Switch Mode

အပိုင်း (၁၁၁၉)

ရှန့်ထိုအဆင့်အောက်မှ ပထမဓား

သို့သော် အပြစ်ခုနစ်ပါး၏ဓားက ကြီးမာသော အားနည်းချက် ရှိခြင်းမှာ မှန်ကန်သလော။

အဖြေကို ပြောပါဆိုလျှင် မဟုတ်ဟူ၍ ပြောရပေမည်။ လောကတွင် မည်သည့်တန်ခိုးရှင်မှ အားနည်းချက်ကင်းကာ ပြည့်စုံသည် မဟုတ်ပေ။ မည်သည့်စွမ်းရည်တွင်မဆို အားနည်းချက်ဟူသည် ရှိစမြဲဖြစ်၏။ အပြစ်ခုနစ်ပါး၏ အားနည်းချက်ကို ပြောပါဆိုလျှင် သူက ကျားယဲ့ဓားကို ဖွဲ့စည်းရာတွင် ဓားအသိအား ပုံစံပြောင်းသောအခါ အချိန်အနည်းငယ် ကြာခြင်းဖြစ်သည်။ ကျားယဲ့ဓားသည် အချိန်ကြာလာသည်နှင့်အမျှ အားပိုကောင်းလာ၏။ ၁၃ချက်မြောက်ဓားကို ထုတ်လွှတ်သောအခါ ကျောကျုံးကဲ့သို့ အားကောင်းသူပင် ခံနိုင်ရည် မရှိပေ။ ထို့အပြင် သူက ထိုဓားချက်ထက် အားကောင်းသော ဓားချက်များကိုပင် ထုတ်လွှတ် နိုင်သေးသည်။

သို့သော်လည်း သူ့အနေဖြင့် ဓားအား ဖွဲ့စည်းရန် အချိန်တစ်ခုကြာ လိုအပ်၏။ ထိုအရာက အားနည်းချက်လား။ အပြစ်ခုနစ်ပါးကို စီးဆင်းနေသော ဓားအသိသည် ကျားယဲ့ဓားမရှိလျှင်ပင် အလွန်တရာ အားကောင်းကာ ထွင်းဖောက် ကျော်ဖြတ်ရန် မလွယ်ကူပေ။ သည်မတိုင်ခင်က ကျောကျုံး၏ စွမ်းအားသည်ပင် အပြစ်ခုနစ်ပါးအား ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။

ဤသို့ဆိုလျှင် အပြစ်ခုနစ်ပါးတွင် ကြီးမားသော အားနည်းချက် ရှိသည်ဟု မည်သို့ ပြောနိုင်မည်နည်း။ သို့သော်လည်း ကျားယဲ့ဓား ဖွဲ့စည်းဖြစ်ပေါ်ခြင်း မရှိမီတွင်ပင် ရီဖူရှင်းက ဓားကို ဖြတ်တောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သတ္တမဓား၏ ဓားချက်သည် ကျားယဲ့ဓားထက် အားနည်းခြင်း မရှိသောကြောင့်ပင်။ သူသည်လည်း သတ္တမဓား၏ တည်နေရာကို ရှာဖွေနိုင်စွမ်းသော လေဟနယ်ဓာတ်အား နားလည်ရာ ပစ်မှတ်ကို လွဲချော်ခြင်း မရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင် အားလုံး မြင်တွေ့ခဲ့ရသော အလွန်တရာလှပသော ဓားတစ်လက် ဖြစ်ပေါ်လာခဲ့သည်။

အကယ်၍ အပြစ်ခုနစ်ပါးကသာ ကျားယဲ့ဓားချက် အများအပြားကို စုဆောင်းနိုင်ခဲ့ပါက မည်သူက အားနည်းသည်၊ မည်သူက အားကောင်းသည်ကို ခွဲခြားရန် ခက်ခဲပေမည်။ သို့သော်လည်း သတ္တမဓားက တစ်ဖက်ဓားကို ဖြတ်တောက်ခဲ့ရာ သူ၏ဓားလမ်းစဉ်သည် အပြစ်ခုနစ်ပါးထက် အားကောင်းသည်ဟု ဆိုလိုပေသည်။

“အရမ်းကောင်းတယ် …” လီစွမ်းက ချီးကျူးသည်။ ဓားက တစ်ချက်တည်း ဖြစ်သော်လည်း ဓားချက်ကား အလွန်လှသည်။ လီစွမ်းသာမဟုတ်၊ တခြားလူများ အားလုံးကလည်း ရီဖူရှင်းအပေါ် အမြင်ပြောင်းလဲ သွားခဲ့ကြသည်။ အောက်ဘုံမှ ပြိုင်ဘက်ကင်း ဓားသမားသည် အထက်ဘုံမှ တန်ခိုးရှင်များအား လက်ခံနိုင်လောက်သော စွမ်းရည်များ ပြသခဲ့၏။

သည်မတိုင်ခင်က သူတို့အားလုံးသည် ရီဖူရှင်းနှင့် ကျင့်ဝူတို့ အချင်းချင်း ဓားပညာ ယှဉ်ပြိုင်သည်ကိုသာ မြင်တွေ့ကြရမည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော်လည်း သတ္တမဓားသည် တခြား ဓားသမားများထက် အားနည်းခြင်းမရှိကြောင်း သက်သေပြခဲ့သည်။ အပြစ်ခုနစ်ပါးသည်ပင် သူ့ဓားပညာကို မယှဉ်နိုင်ခဲ့။ သူက လီစွမ်းကို ပြောသလိုပင် ရှန့်ထိုအဆင့်အောက်၌ သူသည် အမြင့်ဆုံးသော ဓားပညာအား ပိုင်ဆိုင်ထားသည်။

လီယူကလည်း ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်သည်။ ရီဖူရှင်းက အားကောင်းသည်ဟု သူမသိသော်လည်း သည်မျှ အားကောင်းမည်ဟု မထင်မှတ်ထားပေ။ အပြစ်ခုနစ်ပါးသည် တာလီကျောင်းတော်မှ ကျောကျုံးကိုပင် အနိုင်ယူခဲ့သူဖြစ်သည်။ ရီဖူရှင်းက ရှေ့သို့ တက်လာသောအခါ အပြစ်ခုနစ်ပါးက ရီဖူရှင်းအား အရေးပင် မလုပ်ခဲ့ပေ။ သို့သော်လည်း ယခု တောက်လီတောင်ကုန်းမှ အတော်ဆုံး ပါရမီရှင်နှစ်ဦးမှာ ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။

ထိုအခိုက်တွင် တာလီမှ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးက ရီဖူရှင်းကို အလေးထားကာ ကြည့်နေကြပြီ ဖြစ်သည်။

“ကျင့်ဝူ …” ထိုအခိုက်တွင် အရိပ်ရှန့်ထိုဓားက ပြောသည် … “မင်းအလှည့်ပဲ …” ဓားတောင်ကုန်းဘက်မှ ကျင့်ဝူ၏ကြည့်သည် ရီဖူရှင်းထံသို့ ရောက်လာသည်။ ထို့နောက် သူက ရှေ့သို့ တက်လာ၏။

အရိပ်ရှန့်ထိုဓားက သူ့အား အောက်ဘုံမှ ဓားသမားတစ်ဦးနှင့် တိုက်ခိုက်ခိုင်းခဲ့ကာ ထိုအရာမှာ သူမလိုလားသော ကိစ္စဖြစ်၏။ သို့သော်လည်း အရိပ်ရှန့်ထိုဓားက သူ၏အကြီးအကဲဖြစ်ရာ နာခံရန် လိုပေသည်။ ယနေ့တွင် အပြစ်ခုနစ်ပါးအား မြင်သောအခါ သူ၏ပြိုင်ဘက်ကို တွေ့ပြီဟု ယူဆခဲ့သည်။ သို့သော် ရီဖူရှင်းက သူ၏ဓားဖြင့် အပြစ်ခုနစ်ပါးကို အနိုင်ယူခဲ့သောအခါ ရီဖူရှင်းသည် ယှဉ်ပြိုင်တိုက်ခိုက်ရန် ထိုက်တန်သူဖြစ်ကြောင်း ဝန်ခံရသည်။

ကျင့်ဝူက ရှေ့သို့ တက်လာလျှင် ခြေတစ်လှမ်းချင်းစီတွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဓားအသိများ ဖြစ်ပေါ်လာသည်။ ဓားအသိများသည် ကောင်းကင်ထက်သို့ ပျံ့လွင့်လာခဲ့ပြီး ဓားမုန်တိုင်း အသွင်သို့ ပြောင်းလဲသွား၏။

ကျင့်ဝူသည် ဓားတောင်ကုန်း၌ ရှန့်ထိုအဆင့်အောက်တွင် နံပါတ်၁ ဓားသမားဖြစ်သည်။

သတ္တမဓားသည် အောက်ဘုံမှ ပြိုင်ဘက်ကင်း ဓားသမားဖြစ်သည်။

ကျင့်ဝူ၏ခန္ဓာကိုယ်သည် လေထဲတွင်ပေါ်လာကာ ရီဖူရှင်းအား မျက်နှာချင်းဆိုင်သည်။ သူ့ထံမှ ဓားမုန်တိုင်းများ ဖြစ်ပေါ်လာခဲ့ကာ ရီဖူရှင်းထံသို့ ရိုက်ခတ်လာခဲ့၏။ သို့သော်လည်း ရီဖူရှင်းအားလည်း ဓားမုန်တိုင်းများ ရစ်ပတ်ထားရာ အားလှိုင်းနှစ်ခုသည် လေထဲတွင် ပြင်းထန်စွာ ရင်ဆိုင်မိကြသည်။ ရှန့်ထိုအချို့သည်ပင် ထိုအားလှိုင်းနှစ်ခုကြား ရပ်မိပါက ခံနိုင်ရည်မရှိဘဲ အပိုင်းအပိုင်းအစစ ဖြစ်သွားနိုင်သည်ဟု ခံစားကြရသည်။

ထိုအချိန်တွင် ကျင့်ဝူက လက်ကို ဆန့်တန်းလိုက်လျှင် ရုတ်တရက် သူ့လက်မှ ဓားအသိများ ဖြစ်ပေါ်လာကာ ဓားများအဖြစ် ပုံပြောင်းပြီး ကြည်လင်ကာ ထွင်းဖောက်မြင်ရသော ဓားများသည် သူ၏ခန္ဓာကိုယ်အား လှည့်ပတ်ကြ၏။

“ဆောင်းဦးမြူနှင်းရေ …” ကျင့်ဝူက ပြောလျှင် ဓားသည် ကောင်းကင်ကို ထွင်းဖောက်ကာ ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။ ရီဖူရှင်း၏အပေါ်တွင် နေမင်းတစ်စင်း ဖြစ်ပေါ်လာကာ မီးတောက်များဖြင့် လောင်ကျွမ်းသည်။ သူက လက်ဆန့်တန်းလိုက်လျှင် ရုတ်တရက် မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဓားတစ်လက် ဖြစ်ပေါ်လာသည်။ ဓားကို ဝှေ့ယမ်းလိုက်လျှင် လေထဲတွင် မီးနဂါးများ ဖြစ်ပေါ်လာသည်။

“နေမင်းမီးတောက် …” ရီဖူရှင်းကလည်း အမိန့်ပေးလိုက်လျှင် ဓားအသိနှစ်ခုသည် လှည့်ပတ်ကာ ရင်ဆိုင်မိကြသည်။ ကျင့်ဝူက ထိုအခြင်းအရာအား သတိမထားမိသည့်အလား နောက်ထပ်ဓားအသိကို ဖန်ဆင်းကာ ကောင်းကင်တစ်ခွင်လုံး ဓားများဖြင့် ပြည့်နှက်စေသည်။ ကောင်ကင်နှင့်မြေပြင် အကြားတွင် ကြယ်ရောင်စုံ ကောင်းကင်တစ်ခု ဖြစ်လာသည်။

“ကြယ်တာရာ …” ကျင့်ဝူက ရှေ့သို့ တက်လာလျှင် နောက်ထပ် ဓားတစ်လက်သည် လေကိုခွင်းသွားပြီး ကြယ်တာရာ လောကဓာတ်နှင့်အတူ ကျဆင်းလာခဲ့သည်။ ရီဖူရှင်းက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ရေခဲဓာတ်အသိတစ်ခု သူ့အား ရစ်ပတ်လာခဲ့သည်။

“သွား ….” အသံတစ်သံနှင့်အတူ ရေခဲဓားသည် ကြယ်တာရာဓားအား သွားရောက် တားဆီးသည်။ ကျင့်ဝူ၏ ခန္ဓာကိုယ်သည် လေထဲသို့ တက်လာသည်။ သူက လက်နှစ်ဖက်လုံးအား ဆန့်ထုတ်လိုက်သည်။ ကောင်းကင်ထက်တွင် နေရာတိုင်း၌ ပြင်းထန်သော ဓားအသိများ ဖြစ်ပေါ် လာတော့သည်။

ဝုန်း …

ရီဖူရှင်းက ရှေ့သို့ တစ်လှမ်း တက်လာခဲ့လျှင် ဓားသည် ကောင်းကင်တွင် ကျယ်လောင်စွာ မြည်ဟည်းလျက် ပြင်းထန်သော မုန်တိုင်းများ ထန်လာခဲ့သည်။

“မုန်တိုင်း …” ဓားချက်နှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခုသည် အာကာတစ်ခွင်လုံးအား ရိုက်ခတ်လာခဲ့၏။

“ဓားတောင်ကုန်းက ချီးကျွယ်ဓားပညာ …” တာလီပြည်ထောင်မှ တန်ခိုးရှင်များ အားလုံးက တိုက်ပွဲကို ကြည့်ကြသည်။ ချီးကျွယ်ဓားပညာသည် ဓားအသိခုနစ်မျိုးကို တည်ဆောက်ကာ ဓားသမားတစ်ဦး တစ်ယောက်ချင်း၏ ကျင့်ကြံခြင်းနှင့် အလိုက်သင့် ပေါင်းစပ်နိုင်သည်။ ရလဘ်သည် အမြဲတမ်း တူညီမနေပါ။ သို့သော် ချီးကျွယ်ဓားပညာသည် တဖြည်းဖြည်းချင်း အလွှာများ တိုးလာသည်။ သူ၏စွမ်းအားမှာ အလွန် ထိတ်လန့်ဖွယ် ကောင်းပြီး ဓားတစ်ချက်စီးတိုင်းသည် အဆုံးသတ်၌ ကြောက်မက်ဖွယ် ကောင်းနေတတ်သည်။

ထိုအခိုက်တွင် ကောင်းကင်ထက်မှ မရေမတွက်နိုင်သော ဓားများ ကျဆင်းလာခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ဓားများဖြင့် ပြည့်နှက်သွားခဲ့၏။ ထိုနေရာသည်လည်း ဓားနယ်ပယ် အဖြစ်သို့ ပြောင်းလဲသွား၏။

“အားလုံး …” ကျင့်ဝူ၏ မျက်လုံးများက အလွန်အလင်း ထက်ရှကာ ထိုမျက်လုံးများထဲမှ ကြောက်မက်ဖွယ်ရာ အလင်းတစ်ခု ထွက်လာသည်။ ဓားခုနစ်လက်မှ လေးလက် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဓားများအားလုံး ထွက်ပေါ်လာသော အချိန်တွင် အားလုံး ပေါင်းစပ်သွားသော ဓားသည် မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်ပေ၏။

ရီဖူရှင်း၏အပေါ်တွင် ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းများ ပေါက်ကွဲဖြစ်ပေါ်လာခဲ့ပြီး ကျင့်ဝူထံသို့ ရိုက်ခတ်သွားခဲ့သည်။ ဓားသမားနှစ်ဦး၏ တိုက်ခိုက်မှုတွင် ရှေ့တိုးစရာသာ ရှိပြီး နောက်ဆုတ်ရန်လမ်း မရှိပေ။

“လျှပ်စီး …” နောက်ထပ် ဓားတစ်လက် ပေါ်ထွက်လာလျှင် ကောင်းကင်နှင့်မြေပြင်သည် ဓား၏ ဖျက်ဆီးခြင်းကိုပင် ခံရဟန်ရှိသည်။ လျှပ်စီးဓားချက်သည် လေထုကို ရိုက်ခတ်သွားကာ မဟာလမ်းစဉ်ကို ဖြတ်တောက် သွား၏။

“သိပ်သည်းခြင်း …” ကျင့်ဝူ၏ မျက်လုံးများသည် ဓားမျက်လုံးများအဖြစ် ပြောင်းလဲသွားကာ သူ့မျက်လုံးအိမ်၌ ဓားနယ်ပယ်သည် ရောင်ပြန်ဟပ်၏။ ဓားနယ်ပယ်သည် အစစ်အမှန် မဟုတ်တော့သလို ရီဖူရှင်းက ခံစားရသည်။

ဧရာမဓားများ ဖြစ်ပေါ်လာကာ ရီဖူရှင်းက ရှေ့သို့ တက်လာကြသည်။ ဓားကြီးသည် လေထုကို ခွင်းကာ အရိပ်ရှစ်မျက်နှာသို့ ပျံသန်းသွားပြီး ဓားနယ်ပယ်ကို ဖိနှိပ်၏။

“တစ်နေ့တာ ကုန်ဆုံးခြင်း …” ကျင့်ဝူက ခြောက်ချက်မြောက်ဓားကို  ထုတ်လွှတ်လိုက်သည်တွင် ချီးကျွယ်ဓားနယ်ပယ်သည် စစ်မှန်သော ကမ္ဘာပျက်သုဉ်းခြင်းကို ရောက်၏။ အဆုံးမဲ့သော ဓားအသိသည် ဓားနယ်ပယ်ကို ဖြတ်သန်းသွားကာ ရီဖူရှင်းထံသို့ အရူးအမူး တိုက်ခိုက်သည်။ ရီဖူရှင်းကလည်း လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်လျှင် ထက်ရှသော ဓားများသည် သူ့အား ရစ်ပတ်သွား၏။

“အဆုံးမဲ့ခြင်း …” ဓားကွန်ချာတစ်ခု ဖြစ်ပေါ်လာခဲ့ကာ အရာခပ်သိမ်းသော ဓားများကို နှိမ်နှင်းသည်။ အဝေးမှ တိုက်ပွဲကို ကြည့်နေကြသူများ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ကြီးစွာ စိတ်လှုပ်ရှား ကြရသည်။

သူတို့ တွေ့မြင်နေရသည်က ရှန့်ထိုအဆင့်အောက်မှ အပြင်းထန်ဆုံးသော တိုက်ပွဲလား။ ကျင့်ဝူဖြစ်စေ၊ သတ္တမဓားဖြစ်စေ သူတို့ နှစ်ယောက်လုံးသည် ကြောက်စရာ ကောင်းအောင် အားကောင်းကြ၏။

လက်ရှိတွင် သတ္တမဓားသည် ချီးကျွယ်ဓားနယ်ပယ်၏ ဖိနှိပ်ခြင်းကို ခံထားရသည်။ သို့တိုင်အောင် သူကား အလွန်တရာ ပြင်းထန်သော ခြောက်ချက်မြောက်ဓားအား တားဆီးထားနိုင်၏။ ခုနစ်ချက်မြောက်ဓားကို သူ ခုခံနိုင်ပါမည်လား။

ထိုစဉ်မှာပင် ကျင့်ဝူက မျက်လုံးကို မှိတ်လိုက်ကာ ဓားနယ်ပယ်နှင့် ပေါင်းစပ်လိုက်ဟန် ရသည်။ သူ့ခန္ဓာကိုယ်သည် လေထဲတွင် ပြင်းထန်စွာ လည်ပတ်လာခဲ့ပြီး အဆုံးအစမဲ့သော ဓားအသိများသည် သူ့ထံတွင် လာရောက်စုစည်းကာ ဓားနယ်ပယ်နှင့် ပေါင်းစည်းသည်။

“နတ်ဘုရားတို့အား ပူဇော်ခြင်း …” ဓားနယ်ပယ်ထံမှ ထက်ရှသော အသံတစ်သံကို ကြားကြရကာ ဖျက်ဆီးခြင်း ဓားအသိသည် လေထဲတွင် ရူးသွပ်စွာ ဖြစ်ပေါ်လာသည်။

ရီဖူရှင်းက ပြင်းထန်စွာ ဖြစ်ပေါ်လာသော ဓားမုန်တိုင်းအား ကြည့်သည်။ ဓားနယ်ပယ်သည် ရှိရှိသမျှသော အရာများအား ဖျက်ဆီးမြှုပ်နှံလိုဟန်ရ၏။ သူ၏ဓားပညာသည် သည်စွမ်းအားကို ခုခံရန် မတတ်နိုင်ပေ။

ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်မှ အရောင်အဝါသည် အမြင့်ဆုံး ထွန်းလင်းလာခဲ့ပြီး ဓားစွမ်းအားသည်လည်း အတူတူ စုစည်းလာသည်။ မုန်တိုင်းထဲတွင် သူသည် ဓားကို ဆုပ်ကိုင်ကာ ရှေ့သို့ တစ်လှမ်းချင်း တက်လိုက်လျှင် ခြေတစ်လှမ်းစီတိုင်း၌ ဓားစွမ်းအားသည် တဖြည်းဖြည်း မြင့်တက်လာခဲ့၏။ ကောင်းကင်နှင့် မြေပြင်အကြား ဓားအမှတ်အသားတစ်ခု ရှိနေကာ လေထုကို ဖြတ်သန်းသွားသည်။ ရီဖူရှင်း ဖြတ်သန်းသွားသော နေရာတိုင်း၌ အရာခပ်သိမ်းသည် ယိုယွင်း ပျက်စီးရသည်။

နောက်ဆုံးတွင် ရီဖူရှင်းက ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုဓားသည် အရာအားလုံးကို အဆုံးသတ် ပေလိမ့်မည်။

ဓားကို ဝှေ့ယမ်းလိုက်သောအခါ မုန်တိုင်းသည် ကွဲထွက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်း လမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်။ ထိုအခိုက်တွင် ဓားနယ်ပယ်သည် ပွင့်ထွက်သွားဟန် ရကာ သူတို့အားလုံးက လှပသော ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ကိုပင် ထက်ခြမ်း ပိုင်းဖြတ်သွားသည်ကို မြင်လိုက်ကြရသည်။

ဓားအလင်းသည် ကောင်းကင်ကို နှစ်ခြမ်း ကွဲသွားစေခဲ့သည်။ ဘန်းခနဲမြည်သံနှင့်အတူ ကောင်းကင်နှင့် မြေပြင်အကြား တည်ရှိနေသော ချီးကျွယ်ဓား နယ်ပယ်သည် ကျိုးပျက် သွားတော့သည်။

ဓားနယ်ပယ်ထဲမှ ညည်းသံတစ်ချက် ထွက်လာသည်။ ကျင့်ဝူသည် နောက်သို့ လွင့်စဉ်သွားခဲ့ကာ သူ့ပါးစပ်မှ သွေးစများကို တွေ့ရသည်။ တာလီပြည်ထောင် လူငယ်မျိုးဆက်တွင် အတော်ဆုံး ဓားသမားအဖြစ် သတ်မှတ်ခံထားရသော ကျင့်ဝူကား ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ မှန်သည် … သူကား တာလီ၏ အတော်ဆုံး ဓားသမား မဟုတ်တော့။ သတ္တမဓားက သူ့နေရာကို အစားထိုး သွားခဲ့ပြီဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းသည်လည်း ကိုယ်ရောင်ကိုယ်ဝါ မတည်မငြိမ် ဖြစ်နေသည်။ ကျင့်ဝူကား အလွန် အားကောင်းပေသည်။ သို့သော်လည်း ရီဖူရှင်း၏ နောက်ဆုံးဓားသည် တစ်ဖက်လူ၏ ဓားနယ်ပယ်အား ဖြတ်တောက် နိုင်ခဲ့ပေသည်။

အရိပ်ရှန့်ထိုဓားသည် ရီဖူရှင်းကို ကြည့်ကာ ဆွံ့အနေသည်။ မောက်မာသော်လည်း ဓားအပေါ်တွင် သန့်စင်သော စိတ်ဓာတ်ရှိသော အောက်ဘုံမှ ဓားသမားအတွက် သူက ကျင့်ဝူအား တောင်အောက်သို့ ဆင်းကာ စိန်ခေါ်စေသည်။ သို့သော်လည်း ဓားတောင်ကုန်းမှ ကျင့်ဝူသည်ပင် ရှုံးနိမ့်ခဲ့၏။

သတ္တမဓား ပြောသကဲ့သို့ပင် သူသည် လောကရှိ မည်သည့်အရာကိုမဆို ဓားပညာအဖြစ် နားလည် ဆင်ခြင်နိုင်စွမ်း ရှိသူဖြစ်ကြောင်း သူထုတ်ဖော်ခဲ့သော ဓားပညာက သက်သေပြနေသည်။ သူ၏ဓားလမ်းစဉ်သည် ဓားတောင်ကုန်းထက် ပိုအားကောင်းနေခဲ့၏။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဓားတောင်ကုန်းကို သွားရမည်နည်း။ သည်လမ်းစဉ် ရှာဖွေသူ၏ ကံကြမ္မာသည် ဓားတောင်ကုန်းနှင့် ကံစပ်ခြင်း မရှိသည်များလား။

အောက်ဘုံမှ သတ္တမဓားသည် ဓားတောင်ကုန်းမှ ကျင့်ဝူနှင့် တောက်လီတောင်ကုန်းမှ အပြစ်ခုနစ်ပါးတို့အား အနိုင်ယူနိုင်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

တာလီကျောင်းတော်၌ လမ်းစဉ် လာရောက်ရှာဖွေခဲ့ဖူးသော လူငယ်သည် တာလီတွင် အကောင်းဆုံးဓားသမားဖြစ်ကြောင်း သက်သေပြခဲ့ပြီဖြစ်သည်။

“ဒီတိုက်ပွဲပြီးရင် ရှန့်ထိုအဆင့်အောက်မှာ ဓားပညာနဲ့ပတ်သက်ပြီး နောက်ထပ် စိန်ခေါ်စရာ မရှိတော့ဘူး။ နောက်ထပ်လမ်းစဉ်က မဟာလမ်းစဉ်ပဲ ဖြစ်လိမ့်မယ်” ရီဖူရှင်းက ပြောသည်။ သူ၏စကားက မောက်မာဟန် ရှိသော်လည်း အမှန်တရားဖြစ်ပေသည်။ သူကား ရှန့်ထိုအဆင့်အောက်၌ အမြင့်ဆုံးသော ဓားပညာကို ပိုင်ဆိုင်ထားပြီးဖြစ်ကာ သူ့ရှေ့တွင်ကား ရှန့်ထိုအဆင့်သာ ကျန်ရှိတော့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset