Switch Mode

အခန်း ( ၈၉ )

အာနာပါနအဆင့် ဝါရင့်တစ်ယောက်နှင့် တိုက်ခိုက်ခြင်း

ကောင်းကင်တာအိုကျောင်း မှော်ဝင်နယ်မြေဆီသို့ မသွားခင် သုံးရက်အလိုတွင် ဖိနှိပ်ခြင်းနှင့် နာကျင်မှု သံသရာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသော ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲ၌ အတွင်းခံအဝတ်အစားများနှင့်သာ ထိုင်နေ၏။ သူသည် သိသိသာသာ ပိန်ကျသွားသော ခန္ဓာကိုယ်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေပြီး မှန်ထဲရှိ သူ၏ ချောမောခံ့ညားသောရုပ်ရည်ကို စိုက်ကြည့်နေ၏။

” ဒီနည်းလမ်းကြောင့် ငါ တကယ် ဝိတ်ကျသွားတာပဲဟ ”

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေစဉ် သူ၏ အရေပြားထဲမှ ရွှေရောင်အလင်းတစ်ခု မှိန်မှိန်ကလေး တောက်ပနေသည်ကိုလည်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် အလွန် စိတ်လှုပ်ရှားသွား၏။ ထို့အပြင် သူ၏ သွေးချီများကို အနည်းငယ် ထုတ်လွှတ်လိုက်ရုံမျှဖြင့် သူ၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ တွန့်လိမ်ပုံပျက်သွားနေပြီ ဖြစ်သည်။

” ငါ အရမ်းကို အစွမ်းထက်နေပြီပဲ။ ဟား ဟား … ဒါ ရွှေရောင်ခန္ဓာကိုယ်ပဲ ဖြစ်ရမယ် ”

ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်လွန်းနေသောကြောင့် ခုန်ပေါက်ကာ ပုံရိပ်ယောင်နယ်‌မြေထဲသို့ ဝင်သွားလိုက်၏။ သူသည် ထိုထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အသံကုန်အော်ဟစ်လိုက်တော့သည်။

” မမလေး။ ကျနော်ရဲ့ ခန္ဓာကိုယ်ထဲကနေ ခပ်မှိန်မှန် ရွှေရောင်အလင်းရောင်တစ်ခု ထွက်လာပြီဗျ။ ကြည့်လိုက်။ ကျနော် ရွှေရောင်ခန္ဓာအဆင့်ကို ရောက်သွားတာလား ”

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထို လျှို့ဝှက်ဆန်းကြယ် မျက်နှာဖုံးကြီးမှာ အကြိမ်အနည်းငယ်ခန့် တဖျတ်ဖျတ် လက်သွား၏။ အချိန်အနည်းငယ်ခန့် ကုန်ဆုံးသွားသည့်တိုင်အောင် စကားလုံးတစ်လုံးမှ ပေါ်မလာသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မသေမချာ ဖြစ်သွားရပြီး စိုးထိတ်သွားရတော့သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ် မျက်နှာဖုံးကြီးထံမှ စကားလုံးအနည်းငယ် ချီတုံချတုံနှင့် ပေါ်ထွက်လာသည်။

” ဂုဏ်ပြုပါတယ်။ မင်း ရွှေရောင်ခန္ဓာကိုယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ”

” တကယ်လားဗျ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားလုံးများကိုကြည့်ကာ တအံ့တဩ ဖြစ်သွားရပါသော်လည်း မျက်နှာဖုံးကြီး၏ တုံ့ပြန်ပုံကြောင့် အနည်းငယ် မယုံသင်္ကာဖြစ်သွားရသည်။

” ဟုတ်တယ်။ အခု မင်း အဲဒီ အာနာပါနအဆင့် ဝါရင့်တစ်ယောက်ကို ရင်ဆိုင်လို့ရပြီ။ သွားပြီးတော့ လက်စားချေလိုက်တော့ ”
မျက်နှာဖုံးပေါ်တွင် ထိုစာကြောင်းမှာ ချက်ချင်းပင် ပေါ်ပေါက်လာသည်။

ဝမ်ပေါင်လဲ့မှာ ထိုစာကြောင်းကိုဖတ်ပြီးသွားသောအခါ အားတက်သွားပြီး ကောင်းကင်ကြီးအား မော့ကြည့်ကာ ခါးထောက်၍ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တော့သည်။

” ကောင်းချွမ် … စွမ်းအားရှင်ဝမ် မင်းဆီကို လာပြီကွ ”

ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွနေ၏။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြိုးစား၍ ခန့်မှန်းကြည့်လိုက်၏။ သူသည် အတိအကျ မခန့်မှန်းနိုင်ပါသော်လည်း ဝတ်ရုံနက် လူများကို ဦးဆောင်ခဲ့သည့် အကြီးအကဲကြီး၏ အငွေ့အသက်မှာ ယခု သူ ပိုင်ဆိုင်ထားသော အငွေ့အသက်ထက် အနည်းဆုံး ဆယ်ဆတိတိ နိမ့်ကျနေသည် ဖြစ်ကြောင်း ခံစားမိလိုက်သည်။

သူ၏ သွေးချီများမှာ ပို၍ပင် ထူးကဲနေသည်။ သူသည် ၎င်းတို့ကို စမ်း၍ အာရုံခံကြည့်လိုက်သောအခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး အံ့ဩမှင်တက်သွားရ‌၏။ သူ့သွေးချီ၏ စေးပျစ်နှုန်းမှာ တုန်လှုပ် ချောက်ချားဖွယ်ရာကောင်းလောက်အောင် မြင့်မားနေပြီး သူ၏ ခန္ဓာကိုယ်အား ယခင်ကနှင့် လုံးဝမတူလောက်အောင် ကာကွယ်ပေးထား၏။

သူသည် သူ စားခဲ့ဖူးသည့် အစားအစာများ၊ မုန့်များအားလုံးနှင့် လုံးဝမတူညီသော ထူးခြားသည့် အနံ့တစ်မျိုးကိုလည်း သူ၏ ခန္ဓာကိုယ်ထဲမှ ရနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် ပို၍ အစွမ်းထက်လာပြီဟု ခံစားလိုက်ရတော့သည်။

သူ၏ အမြန်နှုန်းနှင့် ခွန်အားနှစ်ခုစလုံးကြောင့် သူသည် အလွန် စိတ်လှုပ်ရှားနေ၏။ မျက်နှာဖုံးကြီးဆီမှ အတည်ပြုချက်ကို ရရှိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ပို၍ပင် ယုံကြည်မှုများ ပြင်းထန်လာရတော့သည်။ ထို့နောက် သူသည် အဝတ်အစားများ လဲလိုက်ပြီးနောက် ခေါင်းယမ်း၍ ပုံရိပ်ယောင်နယ်‌မြေထဲမှ ထွက်ခွာသွားပြီး နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်၏။

သူသည် တစ်လတိတိ စောင့်ဆိုင်းနေခဲ့ပြီးဖြစ်ရာ ထပ်၍ မစောင့်နိုင်တော့ပေ။ ကောင်းချွမ်အား ယခုချက်ချင်း လက်စားချေချင်‌နေပြီဖြစ်သည်။

” ကဲကဲ။ ကောင်းချွမ်ရေ။ မင်းက ငါ့ကို ထပ်ခါတလဲလဲ အနိုင်ကျင့်ခဲ့တာ။ ဒီနေ့ မင်းကို အဘိုးဝမ်ရဲ့ အစွမ်းတွေ မြည်းစမ်းခိုင်းရတာပေါ့ ”

ဝမ်ပေါင်လဲ့မှာ အားမာန်အပြည့် ဖြစ်နေပြီး အံ့ဩဖွယ်ရာကောင်းသော အမြန်နှုန်းဖြင့် ပြေးထွက်သွား၏။ သူ၏ ပြေးလမ်းကြောင်းတစ်လျှောက် ပေါက်ကွဲသံများပါ ပေါ်ထွက်လာပြီး သူ၏ အမြန်နှုန်းမှာ ဖွံ့ထွားသွေးကြော နောက်ဆုံးအဆင့်ရှိ လူတစ်ယောက်ထက်ပင် အများကြီး ပို၍ မြန်ဆန်နေပြီဖြစ်သည်။

သူ ပြေးလွှားရာမှ ပေါ်ထွက်လာသော အသံများမှာ ပဲ့တင်ထပ်သွားသောကြောင့် မရေမတွက်နိုင်သော ကျောင်းသားများစွာ တအံ့တဩ ဖြစ်သွားကြရသည်။ သူတို့မှာ ရှင်းရှင်းလင်းလင်းပင် မမြင်ရသေးချိန်တွင် ဝမ်ပေါင်လဲ့မှာ တောင်အောက်သို့ပြေးဆင်းကာ ပါမောက္ခတောင်ထိပ်ဆီသို့ တည့်တည့်မတ်မတ် ပြေးသွားနေပြီဖြစ်သည်။

သူ၏ အမြန်နှုန်းကြောင့် ပေါက်ကွဲသံများ မြည်ဟည်းနေစဉ် သူသည် ပါမောက္ခတောင်ထိပ်ပေါ်ရှိ ကောင်းချွမ်ရှိရာ ခန်းမကြီးဆီသို့ ချက်ချင်းပင် ရောက်ရှိလာသည်။ သူသည် ထိုသို့ရောက်သွားသောအခါ ခန်းမကြီးထဲရှိ လေထဲတွင် ဖိအားတစ်မျိုးဖြင့် ပြည့်နှက်နေသည်ကို ခံစားမိလိုက်၏။

သူသည် ရွှေရောင်ခန္ဓာ မရရှိခဲ့စဉ်တုန်းက ကောင်းချွမ်နှင့် ဆုံခဲ့ရသည့် အချိန်များတွင် ထိုအားမျိုးကို လုံးဝ အာရုံမခံမိခဲ့ပေ။ ယခုတွင်မူ ရွှေရောင်ခန္ဓာအဆင့်သို့ ရောက်သွားပြီဖြစ်ရာ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော အားများကို အာရုံခံနိုင်စွမ်းမှာ အဆင့်မြင့်လာပြီဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ရပ်တန့်သွား၏။

” တကယ်လို့ မမလေးက ငါ့ကို ညာခဲ့တာ ဆိုရင်ရော ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် ပြတ်သားမှုများ ထွက်ပေါ်လာ၏။

” ငါ နောက်ပြန်ဆုတ်လို့ မဖြစ်ဘူး။ ငါက ရွှေရောင်ခန္ဓာကို ရထားပြီးပြီဆိုတော့ ကောင်းချွမ်ကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ။ ပြီးတော့ ဘေးနားမှာ လူတွေအများကြီးရှိနေတော့ သူ ငါ့ကို သတ်ရဲမှာ မဟုတ်ပါဘူး “
ဝမ်ပေါင်လဲ့မှာ သူသည် ရွှေရောင်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်ဖြစ်ကြောင်း ပြန်၍ တွေးတောမိလိုက်သည့်အခါ ယုံကြည်မှုများ ပြန်လည်ရှင်သန်လာ၏။ သို့သော် သူသည် ရှေ့သို့လှမ်းနေရင်း သူ၏ အော်လံကြီးကိုထုတ်ကာ အသံအကျယ်ကြီးဖြင့် ကောင်းချွမ်၏ အမည်ကို အော်ခေါ်လိုက်တော့သည်။

” ကြီးနိုင်ငယ်ညှဥ်းကောင် ကောင်းချွမ်။ ကျုပ် ခင်ဗျားကို ကမ္ဘာအဆုံးအထိ တိုက်ခိုက်ပြမယ် ”
သူ၏ အသံမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသည့် အဆုံးအစမရှိလောက်အောင် များပြားသော သွေးချီစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် အစကတည်းက မိုးခြိမ်းသံနှင့် တူနေသော အသံကြီးမှာ သူ တစ်ဖန်ပြန်၍ သန့်စင်ထားသော အော်လံကြီးကြောင့် အသံချဲ့ခံလိုက်ရသဖြင့် သူ၏ စကားသံများမှာ ကောင်းကင်ဘုံပေါ်မှ ဆင်းသက်လာသော ကြေညာချက်တစ်ခုကဲ့သို့ ပါမောက္ခတောင်ထိပ်တစ်ခုလုံးပေါ်တွင် မြည်ဟည်းသွားတော့သည်။

ထို့အပြင် ထိုအသံကြီးမှာ အလွန် အားပြင်း၏။ ဝမ်ပေါင်လဲ့ မျက်နှာမူကာ အော်ဟစ်လိုက်သည့်ဘက်တွင် လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး သစ်ပင်ပန်းမန်းပေါင်း များစွာ အမြစ်မှကျွတ်ထွက်ကာ ခန်းမကြီးထဲသို့ လွင့်စင်သွားကြသဖြင့် ၎င်းမှာ တုန်ရီသွား၏။ ထိုအခါ ပင်မတံခါးပေါက်ကြီးမှာ ချက်ချင်းပင် ဝုန်းခနဲ ပွင့်သွား၏။ ထိုတံခါး၏ နောက်တွင် တရားထိုင်နေရာမှ ရုပ်ချည်းဆိုသလို နှောင့်ယှက်ခံလိုက်ရသည့် ကောင်းချွမ်မှာ တအံ့တဩဖြစ်ကာ မျက်လုံးများ ပွင့်လာ၏။

” မင်း… ”

ကောင်းချွမ်မှာ စကားပြောရန် ချက်ချင်းပင် ပါးစပ်ကို ဟလိုက်ပါသော်လည်း သူ စကားမဆုံးခင်မှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ရွေ့လျားသွားပြီး ခန်းမကြီးထဲသို့ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော အမြန်နှုန်းမျိုးဖြင့် ပြေးဝင်လာကာ ကောင်းချွမ်၏ရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် သူသည် ညာလက်သီးဖြင့် ချက်ချင်းပင် ကောင်းချွမ်အား ထိုးနှက်လိုက်၏။

ဝမ်ပေါင်လဲ့ အော်ဟစ်လိုက်သည့်အချိန်နှင့် လက်သီးဖြင့် ထိုးနှက်လိုက်သည့် အချိန်ကြားရှိ ဖြစ်ရပ်များမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းချွမ်မှာ အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိလိုက်သလို ဝမ်ပေါင်လဲ့က သူ့အား တိုက်ခိုက်ဝံ့နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများ သူ၏ နားထဲသို့ ရောက်လာချိန်တွင် သူသည် ဝမ်ပေါင်လဲ့၏ ထိုးနှက်ချက်ကြောင့် မြေပြင်ပေါ်မှ လွင့်ထွက်သွားပြီ ဖြစ်သည်။

” ဒူးထောက်ပြီးတော့ ကျုပ်ကို အဖေလို့ ခေါ်လိုက်စမ်း ”
ဝမ်ပေါင်လဲ့က အမိန့်ပေးလိုက်၏။ ကောင်းချွမ်၏ ခန္ဓာကိုယ်မှာမူ ဝမ်ပေါင်လဲ့၏ ထိုးနှက်ချက်ကြောင့် မြေပြင်ပေါ်မှ လွင့်စင်သွားပြီး အရှိန်ပြင်းစွာ အောက်သို့ပြန်ကျလာ၏။ ခန်းမကြီးထဲရှိ သူ ရှိနေခဲ့သည့် နေရာတွင် ချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး သူသည် အပြင်ဘက်သို့ လွင့်ထွက်သွား၏။

ခန်းမကြီးတစ်ခုလုံး တုန်ရီနေစဉ် ဝမ်ပေါင်လဲ့မှာ ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ချက်ချင်းဆိုသလိုပင် နောက်မှ လိုက်လာ၏။

တချိန်တည်းမှာပင် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာသောကြောင့် ပါမောက္ခတောင်ထိပ်ပေါ်ရှိ လူများအားလုံး အလန့်တကြား ဖြစ်သွားကြသည်။ ပါမောက္ခကြီးမှာမူ ထိုအသံကြီးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ပြေးထွက်လာ၏။ ထိုအချိန်တွင် ပါမောက္ခတောင်ထိပ်ပေါ်၌ ဆရာများစွာလည်း ရှိနေကြသည်ဖြစ်ရာ ထိုဆူညံသံကြီးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ ပြူးကျယ်သွားကြပြီး အလျင်အမြန် ပြေးထွက်လာကြတော့သည်။

ထိုတောင်ထိပ်ပေါ်တွင် ရှိနေခဲ့သည့် ကျောင်းသားများမှာမူ ထို ဆူညံသံများကို ကြားလိုက်ရသောအခါ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး တအံ့တဩနှင့် လှည့်ကြည့်လိုက်၏။ သူတို့မှာ အရပ်မျက်နှာ အနှံ့အပြားမှနေ၍ ဒုပါမောက္ခ၏ ခန်းမကြီးဆီသို့ ပြေးလာကြတော့သည်။

သူတို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ‌ဒေါသတကြီး အော်ဟစ်သံတစ်သံ ချက်ချင်းပင် ပေါ်ထွက်လာသည်။

” ဝမ်ပေါင်လဲ့။ မင်းက သေချင်နေတာလား ”
ထိုအော်ဟစ်သံကြီး၏ နောက်တွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခု ချက်ချင်းပင် ထွက်ပေါ်လာ၏။ ထိုပြင်းအားကြောင့် ပတ်ပတ်လည်ရှိ သစ်ပင်ပန်းမန်များမှာ ချက်ချင်းပင် ‌ညှိုးနွမ်းခြောက်သွေ့သွားကြပြီး ကောင်းချွမ်မှာ ၎င်းတို့၏ ကြားထဲမှနေ၍ ပေါ်ပေါက်လာ၏။

သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး အဝတ်အစားများမှာ စုတ်ပြဲနေသလို သူ၏ပုံစံမှာလည်း ရိုက်နှက်ခံထားရသည့်ပုံစံ ပေါက်နေ၏။ သူ၏ မျက်လုံးများထဲတွင်မူ အမျက်ဒေါသများ ‌ပေါ်ပေါက်လာပြီး သူ၏ ဒေါသမီးများမှာ ကောင်းကင်ကြီးနှင့် ကမ္ဘာကြီးတို့ကိုပါ မီးလောင်တိုက်သွင်းပစ်နိုင်လောက်သည်အထိ ပူပြင်းနေတော့သည်။

ဒုပါမောက္ခဖြစ်သော သူသည် ကျောင်းသားတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဖြစ်ရာ သူသည် အလွန် အရှက်ရကာ ဒေါသထွက်နေပြီ ဖြစ်သည်။ ထိုခံစားချက်ကြီးကို စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ပြေးထွက်လာပြီး ဝမ်ပေါင်လဲ့အား သတ်ဖြတ်လိုသောအကြည့်များဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

” ဝမ်ပေါင်လဲ့ ”

ကောင်းချွမ်မှာ ထိုကဲ့သို့ ကြိမ်းဝါးလိုက်ပြီး သူ၏ လက်များကို မြှောက်ကာ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားသော အာနာပါနအဆင့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ပြောင်းလဲပစ်နိုင်လောက်အောင် အစွမ်းမထက်ပါသော်လည်း ဘေးပတ်ပတ်လည်ရှိ သစ်ပင်ပန်းမန်များကို ထပ်၍ ခြောက်သွေ့ညှိုးနွမ်းသွားစေနိုင်‌လောက်သည့်အထိတော့ အစွမ်းထက်နေဆဲပင်။ ထို့အပြင် သူ၏ အာနာပါနအဆင့် အငွေ့အသက်မှာ ရှေးဟောင်းသိုင်းအဆင့်သာရှိသော လူတစ်ယောက်ကို ဖော်ပြရ၍မရနိုင်လောက်အောင် ဖိနှိပ်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သူ၏ အငွေ့အသက်များ ပျံ့နှံ့လာသောအခါ သူသည် သာမန်လူများ၏ မျက်လုံးများထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်သွားတော့သည်။

ယခုတွင် သူ၏ ဒေါသစိတ်များအပြင် သူ၏ အာနာပါနအဆင့် ဖိအားများမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် တည့်မတ်စွာ ဦးတည်လာပြီး သူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာ ရိုက်ခတ်သွား၏။

” ဒူးထောက်စမ်း ”

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ခန်းမကြီးထဲရှိ ချိုင့်ခွက်ကြီးထဲမှ ထွက်လာ၏။ သူသည် ကောင်းချွမ်အား မြင်လိုက်ရပြီးနောက် သူ၏ ဖိအားများကို ခံစားလိုက်ရသည့်အပြင် ၎င်းမှတစ်ဆင့် ပြောင်းလဲသွားသော မျက်လုံးဖြင့် မမြင်နိုင်သည့် အားများမှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ တည့်မတ်စွာ ရောက်ရှိလာသောကြောင့် သူ၏ အမူအရာမှာ ပြောင်းလဲသွားရတော့သည်။

ဧရာမတောင်ကြီးတစ်လုံး သူ့အပေါ်သို့ ကျဆင်းလာသဖြင့် သူသည် လုံးဝ ဖိနှိပ်ခံလိုက်ရသည့်အလားပင်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူသည် အားပြင်းသော ချုပ်တည်းမှုတစ်မျိုးကို ခံစားလိုက်ရသည်။

၎င်းမှာ အာနာပါနအဆင့်၏ ရှေးဟောင်းသိုင်းအဆင့်ကို ချုပ်တည်းနိုင်စွမ်းပင် ဖြစ်သည်။

၎င်းမှာ ကျင့်ကြံသူတစ်ယောက်က သာမန်လူသားတစ်ယောက်ကို ဖိနှိပ်ထားခြင်းပင် ဖြစ်သည်။

ရှေးဟောင်းသိုင်းအဆင့်မှာ သာမန်လူသားအဆင့်တွင်သာ ရှိသေးသည်ဖြစ်ပြီး အာနာပါနအဆင့်သို့ ရောက်မှသာ ကျင့်ကြံသူတစ်ယောက် ဖြစ်သွားမည် ဖြစ်သည်။ ထို အခေါ်ဝေါ်နှစ်ခုမှာ အနည်းငယ်မျှသာ ကွာခြားပါသော်လည်း ၎င်းတို့မှာ အခြေခံအားဖြင့် ကွဲပြားခြားနားနေကြသလို လုံးဝ မတူညီသော အဓိပ္ပါယ်များကိုလည်း ပိုင်ဆိုင်ထား၏။

အာနာပါနအဆင့်က ရှေးဟောင်းသိုင်းအဆင့်ထက် သာလွန်နေရသည့် အကြောင်းအရင်းမှာ ၎င်း၏ အငွေ့အသက်မှ ထွက်ပေါ်လာသော ဖိနှိပ်ချုပ်တည်းနိုင်စွမ်းမှာ ရှေးဟောင်းသိုင်းအဆင့်ရှိ လူတိုင်းအား ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရပါက လုံးဝ တုံ့ပြန်နိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။

အာနာပါနအဆင့်၏ ဖိအားကြောင့် သူ၏ ခါးမှာ ကိုင်းညွတ်သွားရပြီး သူ၏ဦးခေါင်းကိုလည်း ငုံ့ထားရ‌၏။ သူ၏ အရိုးအားလုံးမှလည်း တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေ၏။ ကောင်းချွမ်မှာ ဝမ်ပေါင်လဲ့အား ဒူးထောက်စေရုံမျှသာ ဖိအားပေးရန် ကြံရွယ်ထားသည် မဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ အရိုးများအားလုံး ကျိုးကြေသွားသည့်အထိ ဖိနှိပ်ရန် ဆုံးဖြတ်ထားသည်ကို အထင်အရှား မြင်နိုင်ပေသည်။

ကောင်းချွမ်၏ ဖိအားများ ပျံ့နှံ့လာပြီး ဝမ်ပေါင်လဲ့အား ဖိနှိပ်လိုက်စဉ် အနီးအနားရှိ ကျောင်းသားများအပါအဝင် ပါမောက္ခကြီးနှင့် ဆရာများအားလုံး ထိုနေရာသို့ အပြေးရောက်လာကြသည်။ ထိုမြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြပြီး ပါမောက္ခကြီးမှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့သည်

” ကောင်းချွမ်။ ရပ်လိုက်စမ်း ”
ပါမောက္ခကြီးမှာ ထိုသို့ အမိန့်ပေးလိုက်ပြီး သူ့အားတားဆီးရန် ပြင်လိုက်၏။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းချွမ်၏ အာနာပါနအဆင့် အငွေ့အသက်၏ ဖိနှိပ်ခြင်းကို ခံထားရသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ခေါင်းမော့လာ၏။ သူ၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ကိန်းအောင်းနေ၏။ ထို့နောက် သူသည် ခုခံတွန်းလှန်လိုစိတ်များ ပြင်းပြနေသည့် အမူအရာဖြင့် မာန်သွင်းကြိမ်းဝါးလိုက်၏။

” ကျုပ်ကို ဖိနှိပ်ချင်တယ်ပေါ့ ဟုတ်လား ”

ဝမ်ပေါင်လဲ့က အော်ဟစ်လိုက်သောအခါ သူ၏ သွေးချီများမှာ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော သွေးချီများနှင့်အတူ ပေါက်ကွဲမှုများမှာ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာ၏။ ထိုသွေးချီများမှာ အားပြင်းပြီး စေးပျစ်နေ၏။ ၎င်းတို့ ပျံ့နှံ့သွားသောအခါ ဝမ်ပေါင်လဲ့၏နောက်တွင် ပုံရိပ်ယောင်သွေးပင်လယ်ကြီးတစ်စင်း ပေါ်ထွက်လာသကဲ့သို့ ဖြစ်သွား၏။

ထိုသွေးပင်လယ်ကြီးထဲတွင် အနက်ရောင်လျှပ်စီးများကို စုပ်ယူခဲ့ရာမှ ထွက်ပေါ်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သော ဓာတ်ပစ္စည်းများ ရှိနေ၏။ ပါမောက္ခကြီးပင်လျှင် ထိုအရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ထိုသွေးပင်လယ်ကြီးမှာ ပုံရိပ်ယောင်အဆင့်တွင်သာ ရှိပါသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သွေးချီများဖြင့် ဖန်တီးထားသည်ဖြစ်၍ ၎င်းပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း အံ့ဩမှင်တက်သွားကြတော့သည်။ ပို၍ တုန်လှုပ်ချောက်ချားစရာကောင်းသည့် အချက်မှာ ထို သွေးချီများ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် တွန်းအားတစ်မျိုးအသွင် ပြောင်းလဲသွားပြီး ကောင်းချွမ်၏ အာနာပါနအဆင့် ဖိနှိပ်စွမ်းအားများကို တိုက်ထုတ်နေခြင်းပင်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ခုခံတွန်းလှန်နေရင်း သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားရပါသော်လည်း သူ၏ ကိုင်းညွတ်နေသော ခါးမှာ ချက်ချင်းပင် ပြန်၍ တည့်မတ်လာ၏။ ထို့နောက် သူသည် ခေါင်းကို တဖြည်ဖြည်းမော့ကာ ရှေ့သို့ လျှောက်လမ်းလာတော့သည်။

” ခင်ဗျားက အာနာပါနအဆင့်မှာ ရှိနေတော့ရော ကျုပ်က ဘာလုပ်ရမှာလဲ ”

ထိုမြင်ကွင်းကြောင့် လူတိုင်း ချက်ချင်းပင် ဆွံ့အမှင်တက်သွားကြပြီး မယုံကြည်နိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားကြတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset