မူလရေကန်ကြီးမှာ မျက်စိဖြင့်ပင် အစအဆုံး မမြင်နိုင်အောင် ကျယ်ဝန်းလှပြီး မသဲကွဲသော မြူခိုးများက လူတစ်ယောက်ကို လမ်းပျောက်သွားစေရန် လုံလောက်ပေသည်။
မူလရေကန်၏ တစ်နေရာ။
အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က ရေကန်၏ မျက်နှာပြင်ထက်တွင် ဖြည်းညင်းစွာ လမ်းလျှောက်လျက်ရှိသည်။ သူ၏ အမူအရာမှာ နက်ရှိုင်းသော ရေကန်တစ်ခုလို တည်ငြိမ်နေပေသည်။ အချိန်အတော်ကြာပြီး နောက်တွင် သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် ရေကန်၏ အောက်ခြေသို့ တိုင်အောင် ငုံကြည့်လိုက်သည်။
အနက်ရှိုင်းဆုံး အနက်တစ်နေရာတွင် ဖြည်းညင်းစွာ ကူးခပ်နေသော ကြီးမားသော အနက်ရောင် အရိပ်ကြီးကို သူမြင်တွေ့ လိုက်ရပေသည်။
“နောက်ဆုံးတော့ မင်းပေါ်လာခဲ့ပြီပေါ့ …” ထိုအနက်ရောင် ဝတ်စုံနှင့်လူငယ်အား ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်တွင် ဒုတိယဖြစ်သော ခုန်းစိန်ဖြစ်သည်။ သူ၏ အနက်ရောင်ကျောက်တုံးနှင့် တူညီသော မျက်ဝန်းများဖြင့် ရေကန်၏ အနက်ရှိုင်းဆုံးသော နေရာတွင် ကူးခပ်နေသော ကြီးမားလှသည့် အနက်ရောင် ပုံရိပ်ကြီးကို စိုက်ကြည့်နေခဲ့သည်။
ထိုအနက်ရောင် အရိပ်ကြီးမှာ သူ၏ အိပ်မက်ထဲတွင်ပင် လိုလား တောင်းတခဲ့ရသည့် ပေတစ်ထောင် ရေနေသားရဲကြီးပင် ဖြစ်သည်။
ခုန်းစိန်မှာ ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီးနောက် သူ၏ မျက်လုံးအစုံကို မှိတ်လိုက်ကာ အေးစက်စက်ရေထဲသို့ ရောက်ရှိ သွားခဲ့တော့သည်။ စွမ်းအားပြည့်ဝလှသော မူလချီများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ် လာခဲ့တော့သည်။
မူလချီများသည် အနက်ရောင် အလင်းများအသွင်ဖြင့် ရေထဲသို့ ဝင်ရောက်သွားခဲ့သည်။
အနက်ရောင် မူလချီ အလင်းတန်းများသည် တဖြည်းဖြည်းနှင့် ကြီးမားသော အရိပ်ကြီး၏ အထက်တွင် စုဝေးကာ ကြီးမားသော အနက်ရောင် ဓားတစ်ချောင်းအဖြစ် ဖြစ်တည် လာခဲ့တော့သည်။ အလွန်အမင်း ထက်ရှသော ဓားချီများကလည်း ထိုဓားထံမှ ထွက်ပေါ်လာခဲ့သည်။
ဝှစ် …
ဓားမှာ ဆင်းသက်လာခဲ့ပြီး အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပေတစ်ထောင် ရှည်လျားသော ရေနေသားရဲ၏ ခန္ဓာကိုယ်ကို ထိုးစိုက်သွားတော့သည်။
ဟောင်း …
ဝမ်းနည်းဖွယ် ကောင်းသော အော်မြည်သံကြီးက ရေထဲတွင် ပေါက်ကွဲထွက်လာခဲ့ပြီး ပေတစ်ထောင်မျှ မြင့်မားသော လှိုင်းလုံးကြီးများ ထိုးတက်လာခဲ့သည်။ ရုတ်တရက် တိုက်ခိုက်ခံရသော်လည်း ရေနေသားရဲကြီးမှာ မည်သည့် တန်ပြန် တိုက်ခိုက်မှုကိုမျှ မပြုလုပ်ပေ။ ထိုအစား သူ၏ အမြီးကြီးကို ခါယမ်းကာ အဝေးသို့ မည်သူမှ မယှဉ်သာနိုင်သော အလင်းကဲ့သို့ အမြန်နှုန်းဖြင့် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
မူလရေကန်ထဲမှ ရေနေသားရဲများကို အမဲလိုက်ရာတွင် အခက်ခဲဆုံးသော အပိုင်းမှာ သူတို့အား ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းတို့ပင် ဖြစ်သည်။
ရေကန်ထဲတွင် ရေနေသားရဲများက အမြဲတစေ ပုန်းအောင်းနေခြင်းက သူတို့အား ရှာဖွေရ ခက်ခဲစေပြီး သူတို့သာ ထွက်ပြေးဖို့ ရွေးချယ်သွားခဲ့လျှင် သူတို့အား ဖမ်းဆီးရန်မှာ မဖြစ်နိုင်သလောက်ပေ။
ခုန်းစိန်၏ အနက်ရောင် မျက်လုံးများမှာ ဓားဖျားနှင့် ဆင်တူပြီး ရေထဲတွင် လွယ်ကူစွာ ပြေးလွားနေသော လွတ်မြောက်သွားသည့် ပုံရိပ်အား မလွတ်တမ်း လိုက်ကြည့်နေခဲ့သည်။ သူက အထိတ်တလန့် ဖြစ်ခြင်းမရှိဘဲ အတွေးတစ်ချက်ကိုသာ ပို့လွှတ်လိုက်သည်။
အနက်ရောင်ဓားကြီးမှာ နောက်တစ်ကြိမ် ပြန်လည်ကာ ပေတစ်ထောင် ရေနေသားရဲကြီး ကူးခပ်နေသည့် လမ်းကြောင်းတွင် ပြိုင်ဘက်ကင်းသော ဓားချီများ ထုတ်လွင့်လျက် ပေါ်လာခဲ့သည်။
ရေနေသားရဲကြီးမှာ ဓားချီများကို ခံစားမိသည်နှင့် သူ၏ ဦးတည်ရာကို ပြောင်းလဲလိုက်သည်။
ထိုသို့ အကြိမ်များစွာ ပြုလုပ်လျက် ထွက်ပြေးရုံကလွဲ၍ အသိဉာဏ်မရှိသော သားရဲကြီးကို ဦးတည်ရာ တစ်ဖက်သို့ ပြေးအောင် ခုန်းစိန် လုပ်နိုင်ခဲ့ပေသည် …
ခုန်းစိန်မှာ လှိုင်းများကို ဖြတ်သန်းလျက် လမ်းလျှောက်လာခဲ့ပြီး သူ၏ ခြေလှမ်းမှာ နှေးကွေးနေပြီး အလျင်လိုခြင်း မရှိပေ။ သို့သော်လည်း သူ၏ ပုံရိပ်မှာ တစ္ဆေအလားပင် အသက်ရှိုက်စာ အနည်းအငယ်အတွင်း ပေတစ်ရာအကွာတွင် ပြန်ပြန် ပေါ်လာတတ်သည်။
သူလိုက်ဖမ်းနေသည်မှာ တစ်ခဏသာ ကြာမြင့်ပေသေးသည်။
ခုန်းစိန်၏ မျက်လုံးအစုံမှာ ရုတ်တရက် ထက်ရှသွားပြီး အော်ပြောလိုက်သည် “ယဲ့ကယ် … ပိုက်ကွန်ကို ပိတ်လိုက်တော့”
ရေထဲရှိ အနည်းငယ် ကွာဝေးသော အရှေ့တစ်နေရာတွင် ယဲ့ကယ်မှာ သူ၏မူလချီပေါ်၌ ပျံဝဲ၍ နေလေသည်။ သူက လျင်မြန်စွာ ပေါ်လာသည့် ကြီးမားလှသည့် အနက်ရောင် အရိပ်ကြီးကို ကြည့်ပြီး အင်္ကျီလက်မောင်းအိုးများကို ဖွင့်လိုက်ပြီး အော်လိုက်သည် “အစီအရင် နိုးထစမ်း”
ဘန်း…ဘန်း
သူ၏ အော်သံထွက်လာသည်နှင့် တပြိုင်နက် ရေထဲတွင် ပေတစ်သောင်း အချင်းဝက်ရှိသည့် နေရာတစ်ခုလုံးမှာ ဆူပွက်လာခဲ့သည်။ မရေမတွက်နိုင်သော မူလချီများ အလင်းတန်းများမှာ ရေထဲမှ ထွက်ပေါ်လာခဲ့ပြီးနောက် တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားပြီး ကြီးမားသော အလင်းပိုက်ကွန်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော မူလမှော်စာလုံးများမှာ ပိုက်ကွန်အတွင်းတွင် စီးဆင်းနေခဲ့ပြီး ပတ်ဝန်းကျင်ရှိ မူလချီများကို အဆက်မပြန် စုပ်ယူနေခဲ့ပေသည်။
ထန် …
ကြီးမားလှသော ပေတစ်ထောင် ရေနေသားရဲကြီးမှာ ထိုထဲသို့ ရောက်ရှိလာခဲ့ပြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ပိုက်ကွန်အား ဝင်တိုးကာ ထောင့်တစ်ခုကို ထိတ်လန့်ဖွယ် ကောင်းစွာ ဝင်တိုးနေခဲ့သည်။ သို့သော်လည်း ပိုက်ကွန်မှာ အလွန်အမင်း ခိုင်ခံ့လှပြီး ပေတစ်ထောင်သားရဲ၏ အစွမ်းများမှာ ပျက်ပြယ်သွားကာ အနောက်သို့ ပြန်လည် လွင့်စဉ်သွားခဲ့သည်။
ပိုက်ကွန်တစ်ခုလုံးမှာ လုံးဝကို ပိတ်လှောင်သွားခဲ့ပြီး ရေနေသားရဲကြီး ထွက်ပြေးနိုင်မည့် လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်ပေသည်။
“အောင်မြင်ပြီ” ယဲ့ကယ်က ရေကန်၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အသာအယာ ပြုံးကာ “ဒီကောင်ကြီး ထပ်ပြီးတော့ မလွတ်မြောက်နိုင်တော့ဘူး”
ခုန်းစိန်မှာ သူ၏လက်နှစ်ဖက်ကို ညင်သာစွာ ပွတ်နေရင်းမှ ချီးကျူးလိုက်သည် … “မျှော်လင့်ထားတဲ့ အတိုင်းပဲ သူတော်စင်မှော်စာလုံး တောင်ထွတ်က အရွေးချယ်ခံက မူလမှော်စာလုံး ကျွမ်းကျင်မှုမှာ ပြိုင်ဘက်ကင်းပါပေတယ်”
“ရေနေသားရဲကို သတ်ဖို့ကတော့ ကျွန်တော့်အတွက် ချန်ပေးပါ”
ရေအောက်ထဲတွင် အပြင်းအထန် ရုန်းကန်နေသည့် ရေသားရဲကြီးကို ကြည့်ရင်း ခုန်းစိန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ရေနေသားရဲကြီးမှာ မျှော်လင့်ချက် မရှိတော့ပေ။
ထိုအကောင်ကြီး၏ မူလနဂါး အဆီအနှစ် သလင်းကျောက်ကို သူပိုင်ဆိုင်တော့မည် ဖြစ်သည်။
ဝှစ် …
သို့သော်လည်း ခုန်းစိန်က ပေတစ်ထောင် ရေနေသားရဲကို သတ်ဖြတ်ရန်အတွက် ရေထဲသို့ ဝင်ရန် ပြင်လိုက်သည်နှင့် အနီးပတ်ဝန်းကျင်ရှိ မြူထုထဲမှ အေးစက်စက် မူလချီများက ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။ ပတ်ဝန်းကျင် အပူချိန်မှာ ချက်ချင်းပင် လျော့နည်းလာခဲ့ပြီး ရေကန်၏ မျက်နှာပြင်ပင်လျင် အေးခဲသွားတော့သည်။
ထိုအေးစက်စက် လှိုင်းများက ခုန်းစိန်ဆီသို့ ဦးတည်လာခဲ့သည်။
ထိုရုတ်တရက် တိုက်ခိုက်မှုက သူ့အား မျက်မှောင်ကြုတ်သွား စေခဲ့ပြီးနောက် လက်မောင်းအိုးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
သူ၏ လက်မောင်းအိုးမှ ဓားချီများ ထွက်ပေါ်လာခဲ့ပြီး အရှေ့ရှိ ရေထုကို ဖြတ်ပိုင်းကာ အေးစက်စက် မူလချီ လှိုင်းများကို အပိုင်းအစများ ဖြစ်စေခဲ့သည်။
ခုန်းစိန်က မြူထဲသို့ စိုက်ကြည့် လိုက်ပြီးနောက် ဖြေးညင်းစွာ ပြောလိုက်သည် “လီချင်းချန် မင်းအနေနဲ့ မအောင်မြင်နိုင်ဘူးဆိုတာ သိပြီးသားပဲကို ဘာလို့ အသုံးမဝင်တဲ့ ကြိုးစားမှုတွေကို ပြုလုပ်နေတာလဲ”
မြူများမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီးနောက် သွယ်လျသော ပုံရိပ်လေးမှာ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုသို့ တင့်တယ်လှပသော ပုံရိပ်မှာ အသေအချာပင် လီချင်းချန် ဖြစ်ပေသည်။
သူမက ခုန်းစိန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် အေးအေးလူလူ ပြောလိုက်သည် “သည်အရာကို လက်လွတ်ဖို့က ငါ့အတွက် တကယ်မလွယ်ကူဘူး”
ယဲ့ကယ်က ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်း လိုက်ပြီးနောက် ပြောလိုက်သည် “ဘာလုပ်ဦးမလို့လဲ အစ်မတော် လီချင်းချန်။ မင်းမှာ လုံး၀ အခွင့်အရေး မရှိတော့ဘူးလေ”
“ငါကတော့ သဘောမတူဘူး”
အေးစက်မှုများက လီချင်းချန်၏ မျက်လုံးအစုံအတွင်း ဖြတ်သန်းသွားခဲ့ပြီး အဆုံးမဲ့သော မူလချီများက သူ၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင် အပူချိန်မှာ လုံးဝကို ထိုးကျသွားခဲ့ပြီး သူမ၏ ခြေထောက်အောက်ခြေမှ စတင်၍ အေးခဲလာသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။
ခုန်းစိန်က ညင်သာစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည် “ယဲ့ကယ်၊ သူမနဲ့ ရင်ဆိုင်ဖို့ ဒုက္ခကို မင်းကိုပဲ လွှဲခဲ့ရမှာပဲ”
ယဲ့ကယ်မှာ သက်ပြင်းချလိုက်ပြီး သူ၏ လက်မောင်းကို ဆန့်တန်းကာ သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီး သူ၏ အရှေ့တွင် ဖြည်းညင်းစွာ ဆုံစည်းစေလိုက်သည် “ပင်လယ်အကျဉ်းထောင် အစီအရင်”
ဝုန်း…ဝုန်း … ဝုန်း
ရေကန်၏ မျက်နှာပြင်မှာ ပေါက်ကွဲသွားခဲ့ပြီး ကြီးမားသော ရေတိုင်လုံးကြီးများက ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။ ထိုတိုင်လုံးကြီးများမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားခဲ့ပြီး လီချင်းချန်ကို အလည်တွင်ထားကာ အကျဉ်းထောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လီချင်းချန်မှာ မျက်မှောင် ကြုတ်လိုက်ပြီးနောက် အရှေ့သို့ လှမ်းလိုက်သည်။ စွမ်းအားပြည့်ဝသော မူလချီများက ရေမတွက်နိုင်သော ရေခဲမြားများ အဖြစ်သို့ ပြောင်းလဲသွားပြီး အရှေ့သို့ တိုးဝင်သွားခဲ့သည်။
ဖောက် … ဖောက်
သို့သော်လည်း သူ၏ တိုက်ခိုက်မှုများက ရေအကျဉ်းထောင်ကို ဖြတ်သန်းရုံမျှသာ ဖြတ်သန်းသွားပြီး ထိုအရာအား မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။
“အစ်မတော် ချင်းချန်၊ သည်အစီအရင်က အစ်မတော် ရင်ဆိုင်နိုင်ဖို့အတွက် မြင့်မားတဲ့ အဆင့်မှာရှိတယ်။ အစ်မတော်သာ ဒီကိုမလာခဲ့ရင် ကိစ္စမရှိပါဘူး ဒါပေမဲ့ လာခဲ့တော့လည်း ဒီအစီအရင်က ခုန်းစိန် ပေတစ်ထောင် ရေနေသားရဲကို သတ်ပြီးတဲ့ အချိန်အထိ အစ်မတော်ကို ရပ်တန့်ထားနိုင်ဖို့ လုံလောက်ပါတယ်”
ယဲ့ကယ်က ဖြည်းညင်းစွာ ပြောလိုက်သည် “သည်တစ်ကြိမ်မှာတော့ အစ်မတော်အနေနဲ့ သူ့လက်ထဲကို မူလနဂါးအဆီအနှစ် သလင်းကျောက်ကို ထည့်ပေးလိုက်သင့်ပါပြီ”
လီချင်းချန်၏ လှပသော မျက်နှာလေးမှာ အေးခဲသွားတော့သည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်က သူမအား အစောပိုင်းက ဆုတ်ခွာရန် ပြောဆိုခဲ့ပြီး နောက်တွင်ပင် သူ့တို့၏ လက်ထဲ၌ ဝှက်ဖဲများ ထားရှိလိုက်သေးသည်။
သည်နှစ်ယောက်ကား တော်တော်လေး ရွံစရာ ကောင်းပေသည်။
လီချင်းချန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ပြုံးလျက်ရှိနေသည့် ယဲ့ကယ်အား အေးစက်စက် စိုက်ကြည့်ပြီးနောက် သူမ၏ မျက်လုံးကို မှိတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် အတုံးတွင် သူမလက်လျှော့သွားပြီဟု ယဲ့ကယ်မှ ယုံကြည်သွားပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။ ပုံမှန်အားဖြင့် လီချင်းချန်နှင့် မတိုက်ခိုက်ရသည်မှာ သူ့အတွက် အကောင်းဆုံး ဖြစ်သည်။
“နင်တို့က ဘာမှ မလုပ်တော့ဘူးလား။ ရပ်ကြည့်နေတာ တော်တော်ပျော်ဖို့ကောင်းလား”
သို့သော်လည်း သူသက်ပြင်းချပြီးနောက်တွင် လီချင်းချန်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ယဲ့ကယ်နှင့် ခုန်းစိန်တို့မှာ အံ့အားသင့်သွားခဲ့သည်။
“ဒါနင်တို့ရဲ့ အရွေးချယ်ခံတွေကြားက တိုက်ပွဲလား။ ကြည့်ရတာက ငါတွေးထားသလိုလည်း အံ့အားသင့်ဖို့ မကောင်းပါဘူး …” သူတို့ အံအားသင့်နေစဉ်အတွင်း ကြည်လင်ပြီး အရာအားလုံးကို ဂရုမစိုက်သည့်ဟန်ဖြင့် သာယာသော အသံလေးက မြူထုထဲမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် သူတို့သုံးဦးလုံးမှာ လီချင်းချန်အား ချုပ်နှောင်ထားသည့် ရေအကျဉ်းထောင်မှာ ရုတ်တရက် ဆူပွက်လာသည်ကို သတိထားမိလိုက်ကြသည်။ နီးကပ်စွာ ကြည့်မည်ဆိုပါက ချော်ရည်ခဲ့ကဲ့သို့ မှော်စာလုံးများ ရေတိုင်များပေါ်တွင် မည်သူမှ မသိလိုက်မီကတည်းက ပေါ်လာခဲ့ပြီး ရေအကျဉ်းထောင်ကို အငွေ့ပြန်သွားအောင် အပူပေးနေတော့သည် …
“ဘယ်သူလဲ …” ယဲ့ကယ်၏ မျက်ဝန်းအိမ်များမှာ ကျဉ်းမြောင်းနေခဲ့သည်။ မည်သူက သူ၏ မူလမှော်စာလုံး အစီအရင်ကို လွယ်ကူစွာ ဖြိုခွဲလိုက်သနည်း။
ယဲ့ကယ်နှင့် ခုန်းစိန်တို့မှာ အနီးရှိ မြူထုဆီသို့ လှမ်းကြည့်လိုက်ကြသည်။
မြူထုထဲမှ ပုံရိပ်တစ်ခုက လမ်းလျှောက်ထွက်လာခဲ့ပြီး သူ၏ တင့်တယ်ပြီး ပြစ်ချက်ကင်းသည့် မျက်နှာလေးက ယဲ့ကယ်နှင့် ခုန်းစိန်တို့၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။
ထိုသူမှာ ယောင်ယောင်ဖြစ်သည်။
သူမက ယဲ့ကယ်နှင့် ခုန်းစိန်တို့ကို တစ်ချက်ကြည့်လိုက်ပြီး အမှုမထားဟန်ဖြင့် ပြောလိုက်သည် …
“မူလသူတော်စင် တောင်ထွတ်မှ ဇူရှောင်ယို”