရန် လိုနေ၏။ လက်ရှိတွင် သူ့အား စွမ်းအားမြင့် တန်ခိုးရှင်များကလည်း သိပ်အကူအညီ မဖြစ်ပေ။

လက်ရှိတွင် တစ်ခုတည်းသော နည်းလမ်းမှာ မိမိကိုယ်ကို အားကိုးကာ လေ့ကျင့်ရန် ဖြစ်သည်။

“ကျွန်တော်က တာလီရဲ့ ဓားပညာနဲ့ပတ်သက်တဲ့ ကျမ်းစာတွေကို ဖတ်ချင်ပါတယ်” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ” နန်းတွင်းအကြံပေးက တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူသည် … “မင်းက တာလီကျောင်းတော်ကို သွားတဲ့အခါ မင်းရဲ့ စီနီယာအစ်ကိုတွေကိုလည်း ဝင်ပြီး နှုတ်ဆက်ရမယ်။ တာလီမှာ ကျမ်းစာတွေ မရေမတွက်နိုင်အောင် ရှိပြီးတော့ ဓားပညာနဲ့ ပတ်သက်ပြီးတော့လည်း စုံစုံလင်လင် တွေ့နိုင်တယ်။ မင်းက ဓာတ်စွမ်းအား မျိုးစုံကို လေ့ကျင့်နိုင်တော့ ဒါက မင်းအတွက် အများကြီး အကျိုးရှိလိမ့်မယ်”

“နားလည်ပါပြီ …” ရီဖူရှင်းက ဦးညွှတ်သည်။ တာလီကျောင်းတော်၏ စာကြည့်တိုက်တွင် များစွာသော အဆင့်မြင့် ပညာရပ်များ ရှိပေလိမ့်မည်။

“တာလီကျောင်းတော်ကို ရောက်တဲ့အခါ မင်းရဲ့စီနီယာ အစ်ကိုတွေဆီ သွားလည်လိုက်ပါ” နန်းတွင်း အကြံပေးက ထပ်မံ၍ သတိပေးသည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ နန်းတွင်း အကြံပေးကား တာလီကျောင်းတော်၏ ကျောင်းအုပ်ဖြစ်ရာ သူ့တပည့်များက တာလီကျောင်းတော်တွင် သင်ယူကြရသည်မှာ သဘာဝကျပေသည်။

ထို့အပြင် သူတို့အားလုံးမှာ မူလကတည်းက တာလီကျောင်းတော်၏ တပည့်များ ဖြစ်ကြ၏။ ရီဖူရှင်း တစ်ယောက်သာ ခြွင်းချက်ဖြစ်သည်။

ထို့ကြောင့်ပင် နန်းတွင်းအကြံပေးက ဒွန်ချန်းကို သူ့တပည့်အဖြစ် လက်ခံမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြခြင်း ဖြစ်သည်။

“မင်းတို့ သွားလို့ရပြီ … လုချွန်က မင်းနေရမယ့်နေရာသို့ ခေါ်သွားလိမ့်မယ်” နန်းတွင်းအကြံပေးက ပြောသည်။

“ဟုတ်ကဲ့ ဆရာ” လုချွန်နှင့် ရီဖူရှင်းတို့ အတူတူ ထွက်ခွာ သွားကြသည်။ လုချွန်က နန်းတွင်းအကြံပေး၏ အိမ်တော်ထဲတွင်ပင် သီးသန့်နေရာတစ်ခု စီစဉ်ပေးသည်။

“ညီလေး …” လုချွန်က သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ကာ ရီဖူရှင်းကို ကမ်းပေးသည်။

“ဒါ ဘာများလဲ” ရီဖူရှင်းက မေးသည်။

“ဓားလမ်းစဉ်ရဲ့ သလင်းကျောက်တွေ … ဓာတ်မျိုးစုံပါတယ်။ ဒါက သိပ်မများပေမဲ့ ဓားပညာကို လေ့ကျင့်ရာမှာတော့ အထောက်အကူ ဖြစ်လိမ့်မယ်” လုချွန်က ပြုံးလျက် ပြောသည်။

“ကျွန်တော် ယူလို့ မဖြစ်ဘူး” ရီဖူရှင်းက ပြောသည်။

“ဒါက ဆရာ့ရဲ့ လက်ဆောင်ပဲ” လုချွန်က ထိုသို့ပြောလျှင် ရီဖူရှင်းလည်း ငြင်းဆန်ခြင်း မပြုတော့။

“စောစော နားလိုက်ပါ။ မနက်ဖြန် ငါတို့ တာလီကျောင်းတော်ကို သွားကြမယ်။ နန်တွင်းအကြံပေးရဲ့ တပည့်ဖြစ်တယ် ဆိုပေမဲ့ မင်းအတွက် အထူးတလေ တာဝန်ယူစရာ ဘာမှ မရှိဘူး။ ဒီမှာပဲ အေးအေးဆေးဆေး လေ့ကျင့်နေပြီးတော့ ရှန့်ထိုအဆင့်သို့ တက်ဖို့ပဲ ကြိုးစား” လုချွန်က ပြုံးလျက်ပြောသည်။

“ဟုတ်ကဲ့ …” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် … “ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

“ဒါက ဘာမှ မဟုတ်ပါဘူး” လုချွန်က ထပ်ပြောသည် … “ငါတို့ရဲ့ ဂျူနီယာညီလေး တစ်ယောက်က ဒီမှာ နေဖူးတယ်။ သူနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေတောင်မှ ကျန်နေတုန်းပဲ။ အဲဒါတွေ စိတ်ထဲမထားပါနဲ့”

“ဒါဆို ဘာလို့ ကျွန်တော့်ကို ဒီမှာ နေခွင့်ပေးတာလဲ” ရီဖူရှင်းက မေးသည်။

“သူ တိုက်ပွဲမှာ သေဆုံးသွားတယ်” လုချွန်က သက်ပြင်းချသည်။

ရီဖူရှင်းက လုချွန် စိတ်မကောင်း ဖြစ်သွားသည်ကို ခံစားမိကာ ပြောသည် … “ကျွန်တော် စိတ်မကောင်းပါဘူး”

“သူက ငါတို့ဆီကို ရောက်တာ မကြာသေးသလို သူ့အနာဂတ်ကလည်း ကောင်းမွန်နေတယ်” လုချွန်က ခေါင်းယမ်းကာ ပြောသည် … “ငါတို့က အနှေးနဲ့အမြန် စာရင်းရှင်းရမှာပဲ”

ထိုသို့ ပြောကာ လုချွန် ထွက်သွားသည်။

ရီဖူရှင်းက မည်သို့တွေးရမည် မသိပေ။ ယွင်ကျင်းကာ သူ့လက်ထဲတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယခုသူသည် ယွင်ကျင်း နေထိုင်ရာနေရာ၌ နေထိုင်ရန် စီစဉ်ပေးခံရသည်။

“နန်းတွင်းအကြံပေးနဲ့ လုချွန် …” ရီဖူရှင်း မိမိကိုယ်ကို ရေရွတ်သည်။ နန်းတွင်းအကြံပေးသည် မိမိ၏ဆိုစကားကို သဘောတူ လက်ခံခြင်းမှာ သူနားမလည်သောကိစ္စ ဖြစ်သည်။

သူက မျှော်စင်ရှေ့တွင်ပင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးကို မှိတ်လိုက်သော်လည်း သူ၏စိတ်မှာ အနေမထိုင်ပါ။

သူက တာလီ၏ ဗဟိုချက်မသို့ အချိန်တိုအတွင်း ရောက်လာခဲ့ကာ လီယောင်ကို သတ်ဖြတ်နိုင်ပြီ ဖြစ်သည်။

လက်ရှိ သူ၏ အဆင့်အတန်းဖြင့် ဆိုပါက လီယောင်နှင့် တွေ့ဆုံခြင်းက သိပ်မခက်ခဲ။ သို့သော် လီယောင်အား သတ်ပြီးလျှင် သူက မည်သို့ လွတ်မြောက်အောင် လုပ်မည်နည်း။

ရီဖူရှင်းက တစ်နေကုန် တွေးသော်လည်း ထိုအဖြေအား ရမလာခဲ့ပေ။

တာလီနန်းမြိုတော်မှာလည်း နန်းတွင်းအကြံပေး၏ တပည့် လက်ခံခြင်းကြောင့် ရီဖူရှင်းကဲ့သို့ပင် မငြိမ်မသက် ဖြစ်နေကြသည်။ ထို့အတူ သတ္တမဓားနှင့် တိဟောက်တို့၏ တိုက်ပွဲကလည်း ကြီးစွာ လှုပ်ခတ်ခဲ့ပေသည်။

ယနေ့မှစ၍ သတ္တမဓား၏ နာမည်ကို မသိသူ ရှိတော့မည် မဟုတ်ပေ။

လုချွန်သည် ထိုင်ကာ လေ့ကျင့်နေသော နန်းတွင်း အကြံပေးထံသို့ ပြန်ရောက်လာခဲ့သည်။ နန်းတွင်း အကြံပေးက သူ့အား မြင်လျှင် ပြောသည် … “ဘာဖြစ်လို့လဲ လုချွန်”

“ဆရာ … ညီလေးနဲ့ တိဟောက်တို့ရဲ့ တိုက်ပွဲမှာ သူ့ရဲ့ ကြီးမားတဲ့ စွမ်းရည်က ထိတ်လန့်စရာ ကောင်းတယ်” လုချွန်က ပြောသည်။

“အဲဒါ ဘာဖြစ်လို့လဲ” နန်းတွင်း အကြံပေးက မေးသည်။

“အောက်ဘုံမှာ သွားပြီးတော့ စစ်ဆေးဖို့လိုမလား ဆရာ” လုချွန်က မေးသည်။

“မလိုဘူး” နန်းတွင်းအကြံပေးက ပြောသည် … “လုချွန် … ငါက တပည့် တစ်ယောက်ကို လက်ခံလိုက်ပြီးရင် သူဟာ မင်းရဲ့ ဂျူနီယာ ဖြစ်သွားပြီ။ သူ့အတိတ်ကိုဖြစ်စေ၊ အနာဂတ်ကိုဖြစ်စေ ဂရုစိုက်နေဖို့ မလိုဘူး”

“ကျွန်တော် နားလည်ပါပြီ” လုချွန်က ဦးညွှတ်ကာ ထွက်သွားသည်။

သူက အောက်ဘုံသို့ သွားရောက်လျှင်ပင် မည်သည့်နေရာက ထွက်မှာမှန်း မသိသော လူတစ်ယောက်၏ ဇာစ်မြစ်အား တူးဖော်ရန် လွယ်ကူမည် မဟုတ်ပါ။

လုချွန် ထွက်သွားလျှင် နန်းတွင်းအကြံပေးက ကောင်းကင်ကို ကြည့်သည်။ ညသည် ကြယ်ရောင်စုံများဖြင့် လင်းလက်နေ၏။ သူ့မျက်လုံးများက ကြယ်တာရာများကို ထွင်းဖောက် မြင်နိုင်သည့်အလား စူးရှစွာဖြင့် ကြည့်သည်။

အင်ပါယာရှား နန်းတော်တွင် ရှားရှင်းယွန်သည် ရီဖူရှင်းက နန်းတွင်းအကြံပေး၏ တပည့် ဖြစ်သွားသည့် သတင်းအား ကြားသိရကာ သိမ်းငှက်နက်ကို နောက်တစ်ကြိမ် ရိုက်နှက်ပြန်သည်။

သိမ်းငှက်နက်ကား မျက်ရည်များ တသွင်သွင် စီးကျကာ သူ၏ကောင်းမွန်သော နေ့ရက်များကို သတိရ တမ်းတ နေလေတော့သည်။

ရီဖူရှင်းကား အင်ပါယာရှားဘုံ၏ အဝေးသို့ ရောက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ များစွာ ဖြစ်ပျက်ခဲ့သော်လည်း ရီဖူရှင်းကိုကား အစအနမျှပင် မတွေ့ကြရတော့ပေ။

အင်ပါယာရှားဘုံမှ ရှောင်ကလန်တွင် ရှောင်ရှမ်းသည် သူ့အဖေ ရှောင်ချိန်ဟေးထံသို့ ရောက်လာသည်။ ရှောင်ရှမ်းကား အင်ပါယာ ရှားနန်းတော်သို့ ဝင်ခွင့် ပိတ်ခံထားရ၏။ ထို့အတူ ရှောင်ကလန်အတွင်း သူ၏ အဆင့်အတန်းမှာလည်း လွန်စွာ နိမ့်ကျနေခဲ့သည်။ သူကား ကလန်၏ အနာဂတ်ခေါင်းဆောင် မဖြစ်နိုင်တော့ပေ။

ရှောင်ရှမ်းသည် ကလန်အတွင်း ခွဲခြား ဆက်ဆံခံရမှုများကို ကြုံလာခဲ့ရရာ ထိုအဖြစ်က သူ့အား ကျင့်ကြံခြင်း၌ ပိုအားစိုက်စေခဲ့သည်။ သူက ရှောင်ကလန်ကို ရှန့်ထိုအဆင့်သို့ တက်လှမ်းကာ သူ၏တန်ဖိုးအား သက်သေပြပေမည်။ သို့သော်လည်း သူက ရှန့်ထိုတစ်ဝက် ဖြစ်နေသည့်တိုင် နောက်ဆုံး အတားအဆီးအား ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။

ယနေ့တွင် သူက သူ့အဖေ ရှောင်ချိန်ဟေးထံသို့ ရောက်လာခဲ့သည် … “အဖေ …”

ရှောင်ချိန်ဟေးက သူ့သားအား ကြည့်ကာ သက်ပြင်းချသည်။ ရှောင်ရှမ်းကား သူ့သားများထဲတွင် ပါရမီ အမြင့်ဆုံးဖြစ်သည်။

“မင်းက သီးသန့်တံခါး ပိတ်ပြီး မလေ့ကျင့်သေးဘူးလား” ရှောင်ချိန်ဟေးက မေးသည်။

“တိမ်တိုက်တောင်ကြားက လူတွေ ကလန်သို့ ရောက်လာကြတယ်လို့ ကျွန်တော် ကြားတယ်။ သူတို့က ကုန်းစွန်းနီကိစ္စနဲ့ ရောက်လာကြတာလား” ရှောင်ရှမ်းက မေးသည်။

ရှောင်ချိန်ဟေးက သူ့အား ကြည့်ကာ ခေါင်းညိတ်သည် … “တိမ်တိုက်တောင်ကြားက လက်ထပ်ပွဲကိစ္စကို ပြန်စဉ်းစားဖို့ လာပြောကြတယ်”

ရှောင်ရှမ်းက ဘာမှ မပြောတော့။ သူက ထိုသို့ဖြစ်လာမည်ကို ကြိုခန့်မှန်းထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် တိမ်တိုက် တောင်ကြားက မိမိအား လက်ခံစရာ အကြောင်း မရှိပေ။

“အင်ပါယာရှားဘုံမှာ ကိစ္စတွေ အများကြီး ဖြစ်ပွားခဲ့တယ်။ ဒါပေမဲ့ ရီဖူရှင်းကိုတော့ ဘယ်မှာမှ မတွေ့ရဘူး။ တချို့က သူဟာ ရှန့်ထိုအဆင့်သို့ တက်ဖို့ သီးသန့် လေ့ကျင့်နေတယ်လို့ ပြောကြတယ်။ ရီဖူရှင်းက နန်းတော်မှာပဲ ရှိနေတာလား မသိဘူး” ရှောင်ရှမ်းက မေးသည်။

“ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့” ရှောင်ချိန်ဟေးက ဖြေသည်။

“မင်းသမီးက ရီဖူရှင်းရဲ့သားရဲကို နန်းတော်သို့ ဆင့်ခေါ် ထားတယ်လို့ ကြားတယ်။ သားရဲက ရီဖူရှင်းနဲ့အတူ နန်းတော်မှာ လေ့ကျင့် နေတာလား” ရှောင်ရှမ်းက မေးသည်။

“မင်း ဘာကို ဆိုလိုတာလဲ” ရှောင်ချိန်ဟေးက မေးသည်။

“ရီဖူရှင်းက သူ့သားရဲနဲ့ အဝေးကနေ ဆက်သွယ်နိုင်တယ်။ သူ့သားရဲကို မင်းသမီးက နန်းတော်ကို ခေါ်ထားတယ်ဆိုရင် ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်” ရှောင်ရှမ်း၏ အမူအရာက အလွန်တရာ ထက်ရှသွားသည် … “ရီဖူရှင်းက အရမ်း အန္တရာယ်များတဲ့ တစ်နေရာမှာပဲ။ ဒါကြောင့် မင်းသမီးက ရီဖူရှင်းရဲ့ လှုပ်ရှားမှုတွေကို သိဖို့လိုနေတာ။ အဖေ … သူ ဘယ်ကို သွားတယ်လို့ ထင်လဲ”

“နောက်ဆုံး တစ်ခေါက်က ဖြစ်ခဲ့တာကို မင်းက သင်ခန်းစာယူဖို့ ငါမျှော်လင့်တယ်” ရှောင်ချိန်ဟေးက သူ့အား သတိပေးသည်။ သူ့သားက မဟုတ်မမှန်သည့်အရာ တစ်ခုခု လုပ်တော့မည်ဟု သူခံစားရသည်။

“စိတ်ချပါ အဖေ … ကျွန်တော် နားလည်ပါတယ်” ရှောင်ရှမ်းက ခေါင်းညိတ်ကာ ပြောသည် … “ကျွန်တော် ပြန်တော့မယ်” သူက ထိုသို့ ပြောကာ ထွက်သွားသည်။ သူကလည်း စဉ်းစားနေသည် … ရီဖူရှင်း မည်သည့်နေရာတွင် ရှိသနည်း။

သူက နောက်လှည့် လိုက်သောအခါ ရှောင်ရှမ်း၏ မျက်နှာမှာ အလွန်တရာ အေးစက်နေသည်။ အချို့သော ကိစ္စရပ်များမှာ အလွယ်တကူ စစ်ဆေး သိမြင်နိုင်ပေသည်။

ရီဖူရှင်းက အင်ပါယာရှားဘုံတွင် ရှိနေသေးသလား သူသိလိုသည်။ မဟုတ်လျှင် သူက မည်သည့်အချိန်တွင် ပြန်လာမည်နည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset