လီစွမ်းက ရီဖူရှင်းအား ကြည့်ကာ ပြုံးသည် … “ကျုပ်တို့ တာလီပြည်မှာ ပါရမီရှင်တွေ ပြည့်နေတာပဲ။ အောက်ဘုံမှ တန်ခိုးရှင်တွေတောင်မှ ရှန့်ထိုအဆင့်အောက်မှာ အမြင့်ဆုံး စွမ်းရည်ကို ပိုင်ဆိုင်နိုင်တယ်။ ကျုပ်တို့ တာလီပြည်ရဲ့အနာဂတ်က စိတ်ဝင်စားစရာ ကောင်းနေပြီ”
လီစွမ်း၏ဘေးမှ နန်းတွင်းအကြံပေးက ရီဖူရှင်းအား ကြည့်သည်။ တာလီ၏ကံကြမ္မာသည် အပြောင်းအလဲ ဖြစ်မည်ဟု သူတွက်ချက်မိခဲ့၏။ သို့သော်လည်း ကံကြမ္မာ အပြောင်းအလဲ၏ အကြောင်းအရင်းကို သူမမြင်နိုင်ပေ။
တာလီပြည်ထောင်ကား ကြီးကျယ်ခမ်းနား ပေသည်။ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များအား ပိုင်ဆိုင်သည်။ သူက ဘုရင်ခံနှစ်ပါးနှင့် သိပ်အဆင် မပြေသော်လည်း ထိပ်တိုက်တွေ့ဆုံခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှား၏။ သူတို့၏ အယူအဆမှာ လိုက်လျောညီထွေ မဖြစ်သော်လည်း သူတို့အားလုံးက တာလီ၏ အကျိုးစီးပွားကိုသာ ဦးထိုက် ထားကြပေသည်။ မဟုတ်လျှင် ဘုရင်ခံနှစ်ပါးသည်ပင် အင်ပါယာ၏ဒေါသကို ခံနိုင်မည်မဟုတ်ပေ။ သည်လမ်းစဉ်ရှာဖွေသူသည် အောက်ဘုံမှ ရောက်လာသည်။ သည်လူငယ်သည်ပင် ထိုအကြောင်းအရင်း များလား။
“သတ္တမဓား …” နန်းတွင်းအကြံပေးက ခေါ်သည်။ ရုတ်တရက် ရီဖူရှင်းက နန်းတွင်း အကြံပေးအား ကြည့်သည်။ နန်းတွင်း အကြံပေးအား သူက ပထမဆုံးအကြိမ် ကြည့်ခြင်းဖြစ်သည်။ တစ်ဖက်လူက သူ့နာမည်အား ခေါ်ရာ ရီဖူရှင်းကလည်း သူ့အား ကြည့်ရန် အကြောင်းပြချက် ရှိပေသည်။
“မင်းအကြောင်းကို လုချွန်ပြောတာ ကြားခဲ့တယ်။ မင်းက ကောင်းကင်နဲ့မြေပြင်ကို ဆရာတင်ပြီးတော့ ဓားပညာကို နှစ်၃၀ နားလည် ဆင်ခြင်ခဲ့တယ်လို့ ကြားတယ်။ အဲဒါ ဟုတ်သလား” နန်းတွင်းအကြံပေးက မေးသည်။
“ဟုတ်ပါတယ် …” ရီဖူရှင်းက ခေါင်းညိတ်သည်။
“မင်းရဲ့သက်စောင့်ဝိညာဉ် … တစ်ခါလောက် ကြည့်ရအောင် …” နန်းတွင်းအကြံပေးက ပြောသည်။ သူက ရီဖူရှင်း၏ သက်စောင့်ဝိညာဉ်ကို မမြင်ရသေးပေ။ ကောင်းကင်နှင့်မြေပြင် အကြားမှ အရာခပ်သိမ်းကို နားလည်နိုင်သော သက်စောင့်ဝိညာဉ်မှာ မည်သို့ဖြစ်မည်နည်း။
ရီဖူရှင်း၏နှလုံးက ဆတ်ခနဲ တုန်သွားသည်။ ထိုအခိုက်တွင် သူကား စိုးရိမ်ပူပန်မိသည်။ သူ၏မတူထူးခြားသော ပါရမီက တာလီနန်းတွင်း အကြံပေးအား စိတ်ဝင်စားစေခဲ့ဟန် ရသည်။ သက်စောင့်ဝိညာဉ်ကား တန်ခိုးရှင်တစ်ဦးအတွက် အရေးအကြီးဆုံးပင်။ နန်းတွင်းအကြံပေးက သူ၏သက်စောင့်ဝိညာဉ်ကို ကြည့်လိုသည်မှာ ရီဖူရှင်း၏သရုပ်မှန်ကို သံသယဝင်၍ ဖြစ်သည်။ သို့မဟုတ်လျှင် အောက်ဘုံမှ ဓားသမားက အဘယ်ကြောင့် သည်မျှ ထူးချွန်နေသည်ကို သူက သိလို၍လည်း ဖြစ်ပေမည်။
“ကောင်းပါပြီ …” ခေါင်းထဲကို အတွေးများစွာ ဝင်လာသော်လည်း ရီဖူရှင်းက သဘောတူရန် တွန့်ဆုတ်မနေခဲ့ပါ။ သူ၏သက်စောင့် ဟော်နန်းတွင် ရှေးဟောင်း သစ်ပင်ကြီးအနီး၌ ဓားတစ်လက် လှည့်ပတ် ပျံသန်းနေ၏။ ရှေးသစ်ပင်မှ သစ်ရွက်လှုပ်ခတ်သံများ ဖြစ်ပေါ်လာကာ အစိမ်းရောင် အငွေ့အသက်များသည် ဓားကို လာရောက် ရစ်ပတ်၏။
အပြင်ဘက်တွင် စူးရှသော အလင်းတစ်ခုနှင့်အတူ ဓားတစ်လက် ဖြစ်ပေါ်လာသည်။ ဓားပေါ်လာသည်နှင့် လောကရှိ သဘာဝ စွမ်းအားများသည် အရူးအမူး စုစည်းလာနေကြ၏။ ဓားသည် လောက၏ မည်သည့် သဘာဝ စွမ်းအား အမျိုးအစားနှင့်မဆို လိုက်လျောညီထွေ ရှိဟန်ရပြီး လေထဲတွင် လှည့်ပတ်ပျံသန်းကာ တစ်ဖန် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းထံသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားသည်။
နန်းတွင်း အကြံပေး၏ အာရုံက ရီဖူရှင်းထံသို့ ရောက်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် တည်ငြိမ်စွာ ရပ်နေသော်လည်း စိတ်တွင်း၌ကား စိုးရိမ်နေသည်။
သူက သည်မတိုင်ခင် စမ်းသပ်ပြီးဖြစ်သည်။ သူ၏အမြင်တွင် ပြဿနာမရှိနိုင်။ လောကတွင် သက်စောင့်ဝိညာဉ် အမျိုးမျိုးရှိသည်။ လူအများအပြားတွင် မတူခြားနားသော စွမ်းရည် သတ္တိများရှိသော သက်စောင့်ဝိညာဉ်အား ပိုင်ဆိုင်ကြ၏။
“လောကရဲ့ သဘာဝနဲ့ လိုက်လျောညီထွေ ရှိပြီးတော့ ဓာတ်စွမ်းအားမျိုးစုံ ပါဝင်တဲ့ သက်စောင့်ဝိညာဉ်ပဲ။ မင်းက တကယ်ပဲ လောကရဲ့ အရာခပ်သိမ်းကို ဓားပညာအနေနဲ့ နားလည်ဆင်ခြင်ဖို့ သင့်တော်တဲ့သူပဲ။ လောကမှာ မင်းနားမလည်နိုင်တဲ့ ဓားပညာ မရှိနိုင်ဘူး” နန်းတွင်း အကြံပေးက သိပ်မအံ့ဩဟန်ဖြင့် ပြောသည်။ သည်သက်စောင့်ဝိညာဉ် အမျိုးအစားကလည်း သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။ မဟုတ်လျှင် သူက သဘောဝလောကကြီးအား မည်သို့ ဆရာတင်၍ ရမည်နည်း။
ထို့အပြင် ရီဖူရှင်း၏ ဓားဝိညာဉ်သည် ဓာတ်စွမ်းအားမျိုးစုံကိုသာ အသုံးပြုနိုင်ရုံမက အလွန်အားကောင်းသော သဘာဝဓာတ် တစ်ခုအားလည်း ခံစားရသည်။ ထိုအရာက ရီဖူရှင်းသည် လောကနှင့် တသားတည်းဖြစ်ရန် မွေးဖွားလာသည်နှင့်ပင်တူ၏။
“နန်းတွင်းအကြံပေး ဆရာသခင် … ကြည့်ရတာ လုချွန်က အရမ်းတော်တဲ့ ဓားသမား တစ်ယောက်ကို အထက်ဘုံသို့ ခေါ်လာခဲ့တာပဲ” သူက ပြုံးလျက် မေးသည် … “သတ္တမဓား … မင်းမိဘတွေ အောက်ဘုံမှာ ရှိသေးသလား”
“ကျုပ် မိဘတွေ ဘယ်သူလဲ ကျုပ်မသိဘူး” ရီဖူရှင်း၏လေသံက အနည်းငယ် အေးစက်နေသည်။ သူက အမှန်ကို ပြောခြင်းဖြစ်သည်။ သူ၏မိဘရင်းများကို ရီဖူရှင်း ယခုထိ သိနားလည်ခြင်း မရှိပေ။ အဘိုးကြီး ရီပေ့ချွန်က သူ့အား ဘာမှ မပြောခဲ့ဘဲ ပျောက်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ၏ မွေးစားအဖေကလည်း ဘာမှ မပြောခဲ့။ လီစွမ်းက ခေါင်းညိတ်ကာ ဘာမှ မပြောတော့။
“မင်း သွားလို့ရပြီ” နန်းတွင်းအကြံပေးက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ သူ၏နေရာ၌ သွားထိုင်သည်။
လီယူက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်သည်။ သူမက ပြုံးလျက်ပြောသည် … “ကြည့်ရတာ ကျွန်မက ရှင့်ကို အထင်သေးမိတာပဲ … တာလီရဲ့ အကောင်းဆုံးဓားသမား”
“ကျင့်ကြံခြင်း လမ်းစဉ်ဟာ အဆုံးမဲ့တယ်။ တာလီရဲ့ ပထမဓားက ကြွားဝါစရာ ဘာမှ မရှိဘူး” ရီဖူရှင်းက တည်ငြိမ်စွာပြောသည်။
“…” လီယူက ဆွံ့အစွာ ကြည့်သည်။
“ရှင်က ဓားအရူးပဲ …” လီယူက ရယ်မောကာ ပြောသည်။ ယခု ကျောကျုံး၊ အပြစ်ခုနစ်ပါး၊ ကျင့်ဝူနှင့် သတ္တမဓားတို့က ရင်ဆိုင် တိုက်ခိုက်ပြီး ဖြစ်သည်။ မည်သူတို့ ထပ်ထွက်လာမည်နည်း။
ထိုအခိုက်တွင် လေဟာနယ်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ လူအများအပြားက လူနှစ်ယောက်အား လှမ်းကြည့်နေကြ၏။ တစ်ဖက်ကား တာလီကျောင်းတော်မှ ဒွန်ချန်းဖြစ်ပြီ နောက်တစ်ဖက်တွင်ကား တောက်လီတောင်ကုန်းမှ တိဟောက်ဖြစ်သည်။
နောက်ထပ် တိုက်ပွဲကား ဂုဏ်သိက္ခာနှင့် သက်ဆိုင်၏။
ထိုအခိုက်တွင်ပင် တိဟောက်က ရှေ့သို့ တက်လာသည်။ သူ၏မျက်နှာက ခံစားချက် ကင်းမဲ့၏။ ရီဖူရှင်းက အပြစ်ခုနစ်ပါးအား ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည့်တိုင် ဘာမှမဖြစ်ခဲ့သလို သူက ပြုမူသည်။ ယနေ့ သူ၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ တာလီကျောင်းတော်မှ အတော်ဆုံး တန်ခိုးရှင်အား အနိုင်ယူရန် ဖြစ်သည်။
တိဟောက်က ကွင်းထဲသို့ ဝင်လာကာ တာလီကျောင်းတော် ဘက်အား ကြည့်ကာ ပြောသည် … “တောက်လီတောင်ကုန်းက တိဟောက် … တာလီကျောင်းတော်ဆီက ညွှန်ကြားမှုကို ခံယူလိုပါတယ်”
သူ့ခန္ဓာကိုယ်မှ အဝတ်များသည် လေနှင့်အတူ လွင့်နေကြ၏။ ပတ်ဝန်းကျင်သည် အလိုအလျောက် ဖိအားများ ဖြစ်လာသည်။ မကြာခင် ဒွန်ချန်းက ရှေ့သို့ ထွက်လာကာ တိဟောက်နှင့် မျက်နှာချင်းဆိုင်ရပ်သည်ကို အားလုံးက မြင်ကြ၏။ သူတို့ထံမှ အရောင်အဝါများ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း မမြင်ရသော အားလှိုင်းကြောင့် လေပြင်းများ တိုက်ခတ်နေပြီ ဖြစ်သည်။
တာလီပြည်ထောင်၊ ရှန့်ထိုအဆင့်အောက်၌ အမြင့်ဆုံးသော စွမ်းရည်အား ပိုင်ဆိုင်ထားသူ နှစ်ဦး …။
ထိုအချိန်တွင် မမြင်ရသော အားလှိုင်းတစ်ခု ဒွန်ချန်းထံသို့ ရိုက်ခတ်လာသည်။ ထိုအားလှိုင်းသည် သူ၏စိတ်ဝိညာဉ်အား လာရောက်ဖိနှိပ်၏။ တိဟောက်ကား ထိုနေရာတွင်ပင် ရပ်နေဆဲ ဖြစ်သော်လည်း သူက နေရာတိုင်းတွင် ရှိနေဟန်ရသည်။ ထိုအချိန်တွင်ပင် တိဟောက်က ရှေ့သို့ တက်လာသည်။
ဒေါင် …
ခေါင်းလောင်းသံ တစ်ခုအား ကြားကြရကာ ကောင်းကင်နှင့်မြေပြင် အကြား ကြောက်မက်ဖွယ် ကောင်းသော သဘာဝစွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်လာသည်။ အားလှိုင်း ရိုက်ခတ်လာလျှင် ဒွန်ချန်းက သူ၏စိတ်အသိမှာ အနည်းငယ် လှုပ်ခတ်လာခဲ့သည်ကို ခံစားရ၏။
“နတ်ဘုရားနစ်မြုပ်ခြင်း ခေါင်းလောင်း …” တာလီကျောင်းတော်မှ အကြီးအကဲများက ရေရွတ်ကြသည်။ သူတို့ သည်ကဲ့သို့သော စွမ်းရည်မျိုးအား ကြားဖူးကြပေသည်။ သည်အရာက မှော်အသံလှိုင်းပညာ ဖြစ်၏။ အသံလှိုင်းသည် ခံစစ်အားလှိုင်းများ အားလုံးကို ဖြတ်သန်းကာ တစ်ဖက်လူ၏စိတ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်ကာ အလွန် အန္တရာယ်များပေသည်။
ဒွန်ချန်းက မျက်လုံးကို မှိတ်လိုက်လျှင် သူ့ခန္ဓာကိုယ်အား လာရောက် တိုက်ခိုက်သော စိတ်စွမ်းအားလှိုင်းကို ခံစားရ၏။ ရုတ်တရက် သူ့အား လင်းလက်သော ရောင်စဉ်များ ရစ်ပတ်သွားသည်။
ဒေါင် …
နောက်ထပ် ခေါင်းလောင်းသံတစ်ခုသည် တစ်လောကလုံးကို ရိုက်ခတ်သွားဟန်ရပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ မမြင်ရသော အားလှိုင်းသည် ရှေးခေါင်းလောင်း သဏ္ဌာန်သို့ ပြောင်းလဲသွားကာ တစ်ဖက်လူထံသို့ တန်ပြန် ရိုက်ခတ်သွားသည်။ ထိုအရာကား တာလီကျောင်းတော်၏ မူပိုင်ပညာရပ်တစ်ခုဖြစ်သော တန်ပြန်စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းဖြစ်သည်။
တိဟောက်က ရှေ့သို့ ဆက်လက်၍ လှမ်းလာသည်။ မမြင်ရသော မုန်တိုင်းသည် ခေါင်းလောင်းသံများ အဖြစ် ဒွန်ချန်းအား ဆက်လက် ရိုက်ခတ်သည်။ ထိုအခိုက်တွင် ဒွန်ချန်းက လက်ကို ဆန့်တန်းလိုက်လျှင် ထူးဆန်းသော အလင်းများသည် သူတို့နှစ်ယောက်အား ရစ်ပတ်လာခဲ့သည်။
ထိုအချိန်တွင် ရှေးခေါင်းလောင်း သဏ္ဌာန်သည် တိဟောက်ထံသို့ တန်ပြန် ဖိအားပေးလာခဲ့သည်။ တိဟောက်က လက်ကို ဆန့်တန်းလိုက်လျှင် ရုတ်တရက် သုံးချောင်းထောက်တိုင် တစ်ခုဖြစ်လာပြီး တိုင်သည် ပြင်းထန်စွာ လည်ပတ်ကာ ကောင်းကင်ထက်၌ အဆမတန် ကြီးမားလာခဲ့သည်။ ပြင်းထန်စွာ ပေါက်ကွဲသံနှင့်အတူ ခေါင်းလောင်း ပုံသဏ္ဌာန်မှာ တစ်ခဏချင်း၌ ပြိုကွဲသွားတော့သည်။
တစ်ချိန်တည်းတွင်ပင် သုံးချောင်းထောက်တိုင်သည် ပြင်းထန်စွာ လည်ပတ်ရာ ဖိနှိပ်ခြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ သုံးချောင်းထောက်တိုင်မှ နဂါးနှင့် ဆင်ပုံရိပ် သဏ္ဌာန်များအား ဝေဝါးစွာမြင်နိုင်သည်။ သူ၏အရှိန်အဝါသည် ကောင်းကင်သို့အထိ ထိုးတက်သွားခဲ့ကာ အရာအားလုံးမှာ ပြိုကျလုနီးပါး ဖြစ်လာသည်ဟု ခံစားကြရသည်။
“နဂါးနဲ့ဆင် ထောက်တိုင် …” တာလီကျောင်းတော်မှ လူများက လှမ်းကြည့်ကြသည်။ နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု …။ သုံးချောင်းထောက်တိုင်ကို အသုံးပြု တိုက်ခိုက်သူများ အားလုံးမှာ ဖိနှိပ်ခြင်း လောကဓာတ်၌ ကျွမ်းကျင်ကြပေသည်။ နဂါးနှင့်ဆင်တို့၏ စွမ်းအားများကို အသုံးပြုသော တိုက်ခိုက်မှုသည် မဟာလမ်းစဉ်ကိုပင် ဖိနှိပ်နိုင်၏။
တာလီကျောင်းတော်မှ တပည့်အများစုမှာ စိတ်လှုပ်ရှား နေကြသည်။ အားနည်းသူများကား ခြေများပင် တုန်ယင်နေကြ၏။ သူတို့က သုံးချောင်းထောက်တိုင် အောက်၌ မရှိသော်လည်း ကြီးမားသော ဖိအားကို ခံစားရကာ အသက်ရှူရန်ပင် ခက်ခဲရသည်။ တိဟောက်၏ခွန်အားကား သိသာလွန်းပေသည်။ ထိုအရာက ရှီတန်ခိုးရှင်တစ်ဦး ထုတ်လွှတ်သော စွမ်းအားဟုပင် ယုံနိုင်ဖွယ် မရှိပေ။
***