Switch Mode

စာစဥ် (၂၃) အပိုင်း (၃၁၄)

ဖျန်ဖြေခြင်း

ရေကန်၏ တောင်ကြား တစ်နေရာ။

လှပသော ပုံရိပ်နှစ်ခုသည် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေခဲ့ပြီး သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါများမှာ အဆက်မပြတ် တစ်ခုနှင့်တစ်ခု ရင်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ နောက်ရှိ ရေပြင်မှာ လှိုင်းများထိုးလာခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ တောင်နံရံများနှင့် ဝင်တိုက်မိကာ မိုးခြုန်းသံကဲ့သို့ အသံကြီးများ ထွက်ပေါ်လျက်ရှိသည်။

ယောင်ယောင်နှင့် လီချင်းချန်သည် တစ်ယောက်နှင့် တစ်ယောက် အေးစက်စက် စိုက်ကြည့်လျက်ရှိပြီး သူတို့ထဲမှ တစ်ယောက်မှာ မူလမှော်စာလုံးများကို သူမ၏ အနီးတွင် လှည့်ပတ် စေနေခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ မူလချီများကို နိုးထစေပြီး အခြားတစ်ယောက်၏ ခေါင်းပေါ်မှာတော့ တိမ်တိုက်နှင့်တူသော မူလချီများက မြင့်တက်လာခဲ့ပြီး အန္တရာယ်ရှိသော အရှိန်အဝါကို ထုတ်လွှတ်လျက်ရှိသည်။

ဇူယွမ်က ထိုမြင်ကွင်းကို ခါးသီးနေသော မျက်နှာဖြင့် စောင့်ကြည့်နေခဲ့သည်။ ကြည့်ရသည်မှာ မိန်းကလေးနှစ်ယောက်လုံး အလျှော့ပေးရန် အစီအစဉ် မရှိကြသည်မှာ ထင်ရှားပေသည်။ ထိုသို့ဆိုပါက ပထမဦးဆုံးအနေဖြင့် သူတို့၏ဒေါသများကို ဖွင့်ထုတ်ခွင့် ပြုရပေတော့မည်။

သူတို့နှစ်ယောက်၏ အခြေအနေမှာ အနည်းငယ် စိတ်တည်ငြိမ်သွားမှ ဝင်ရောက်ပြောဆိုသည်မှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဤသို့လုပ်လျှင် သူ့အား နှစ်ယောက်လုံးက ရိုက်နှက်ကြမည်မှာ သေချာသော်လည်း သည်ကိစ္စတစ်ရပ်လုံးကို စတင်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သောကြောင့် ထိုအရာကို ကိုယ်တိုင် ဖြေရှင်းရန် လိုအပ်ပေသည်။

မိန်းမပျိုလေးတို့ နှစ်ယောက်ကြားမှ လေထုမှာ ပိုမိုတင်းမာလာသည်နှင့် အမျှ ဇူယွမ်က စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့သည်။

ထိုအခိုက်တွင် နှစ်ယောက်လုံး၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက မူလချီများနှင့် မူလမှော်စာလုံးတို့မှ တစ်ပြိုင်နက်တည်း လွင့်ထွက်လာတော့သည်။ နှစ်ယောက်စလုံးမှာ မည်သည့် အစစ်အမှန် တိုက်ခိုက်မှုမျိုးမဆိုကို လုပ်ဆောင်ရန် အသင့်ဖြစ်နေခဲ့ပေပြီ။

“ရပ်လိုက်ကြစမ်း …”

သူတို့နှစ်ဖက်လုံး တိုက်ခိုက်ရန် ပြင်လိုက်ကြစဉ်တွင် မိုးခြုန်းသံကဲ့သို့ အသံက ဧရိယာတစ်လျှောက် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသော မူလချီများက ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး ကြီးမားသော လက်ကြီးအသွင်ဖြင့် ယောင်ယောင်နှင့် လီချင်းချန်တို့၏ မူလမှော်စာလုံးများနှင့် မူလချီများကို ဖိနိပ်လိုက်သည်။

ဇူယွမ်က ချက်ချင်းပင် ခေါင်းမော့လိုက်သည်နှင့် ကောင်းကင်မှ ဆင်းသက်လာခဲ့သည့် မူလချီတိမ်တိုက် တစ်ခုကို မြင်တွေ့လိုက်ရသည်။ လှပသော အမျိုးသမီးတစ်ဦးက ထိုအပေါ်တွင် ရပ်လျက်ရှိပြီး ကြာပဒုမ္မာအသွင် မှော်စာလုံးများက သူမ၏ ရှည်လျားသော ဂါဝန်၏ အနားစပ်များတွင် တောက်ပလျက် ရှိသည်။

သူမကိုယ်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် ကောင်းသော ဖိအားက ရေကန်၏ ရေပြင်ကိုပင် လှိုင်းတံပိုးများ ထန်စေပေသည်။

ဇူယွမ်မှာ ကောင်းကင်မှ ဆင်းသက်လာခဲ့သော လှပသည့် အမျိုးသမီးအား စိုက်ကြည့်နေခဲ့သည်။ သူမထံမှ ထွက်ပေါ်နေသော ဖိအားအရ သူမမှာ ရိုးရှင်းသည့်သူ မဟုတ်ဖူးဆိုသည်ကိုတော့ ကောင်းစွာသိပေသည်။

လီချင်းချန်မှာလည်း ထိုလှပသော အမျိုးသမီးကြီးကို ကြည့်ကာ အံ့အားသင့်နေ ခဲ့ပြီးနောက် တုံ့ဆိုင်းစွာ ပြောလိုက်သည် “အကြီးအကဲမြောင်”

ထိုအမျိုးသမီးကား နှင်းပဒုမ္မာတောင်ထွတ်မှ အကြီးအကဲ တစ်ဦးဖြစ်သည်။

ထိုအကြီးအကဲမြောင်ဟု ခေါ်သော အမျိုးသမီးမှာ လီချင်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အပြစ်တင်လိုက်သည် “ဒီနေ့ရေလှောင်ကန်မှာ ငါတာဝန်ထမ်းဆောင်ဖို့ အလှည့်ကျခဲ့တယ်။ အဲဒီအချိန်မှာပဲ မင်းနားက ထွက်ပေါ်လာတဲ့ သတ်ဖြတ်လိုစိတ်တွေက ငါကို ဒီရောက်လာစေတာပဲ။ ဘာလိုကိစ္စတွေများ မင်းလုပ်နေတာလဲ”

မူလရေကန်ထဲတွင် တပည့်များအကြား နားလည်မှု လွဲမှားခြင်းနှင့် အငြင်းပွားဖွယ်ရာ ကိစ္စများ ရှိသော်လည်း တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်လောက်သည် အထိ မဖြစ်ခဲ့ပေ။ အစောပိုင်းတွင် လီချင်းချန်မှာ အသိဉာဏ် ပျောက်ဆုံးလုနီပါး ဖြစ်ခဲ့ပြီးနောက် စစ်မှန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများကို သူမထုတ်လွင့်ခဲ့ပေသည်။ ထိုစိတ်ဆန္ဒများက တာဝန်ကျနေသည့် အကြီးအကဲမြောင်ကို ထိတ်လန့်စေခဲ့ပေသည်။

လီချင်းချန်မှာ နှင်းပဒုမ္မာတောင်ထွတ်ရှိ သူမ၏ မျိုးဆက်များကြားထဲတွင် လွှမ်းမိုးနိုင်စွမ်း အရှိဆုံးနှင့် အထူးချွန်ဆုံးသော တပည့်တစ်ယောက် ဖြစ်သည်။ သူမသာ သည်ကနေ့ ဖြစ်ရပ်ကြောင့်သာ အပြစ်ပေးခံရပါက သူတို့အားလုံးအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် အကြီးအကဲမြောင် အနေဖြင့် လီချင်းချန်ထံမှာ သတ်ဖြတ်လိုသော အငွေ့အသက်များ ခံစားရမိချိန်တွင် ကျိုးကြောင်း မစဉ်းစားပဲ အမှားများ လုပ်မိမည် ဆိုးသောကြောင့် သည်နေရာသို့ အပြေးလာခဲ့ခြင်း ဖြစ်သည်။ လီချင်းချန်မှာ အရွေးချယ်ခံ တပည့်တစ်ယောက် ဖြစ်နေခဲ့ပင်လျှင် တခြား တပည့်တစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းကြောင့် ခြွင်းချက်မရှိ အပြစ်ပေးခံရမည်သာ ဖြစ်သည်။

ဇူယွမ်ကို ဒေါသတကြီး အံကြိတ်ကာ စိုက်ကြည့်နေသော လီချင်းချန်မှာ ထိုမေးခွန်းကို ကြားရချိန်တွင် အေးခဲတောင့်တင်း သွားခဲ့သည်။ သည်ကိစ္စကို သူမဘယ်လို ပြောပြနိုင်မည်နည်း။

“ဒီ…ဒီကောင်…ဒီကောင်လေ” သူမက ဇူယွမ်ကို လက်ညှိုးထိုးပြကာ ထစ်ထစ်အအဖြင့်သာ ပြောနေခဲ့ပြီး နေ့တစ်ဝက်မျှ ကြာသည်လောက်အထိ ထိုစကားက မတက်ပေ။ အဆုံးတွင် သူမမှာ မည်သည်မှ ထပ်မပြောနိုင်တော့ပဲ ဒေါသနှင့် ရှက်စိတ်များသာ ပိုမိုတိုးလာခဲ့ပြီး ဇူယွမ်ကိုသာ စိုက်ကြည့်နေခဲ့သည်။

အကြီးအကဲမြောင်မှာ ဇူယွမ်ကို သံသယဖြစ်စွာ ကြည့်နေခဲ့သည်။ ပုံမှန်အားဖြင့် အေးစက်နေပြီး ရေခဲတောင်ကြီးနှင့် တူသော လီချင်းချန်အား ဒေါသတကြီး ဖြစ်အောင် ထိုကောင်လေးက ဘာများလုပ်ခဲ့သနည်း။

အကြီးအကဲမြောင်၏ အကြည့်အောက်တွင် ဇူယွမ်မှာ ကသိကအောက် ခံစားလိုက်ရပြီး စတင်ရှင်းပြလိုက်သည် “တကယ်တော့ ကျွန်တော့်အမှားပါ ဒါပေမဲ့လည်း ကျွန်တော် တကယ် မရည်ရွယ်ပါဘူး။ လျော်ကြေး ပေးရမယ်ဆိုလည်း ပေးပါမယ်ဗျာ”

“လျော်ကြေး ပေးမယ်ဟုတ်လား…” လီချင်းချန်က မေးရိုးကြီးများ ထောင်လာသည်အထိ အံကြိတ်လိုက်သည်။ နင်ဘယ်လိုများ ငါ့ကို လျော်ကြေးပေးမှာလဲ။ ငါက နင့်ကို ပြန်ပြီး ကြည့်ရမှာလား …

ဇူယွမ်က ကသိကအောင့်ဖြစ်စွာ ခေါင်းကုတ်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှာ များစွာသော မူလနဂါး သလင်းကျောက်များဖြင့် ပြည့်နှက်နေသည့် ပုလင်းများကို ထုတ်လိုက်သည်။ “ဒါတွေကို ကျွန်တော် လျော်ကြေးအဖြစ် ပေးလို့ရမလား”

ထိုအရာများက အစောပိုင်းတွင် သူနှင့် ထန်ထန်တို့ ကြိုးစားခဲ့မှုများ၏ အသီးအပွင့်များပင် ဖြစ်သည်။

“အိုး …” အကြီးအကဲမြောင်ပင်လျင် ဇူယွမ်လက်ထဲမှ မူလနဂါးအဆီအနှစ် သလင်းကျောက်များကြောင့် တအံတဩ ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုအထဲတွင် အချို့သော သလင်းကျောက်များမှာ ပေရှစ်ရာရှည်သည့် သားရဲများမှသာ ရရှိနိုင်သော သလင်းကျောက်များ ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ဇူယွမ်မှာ မူလစဦး ဒုတိယအဆင့်မျှသာ ရှိသေးသည်။ သည်သားရဲများကို သူမည်သို့ အမဲလိုက်ခဲ့သနည်း။

သူမတစ်ယောက်တည်း မဟုတ်ဘဲ လီချင်းချန်ပင်လျှင် တစ်ခဏမျှ အံအားသင့်နေခဲ့သည်။ မူလရေကန်ထဲတွင် ရေနေသားရဲများကို အမဲလိုက်ခြင်းက မည်မျှခက်ခဲသည်ကို သူမလည်း နားလည်ပေသည်။

ဇူယွမ်၏ လက်ထဲမှ မူလနဂါးအဆီအနှစ် သလင်းကျောက်မှာ လွန်စွာ များပြားသော်လည်း ထိုအရာများက လီချင်းချန်၏ မျက်လုံးထဲတွင် မည်သည်မှ မဟုတ်ပေ။ သူမမှာ ရေကန်အတွင်းတွင် ကိုယ်ပိုင် အမဲလိုက်သည့် နေရာကို ပိုင်ဆိုင်ထားပြီး ထိုနေရာသို့ အလိုရှိတိုင်း ဝင်ရောက်နိုင်ပေသည်။ သာမန် မူလနဂါး အဆီအနှစ် သလင်းကျောက်များမှာ သူမအား အနည်းငယ်သာ ဆွဲဆောင်နိုင်ပေသည်။

ထို့ကြောင့် သူမက ဇူယွမ်အား အေးစက်စက်သာ ဆက်ကြည့်နေခဲ့သည်။ သူမက တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်စဉ်မှာပင် အကြီးအကဲမြောင်က သူမ၏အနားသို့ ရောက်လာခဲ့သည်။

အကြီးအကဲမြောင်က အသံတိုးတိုးဖြင့် အကြံပေးလိုက်သည် “ချင်းချန် အခုချိန်မှာ လာတွေ ဖြစ်ခဲ့မှန်း ငါမသိခဲ့ပေမယ်။ သည်လိုဆက်ဖြစ်နေရင် မင်းရဲ့ဆုံးရှုံးမှုက ပိုများမယ်လို့ ငါထင်တယ်”

ထိုစကားက လီချင်းချန်ကို အနည်းငယ် ဖျော့တော့သွားစေသည်။ သူမက ကြီးမြတ်သော အရွေးချယ်ခံ ပါရမီရှင် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော်လည်း ထိုမျိုးမစစ်ကောင်က သူမ၏ အလုံးစုံကို မြင်တွေ့ သွားခဲ့သောကြောင့် သူမဘယ်လို မျိုသိပ်နိုင်မည်နည်း။

အကြီးအကဲမြောင်က ပြောသည် “ငါသာ အမှတ်မမှားဘူးဆိုရင် သည်ကောင်မလေးက ကလန်ကို မကြာသေးမီက ဝင်ရောက်လာခဲ့တဲ့ ဇူရှောင်ယို ဖြစ်လိမ့်မယ်။ တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူက သူ့ကိုတော်တော်လေး အလေးထားတယ် ပြီးတော့ သူ့ရဲ့အမြင်မှာ သူမရဲ့တန်ဖိုးက ယဲ့ကယ်ထက်တောင် များသေးတယ်။ ပြီးတော့ တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ကိုယ်တိုင်က သူမသာ သူတော်စင်မှော်စာလုံး တောင်ထွတ်ကို လာခဲ့မယ်ဆိုရင် နောက်တက်မဲ့ တောင်ထွတ်ဆရာသခင် ဖြစ်ရမယ်လို့ ကတိပေးခဲ့တယ်”

လီချင်းချန်က ယောင်ယောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဒါဆို သူမက ဇူရှောင်ယိုပေါ့။ သူမ၏ မူလမှော်စာလုံတွင် ကျွမ်းကျင်မှုက အတိုင်းအဆမရှိပေ။ ထို့ကြောင့် တောင်ထွတ် ဆရာသခင် မျက်ခုံးဖြူက သူမအား မြင့်မားစွာ မျှော်မှန်းထားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

“သူမသာ ဇူယွမ်ကို ကာကွယ်နေသ၍ ကတော့ မင်းသူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

လီချင်းချန်က သူမ၏ အနီရောင်နှုတ်ခမ်းလေးကို ညင်သာစွာ ကိုက်လိုက်သည်။ သူမက ထိုအရာကို အနည်းငယ်မျှပင် လက်မခံလိုပေ။ သို့သော်လည်း သူမအနေဖြင့် ဇူရှောင်ယိုမှာ အလွန်သန်မာသည် ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ သူမသာ အလိုရှိပါက ကြီးမြတ်သော အရွေးချယ်ခံတပည့် ဆယ်နေရာတွင် တစ်နေရာကို သေချာပေါက် ယူနိုင်ပေသည်။

အကြီးအကဲမြောင်က ညင်သာစွာ ရယ်မောလိုက်ပြီး မေးလိုက်သည် “မင်းရဲ့ မူလအစီအစဉ်တွေကို ခုန်းစိန်နဲ့ ယဲ့ကယ်တို့က အဟန့်အတား ဖြစ်စေခဲ့တယ်မလား”

ထိုအကြောင်းကို ပြောလိုက်သည့် အချိန်တွင်တော့ လီချင်းချန်မှာ ပိုမို သုန်မှုန်သွားတော့သည်။ ထိုကိစ္စမှစ၍ အရာအားလုံးမှာ သူမအတွက် လွဲမှားနေခဲ့ပေသည်။ ပေတစ်ထောင်ရှည်သည့် သားရဲကြီးမှာ သူမထံမှ ခုန်းစိန်နှင့် ယဲ့ကယ်တို့၏ လုယူသွားခြင်းကို ခံခဲ့ရပြီးနောက် တစ်ဆက်တည်းမှာပင် သူမ ရေပူစမ်းတွင် စိမ်နေသည်ကို ဇူယွမ်မှာ မြင်တွေ့သွားခဲ့သည်။

“မင်းသာ စိတ်လျော့နိုင်ရင် သည်ကိစ္စတွေ ပြေလည်သွားအောင် ငါကူညီမယ်” အကြီးအကဲမြောင်က ပြောလိုက်သည်။

လီချင်းချန်မှာ လက်သီး ဆုပ်လိုက်ပြီးနောက် သူမ၏ အမူအရာမှာ တည်ငြိမ်ခြင်း မရှိတော့ပေ။ အဆုံးတွင် သူမက စိတ်မပါစွာ ခေါင်းညိတ်လိုက်သည်။ သည်ကိစ္စအား ဆက်လက်ပြီး ရေးကြီးခွင့်ကျယ် လုပ်နေလို့လဲ သူမအတွက် အကျိုးမရှိသည်ကို သူမနားလည်ပေသည်။ စိတ်အေးအေး ထားလိုက်ပြီးနောက်တွင် သူမအနေဖြင့် ဇူယွမ်ကို သတ်ရန် မဖြစ်နိုင်သေးကြောင်း သိလိုက်ပေသည်။

အကြီးအကဲမြောင်မှု ထိုမြင်ကွင်းကြောင့် သက်ပြင်းချလိုက်သည်။ သူမက လီချင်းချန်အနေဖြင့် မစဉ်းစားမဆင်ခြင်ပဲ သည်ကိစ္စအား ပိုမိုဆိုးရွားအောင် လုပ်လိုက်မည်ကို စိုးရိမ်နေခဲ့သည်။

ထို့နောက် သူမက လီချင်းချန်ကို ဆွဲခေါ်ကာ တောင်ကြားချိုင်ဝှမ်းဆီသို့ ဆင်းလိုက်သည်။

သူမက ယောင်ယောင်ကို ကြည့်လိုက်ပြီးနောက် ပြုံးကာ မှတ်ချက်စကား ဆိုလိုက်သည် … “တောင်ထွတ် ဆရာသခင် မျက်ခုံးဖြူက မင်းကို မြင့်မားစွာ မျှော်လင့်ထားတာ မထူးဆန်းတော့ပါဘူး မင်းရဲ့ ပါရမီအရည်အချင်းက တကယ်ကို အံ့အားသင့်ဖွယ် ကောင်းနေတာကိုး”

ယောင်ယောင် လှပသော မျက်နှာလေးမှာ အရင်အတိုင်းပင် ရှိနေခဲ့ပြီး အကြီးအကဲမြောင်၏ နောက်မှ လီချင်းချန်ကိုသာ လှမ်းကြည့်လိုက်ပြီးနောက် မည်သည့်စကားမှ မပြောပေ။

ဇူယွမ်မှာ အရှေ့သို့ လျှောက်လာခဲ့ပြီးနောက် အကြီးအကဲမြောင်အား လေးစားစွာ အရိုအသေ ပေးလိုက်သည်။

“ဇူယွမ် ဘာတွေဖြစ်ခဲ့လဲတော့ ငါမသိပေမဲ့ မင်းက အများဆုံးနစ်နာသူ မဟုတ်ဘူးလို့ ငါယုံတယ်။ ဟုတ်တယ်မလား” အကြီးအကဲမြောင်က ဇူယွမ်ကို ပြုံးလျက် ကြည့်လိုက်သည်။

ဇူယွမ်၏ မျက်နှာတွင် ရှက်ရွံမှုများဖြင့် ကသိကအောက် ဖြစ်နေခဲ့သည်။ သူက နှုတ်ခမ်းကိုက်လျက် ရှိနေခဲ့သည့် လီချင်းချန်ကို လှမ်းကြည့်လိုက်ချိန်တွင် သူမ၏ တောက်ပသော မျက်လုံးအစုံကလည်း ဓားသွားအလား သူ့ကိုစိုက်ကြည့်နေခဲ့သည်။ တကယ်ပင်လည်း သူက အများဆုံး နစ်နာခဲ့ရသူ မဟုတ်ခဲ့ပေ …

သူက ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

“ဒါဆိုရင် ငါတို့ ဆက်ပြီး ညှိနှိုင်းကြမလား” အကြီးအကဲမြောင်က မေးလိုက်သည်။

“ဒီမူလနဂါး သလင်းကျောက်တွေက ကျွန်တော့်မှာရှိတာ အကုန်ပါပဲ။ ဒါပေမဲ့ အစ်မတော်ချင်းချန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒါတွေကို မျက်လုံးထဲမှာတောင် မရှိလောက်ပါဘူး” ဇူယွမ်က အားတင်းပြီး ပြုံးလိုက်သည်။ သူက လီချင်းချန်အား အပြစ်ပြုမိမည်ကို မလိုလားပေ။ ထိုအစား သည်ကိစ္စအား အေးအေးဆေးဆေး ဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

အကြီးအကဲမြောင်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “သည်မူလနဂါး အဆီအနှစ် သလင်းကျောက်တွေက ဘာမှမဟုတ်ဘူး။ ငါမျှော်လင့်တာက မင်းတို့တွေ လျှော်ကြေးအဖြစ် လီချင်းချန်ကို ကူညီပေးဖို့ပဲ။ သည်လိုဆိုရင် အနာဂတ်မှာ ငါတို့ပြန်တွေ့တဲ့ အချိန်ကျ သည်ကိစ္စကို ပြန်ပြောနေတော့မှာ မဟုတ်ဘူး”

“ကူညီရမှာလား” ဇူယွမ်က ထိတ်လန့်သွားပြီး ယောင်ယောင်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ ကြည်လင်သော မျက်ဝန်းတွင်လည်း ပဟေဠိ ဖြစ်နေပုံပေါ်ပေသည်။

အကြီးအကဲ မြောင်ကာ ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ရှင်းပြလိုက်သည် “ချင်းချန်က ပေတစ်ထောင် ရေနေသားရဲကို ရချင်နေတာလေ ဒါကြောင့် မင်းတို့ အဲဒီကိစ္စမှာ ကူညီဖို့ ငါမျှော်လင့်တယ်”

သူမက နှစ်ယောက်လုံးကို ပြောလိုက်သော်လည်း အဆုံးတွင် သူမ၏ အကြည့်က ယောင်ယောင်၏ မျက်နှာတွင် ရပ်တန့်သွားသည့်အတွက် ယောင်ယောင်ထံမှာ အကူအညီရရန် ရည်ရွယ်နေသည်မှာ ထင်ရှားပေသည်။

ယောင်ယောင်က ဂရုမထားဟန်ဖြင့် မေးလိုက်သည် “သူမက ပေတစ်ထောင် ရေနေသားရဲကို ရင်မဆိုင်နိုင်လို့လား”

လီချင်းချန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည် “ငါက ပေတစ်ထောင် ရေနေသားရဲကို ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမဲ့ ခုန်းစိန်နဲ့ ယဲ့ကယ်တို့ရဲ့ ပူးပေါင်းမှုက ငါ့ကို အဟန့်အတား ဖြစ်စေတယ်”

“ခုန်းစိန်နဲ့ ယဲ့ကယ်လား” ဇူယွမ်က တိတ်တဆိတ် နှုတ်ခမ်းသပ်လိုက်မိသည်။ ဒါဆို သူတို့နှစ်ယောက်က လီချင်းချန်အား ရင်ဆိုင်ရန် ပူးပေါင်းခဲ့ကြသည်လား။

အကြီးအကဲ မြောင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် “ဟုတ်တယ်။ ယောင်ယောင်ကသာ ယဲ့ကယ်ကို တားထားပေးနိုင်ရင် လီချင်းချန်အတွက် ပေတစ်ထောင် ရေနေသားရဲကို ရဖို့ ပိုပြီး အခွင့်အရေး ရှိလာလိမ့်မယ်”

ထိုအချက် အရောက်တွင် ယောင်ယောင်၊ လီချင်းချန်နှင့် ဇူယွမ်တို့က အကြီးအကဲမြောင်၏ ဆိုလိုရင်းကို သိလိုက်ကြသည်။

သူမက သူတို့၏စွမ်းအားကို ငှားယမ်းကာ ခုန်းစိန်နှင့် ယဲ့ကယ်တို့ကို ရင်ဆိုင်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ယောင်ယောင်က လီချင်းချန်ကို လှမ်းကြည့်လိုက်သည်။

လီချင်းချန်က အနည်းငယ် ရှက်ရွံမှုကိုမျှ မခံစားနိုင်သောကြောင့် ခေါင်းမာစွာ ပြောလိုက်သည် … “အကြီးအကဲမြောင် ကျွန်မ သူတို့နှစ်ယောက်ကို ရင်ဆိုင်နိုင်ပါတယ်။ ထို့အပြင် ကျွန်မ ဒီအခွင့်အရေးကို ဆုံးရှုံးသွားရင်တောင်မှာ အနာဂတ်မှာ နောက်ထပ် အခွင့်အရေး ထပ်ရှိလာဦးမှာပဲ”

သူမက ယောင်ယောင်၏ရှေ့တွက် ဦးမညွတ်လိုခဲ့ပေ။

“ခုန်းစိန်နဲ့မင်း နှစ်ယောက်လုံးက နတ်ဘုံခန်းဝါ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းဆီပဲ လိုတော့တာ။ ဒီအခွင့်အရေးသာ ခုန်းစိန်ရသွားခဲ့ရင် သူက ခြေတစ်လှမ်း သာသွားလိမ့်မယ် …” အကြီးအကဲမြောင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီအဖြစ်မျိုးကို မင်းလည်း မလိုချင်ဘူးလို့ ငါထင်တယ်”

လီချင်းချန်၏ မျက်ခုံးအစုံမှာ ထိစပ်လုမတတ် တွန့်ကွေးသွားခဲ့သည်။ အဆုံးတွင် သူမက မည်သည့်စကားမှ မဆိုဘဲ လှည့်ထွက်သွားလိုက်သည်။

အကြီးအကဲမြောင်က ဇူယွမ်နှင့် ယောင်ယောင်တို့ဘက်သို့ လှည့်ကာ ဖော်ရွေသော အမူအရာဖြင့် ပြောလိုက်သည် “မင်းတို့နှစ်ယောက်လုံး ငါ့ကို မျက်နှာသာပေးပြီးတော့ လီချင်းချန်ကို ကူညီပြီး မင်းတို့တွေ ရန်သူကနေ မိတ်ဆွေဖြစ်လာဖို့ ငါမျှော်လင့်ပါတယ် …”

ဇူယွမ်က ခါးသက်စွာ ရယ်လိုက်သည်။ အကြီးအကဲမြောင်ဟာ ကြင်နာပြီး ဖော်ရွေပုံပေါ်သော်လည်း သူမက လွန်စွာ ကြောက်မက်ဖွယ်ကောင်းသူ တစ်ယောက်ဖြစ်ပေသည်။ သူတို့သာ ငြင်းပယ်ခဲ့ပါက အကြီးအကဲမြောင်၏ စကားအရဆိုလျှင် သူတို့မှာ အကြီးအကဲ တစ်ယောက်ကိုပင် လေးစားခြင်း မရှိသူများ ဖြစ်သွားပေလိမ့်မည်။

ဇူယွမ်က ယောင်ယောင်ကို ကြည့်ကာ ပြောလိုက်သည် “မင်းသာ ဆုံးဖြတ်သင့်တယ်လို့ ငါထင်တယ်”

အကြီးကဲမြောင်က ယောက်ယောင်ကိုသာ အာရုံရှိသည်ကို သူမသိဘဲမနေပေ။ သူကိုယ်တိုင်အတွက်တော့ သူက အကောင်းဆုံး သောအရာများ၏ နံဘေးတွင် ပါဝင်လေ့ရှိသည့် မေတ္တာလက်ဆောင်လေးသာ ဖြစ်သည်။ ထို့ကြောင့် သူက ယောင်ယောင်၏ ထင်မြင်ချက်ကိုသာ မေးခဲ့သည်။ ယောင်ယောင်သာ ငြင်းဆန်ခဲ့ပါက ယောင်ယောင်အား ကူညီဖို့ တွန်းအားပေးရမည်ထက် လီချင်းချန်ကိုသာ အပြစ်ပြုမည်ဖြစ်သည်။

တကယ်တော့ သူ၏ မျက်လုံးထဲတွင် လီချင်းချန်၏ အရေးပါမှုက ယောင်ယောင်နှင့်ယှဉ်လျှင် ဝေးကွာသော အနေအထားတွင် ရှိပေသည်။ အဆုံးတွင် သူက အကြီးအကဲ တစ်ယောက်အား အပြစ်ပြုမိမည် ဆိုလျှင်ပင် သူမ၏ ဆုံးဖြတ်ချက်အား လေးစားမည် ဖြစ်သည်။

ယောင်ယောင်က အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ သူမ၏ ကျောက်စိမ်း မူလမှော်စာလုံးစုတ်တံကို လက်ထဲတွင် လှည့်ဆော့နေခဲ့ပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းများမှာ ကွေးညွှတ်တက်သွားကာ “ငါတို့က ကူညီနိုင်ပါတယ် … ဒါပေမဲ့ သူမကိုယ်တိုင် တောင်းဆိုရမယ်”

လီချင်းချန်၏ မျက်လုံးရွဲလေးများမှာ ပြူးကျယ်လာခဲ့ပြီး သူမ၏ ရင်ဘတ်မှာ တုန်ခါသွားကာ ရွှေရင်အစုံမှာလည်း တုန်ယင်သွားတော့သည်။

ဇူယွမ်က လျင်မြန်စွာပင် သူလက်ကို မျက်လုံးပေါ်သို့ ချက်ချင်းအုပ်လိုက်သည်။

အမကြီး ဒီအခြေအနေထိ ရောက်ပြီးမှတော့ ကျွန်တော်တို့ ပြဿနာထပ်မဖြစ်တာ ကောင်းမယ်နော် …

Comment

Leave a Reply

Options

not work with dark mode
Reset