အပိုင်း (၁၁၂၅)

နန်းတွင်းအကြံပေး၏အိမ်တော်သို့ ဝင်ခြင်း ၁

နန်းတွင်း အကြံပေးက ရီဖူရှင်းအား တပည့်အဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့ကာ တိဟောက်က ရီဖူရှင်းကို လာရောက် ရန်ရှာခဲ့သည်။

တိဟောက်ကား ဆွံ့အနေ၏။ အရှုံးသမားတွင် ပြန်ပြောခွင့်မရှိ။ သူက တာလီကျောင်းတော်၏ အတော်ဆုံး တပည့်ဖြစ်သော ဒွန်ချန်းကို အနိုင်ရခဲ့သည်။ ရီဖူရှင်းက ထိုနေ့တွင် အပြစ်ခုနစ်ပါးအား အနိုင်ယူခဲ့သည့်တိုင် သူ့အား သိပ်အလေးမထားခဲ့ပေ။  သို့သော်လည်း ဒွန်ချန်းအား အနိုင်ယူပြီးနောက် ရှန့်ထိုအဆင့်အောက်၌ ပြိုင်ဘက်ကင်းဟူသော နာမည်သည် သတ္တမဓားထံတွင် လက်မြှောက် အရှုံးပေးရမည်ဟု မည်သူကမှ မထင်ထားခဲ့။ သတ္တမဓားသည် ဤမတိုင်ခင် သတ္တမဓားသည် နန်းတွင်းအကြံပေး၏ ရွေးချယ်မှုကို ခံရသည့်တိုင် မည်သည့် အင်အားစုနှင့်မျှ မသက်ဆိုင်ခဲ့ပေ။ ဤသို့ဆိုလျှင် နန်းတွင်း အကြံပေး၏ မျက်လုံးများက ထိုမျှပင် ထက်ရှပါသလော။

“တာလီပြည်ထောင်က ရှန့်ထိုအဆင့်အောက်မှာ နံပါတ်၁ ဟုတ်လား … ။ မင်းက ဒီလို မသတ်မှတ်ခင် ငါ့ဓားကို ထည့်တွက်သင့်တယ်” ရီဖူရှင်းက ပြောကာ ဓားကို ပြန်သိမ်းလိုက်သည်။ သူက တိဟောက်အား လွှတ်လိုက်ကာ လုချွန်ဘက်သို့ လှည့်လျက်ပြောသည် … “သွားရအောင် …”

လုချွန်က ခေါင်းညိတ်ကာ ရီဖူရှင်းနှင့်အတူ ရှေ့သို့ ဆက်လျှောက် သွားခဲ့သည်။ တိဟောက်ကား ထိုနေရာတွင်ပင် တောက်လီတောင်မှ တပည့်များနှင့်အတူ ရပ်ကျန်နေရစ်ကြ၏။ သူတို့အားလုံးမှာ ဆွံ့အနေကြသည်။

ရီဖူရှင်းတို့အဖွဲ့ ထွက်ခွာ သွားသည်ကို မရေမတွက်နိုင်သောလူများ ကြည့်နေကြသည်။ သူတို့အားလုံး ကြီးစွာ စိတ်လှုပ်ရှား နေကြ၏။ တာလီပြည်ထောင်မှ ရှန့်ထိုအဆင့်အောက်တွင် နံပါတ်၁နေရာသည် ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားမည်ဟု မည်သူမှ မထင်ထားကြ။

သတ္တမဓားသည် နန်တွင်းအကြံပေး၏ လက်ရင်းတပည့် ဖြစ်လာခြင်း၊ တာလီ၏ ရှန့်ထိုအဆင့်အောက် ပြိုင်ဘက်ကင်း ဓားသမား ဖြစ်လာခြင်းတို့က တာလီတွင် လျှမ်းလျှမ်းတောက် ကျော်ကြားစေရန် လုံလောက်ပေသည်။ သူ၏အနာဂတ်ကား မြင်သာသော အရာတစ်ခု ဖြစ်သည်။ တာလီနန်းတွင်း အကြံပေး၏ တပည့်ရွေးချယ်ခြင်း အပေါ် မည်သူမှ သံသယ မဖြစ်တော့။ နန်းတွင်း အကြံပေးသည် ရီဖူရှင်းက တိဟောက်အား အနိုင်ယူနိုင်သည်ကို ကြိုတင် သိမြင်နိုင်စွမ်း ရှိသည့်အပေါ် လူအများက ကြီးစွာ လေးစား အံ့အားသင့် ကြရပေသည်။

နန်းတွင်းအကြံပေး၏ အိမ်တော်သည် အလွန်တရာ ကြီးကျယ် ခမ်းနားမည်ဟု ရီဖူရှင်းသည် မူလက တွေးထင်ခဲ့၏။ သို့သော်လည်း သူက အိမ်တော်ခြံဝင်းထဲသို့ ဝင်လိုက်သောအခါ ရိုးရှင်းသော အဆောက်အဦ အချို့နှင့် သာယာသော ရှုမျော်ခင်းများကိုသာ မြင်ရ၏။

ရီဖူရှင်း ရပ်လိုက်သည်ကို မြင်လျှင် လုချွန်က မေးသည် … “အံ့ဩသွားလား”

“တကယ် အံ့ဩစရာ ကောင်းတယ်” ရီဖူရှင်းက ပြောသည်။

“တောင်တစ်လုံးရဲ့ တန်ဖိုးကို သူ့အမြင့်နဲ့ မတိုင်းတာနိုင်ဘူး” လုချွန်က ထူးမခြားနားစွာ ပြောသည် … “နန်းတွင်း အကြံပေးရဲ့အိမ်တော် နာမည်က လုံလောက်တာ ထက်တောင် ပိုနေပြီ”

ရီဖူရှင်းက ခေါင်းညိတ်ကာ လုချွန်နောက်မှ ဆက်လက်၍ လိုက်ပါ လာခဲ့သည်။ သူတို့နှင့်အတူ လိုက်ပါလာသော လီယောင်နှင့် လီယူတို့အပြင် တခြားသော အပြင်လူများ အားလုံး ပြန်သွားကြပြီ ဖြစ်သည်။ သည်နေရာကား နန်းတွင်း အကြံပေး၏ သီးသန့်အိမ်တော် ဖြစ်ကာ သူနှင့် သူ့လက်ရင်း တပည့်အချို့သာ နေထိုင်သည်။

သည်နေရာက အလွန်တရာ ကြီးမားခြင်း မရှိသော်လည်း လှပသေသပ်ကာ အမြင်ရှင်းပေသည်။ အဆောက်အဦများမှာ ရိုးရှင်းပြီး အနုပညာ ဆန်သည်ဟု ခံစားရသည်။

ရီဖူရှင်းက နန်းတွင်း အကြံပေးကို ထပ်တွေ့သော အချိန်တွင် သူကား မျှော်စင်တစ်ခု အရှေ့တွင် ရပ်နေခဲ့သည်။

ထိုနေရာသည်ကား ရိုးရှင်းကာ သန့်ရှင်းသည်ဟု ရီဖူရှင်းက ခံစားရသည်။

“ဆရာ …” လုချွန်က ဦးညွှတ်သည်။

“အင်း …” နန်တွင်းအကြံပေးက ခေါင်းညိတ်ကာ ရီဖူရှင်းအား ကြည့်သည်။

ရီဖူရှင်းကလည်း ဦးညွှတ်ကာ ဆိုသည် … “သတ္တမဓားက ဆရာကို နှုတ်ခွန်းဆက်ပါတယ်”

“ဒီမှာ ထူးထူးခြားခြား စည်းကမ်းတွေ မရှိဘူး။ မင်းကို ငါ့တပည့်အဖြစ် ရွေးလိုက်တာ မင်း မအံ့ဩဘူးလား” နန်တွင်း အကြံပေးက မေးသည်။

“ကျွန်တော် တကယ်ပဲ အံ့ဩမိပါတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် … “လူတွေအားလုံးက တိဟောက်၊ ဒါမှမဟုတ် ဒွန်ချန်းကိုပဲ ဆရာက ရွေးချယ်မယ်လို့ ထင်ကြတယ်။ ဘာလို့ ကျွန်တော့်ကို ရွေးရတာပါလဲ”

ရီဖူရှင်းကလည်း အကြောင်းပြချက်ကို သိလိုပေသည်။

“တာလီကျောင်းတော်က နှစ်စဉ်နှစ်တိုင်း တပည့်တွေရဲ့ တိုးတက်မှုကို တိုက်ပွဲနဲ့ဖြစ်စေ၊ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေနဲ့ဖြစ်စေ အကဲဖြတ်ပွဲ လုပ်လေ့ရှိတယ်။ တိဟောက်နဲ့ဒွန်ချန်းတို့ တိုက်ပွဲမှာလည်း မင်းတို့သုံးယောက်ကို ငါက မေးခွန်းထုတ်ခဲ့တယ်။ မင်းတို့က ဘာလို့ လမ်းစဉ်ကို ရှာဖွေတာလဲ” နန်းတွင်း အကြံပေးက ပြောလျှင် ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုစဉ်က ရီဖူရှင်းသည် စိုးရိမ်စိတ်များပင် ဖြစ်ခဲ့၏။

ယခု နန်းတွင်းအကြံပေး၏ အိမ်တော်ကို ဝင်သောအခါ သူကား အလွန်တရာ စိတ်အေးလက်အေး ဖြစ်မှုကို ခံစားရပေသည်။

သူကား မိမိကိုယ်ကို သတ္တမဓား အဖြစ်သာ သဘောထားတော့ကာ ရီဖူရှင်း၏ ဖြစ်တည်မှုကို မေ့လျော့ထားခဲ့ပြီး ဖြစ်သည်။ သူက ရန်ငြိုးအကြောင်းနှင့် ပတ်သက်၍လည်း တွေးတောခြင်း မပြုတော့ပေ။ မဟုတ်လျှင် သူ၏မူလရုပ်သွင်ကို သတိထားမိ သွားနိုင်ပေသည်။

သူက နန်းတွင်းအကြံပေး အိမ်တော်သို့ လာရာလမ်း၌ပင် သူ့ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများအား ပြုလုပ်ထားပြီး ဖြစ်သည်။

“ဒွန်ချန်းနှင့် တိဟောက်တို့ကတော့ ဆင်တူပဲ ဖြေသွားကြတယ်။ သူတို့ နှစ်ယောက်လုံးက တာလီအတွက် အလုပ်လုပ်ဖို့ ပြောခဲ့ကြပေမဲ့ မင်းကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ပြောတယ်။ ပြီးမှ တခြားလူတွေကို ချစ်ဖို့ သင်ယူရမယ်။ ဒါက လက်ခံဖို့ ကောင်းတဲ့အချက်ပဲ။ ယုံကြည်မှုဆိုတာ လူတွေ ပြောသလို တစ်ခါတစ်လေ လွယ်ကူတဲ့အရာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်ဟာ မတတ်သာတဲ့ အခြေအနေတစ်ခုကို ရောက်လို့ ရွေးချယ်မှု လုပ်ရတဲ့အခါ ယုံကြည်မှုဆိုတဲ့ အရာဟာလည်း ပြိုလဲရတာပဲ” နန်းတွင်း အကြံပေးက ပြောသည်။

“ဒီတစ်ခုတည်းနဲ့တော့ ကျွန်တော့်ကို ရွေးချယ်မှာ မဟုတ်ဘူး” ရီဖူရှင်းက ပြောသည်။

“မှန်တယ်” နန်းတွင်းအကြံပေးက ခေါင်းညိတ်ကာ ဆက်ပြောသည် … “တကယ်တမ်း ငါ့ဆုံးဖြတ်ချက်ကို ခိုင်မာစေတာက စကားတစ်ခွန်းပဲ … မဟာလမ်းစဉ်ဆိုတာ အကန့်အသတ် မရှိဘူး”

“လူတွေက တခြားလူတွေကို မချစ်ချင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ သင်ယူကြရတယ်။ လူတွေက တခြားလူတွေကို မကူညီခင် ကိုယ်တိုင် ရပ်တည်နိုင်အောင် ကြိုးစားရတယ်။ နောက်ဆုံး စကားဖြစ်တဲ့ မဟာလမ်းစဉ်ဟာ အကန့်အသတ်မဲ့တယ် ဆိုတဲ့ စကားနဲ့ပေါင်းရင် ဒါတွေက လုံလောက်သွားတယ်” နန်းတွင်းအကြံပေးက ပြောသည်။

ရီဖူရှင်းက နန်းတွင်း အကြံပေးအား ကြည့်သည်။ သူ၏ စကားတစ်ခွန်းက နန်းတွင်းအကြံပေး၏ စိတ်ကို ဆွဲငင်သွားနိုင်မည်ဟု သူလုံးဝ မထင်ခဲ့ပေ။

“မင်းက ဒီမတိုင်ခင် တစ်ကိုယ်ကောင်းဆန်ခြင်းကို ပြောတယ်။ နောက်ပိုင်းမှ စွန့်လွှတ် အနစ်နာခံခြင်းကို ပြောတယ်။ တစ်နေ့ မင်းက ကိုယ်တိုင် ရပ်တည်နိုင်တဲ့အခါ မင်းယုံကြည်တဲ့ အရာတွေကို တကယ် ဖြစ်မြောက်အောင် လုပ်နိုင်လိမ့်မယ်။ ဒါကပဲ မဟာလမ်းစဉ်ဟာ အကန့်အသတ်မဲ့ခြင်းပဲ”

နန်းတွင်း အကြံပေးက ထိုစကားကို အလွန် နှစ်သက် သဘောကျကြောင်း တွေ့ရှိလိုက်ရကာ ရီဖူရှင်းသည် အလွန် အံ့အားသင့်ရ၏။ နန်းတွင်းအကြံပေးက သူ့အား ဖိအား ပေးထားသောအခါ သူသည် ထိုစကားကို ပြောရာ၌ စိတ်ရင်းဖြင့် ပြောဆိုခဲ့ရသည်။

သို့သော်လည်း မဟာလမ်းစဉ်က အကန့်အသတ်မဲ့သည် ဟူသော စကားက အင်ပါယာလီဘုံ၏ မူဝါဒနှင့် ဆန့်ကျင်ပေသည်။ ထို့ကြောင့်ပင် လီစွမ်းက ချက်ချင်း ထိုစကားကို ဝင်ထောက်ကာ လောကကြီးသည် နေရာတိုင်း၌ အကန့်အသတ် ရှိကြောင်း ပြောသည်။ အင်ပါယာလီဘုံ၊ အင်ပါယာရှားဘုံတို့သည် အကန့်အသတ်များ ဖြစ်သည်ဆိုပါက မဟာလမ်းစဉ်သည် အဘယ်ကြောင့် အကန့်အသတ်မဲ့ ရမည်နည်း။

နန်တွင်း အကြံပေးသည် တာလီပြည်ထောင်၏ တိုးတက် ကြီးပွားခြင်းကိုသာ ဦးတည်ကာ ကြိုးစား လုပ်ဆောင်နေသူ ဖြစ်ရကား သူ၏ အတွေးအမြင်များက မိမိ၏အဆိုကို လက်ခံနိုင်ခြင်း အတွက် ရီဖူရှင်းသည် အလွန်တရာ အံ့အားသင့် ရပေသည်။

သူကား အမှန်ပင် နားမလည်ပေ။

“မင်းကရော … ဓားတောင်ကုန်းက မင်းကို ဖိတ်ခေါ်တာကို မင်းက ငြင်းခဲ့တယ်လို့ ကြားရတယ်။ ငါ့ကမ်းလှမ်းချက်ကို ဘာလို့ လက်ခံခဲ့တာလဲ” နန်းတွင်းအကြံပေးက မေးသည်။

“ဆရာက အင်ပါယာလီဘုံမှာ အရှင်မင်းကြီးပြီးရင် အဆင့်အမြင့်ဆုံး နေရာမှာ ရှိတယ်။ ကျွန်တော်က ဘယ်လိုငြင်းလို့ ရမလဲ” ရီဖူရှင်းက ဆက်ပြောသည် … “ကျွန်တော် ငြင်းလိုက်ရင် တာလီမှာ ဘယ်နေရာကို သွားဦးမလဲ။ လီကျွမ်းကလည်း ကျွန်တော့်ကို ပြဿနာရှာမှာ သေချာတယ်”

သူက ငြင်းပယ်လိုက်ပါက မည်သည့် အရေးကြီး ပုဂ္ဂိုလ်ကမှ ရီဖူရှင်းနှင့် အဆက်အသွယ် လုပ်ရဲကြတော့မည် မဟုတ်ပေ။ နန်းတွင်း အကြံပေးက သူ့အား တပည့်လက်ခံမည်ဟု အတိအလင်း ကြေညာပြီးမှ ရီဖူရှင်းက ငြင်းဆန်ခြင်းကား အဆင်မပြေ။

“မင်းက တကယ်ပဲ လက်တွေ့ကျတယ်။ ဒါဆို မင်း မင်းက ငါ့လက်အောက်မှာ တကယ်ပဲ မသင်ယူချင်ဘူးဆိုတဲ့ သဘောပေါ့။ မဟုတ်ရင် မင်းက တိဟောက်ကို တစ်ခါတည်း စိန်ခေါ်ခဲ့မှာပေါ့” နန်းတွင်း အကြံပေးက ရီဖူရှင်းသည် တိဟောက်အား အနိုင်ယူခဲ့သည့်ကိစ္စကို သိထားဟန်ရ၏။

“တိဟောက်က အားကောင်းတယ်။ ဒါပေမဲ့ သူ့ဓားပညာက ကျင့်ဝူထက်တော့ ပိုမသာဘူး။ ကျွန်တော်က ကျင့်ဝူကို အနိုင်ယူပြီးမှတော့ သူနဲ့ထပ်ပြီး တိုက်ခိုက်စရာ မလိုတော့ဘူး။ ပြီးတော့ ဆရာပြောသလိုပဲ ကျွန်တော်က ဆရာ့လက်အောက်မှာ သင်ယူဖို့ မစဉ်းစားခဲ့ဘူး။ ကျွန်တော့်အတွက်တော့ နေရာတိုင်းမှာ လေ့ကျင့်လို့ရတယ်” ရီဖူရှင်းက ရိုးသားစွာ ပြောသည်။ သူပြောသမျှက အလိမ်အညာ မဟုတ်ပေ။

“မင်းက တကယ်ပဲ မာနကြီးတယ်” နန်းတွင်းအကြံပေးက ပြုံးလျက်ပြောသည် … “မင်းက အခု ငါ့တပည့်ပဲ။ ငါ့ဆီက ဘာသင်ချင်လဲ”

***


Comment

Leave a Reply


Options

not work with dark mode
Reset