စာစဥ် (၂၃) အပိုင်း (၃၁၀)

အရွေးချယ်ခံများအကြားမှ တိုက်ပွဲ

မြူခိုးများက အဆုံးမဲ့သော ရေကန်အပေါ်တွင် မျောလွင့်နေခဲ့၏။

အဖြူရောင် ပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး ရေထဲမှ ထိုးထွက်နေသော တောင်ထွတ် တစ်ခုပေါ်တွင် ရပ်တန့်လိုက်သည်။  သူမ၏ မျက်ဝန်းအိမ်အစုံမှာ ကျဉ်းမြောင်းသွားပြီး ပတ်ဝန်းကျင်တွင် တစ်စုံတစ်ခုအား ရှာဖွေလိုက်သည်။

လေပြေလေညင်း တစ်ချက် ဝှေ့သွားသည်နှင့် ကြာပဒုမ္မာအသွင် မှော်စာလုံးများ ရေးထိုးထားသော ဂါဝန်လေးမှာ လေနှင့်အတူ တဖျပ်ဖျပ်လွင့်သွားကာ အချိုးအစား ကျနသော အမို့အမောက် အရှိုက်အဝန်းများနှင့် နှစ်လိုဖွယ်ဖြစ်သော ခန္ဓာကိုယ် ကောက်ကြောင်းလေး မှာလည်း လှစ်ခနဲ ပေါ်လာတော့သည်။

သူမက သိသာစွာပင် လီချင်းချန်ဖြစ်သည်။

သူမ၏ မျက်လုံးများမှာ ဝိုင်းစက်သွားခဲ့ပြီးနောက် ရုတ်တရက် အေးစက်အသံတစ်ခု ထွက်ပေါ်လာခဲ့သည် “သူတော်စင် မှော်စာလုံးတောင်ထွတ်က ရွေးချယ်ခံ တပည့်တစ်ယောက်က ဘာအတွက် ဒီမှာရှိနေရတာလဲ”

သူမ၏ အသံလွင့်ပျံလာသည်နှင့် မြူထုတွေအနောက်မှ တာအိုဝတ်စုံနှင့် လူငယ်တစ်ယောက်က ရေပေါ်တွင် လမ်းလျှောက်၍ ထွက်ပေါ်လာခဲ့သည်။ ထိုသူကား ရွေးချယ်ခံ တပည့်ဆယ်ယောက်မှ နဝမမြောက်တပည့် ယဲ့ကယ်ဖြစ်သည်။

သူက လီချင်းချန်ကို စိုက်ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည် “အစ်မတော် လီချင်းချန်က တကယ်ကို အမြင်စူးရှတာပဲ”

လီချင်းချန်က သူအားတစ်ချက် လှမ်းကြည့်လိုက်သည် သူမ၏ မျက်ဝန်းအိမ်မှာ အေးစက် နေသော်လည်းပဲ သူမ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့လျက်ပင် ရှိနေပေသေးသည် “ယဲ့ကယ်၊ နင်ဘာလို့ ငါ့နောက်လိုက်နေတာလဲ”

ယဲ့ကယ်က ရယ်မောကာ ပြန်ပြောလိုက်သည် “အစ်မတော် ချင်းချန်၊ ကျွန်တော့်မှာ အစ်မတော်နဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ”

လီချင်းချန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည် “ဘာများလဲ”

“ဒီတစ်ခေါက် ပေတစ်ထောင်သားရဲကို အစ်မတော် လက်လျှော့ပေးနိုင်မလား” ယဲ့ကယ်က အောက်သက်သက် ပြုံးလိုက်ရင်း ပြောလိုက်သည်။

လီချင်းချန်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး သူမထံမှ ထွက်ပေါ်နေသော အေးစက်စက် အရှိန်အဝါများမှာ အေးစက်သည်ထက် အေးစက်လာသည်။ အလွန်အမင်း အေးစက်မှုကြောင့် သူမပတ်ဝန်းကျင်ရှိ လေထုပင်လျှင် အေးခဲနေပြီ ဖြစ်သည်။

သူမက ယဲ့ကယ်ကို မျက်နှာထား တင်းတင်းဖြင့် စိုက်ကြည့်လိုက်ပြီး “ယဲ့ကယ်၊ နင့်မှာ ငါ့ကို ဒီလိုစကားပြောဖို့ အရည်အချင်းရှိတယ် ထင်နေတာလား”

သူမ၏ ရည်မှန်းချက်က ပေတစ်ထောင်ရှိသည့် ရေနေသားရဲဖြစ်သည်။ သူမသာ ထိုသားရဲကို အောင်မြင်စွာ အမဲလိုက်နိုင်ပါက နဂါးရှစ်ကောင် ကောင်းချီးကို တစ်ကြိမ်ရရှိပြီး သူမ၏ သန်မာမှုကို တိုးမြှင့်ပေးနိုင်လိမ့်မည်။

လီချင်းချန်၏ အေးစက်စက် အကြည့်နှင့် တုံ့ပြန်မှုကို ရသောအခါ ယဲ့ကယ်က အနောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ကာပြောလိုက်သည် “အစ်မတော် ချင်းချန်က ကျွန်တော့်ရဲ့ စကားတစ်ခွန်းနဲ့ မရဘူးဆိုတာ သိပါတယ် … ကျွန်တော်ဒီကိုလာတာ အကြောင်းပြချက် တစ်ခုကြောင့်ပဲ အကြောင်းသွားပြန် လိုက်ဦးမယ်”

လီချင်းချန်မှာ နဖူးကြောများ တွန့်သွားသည်အထိ မျက်မှောင်ကြုတ်လိုက်သည်။ မကြာမီပင် သူမ၏ လှပသော မျက်နှာလေးမှာ တစ်စုံတစ်ခုကို နားလည်သွာဟန်ဖြင့် အေးခဲသွားပြီး အတည်ပြုရန် ပြောလိုက်သည် “ခုန်းစိန်လား”

သည်တစ်ခေါက် ပေတစ်ထောင် ရေနေသားရဲ ပေါ်လာသည်မှာ အမှန်ပင် အချိန်ကောင်းပင် ဖြစ်သည် အခြားသော အရွေးချယ်ခံ တပည့်များနှင့် လက်ရွေးစဉ်များမှာ တာဝန်ထမ်းဆောင်နေမှု တံခါးပိတ် ကျင့်ကြံနေမှုတို့ကြောင့် မလာရောက်နိုင်ခဲ့ပေ။ သူမ၊ ခုန်းစိန်နှင့် ယဲ့ကယ်တို့သာ ကလန်တွင် ရှိနေခဲ့သဖြင့် လွန်စွာ ယှဉ်ပြိုင်မှုကို လျော့နည်းစေပေသည်။ အထူးသဖြင့် ချူးချင်းမရှိခြင်းက အလွန် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။

တကယ်တော့ ပေတစ်ထောင် သားရဲများသည် သူတို့ကိုယ်သူတို့ မူလရေကန်၏ အနက်ရှိုင်းဆုံး နေရာများတွင်သာ ပုန်းအောင်းနေတတ်ပြီး သူတို့လို ရွေးချယ်ခံ တပည့်များပင်လျှင် သူတို့အား ရှာဖွေရန် မဖြစ်နိုင်ပေ။

ယခုအချိန်တွင် ပေတစ်ထောင်ရှည်သော သားရဲပေါ်လာခဲ့ပြီ ဖြစ်သောကြောင့် သူတို့ကဲ့သို့ ရွေးချယ်ခံ တပည့်များမှာ ပုံမှန်အားဖြင့် လှုပ်ရှားရပြီ ဖြစ်သည်။

ယဲ့ကယ်က မတတ်နိုင်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။ အမှန်တော့ သူ့မှာလည်း သည်လိုကိစ္စမျိုးတွင် ပါဝင်လိုခြင်း မရှိပေ။ သို့သော်လည်း သူ့တွင် ခုန်းစိန်အား အကူအညီ တစ်ခုပေးရန် အကြွေးတင်နေသဖြင့် ဘယ်လိုမှ မတတ်နိုင်တော့ပဲ ခေါင်းညိတ်လိုက်ရသည်။

လီချင်းချန် လှပသော မျက်နှာလေးမှာ အေးစက်သည်ထက် အေးစက်လာသည်။ သူမ၏ မျက်ဝန်းတွင် ရန်လိုမှုများဖြင့် ပြည့်နှက်လာခဲ့ပြီး ယဲ့ကယ်ကို စိုက်ကြည့်လိုက်သည်။ သူသာ ခုန်းစိန်ကို ကူညီလိုသည်ဆိုပါက သူမက သည်နေရာတွင် သူ့အား ရှင်းထုတ်ပစ်ရမည် ဖြစ်သည်။

သို့သော်လည်း ထိုသို့သော အတွေးက သူမ၏ နှလုံးသားထဲတွင် မြင့်တက်လာချိန်၌ သူမ၏ အာရုံခံစားမှုတွင် အဝေးတစ်နေရာမှာ မြင့်တက်လာခဲ့သော ဓားချီများကို အာရုံခံမိလိုက်သည်။ ထိုအရာက သူမ၏ အာရုံထဲတွင် ထိုအရာက ပုန်းကွယ်နေသော နဂါးတစ်ကောင်အလား …

“ခုန်းစိန် …”

လီချင်းချန်က ဓားချီများ ခံစားနေရသော ဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် သူမ၏ မျက်လုံးထဲမှ အေးစက်မှုများပင် လျှံထွက်လာခဲ့သည်။ ခုန်းစိန်က အနီးအနားတွင် ရှိနေခဲ့ပြီး သူမက သူ၏ မဟာမိတ်အား ရှင်းပစ်မည်ကို ရပ်တန့်ရန် အသင့်ရှိနေပေသည်။

“အစ်မတော် ချင်းချန် ဒီတစ်ခေါက် အခွင့်အရေးကို အစ်မတော်အနေနဲ့ ခုန်းစိန်ကို ပေးလိုက်ဖို့ မျှော်လင့်ပါတယ်။ သည်လိုအခွင့်အရေးက နောက်တစ်ကြိမ်ရဦးမှာပါ” ယဲ့ကယ်က တိုက်တွန်းလိုက်သည်။

လီချင်းချန်က ဒေါသတကြီး ပြန်ကြည့်လိုက်သည်။ အစောပိုင်းတွင် သူမက ယဲ့ကယ်အား ပေတစ်ထောင် ရေနေသားရဲအတွက် ရောက်လာခဲ့သည်ဟုသာ ယုံကြည်ခဲ့ပြီး ခုန်းစိန်က သူ့အားကူညီရန် ဖိတ်ခေါ်ခဲ့သည်ဟု မထင်ခဲ့ပေ။ ထို့အပြင် လက်ရှိအချိန်တွင် သူမနှင့် ဆက်ဆံရေး ကောင်းသော အရွေးချယ်ခံ တပည့်များ တစ်ယောက်မှ ရှိမနေပေ။

သူမ၏ သန်မာမှုကြောင့် ခုန်းစိန်နှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်သော်လည်း အခြားတစ်ယောက် ဖြစ်သည့် ရွေးချယ်ခံတပည့်မှ ယဲ့ကယ်သာ ပါလာမည် ဆိုပါက သူမရှုံးမည်မှာ အသေအချာပင် ဖြစ်သည်။

ရွေးချယ်မှု ဆယ်ယောက်မှာ အဆင့်များ စီထားသော်လည်း သူတို့အကြား ကွာခြားချက်မှာ ကြီးကြီးမားမား မရှိပေ။

ထို့ကြောင့် ခုန်းစိန်နှင့် ယဲ့ကယ်တို့ ပူးပေါင်းသွားပါက သူမတွင် အခွင့်အရေး မရှိတော့ပေ။

သို့သော်လည်း သူမအနေဖြင့် အရှုံးပေးရန် အမှန်ပင် မလိုလားခဲ့ပေ။

လီချင်းချန်၏ အမူအရာမှာ တည်ငြိမ်မှု မရှိတော့ပဲ သူမ၏ ပတ်ပတ်လည်မှ အေးစက်မှု အရှိန်အဝါများက ထက်ရှသည်ထက် ထက်ရှလာပြီး အေးစက်သည်ထက် အေးစက်လာခဲ့သည်။

ယဲ့ကယ်သည် နောက်သို့ လျင်မြန်စွာဖြင့် ခြေလှမ်းများစွာ ဆုတ်ခွာလိုက်သည်။ သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီးနောက် သူပတ်ဝန်းကျင်ရှိ လေထုမှာ တွန့်ကွေးသွားပြီး သူ၏အင်္ကျီတွင် ရေးထိုးထားသော ရှုပ်ထွေးသည့် မှော်စာလုံးများက တောက်ပလာကာ အသက်ဝင်ပြီး မည်သည့်အချိန်တွင်မဆို လှုပ်ရှားမှုပြုရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

မြူထု၏ နက်ရှိုင်းသော နေရာတွင် ရှိနေသော ဓားချီများကလည်း ထက်ရှသည်ထက် ထက်ရှလာခဲ့ပြီး မသဲကွဲသော ဓားတစ်ချောင်း၏ ပဲ့တင်သံပင် ထွက်ပေါ်လာခဲ့သည်။

အရွေးချယ်ခံများကြားရှိ ကြီးကျယ်သော တိုက်ပွဲကြီးမှာ ပေါက်ကွဲထွက်လုလုနီးနီး ဖြစ်နေချေပြီ။

ရန်လိုစိတ်များ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည် သို့သော်လည်း လီချင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မူလချီများမှာ ရုတ်တရက် အားနည်းသွားခဲ့သည်။ သူမ၏ မျက်နှာမှာ အေးစက်နေခဲ့ပြီး ယဲ့ကယ်ကို တစ်ချက်လှမ်းကြည့် လိုက်ပြီးနောက် မြူထုထဲမှ ဓားချီများ ထွက်ပေါ်ရာကို လှမ်းကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

“ခုန်းစိန်၊ ယဲ့ကယ်၊ ငါသည်အရာကို မေ့မှာ မဟုတ်ဘူး”

နောက်ဆုံးတွင် သူမက စဉ်းစားချင့်ချိန်ပြီး လက်လျှော့ရန်သာ ရွေးချယ်ခဲ့သည်။

တကယ်တော့ သူမတစ်ယောက်တည်း ထိုနှစ်ယောက်ကို ရင်ဆိုင်မည်ဆိုပါက အဆုံးတွင် ထိခိုက်မည်မှာ သူမသာဖြစ်သည်။

လီချင်းချန် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီးနောက် ယဲ့ကယ်က သက်ပြင်းချလိုက်သည်။ တကယ်တော့ သူမက ကလန်ထဲတွင် အလွန်ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။ ပြီးတော့ အရွေးချယ်ခံ ဆယ်ယောက်ထဲတွင် လူအများ၏ ထောက်ခံမှု မြတ်နိုးမှုများကို အများဆုံး ရရှိထားသူဖြစ်သည်။ သူတို့သာ အဆုံးတွင် တကယ် တိုက်ခိုက်ပါက အနာဂတ်တွင် သေချာပေါက်ကို ပြဿနာများသွား ပေလိမ့်မည်။

သို့သော်လည်း ယခုထိ သူမကို အပြစ်ပြုမိနေဆဲ ဖြစ်သည်။

ယဲ့ကယ်က ခါးသက်သက် ရယ်မောလိုက်ပြီးနောက် မြူခိုးအတွင်းသို့ လှည့်ကြည့်လိုက်သည် “ငါ့ရဲ့ အကြွေးကို ငါပြန်ဆပ်ပြီးပြီဆိုရင် အခုကစပြီး ငါတို့နှစ်ယောက်ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး”

မြူခိုးထု၏ အနက်ရှိုင်းဆုံး တစ်နေရာမှာ ဓားအော်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ယဲ့ကယ်အား တုံ့ပြန်လိုက်သည်။

***

ဝုန်း …

ရေနေသားရဲ အုပ်ကြီးသည် ရှူးရှူးရှဲရှဲ မြည်သံများ ပြုကာဖြင့် ရေကန်ထဲတွင် ရှိနေခဲ့ပြီး ကြမ်းတမ်းသော လှိုင်းများ ဖြစ်ပေါ် ပျံ့နှံ့လျက်ရှိသည်။

ထိုစဉ် တောက်ပနေသော ပုံရိပ်နှစ်ခုသည် ထိုအုပ်ကြီးထဲသို့ တိုးဝင်သွားခဲ့ပြီး သူတို့ ဖြတ်သန်းသွားသော နေရာရှိ ရေနေသားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲ ထွက်သွားတော့သည်။

ထိုတောက်ပနေသော ပုံရိပ်နှစ်ခုမှာ ဇူယွမ်နှင့် ထန်ထန်တို့ပင် ဖြစ်သည်။

ထန်ထန်နှင့်သူ ပူးပေါင်းပြီးသည့် အချိန်မှစပြီး ဇူယွမ်မှာ မည်သည်ကိုမှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။ သူက ရဲဝံ့စွာဖြင့် များစွာသော ရေနေသားရဲများကို သူတို့ဆီသို့ လာအောင် ဆွဲဆောင်ခဲ့သည်။ သို့သော်လည်း လာသမျှ ရေနေသားရဲများမှာ အဆုံးတွင် မူလနဂါးအဆီအနှစ် သလင်းကျောက် အသွင်သို့ ပြောင်းသွားပြီး ဇူယွမ်နှင့် ထန်ထန်တို့၏ ခွဲဝေယူခြင်းကို ခံရသည်သာ ဖြစ်သည် …

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့သည်။

ဇူယွမ်က တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းလိုက်ပြီး နောက်ထပ် မူလနဂါးအဆီအနှစ် သလင်းကျောက်များကို စုဆောင်းလိုက်သည်။ သည်တစ်ခေါက် သလင်းကျောက်များက တော်တော် အရည်အသွေး မြင့်မားပေသည်။

“မဆိုးပါဘူး…”

ဇူယွမ်က ချီးကျူးလိုက်သည်။ သူတွင် ရှိနေသော မူလ နဂါးသလင်းကျောက်များမှာ နဂါးခြောက်ကောင် ကောင်းချီးရရှိရန် အတွက် လုံလောက်သည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော်လည်း နဂါးခုနစ်ကောင် အဆင့်သို့ ရောက်ရန် လုံလောက်မှု မရှိသေးပေ။ အကိုတော် ဇူထိုက်၏ ပြောပုံအရဆိုလျှင် နဂါးခုနစ်ကောင် ကောင်းချီးအဆင့်သို့ ရောက်ရန် အရေအတွက် များရုံနှင့် မရပေ။ ပေခုနစ်ရာ အရွယ်အစားရှိ ရေနေသားရဲ၏ မူလသလင်းကျောက်မှာ အဓိက လိုအပ်ချက်တစ်ခု ဖြစ်သည်။

ထိုအကောင်နှင့် မျက်နှာချင်းဆိုင်တွေ့ပါက ခရမ်းရောင် ခါးစည်းတပည့် အများစုပင်လျှင် ပြန်ဆုတ်ခွာရမည် ဖြစ်သည်။

သို့သော်လည်း ထိုအရာက ဇူယွမ်အတွက် ပြဿနာတစ်ခုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော သူ၏ဘက်တွင် မူလစဦး သတ္တမအဆင့်ထက် ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါတစ်ကောင် ရှိနေပေသည် …

“ဒါပေမဲ့ ပေခုနစ်ရာရှည်သည့် ရေနေသားရဲကို ရှာတွေ့ရန် မလွယ်ဘူး။ ဒါပေမဲ့ ငါတို့ တစ်ကောင်လောက်တော့ တွေ့နိုင်မှာပါ …” ဇူယွမ်က ရေရွတ်လိုက်သည်။

သူရေရွတ်နေစဉ်အတွင်း နံဘေးရှိ တိုက်ပွဲဝင်ပုံစံဖြင့် ရှိနေသော ထန်ထန်ထံမှာ တိုးညင်းသော မာန်ဖီသံ ထွက်ပေါ်လာသည်။

ဇူယွမ်က ထိုသတိပေးသံကို ကြားလိုက်ရပြီးနောက် မူလရေကန်ထဲရှိ နက်ရှိုင်းသော အမှောင်ထုထဲကို လှမ်းကြည့်လိုက်သည်။

ရေများမှာ ရုတ်တရက် လှုပ်ခတ်လာခဲ့ပြီး ကြီးမားသော လှိုင်းလုံးကြီးတစ်လုံး ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် အမှောင်ထုထဲမှ ကြီးမားလှသော ရေနေသားရဲ တစ်ကောင် ဖြည်းညင်းစွာ တိုးထွက်လာသည်ကို ဇူယွမ် မြင်လိုက်ရ၏။

ထိုကောင်၏ အရွယ်အစားမှာ ပေခုနစ်ကျော်ပြီး စုစုပေါင်း ပေရှစ်ရာ ပြည့်လုနီးပါးပင်။

ဇူယွမ်မှာ တံတွေးမျိုချ လိုက်ပြီးနောက် ကြီးမားသော သတ္တဝါကြီးအား ကြည့်ကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည် “ထန်ထန်၊ သွားပြီး ရှင်းလိုက်”


Comment

Leave a Reply


Options

not work with dark mode
Reset