အပိုင်း (၁၁၂၄)

တာလီ၏နံပါတ် ၁

“နန်းတွင်းအကြံပေးက ဒွန်ချန်းကို မရွေးခဲ့သလို အစ်ကိုတိဟောက်ကိုလည်း မရွေးခဲ့ဘူး။ ဘာလို့ သူဖြစ်နေရတာလဲ” အပြစ်ခုနစ်ပါးက တိဟောက်ဘေးတွင် ရပ်ကာ အေးစက်စွာ မေးသည်။ တိဟောက်၏အေးစက်သော မျက်လုံးများကလည်း ရီဖူရှင်းထံသို့ ရောက်နေသည်။

“ဆရာ့မှာ သူရွေးချယ်တဲ့ အကြောင်းအရင်း ရှိမှာပေါ့။ မင်းတို့ကို ဘာလို့ ရှင်းပြနေရမှာလဲ” လုချွန်က မျက်မှောင်ကြုတ် လိုက်သည်။ ဤသို့ မေးခွန်းထုတ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ရာ သူ၏လေသံက အနည်းငယ် အေးစက်နေသည်။

မင်းသားကြီး အိမ်တော်မှဖြစ်စေ၊ တောက်လီတောင်ကုန်းမှ ဖြစ်စေ သူ့ဆရာ၏အရေးကိစ္စကို မေးခွန်းထုတ်ပိုင်ခွင့် မရှိပေ။

“အလျင်မလိုနဲ့ … အပြစ်ခုနစ်ပါး …” တိဟောက်က ဆိုသည်။ အပြစ်ခုနစ်ပါး၏ မျက်လုံးများက ဓားအသိများ ထွက်ပေါ်နေကာ ရှေ့သို့ တက်ရန်ဟန်ပြင်သည်။

တိဟောက်က ရှေ့သို့ ခြေလှမ်း အနည်းငယ်တက်ကာ ပြောသည် … “နန်းတွင်းအကြံပေးက ဆုံးဖြတ်ပြီးမှတော့ ကျုပ်က ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ တောက်လီတောင်ကို မပြန်ခင်တော့ ကျုပ်က နန်းတွင်းအကြံပေးရဲ့ တပည်ကို သင်ခန်းစာ နည်းနည်း ပေးချင်တယ်”

ဓားအသိများ ထွက်ပေါ်လာကာ သူ့ထံမှ ကြီးမြတ်သော အရောင်အဝါများ ထွက်ပေါ်လာသည်။ သူက ရှေ့သို့ စိုက်ကြည့်ကာ ပြောသည် … “တောက်လီတောင်က တိဟောက် … မင်းဘာသိလဲ့ ငါ့ကို ပြ …”

သူက ထိုသို့ပြောလျှင် ဘေးပတ်ပတ်လည်မှ သူ့လူများ ဖယ်ပေးကြသည်။

တိဟောက်ကား မေးခွန်းထုတ်စရာ မလိုအောင် အလွန် အားကောင်းပေသည်။ သူက နန်းတွင်းအကြံပေး၏ ဆုံးဖြတ်ချက်ကို မေးခွန်း မထုတ်နိုင်သော်လည်း တောက်လီတောင်သို့ မပြန်ခင်တော့ နန်းတွင်းအကြံပေး၏ တပည့်အသစ်ကို သင်ခန်းစာ ပေးရပေမည်။

အနည်းဆုံး သူက အပြင် တစ်စုံတစ်ခုအား သက်သေပြရပေမည်။

မရေမတွက်နိုင်သော အကြည့်များ ရီဖူရှင်းထံသို့ ရောက်လာသည်။ သူက စိန်ခေါ်မှုကို လက်ခံရဲပါ့မလား။

ရီဖူရှင်းက တိဟောက်ကို ကြည့်ကာ တိတ်ဆိတ်နေသည်။ သူက ရှေ့သို့ တက်သွားကာ ပြောသည် … “ကျုပ်က သတ္တမဓားပဲ …”

သူက ရှေ့သို့ တက်လာသည်နှင့် ဓားအသိများ သူ့ကို စီးဆင်းသွားသည်။ သူက တိဟောက်အား တည်ငြိမ်စွာ ကြည့်၏။

လေထဲတွင် လျှပ်စီးဓာတ်တစ်ခု လက်သွားသလို ရီဖူရှင်းကလည်း လေထဲသို့ ဓားတစ်လက်အလား ထိုးတက်သွား၏။ သည်နေရာက တာလီကျောင်းတော် မဟုတ်ရင် တိုက်ပွဲအတွက် သီးသန့်ကွင်း မရှိပေ။ သူတို့က ကောင်းကင်ထက်တွင် တိုက်ခိုက်ရန် လိုပေသည်။

တိဟောက်က ရီဖူရှင်းအား လှမ်းကြည့်ကာ သူကလည်း လေထက်သို့ တက်လာသည်။ တစ်ချိန်တည်းတွင် ခေါင်းလောင်းသံတစ်ခု လေထုကို ရိုက်ခတ်သွားခဲ့၏။ ရီဖူရှင်းက သူ၏အာရုံတစ်ခုလုံး တုန်ခါသွားသည်ကို ခံစားရသည်။ မမြင်ရသော အသံအားလှိုင်းသည် သူ၏စိတ်ဝိညာဉ်ကို ပြင်းထန်စွာ တိုက်စားနိုင်၏။ သို့သော်လည်း ရီဖူရှင်းက ပျံသန်းနေသည်ကို မရပ်တန့်ဘဲ တိမ်များပေါ်သို့ တက်သည်။ တိဟောက်ကလည်း သူ့နောက်သို့ လိုက်ပါလာရာ နှစ်ယောက်သား မြန်ဆန်စွာ အပေါ်သို့ တက်ရောက်သွားကြသည်။

တိဟောက်၏ သက်စောင့်ဝိညာဉ်များမှာ ဓား၊ သုံးချောင်းထောက်တိုင်နှင့် ခေါင်းဆောင်းတို့ ဖြစ်ကြသည်။ ခေါင်းလောင်းသံသည် ပတ်ဝန်းကျင် တစ်ခုလုံးအား ရိုက်ခတ်နေခဲ့၏။

ရီဖူရှင်းက စူးရဲစွာ ကြည့်သည်။ သူ၏မျက်လုံးများက အရာအားလုံးကို ထွင်းဖောက် မြင်နိုင်သည့်အလား စူးရှနေသည်။ သူ၏လက်တွင် ဓားတစ်လက် ပေါ်လာကာ အပေါ်မှ လျှပ်စီးတန်းများသည် ကမ္ဘာပျက်သည့်အလား ကျဆင်း လာကြတော့သည်။

“တိုက် …” ရီဖူရှင်းက သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

ဒေါင် …

ခေါင်းလောင်းသံသည် ကျယ်လောင်စွာဖြင့် လေထဲတွင် အဆက်မပြတ် ပေါက်ကွဲ ထွက်လာနေခဲ့သည်။

ဘုန်း …

တိဟောက်၏နောက်မှ သုံးချောင်းထောက်တိုင်သည် အရွယ်အစား အဆမတန် ကြီးမားလာခဲ့ကာ ဖိအားသည် ရီဖူရှင်းကို ဦးတည်လျက် ကျဆင်းလာခဲ့သည်။ ရီဖူရှင်းအား အလင်းများ စီးဆင်းလာခဲ့ပြီး ဧရာမဓားကြီးများ တစ်လက်ပြီးတစ်လက် ပေါ်လာသည်။ ဓားတစ်လက်ချင်းစီသည် အလွန်တရာ ကြီးမားသော စွမ်းအားများကို သယ်ဆောင်လာ၏။

ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် ဓားဝိညာဉ် ပေါ်ထွက်လာသည်။ ဓားဝိညာဉ်သည် သူ့လက်ထဲတွင် ဧရာမအသွင်သို့ ကြီးမား ပြောင်းလဲသွားကာ အလွန်အမင်း လေးလံလာခဲ့သည်။

“ဆင်းစမ်း …” တိဟောက်က အေးစက်စွာ ပြောသည်။ သုံးချောင်းထောက်တိုင်က ရီဖူရှင်းထံသို့ ကောင်းကင်၏အရှိန်အဝါအလား ကျဆင်းလာ၏။

ကြီးမားသော ဓားသည် သုံးချောင်းထောက်တိုင်နှင့် ရင်ဆိုင်မိလျှင် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး နှစ်ယောက်လုံး နောက်ကို ဆုတ်သွားရသည်။ သို့သော်လည်း ရီဖူရှင်းက ဓားကို ကိုင်စွဲကာ ရှေ့သို့ တစ်ဖန် ဓားဖြင့် ဖိအားပေးလာခဲ့ပြန်၏။

တိဟောက်ကလည်း ထောက်တိုင်ဝိညာဉ်ကို အသုံးပြုကာ ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။ သူ့နောက်တွင် ဓားအသိတစ်ခု ဖြစ်ပေါ်လာကာ ကျားယဲ့ဓားဖွဲ့စည်း ဖြစ်ပေါ်လာသည်။ ဓားသည် တဆတ်ဆတ် တုန်ခါလျက် ရီဖူရှင်းကို ဦးတည်နေ၏။

“သွား …” တိဟောက်က တစ်ခွန်းဆိုသည်။ ကျားယဲ့ဓားသည် လေထုကို ခွင်းကာ ကြီးမားသော အရှိန်အဟုန်ဖြင့် တစ်ဖက်လူထံသို့ ရောက်လာသည်။ ရီဖူရှင်းကလည်း တစ်ချိန်တည်းတွင် လေထဲသို့ ခုန်တက်လိုက်ကာ လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။ ရှေ့တွင် ဧရာမဓားမှ ဖြစ်ပေါ်လာသော ဓားအရံအတားသည် ကျားယဲ့ဓားကို တားဆီးသည်။

ဓားအရံအတားသည် ကြယ်တာရာ ရောင်စုံများ တောက်ပစွာဖြင့် ရီဖူရှင်းကို ကာကွယ်ထား၏။ တိဟောက်၏ မျက်လုံးများက အေးစက်နေသည်။ သူက ရှေ့သို့ တစ်လှမ်း တက်လာကာ လက်ညှိုးဖြင့် ထိုးလိုက်က ပိုမိုများပြားသော ဓားများအား ဖန်တီးလျက် ရှေ့သို့ ပျံသန်းသွာစေသည်။ တစ်ဖန် လေထဲမှ ထောက်တိုင်သည်လည်း အောက်သို့ ကျဆင်း လာပြန်၏။ သို့သော်လည်း ရီဖူရှင်းက ကျဆင်းလာသော ထောက်တိုင်အား ဂရုမစိုက်ပေ။ သူက ရှေ့သို့ ဆက်လှမ်းလာခဲ့ကာ ဧရာမဓားဖြင့် ကျားယဲ့ဓားကို ဆက်လက်၍ ဖိအားပေးကာ တွန်းလိုက်သည်။ သူ၏ဓားသည်လည်း ကြီးမားသော စွမ်းအားများ အဆက်မပြတ် စုစည်း လာနေခဲ့၏။

ရီဖူရှင်းထံမှ အဆုံးအစမဲ့သော အလင်းများ ဖြာထွက်လာခဲ့ကာ ဧရာမဓားကြီးထံသို့ ဆက်လက် စီးဆင်းလာခဲ့သည်။ ထို့နောက် ဓားကို လက်နှစ်ဖက်ဖြင့် ပြင်းထန်စွာ ရိုက်ထုတ်လိုက်လျှင် ဓားသည် ကျားယဲ့ဓားအား အစိတ်စိတ် အပိုင်းပိုင်း ကြေပျက်စေကာ တိဟောက်ထံသို့ ဦးတည် သွားခဲ့သည်။

တိဟောက်က အပေါ်သို့ တက်ကာ တိုက်ခိုက်မှုအား ရှောင်ဖယ်လိုက်သည်။ သို့သော်လည်း ရီဖူရှင်းက ဂရုမစိုက်ပေ။ သူက လက်နှစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်လိုက်ကာ ခန္ဓာကိုယ်အား ပြောင်းပြန်လှည့်လျက် ဓားကိုဝှေ့ယမ်းသော အရှိန်အား ယူကာ အောက်သို့ ကျဆင်းလာသော ထောက်တိုင်အား ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဒေါင် …

ကျယ်လောင်သော အသံနှင့်အတူ ထောက်တိုင်သည် အလယ်မှ ပိန်ချိုင့်သွားခဲ့ကာ တိဟောက်သည်လည်း လေထဲတွင် ညည်းသံတစ်ချက် ပေးသည်။ သူက လက်ကို ဆန့်တန်းကာ ထောက်တိုင်အား ပြန်လည် ဆင့်ခေါ်သည်။ သို့သော်လည်း ရီဖူရှင်းက ခန္ဓာကိုယ်အား တစ်ပတ်လှည့်လျက် နောက်ထပ် ဓားတစ်ချက် ထုတ်လိုက်သည်။

ဒေါင် …

ကျယ်လောင်သော အသံနှင့်အတူ ထောက်တိုင်သည် အောက်သို့ ပြင်းထန်စွာကျ၏။ တစ်ချိန်တည်းမှာပင် တိဟောက်၏မျက်နှာက ပြာနှမ်းသွားသည်။ သည်အရာကား သူ၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။ ထို့အပြင် ရီဖူရှင်း၏ဓားသည် ပိုမို အားကောင်း လာနေခဲ့သည်။

ဓားအသိသည် တိဟောက်၏ ခန္ဓာကိုယ်သို့ စီးဆင်းလာခဲ့သည်။ ကျားယဲ့ဓားသည် သူ့အား လှည့်ပတ်လာကာ လေထုကို ခွင်းလျက် ရီဖူရှင်းထံသို့ ပျံသန်းသွားခဲ့၏။

ရီဖူရှင်းက လေထဲသို့ တက်ကာ သူ၏ဓားအား သယ်ဆောင် လာခဲ့သည်။ တိဟောက်က အောက်သို့ မဆင်းလာလိုမှတော့ သူကလည်း သက်စောင့်ဝိညာဉ်ကို ထုနှက်ကာ ဆင်းလာအောင် လုပ်ရပေမည်။

တိဟောက်က အောက်သို့ ဆင်းသက် လာခဲ့သည်။ အဆုံးအစမဲ့သော ဓားသည် လေထဲတွင် ဖြတ်သန်းလာခဲ့ကာ ရီဖူရှင်းအား သတ်ဖြတ်လိုဟန်ဖြင့် ရောက်လာခဲ့၏။ တစ်ချိန်တည်းတွင် ရီဖူရှင်းကလည်း လက်ထဲမှ ဓားအား ဝှေ့ယမ်းကာ ကျားယဲ့ဓားအား ရိုက်ချလိုက်သည်။ သူ့ဓားသည် ထက်ရှခြင်း မရှိပေ။ သို့သော် ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။

ဘုန်း …

စွမ်းအား ကြီးမားသူ ဖြစ်သည့်တိုင် တိဟောက်ကား နောက်သို့ လွင့်စဉ်သွားခဲ့သည်။

ရီဖူရှင်းအနီးတွင် ဓားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ တိဟောက်ထံသို့ ရိုက်ခတ်သွားခဲ့သည်။ တိဟောက်သည် ခက်ခဲစွာဖြင့်ပင် သူ၏လက်ညှိုးကို ရှေ့သို့ ထိုးလျက် အရာအားလုံကို ပယ်ဖျက်ရန် ကြိုးစား၏။

ထိုအခိုက်တွင် ရီဖူရှင်းက လေထုကို ဖြတ်သန်းကာ ဓားကြီးအား သယ်ဆောင်လျက် ကျဆင်းလာခဲ့သည်။ တိဟောက်ကလည်း သူရပ်နေရာမှ ပျောက်ကွယ် သွားခဲ့ပြီး အလင်းတန်း အသွင်ဖြင့် နေရာရွှေ့ပြောင်း၏။ သို့သော်လည်း သူနှင့်အတူ ရီဖူရှင်းသည်လည်း တစ်ချိန်တည်းတွင် ပျောက်ကွယ် သွားခဲ့သည်။ ဓားသည် လေဟာနယ် ရွေ့လျားခြင်းနှင့်အတူ လိုက်ပါလာခဲ့ပြီး တိဟောက်ရှေ့သို့ တိုက်ရိုက် ရောက်လာခဲ့၏။ အချိန်သည် နှလုံးခုန်သံ တစ်ခုစာမျှသာ ကြာမြင့်ခဲ့ဟန်ရပြီး ဓားချက်သည် လျှပ်စီးလက်သည့်အလား တိဟောက်၏နောက်ဆုံး အရံအတားကို လာရောက် ထိမှန်သည်။

ထိုအခိုက်တွင် ကျယ်လောင်သော အသံနှင့်အတူ ဓားမုန်တိုင်းများ ဘေးပတ်ပတ်လည်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ လေထဲတွင် ရွေ့လျားနေသော ပုံသဏ္ဌာန် နှစ်ခုသည်လည်း မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့၏။ အားလုံးက သူတို့နှစ်ယောက်အား စူးစိုက် ကြည့်နေကြသည်။ ဓားစွမ်းအားများမှာ တဖြည်းဖြည်း ပြယ်လွင့်လာခဲ့ပြီဖြစ်ရာ အားလုံးက ရှင်းလင်းစွာ မြင်ကြရပြီ ဖြစ်သည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။ လူအများအပြားမှာ မှင်တက်နေကြ၏။ စွမ်းအားမြင့် တန်ခိုးရှင်များပင် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေမိကြသည်။

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ …။ ရီဖူရှင်း၏ဓားဦးသည် တိဟောက်၏ လည်ပင်းကို ထောက်ထားသည်။ တိဟောက်၏ တစ်ကိုယ်လုံးမှာလည်း စုတ်ပြတ်နေခဲ့ကာ သွေးအလိမ်းလိမ်း ကပ်နေ၏။

“သတ္တမဓား …” ပရိသတ်များ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ကြီးစွာ ထိတ်လန့် နေကြသည်။ သူကား တိဟောက်ကို အနိုင်ရခဲ့၏။

သတ္တမဓားက ဓားတောင်ကုန်းမှ ကျင့်ဝူကို အနိုင်ယူကာ တာလီတွင် နံပါတ်၁ ဓားသမား ဖြစ်လာခဲ့ပြီး ဖြစ်သည်။ ယခုသူက တောက်လီတောင်မှ တိဟောက်ကို အနိုင်ရခဲ့ကာ တာလီပြည်ထောင်တွင် ရှန့်ထိုအဆင့်အောက်၌ နံပါတ်၁အဖြစ် သတ်မှတ်၍ ရပြီဖြစ်သည်။

“ဒါက တစ်ခုခုပဲ …” လီယောင်နှင့် လုချွန်တို့လည်းသည် အံ့အားသင့် ကြသည်။ သတ္တမဓားက ကျင့်ဝူကို အနိုင်ရကာ နံပါတ်၁ ဓားသမား ဖြစ်လာစဉ်က မည်သူမှ သိပ်အလေး မထားခဲ့ကြပေ။ တိဟောက်သည် သူ့ထက် ပိုကောင်းသော စွမ်းရည်ကို ပြသခဲ့သည်။ သို့သော်လည်း ယခုတွင် အရာအားလုံးမှာ ကွဲပြား ခြားနားသွားခဲ့ပြီ ဖြစ်သည်။

လီယူကား မှင်တက်နေဆဲ ဖြစ်၏။ အောက်ဘုံမှ ပြိုင်ဘက်ကင်း ဓားသမားသည် အထက်ဘုံ၌ပင် ဆက်လက်၍ ပြိုင်ဘက် ကင်းနေခဲ့၏။

တာလီတွင် ရှန့်ထိုအဆင့်အောက်၌ မည်သူမှ သူ့အား မယှဉ်နိုင်။

“မင်းမှာ ပြဿနာ တစ်ခုခု ရှိလား …” ရီဖူရှင်းက တိဟောက်ကို စိုက်ကြည့်ကာ မေးသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset